အပိုင်း ၃၃
Viewers 14k

Chapter 33


ယွီဝမ်ချန်းက ပိုက်ဆံမနှမျောတတ်သလို ပြဿနာတိုင်းကိုလည်း တိုက်ရိုက်အကျဆုံးဖြစ်ပြီး အရိုးရှင်းဆုံးဖြစ်သော ပိုက်ဆံပေး၍ ဖြေရှင်းနည်းဖြင့် ဖြေရှင်းလေ့ရှိသည်။ တစ်ဖက်လူတွင် ပိုက်ဆံမရှိပါက ပိုက်ဆံပေးလိုက်သည်နှင့် ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။ သို့သော် ကျန်းရှောင်မန်က သူ့ကို မတော်တဆတားလိုက်မိချိန်မှစ၍ သူအမှားများလုပ်ခဲ့ကြောင်း သတိပြုမိသွားခဲ့သည်။


ကျန်းမိသားစုတွင် ပိုက်ဆံပြတ်လပ်နေသော်လည်း သူတို့တွင် လိုအပ်နေဆုံးအရာမှာ ပိုက်ဆံမဟုတ်ပေ။ တိုးတက်ဖွံ့ဖြိုးရန် အခြေခံဖြစ်သည်။ ပိုက်ဆံက အပေါ်ယံကုသနိုင်သော်လည်း အမြစ်ပြတ်မည်မဟုတ်ပေ။ ထို့အပြင် ကျန်းရှောင်မန်က အလွန်ဉာဏ်ကောင်းလှသည်။ 

သူမကိုသာ အခွင့်အရေးပေးလိုက်ရင် အနာဂတ်မှာ တစ်သန်းလောက်ကတော့ အသာလေးရှာနိုင်မှာပဲမလား...


အခြားလူဆိုလျှင် ထိုသူများကောင်းကျိုးအတွက် ဤမျှစဉ်းစားပေးနေမည် မဟုတ်သော်လည်း ကျန်းရှင်းက သူ့သား၏ အသက်သခင်ကျေးဇူးရှင်ဖြစ်နေသည်။


ကျန်းမိသားစုက ရိုးသားသည့်လူများဖြစ်ပြီး တစ်ပါးလူထံမှ အကျိုးအမြတ်ကို ဂုတ်သွေးစုပ်မည့်လူမျိုးမဟုတ်ပေ။ ယွီဝမ်ချန်းက သူတို့အပေါ် အတော်လေး အမြင်ကောင်းရှိပြီး အဆုံးအထိ ကောင်းမွန်သည့်အရာများ ပြသရန် ဝန်မလေးပေ။


ထို့အပြင် သူက သူတို့အပေါ် ကျေးဇူးကြွေး တင်နေသေးသည်။


ယွီဝမ်ချန်းက နယ်ခံတစ်ယောက်မဟုတ်ပဲ ဤနေရာတွင် ကုမ္ပဏီအလုပ်ကိစ္စရှိနေခဲ့သည်။


သူတို့၏ ကုမ္ပဏီက အလွန်အကျိုးအမြတ်ရှိသည်ဟု သိကြသော ကိုယ်ပိုင်သတ္တုတူးဖော်ရေးအတွက် တတ်နိုင်ကြသည့်အနည်းစုထဲတွင် ပါဝင်လေသည်။


မတူးဖော်ရသေးသော မိုင်းတွင်းတစ်ခုက လက်တလောတွင် အတော်လေးစောင့်ကြည့်နေရ၍ သူကိုယ်တိုင်ပါ လာစစ်ကြည့်နေရသည်။


ဤနေရာတွင် အတော်လေးမဖွံ့ဖြိုးသေးသော ဒေသများရှိသေးပြီး မြေအနေအထားက အတော်လေးရိုင်းနေသေးဆဲဖြစ်ကာ အန္တရာယ်များလှပေသည်။ ပြင်ပကမ္ဘာကို အကန့်အသတ်နှင့်သာ ဆက်သွယ်နိုင်သေးသည်။ ရိုင်းရိုင်းပြောရလျှင် ဤနေရာက လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုတို့ ပြုလုပ်ရန် ခက်ခဲနေသော ခေတ်နောက်ကျသည့်နေရာဖြစ်သည်။


သူ၏ နားလည်မှုအရ ဤနေရာနှင့် မြို့ပေါ်ကို ဆက်သွယ်ထားပေးသော ဘက်စ်ကားက တစ်ရက်မှတစ်ကြိမ်သာ လာပေသည်။ ကတ္တရာလမ်းများလည်းမရှိပဲ မြေခင်းလမ်းသာရှိပြီး ယာဉ်များဖြတ်သွားသည်နှင့် ရွှံ့များက နေရာအနှံ့သို့ လွင့်ပျံသွားလေ့ရှိသည်။ ၎င်းက ချိုင့်ထူကာ ခက်ခဲလှသော လမ်းကြောင်းဖြစ်သည်။


တစ်နည်းပြောရလျှင် နေရာက တန်ဖိုးရှိသော်လည်း ဖွံ့ဖြိုးတိုးတက်ရန်မှာ အလွန်ခက်ခဲလှသည်။


စကားအကျဉ်းချုပ်ပြောပြီးနောက်တွင် ကျန်းရှင်းကို မေးလိုက်သည်။

"ကျွန်တော်တို့ ပတ်ရှာကြည့်သေးပေမဲ့ အနီးအနားမှာ ပရိုဖက်ရှင်နယ်ထောက်ပို့အဖွဲ့တွေကို လုံးဝရှာမတွေ့ခဲ့ဘူး... ကျွန်တော်တို့မှာ လျှင်မြန်တဲ့ ပို့ဆောင်ဆက်သွယ်ရေးကလည်း ရှိမနေပြန်ဘူး.. ဒီနားပတ်ပတ်လည်က လမ်းတွေက အတော်ကြမ်းပြီး ဒီအလုပ်ကို လုပ်နိုင်မယ့်သူကို ရှာတွေ့ဖို့က အတော့်ကိုမလွယ်တာ... ခင်ဗျားက ဒေသခံဆိုမှတော့ ဒီနားပတ်ပတ်လည်က တောင်ပေါ်လမ်းတွေ မြေအနေအထားတွေနဲ့ ရင်းနှီးမှာပေါ့... ခင်ဗျားသာလုပ်ချင်ရင် ကျွန်တော့်အတွက် သတ္တုရိုင်းတွေ သယ်ယူပို့ဆောင်ရေး လုပ်ပေးပါ့လား..."


သူလိုချင်တာနဲ့ပဲ ဘယ်လိုလုပ်ပြီးတော့ လူတစ်ယောက်ကို ချက်ချင်းကြီးတွေ့မှာတဲ့လဲ.. အဆိုးဆုံးမှ အရင်းနည်းနည်းဆုံးရုံပေါ့...


ဒါပေမဲ့ ကျန်းရှင်းကိုမေးပြီး သူ့ကို အတည်တကျအလုပ်တစ်ခုပေးလိုက်ရင် လူအားလည်းသက်သာသွားမယ်လေ...


သူတို့သာ ပူးပေါင်းရင် win-win အခြေအနေပဲ..


ဒါပေမဲ့လည်း... သူအလုပ်ကြိုးစားဖို့ကလိုသေးတယ်... အလုပ်လုပ်စရာမလိုပဲ ကောင်းကင်ပေါ်က ပိုက်ဆံထုပ်ကြီး ပြုတ်ကျလာတာက ပိုကောင်းတာလေ....


ကျန်းရှင်းက မေးစေ့ပွတ်ရင်း အရင်တစ်ခေါက်က လက်ထဲကလွတ်သွားသည့် ငါးဝဝကြီးကို ပြန်ဖမ်းရန် ကြိုးစားလိုက်သည်။

"မစ္စတာယွီ... ကျွန်တော်ကအရမ်း..."


အပျင်းကြီးတယ်....


ကျန်းဟွေ့မိန်က သူ့ကို ချက်ချင်းကြီး ရိုက်ချလိုက်သည်။

"အလုပ်ကြိုးစားတယ်..."


ဤသို့ဖြင့် ကိစ္စက ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။


ယွီဝမ်ချန်းက သူမထွက်သွားခင် မတည်ငွေအဖြစ် ယွမ် ၅၀၀,၀၀၀ပါသော ဘဏ်ကတ်ကို ချန်ထားခဲ့သည်။ သူ့ဘက်က စက်ပစ္စည်းများ ထောက်ပံ့မည်ဖြစ်ပြီး ကျန်းရှင်းက ကျန်တာကို တာဝန်ယူရမည်ဖြစ်သည်။


ယခုတစ်ခေါက်တွင် ကျန်းရှင်းက ငြင်းမနေတော့ပဲ ချက်ချင်း လက်ခံလိုက်သည်။


ယွီဝမ်ချန်းက ထိုပိုက်ဆံများက မူလက သူ့ကိုပေးမည်ဟု စီစဉ်ထားသော အရာများဖြစ်၍ သူအလိုရှိသလို သုံးနိုင်သည်ဟု ပြောခဲ့သည်။ အကယ်၍ လက်ခံရန် သက်တောင့်သက်သာမဖြစ်ပါက အနာဂတ်တွင် ပြန်ဆပ်နိုင်ကြောင်းကိုပါ ပြောခဲ့သည်။ 


ဇာတ်လမ်းတစ်ပုဒ်လုံးကို သိပြီးနောက်တွင် ကျန်းဟွေ့မိန်က အလွန်ပျော်သွားခဲ့သည်။


တတ်နိုင်လျှင် သူမက ကျန်းရှင်းထွက်မပြေးစေရန် ကြိုးနှင့်ချည်ပြီး သူမမျက်စိရှေ့အောက်တွင် ထားပြီး တစ်နေ့လုံးသာ‌ စောင့်ကြည့်ချင်ပေသည်။ ယခုအခြေအနေကလည်း အတော်လေးကောင်းပြီး အလုပ်က အိမ်တံခါးဝကို သူ့အလိုလိုလာခေါက်ကာ အိမ်နှင့်မဝေးသော နေရာတွင်လုပ်ရမည်လည်းဖြစ်နေသည်။


"မစ္စတာယွီက အရမ်းကောင်းတဲ့လူပဲ.... နင်ဒီအလုပ်မှာ စိတ်ရောကိုယ်ပါနှစ်ပြီးသေချာလုပ်ပေးမှရမှာနော်.. ပြဿနာမဖြစ်စေနဲ့..."


ကျန်းရှင်းက ပျော်ပျော်ကြီးခေါင်းငြိမ့်ပြလိုက်သည်။

"ဒါပေါ့... ဒါပေါ့... ကျွန်တော်သာ ဒီကိစ္စကိုကိုင်တွယ်မယ်ဆိုရင် စိတ်ပူစရာ ရှိသေးလို့လား..."


" မစ္စတာယွီရဲ့ အလုပ်က ဘာတွေလုပ်ပေးရမှာလဲ... အဲ့တာက... လူတွေအတွက် ကားလေးသွားမောင်းပေးရုံပဲမလား...."