Chapter 31
ဘာပဲဖြစ်ဖြစ် မိသားစုထဲမှာသူ့ရဲ့အဆင့်က ဝက်ထက်တောင်နိမ့်သေးတယ်လေ... သူ့မှာဆုံးဖြတ်ချက်ချခွင့်ရော ရှိမယ်ထင်လို့လား...
ကျန်းရှောင်မန်လေးက သူမ၏ လက်ကလေးကိုကိုက်ပြီး အချိန်အတော်ကြာအောင် ခက်ခက်ခဲခဲစဉ်းစားလိုက်သည်။ နောက်ဆုံးမှ အသံတိုးတိုးဖြင့်ပြောလာသည်။
"သမီးရဲ့ဆရာကပြောတယ် တစ်ယောက်ယောက်ကို တစ်ခုခုပေးလိုက်တာထက် အဲ့ဒီ့အရာကိုဘယ်လိုရအောင်လုပ်လဲဆိုတာကို သင်ပေးတာပိုကောင်းတယ်တဲ့... သမီးရဲ့ဦးလေးကို ပိုက်ဆံရအောင်ဘယ်လိုလုပ်လဲ သင်ပေးလိုက်ပါ့လားဟင်...သူပျော်သွားလောက်မှာ..."
ကျန်းဟွေ့မိန်က အနောက်ကလိုက်ပြောလိုက်သည်။
"အမှန်ပဲ အမှန်ပဲ အမှန်ပဲ... အဓိပ္ပါယ်ရှိလိုက်တာ..."
ယွီဝမ်ချန်းက အချိန်အတော်ကြာ အံ့အားသင့်သွားတော့သည်။
ကျန်းရှောင်မန်လေးကိုကြည့်ရင်း ရယ်ရခက် ငိုရခက်ဖြစ်နေလေသည်။
"သမီးရဲ့ဆရာက အဲ့လိုဗဟုသုတတွေသင်ပေးနေတုန်းလား..."
ဒါ... ဒါက သင်ရိုးပြင်ပက နည်းလမ်းတွေမလား...
လူတွေကို ပိုက်ဆံရအောင် ဘယ်လိုလုပ်ရလဲ သင်ပေးတယ်တဲ့လား... စိတ်ဝင်စားစရာပဲ...
ကျန်းရှောင်မန်လေးက မျက်တောင်ခတ်လိုက်ကာ မေးလိုက်သည်။
"ဦးဦးက 'လူတစ်ယောက်ကို ငါးတစ်ကောင်ပေးရင် သူ့ကိုတစ်နေ့စာ ကျွေးမွေးတာဖြစ်ပေမဲ့ လူတစ်ယောက်ကို ငါးဖမ်းနည်းသင်ပေးလိုက်တာက သူ့ကို ဘဝတစ်သက်စာလုံး ကျွေးမွေးတာပဲ'ဆိုတာကို မကြားဖူးဘူးလား..."
"..."
သူမ၏ ရိုးသားလှသော မျက်နှာလေးကိုကြည့်ပြီး ယွီဝမ်ချန်းက ခဏမျှတိတ်ဆိတ်သွားပြီးမှ ရယ်ပြလိုက်သည်။ ထို့နောက် လက်မထောင်လိုက်ပြီး သူမလေးကို ချက်ချင်းချီးကျူးလိုက်သည်။
"ကောင်မလေး... သမီးအရမ်းတော်တယ်..."
ယွီဝမ်ချန်းသူ့ပါးသူထိလိုက်ပြီး သူ၏အသက်ကြီးကြီးမျက်နှာက အနည်းငယ် နီရဲနေသည်။ သူက ကိုယ့်ကိုယ်ကိုယ် အရိုးသားဆုံးပုံစံဖြင့် ဆက်ဆံပေးခဲ့ပြီးပြီဟု ထင်ခဲ့သော်လည်း သူမထင်မှတ်ထားသည်မှာ သူ၏ရိုးသားမှုက မလုံလောက်သေးဘူးဆိုသည်ကိုပင်။
ဘဏ်ကတ်ကိုပြန်ယူပြီးနောက်တွင် ယွီဝမ်ချန်းက ခပ်ရှက်ရှက်ဖြင့်ပြောလိုက်သည်။
"ကျွန်တော် ဒီကတ်ထဲကို တစ်သန်းထည့်ပေးထားတာပါ... ကျွန်တော်က ဒီလောက်ဆိုရင် အန်တီတို့တွေ ကောင်းကောင်းနေလို့ရပြီလို့ ထင်ခဲ့တာ... ဒါပေမဲ့ ကျွန်တော်အခု ပြန်စဉ်းစားကြည့်တော့ စေ့စေ့စပ်စပ်မစဉ်းစားမိလိုက်ဘူးပဲ... ကျွန်တော်ဒီကိစ္စကို သေသေချာချာပြန်တွေးကြည့်ပါ့မယ်..."
တစ်သန်းတောင်...
ကျန်းဟွေ့မိန်အံ့ဩသွားကာ ကျန်းရှင်းက တသိမ့်သိမ့်တုန်လှုပ်သွားသည်။
ထိုပိုက်ဆံက ဘယ်လောက်များလဲမသိသော ကျန်းရှောင်မန်လေးကသာ မထူးမခြားနားဖြစ်နေသည်။
ကောင်းပြီလေ... အဲ့တာက အတော်များတဲ့ ပိုက်ဆံပဲ... ဒါပေမဲ့ သူတို့ ပြတ်ပြတ်သားသားကြီးငြင်းပြီးမှတော့ ပြန်ပေးပါလို့ တောင်းလို့မရတော့မလား...
ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းတို့က ထိုသို့သော ရှက်ဖွယ်လိလိကိစ္စမျိုးကို မလုပ်နိုင်၍ ယွီဝမ်ချန်းထွက်သွားသည်ကို မျက်ရည်အဝိုင်းသားလေးဖြင့် ကြည့်နေကြလေသည်။
သူထွက်သွားပြီးနောက်တွင် ယောက်ျားရင့်မာကြီး ကျန်းရှင်းက မြေပြင်ပေါ်ဆောင့်ကြောင့်ထိုင်ပြီး ရေရွတ်နေတော့သည်။
"တစ်သန်းတောင်... တစ်သန်းကြီးများတောင်... အဲ့လောက်ဆိုရင်ငါ တစ်ညတည်းနဲ့ ချမ်းသာသွားနိုင်တယ်..."
ပြောရင်းဆိုရင်း မျက်ရည်များစီးကျလာလေသည်။
သူ ငိုယိုနေရင်း ကျန်းရှောင်မန်ကို လှည့်ကြည့်လိုက်ပြီး မကျေမနပ်အော်ပြောလေတော့သည်။
"ရှောင်မန်ရေ... အိုး ရှောင်မန်လေးရဲ့... ဦးလေးမှာ စားစရာတစ်ခုခုရှိတာနဲ့ သမီးအတွက် အိမ်ပြန်ယူလာဖို့ ဘယ်သောအခါမှ မမေ့ခဲ့ပါဘူး... ဦးလေးကို ဒီလိုဆက်ဆံရအောင် ဦးလေးက ဘာအပြစ်တွေများ လုပ်ခဲ့လို့လဲကွယ်..."
ကျန်းရှောင်မန်က သူပိုက်ဆံလိုချင်နေမှန်းသိ၍ အိမ်ထဲပြေးဝင်ကာ သူမပိုက်ဆံစုထားသော သံသေတ္တာလေးကိုရှာလိုက်သည်။
အထဲတွင် ၁၀ဆင့်နှင့် ၅၀ဆင့်တန် အကြွေစေ့လေးများရှိပြီး သံသေတ္တာလေးကို လှုပ်ကြည့်ပါက တချွင်ချွင်မြည်ပေလိမ့်မည်။
ထိုအရာအားလုံးက ကျန်းရှောင်မန်လေး ချမ်းသာသမျှအကုန်ဖြစ်ပြီး အထဲတွင် ချိုချဉ်လေးများပင် ရှိသေးသည်။
"ဦးလေး... ဒီမှာယူလိုက်... သမီးမှာ ပိုက်ဆံတွေရှိတယ်..."
ကျန်းရှင်းက ထိုအကြွေစေ့လက်တစ်ကုတ်နှင့် ရောင်စုံချိုချဉ်လေးများကိုမြင်သောအခါ ပို၍ဒေါသထွက်လာခဲ့သည်။ သူ့ခင်ဗျာ နှလုံးဖောက်လုနီးနီးပင်ဖြစ်သွားပြီး မထိန်းနိုင်တော့ပဲ ကျန်းရှောင်မန်ကိုဆွဲကာ တင်ပါးလေးကို ရိုက်ချလိုက်သည်။
ကျန်းရှောင်မန်က တစ်ချက်အရိုက်ခံလိုက်၍ တစ်ခါသာ အော်လိုက်ရပြီး ထပ်အရိုက်မခံလိုက်ရပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းဟွေ့မိန် တုတ်ဆွဲ၍ပြေးလာပြီး ကျန်းရှင်းကို ရိုက်လိုက်၍ဖြစ်သည်။
ကျန်းဟွေ့မိန်က ပြောလိုက်သည်။
"နင်ကများ ရှောင်မန်လေးကို ရိုက်ရဲသေးတယ်.. ရှောင်မန်က နင့်ထက်တောင် အနာဂတ်ကို ပိုမြင်နိုင်သေးတယ်... နင့်ဒေါသကို ငါနားမလည်ဘူးများထင်နေလား... ငါတို့ အဲ့ဒီ့ပိုက်ဆံတွေကို လက်ခံလို့မရဘူး... အနာဂတ်မှာ အဲ့အကြောင်းဆက်မစဉ်းစားနဲ့တော့... အလုပ်ရှာပြီး အလုပ်သွားလုပ် မဟုတ်ရင် ငါနဲ့အတူ လယ်ထဲလိုက်ဆင်း... တစ်ညတည်းနဲ့ ချမ်းသာချင်သတဲ့လား... ဟမ့်..."
ကျန်းရှင်းက ခါးခါးသီးသီးငိုကြွေးလာသည်။
ရက်အတော်ကြာသောအခါ ကျန်းရှင်းက ထိုအချက်ကို တည်တည်ငြိမ်ငြိမ်လေး လက်ခံနိုင်သွားသည်။ ယွီဝမ်ချန်းက လွန်ခဲ့သည့်ရက်များကတည်းက ပြန်သွားပြီဖြစ်ပြီး တစ်ခါမှ မလာခဲ့ဖူးသလို ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။
ထိုအချိန်တွင် အပျော်ကြီးပျော်နေသည့် တစ်ဦးတည်းသောလူမှာ စနစ်သာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းက အဓိတာဝန်နှင့်ဆက်နွယ်သော တာဝန်အခွဲတစ်ခုကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ရန် ညွှန်ကြားနိုင်ခဲ့၍ဖြစ်သည်။
အကယ်၍ သူတို့သာ ပိုက်ဆံလက်ခံလိုက်လျှင် ပိုင်ရှင်၏ မိသားစုက ချမ်းသာသွားမည်ဖြစ်သည်။ သူမက စားရမဲ့သောက်ရမဲ့ ချို့ချို့တဲ့တဲ့ မနေရတော့သလို နာမည်ပျက်နှင့် အဆုံးသတ်တော့မည်မဟုတ်ပေ။
ကျန်းရှင်းအသက်ရှင်သွားတာနဲ့ ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်လာမယ်လို့ ဘယ်သူထင်မှာလဲ... ကံကောင်းလို့ သူ့ရဲ့ ကြံရည်ဖန်ရည်က အရမ်းကောင်းပြီး အဓိကတာဝန်ကို မထိခိုက်သွားစေလို့ပေါ့...
စနစ်က သူအတော်လေးစိုးရိမ်နေမိသည်ဟု ခံစားရပြီး အလွန်သဘောထားကြီးသည်ဟုလည်းခံစားနေရကာ အမှတ်များစွာကိုပေးလိုက်သည်။ အထူးသဖြင့် ကျန်းရှောင်မန်ကို ဘောနပ်စ်အပါအဝင် စုစုပေါင်း အမှတ်၆၀ပေးလိုက်သည်။
သို့သော် သူရက်အနည်းငယ်မျှသာ ပျော်ရသေးသော်လည်း မျိုးမစစ်ကောင် ယွီဝမ်ချန်းက ထပ်ရောက်လာပြန်သည်။