Chapter 32
ယနေ့တွင် ကျန်းရှောင်မန်က ဆရာထန်သင်ပေးထားသော အမြှောက်ဖော်မြူလာများကို အပြန်ပြန်အလှန်လှန်ရွတ်ဆိုရင် လမ်းဘေးတွင်ထိုင်ကာ မြေခွေးမြှီးမြက်အချို့ကိုနှုတ်၍ ကစားနေသည်။
"တစ် တစ်လီတစ်... တစ် နှစ်လီနှစ်... တစ် သုံးလီသုံး..."
ကျန်းရှောင်မန်က ထိုအလီများကို သူမ၏နူးညံ့ကာ ကြွပ်ဆပ်သော အသံလေးဖြင့် ထပ်ကာထပ်ကာရွတ်ဆိုနေသည်။
ယွီဝမ်ချန်းက သူမနောက်တွင် ခဏမျှရပ်နေလိုက်သည်။ ကျန်းရှောင်မန်လေးက သူရှိနေကြောင်း သတိထားမိသွားမှ ရုတ်တရက်သူမကိုမေးလိုက်သည်။
"သုံး သုံးလီက ဘယ်လောက်လဲ..."
ကျန်းရှောင်မန်လေးက အံ့အားသင့်သွားသည်။ သူမစိတ်တို့ ရှုပ်ထွေးသွားပြီးမှ ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"သုံး သုံးလီ ခုနစ်..."
ယွီဝမ်ချန်းက ကျယ်လောင်စွာရယ်မောလိုက်ပြီး သူမဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။
"သမီး ဘာလုပ်တမ်းကစားနေတာလဲ..."
ဤတစ်ခေါက်တွင် ယွီဝမ်ချန်းက သူတစ်ယောက်တည်း လာခဲ့သည်။ သူ့နောက်တွင် လူသန်ကြီးနှစ်ယောက်ပါမလာ၍ ပိုမိုကြင်နာတတ်ပုံပေါက်နေသည်။ ကျန်းရှောင်မန်က သူ့ကိုမှတ်မိနေဆဲဖြစ်၍ မကြောက်ပေ။ မြေခွေးမြှီးမြက်လေးကို ကိုင်ကာဖြေလိုက်သည်။
"သမီး ဒါလေးနဲ့ကစားနေတာ..."
"သမီးရဲ့ ဘွားဘွားနဲ့ ဦးလေး အိမ်မှာရှိလား..."
"ဟုတ်ကဲ့..."
"ဒါဆို အိမ်ပြန်ပြီး သူတို့ကိုသွားရှာရအောင်..."
ကျန်းရှောင်မန်က ခဏမျှတုန့်ဆိုင်းသွားပြီး သူက လူဆိုးတစ်ယောက်မဟုတ်ဟု တွေးမိ၍ လိမ္မာစွာဖြင့် အိမ်သို့ခေါ်သွားလိုက်သည်။ အမှန်တကယ်တွင် သူမလမ်းမပြလျှင်တောင် ယွီဝမ်ချန်းက ကျန်းအိမ်ကိုသွားသည့်လမ်းကို မှတ်မိပြီးသားဖြစ်သည်။
သူမ လမ်းလျှောက်နေစဉ်တွင် သူမခေါင်းပေါ်ရှိ ကျားပုံဦးထုပ်လေးက ဟိုယိမ်းသည်ယိမ်းဖြစ်နေပြီး ပြုတ်ကျခါနီးမှ သူမက ခေါင်းပေါ်ကို အသေအချာပြန်တင်လိုက်သည်။
ယွီဝမ်ချန်းက သူမလေးက သူစိမ်းများကိုမကြောက်တတ်မှန်းသိ၍ လမ်းလျှောက်ရင်း သူမနှင့် စကားပြောနေလိုက်သည်။
"သမီးရဲ့နာမည်က ကျန်းရှောင်မန်မလား... ဒီနှစ်ဆို ဘယ်နှတန်းလဲ...."
"သမီးက တစ်တန်းတောင်မရောက်သေးဘူး..."
ကျန်းရှောင်မန်က သူမ၏ လက်ချောင်းလေးများကိုသုံး၍ ရေတွက်လိုက်သည်။
"ဆရာထန်က ပြောတယ်... သမီးက မူကြိုကျောင်းကိုသွားသင့်တယ်တဲ့... ဒါပေမဲ့ သမီးတို့မြို့မှာ မူကြိုမရှိတော့ တက်လို့မရဘူးလေ..."
ယွီဝမ်ချန်း အံ့ဩသွားသည်။
ဤနေရာရှိ အခြေအနေများမှာ မကောင်းလှကြောင်း သူသိပေသည်။ လမ်းများကပင် ပြုပြင်မထားရသေးချေ။ သို့သော်လည်း ဤနေရာတွင် မူကြိုပါမရှိပဲနေမည်ဟု မထင်ခဲ့ပေ။
ဤပတ်ဝန်းကျင်မျိုးတွင် သူတို့က ဤမျှဉာဏ်ကောင်းကာ လှပသော ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့သည်။ ထိုခဏတွင် ယွီဝမ်ချန်းက သူပင် ဤနေရာသို့ ယာယီမျှရွေ့လာရမည်လားဟု အတည်အတံ့တွေးမိသွားသည်။ ဤကလေးမလေးက တက်ကြွလန်းဆန်းလှပေသည်။ အကယ်၍သူ့သားသာ ဤကလေးမလေးနှင့် ခဏတာမျှအတူနေရလျှင်ပင် သူ့ကိုပါ တက်ကြွမှုများ ကူးစက်သွားနိုင်လောက်ပေသည်။
ပတ်ဝန်းကျင်က လူများကို ပျိုးထောင်ပေးသည်သာဖြစ်သည်။ ယွီဝမ်ချန်းက အယူသည်းသောလူတစ်ယောက်မဟုတ်ပေ။ သို့သော် သူ့သားအတွက် သိပ္ပံနည်းကျအရာတိုင်းကို စမ်းသပ်ဖူးသော်လည်း အလုပ်မဖြစ်ခဲ့ပေ။
ယွီဝမ်ချန်းက မသဲမကွဲမေးလိုက်သည်။
"သမီးက ကျောင်းတောင်မတက်ရသေးပဲ အလီဇယားတွေကို သိနေတာလား..."
"ဟုတ်ကဲ့..."
ကျန်းရှောင်မန်လေးက အတော်လေးဂုဏ်ယူမိသွားပြီး ခေါင်းမော့ရင်ကော့၍ ပြန်ဖြေလိုက်သည်။
"သမီးက အလီဇယားတွေတင်မဟုတ်ဘူး အနုတ်ကိန်းတွေအကြောင်းပါ သိသေးတယ်..."
ယွီဝမ်ချန်း ထပ်မံ၍ အံ့အားသင့်သွားရပြန်သည်။
သူမလေးက အသက်ကဘယ်လောက်ပဲရှိသေးလို့လဲ... ဘယ်လိုများသင်လိုက်တာလဲ...
"အဲ့တာကလည်း သမီးရဲ့ဆရာ သင်ပေးတဲ့ဟာပဲလား..."
"မဟုတ်ဘူး.. သမီးဘာသာသမီး သင်ယူထားတာ.."
ကျန်းရှောင်မန်က ပြုံးပြုံးလေး ရှင်းပြလိုက်သည်။
"အစက သမီးမှာ ခြောက်ယွမ်ရှိတယ်... ဒါပေမဲ့ သမီးသူငယ်ချင်းဆီကို အကြွေးယွမ်တစ်ထောင်တင်သွားတယ်... ဒီတော့ သမီးရဲ့ လက်ကျန်ငွေက -၉၉၄ယွမ်ဖြစ်သွားပြီ..."
ကျန်းရှောင်မန်က ထိုအနုတ်ကိန်းတစ်ခုတည်းကိုသာ သိလေသည်။
သူမ စနစ်ထံမှ အမှတ်များကို ချေးယူပြီးနောက်ပိုင်းတွင် ဘယ်လိုပြန်ပေးရမလဲဆိုသည်နှင့် အပေါင်းကိန်းအဖြစ် ဘယ်လို ပြန်ပြောင်းရမည် ဆိုသည်ကို တွေးနေပြီဖြစ်သည်။ လက်ရှိတွင် လက်ကျန်အမှတ်များမှာ -၉၂၂ဖြစ်ပြီး စနစ်က သူမအချိန်အကြာကြီး ပြန်ဆပ်ရဦးမည်ဟု ပြောခဲ့သည်။
ယွီဝမ်ချန်းက ပြောစရာစကားပင် ပျောက်ရှသွားပြီး လက်မထောင်ကာ ပြုံးပြလိုက်သည်။
"ကလေးမ.... အရမ်းတော်တယ်..."
ချီးမွမ်းခံလိုက်ရ၍ ကျန်းရှောင်မန်လေးက အတော်လေးပျော်သွားသည်။ သူမ ပြေးလွှားခုန်ပေါက်ရင်း အိမ်ထဲပြေးဝင်ကာ အော်လိုက်သည်။
"ဘွားဘွားရေ.... သမီးတို့ဆီကို ဧည့်သည်လာတယ်..."
ကျန်းရှင်းက ကိုယ်တစ်ပိုင်းသေနေသလို ပြုမူနေဆဲဖြစ်သော်လည်း ယွီဝမ်ချန်းထပ်လာသည်ကို မြင်သောအခါ ချက်ချင်း စိတ်အားတက်ကြွသွားသည်။
"မစ္စတာယွီ... မင်္ဂလာပါ မစ္စတာယွီ... ဒီ... ဒီတစ်ခေါက်ကော ဘာတွေယူလာခဲ့လဲဟင်..."
ကျန်းရှင်းက မျက်ရည်များပင် ကျဆင်းလာပြီး ယွီဝမ်ချန်းလက်ကို စိတ်အားထက်သန်စွာ ကိုင်လိုက်သည်။
"မစ္စတာယွီ ကျွန်တော် ခင်ဗျားပြန်သွားကတည်းက ဒီအကြောင်းကို စဉ်းစားနေခဲ့တာ..ကျွန်တော်က သာမန်ကြမ်းကြမ်းတမ်းတမ်းလူတစ်ယောက်ပါ... ကျွန်တော့် တူမနဲ့ယှဉ်ရင် အဲ့လောက်အထိ မမြင့်မြတ်ပါဘူးဗျာ.."
ဒါကြောင့် သူ့မျက်နှာကို ပိုက်ဆံနဲ့ပေါက်ရင်တောင် စိတ်မဆိုးပါဘူး... တကယ်ပြောတာပါ...
ယွီဝမ်ချန်းလည်း ပြုံးလိုက်သည်။
"ကျွန်တော်လည်း ပြန်သွားပြီးကတည်းက ဒီအကြောင်းကို တွေးနေခဲ့တာပါ... ကျွန်တော်ဒီတစ်ခေါက်ပြန်လာတာ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ပြောမလို့ပါ..."
ယွီဝမ်ချန်းက ထိုနေ့ သူပြန်သွားကတည်းက ထိုအကြောင်းကို တစ်ညလုံးတွေးခဲ့ပြီး စိတ်နှစ်၍သေချာစဉ်းစားခဲ့သည်။