အပိုင်း ၃၄
Viewers 14k

Chapter 34


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ကျန်းရှင်းက ပြောလိုက်သည်။

"သူက မိုင်းတွင်းအတွင် သယ်ယူပို့ဆောင်ရေး လုပ်သားတွေလိုချင်တာ... ကျွန်တော်တစ်ယောက်တည်း ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ... မနက်ဖြန်ကြရင် ကျွန်တော့်ရဲ့ ညီအစ်ကိုတွေကိုသွားရှာမယ်... ကျွန်တော်တို့က မကောင်းတာအတော်လေး လုပ်ကြပေမဲ့ မကောင်းတဲ့လူတွေတော့ မဟုတ်ဘူးလေ..."


ထိုသည်ကိုကြားပြီးနောက် ကျန်းဟွေ့မိန် ပေါက်ကွဲလုနီးနီးဖြစ်သွားသည်။ သို့သော် သူမက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်သည့် အဘွားအိုတစ်ယောက်မဟုတ်ပေ။ ခဏမျှစဉ်းစားပြီးနောက်တွင် ကျန်းရှင်း၏ရွေးချယ်မှုက မမှားကြောင်း သိသွားပေသည်။


မိုင်းအတွက် သယ်ယူပို့ဆောင်ရေးလုပ်ရသည်မှာ ကားများစွာလိုမည်ဖြစ်ပြီး တစ်စီးပြီးတစ်စီး လူးလာခေါက်ပြန်သွားရမည်ဖြစ်၍ ကျန်းရှင်းတစ်ယောက်တည်း ကိုင်တွယ်နိုင်သည့် အရာမျိုးမဟုတ်ပေ။ ထိုအချိန်တွင် သူ့ညီအစ်ကိုများမှလွဲ၍ အခြားလူများကို ရှာ၍ရမည်မဟုတ်ချေ။ ၎င်းက သူ့တွင် သူငယ်ချင်းများစွာ ရှိနေ၍ဖြစ်ပြီး ယွီဝမ်ချန်းလာပါကလည်း ဘာလုပ်ရမလဲပင်မသိပဲ ခဏအတွင်း လူရှာနိုင်မည်မဟုတ်ပေ။


ကျန်းဟွေ့မိန်က ဝင်ရောက်စွက်ဖက်ရန် အကြံမရှိပဲ သက်ပြင်းချ၍ လေးလေးနက်နက်သာပြောလိုက်သည်။

"ရှင်းရှင်း... သားက အဲ့လောက်လည်း ငယ်တော့တာမဟုတ်ဘူးနော်... မိုးရွာပြီးရင် နေသာသလိုပဲ.. သားရဲ့ကံကောင်းမှုက လူကောင်းတစ်ယောက်နဲ့ ဆုံခဲ့ရလို့ ရလာတာ... အနာဂတ်မှာ သား ပြဿနာတွေမလုပ်ပါနဲ့တော့နော်..."


"သားသိပါတယ်..."


....


နောက်တစ်နေ့တွင် ပိတ်ရက်ဖြစ်၍ ကျောင်းပိတ်လေသည်။ ကျန်းရှောင်မန်က ကျောင်းမသွားပဲ အိမ်တွင်နေကာ ဘွားဘွားနှင့်အတူ အလုပ်လုပ်ကူလေသည်။


သူမ၏ ဇီဝနာရီက သတ်မှတ်ပြီးသားဖြစ်ပြီး နေ့တိုင်းစောစောထရ၍ ကျောင်းပိတ်ရက်တွင်ပင် စောစောနိုးနေလေသည်။ ယခုတွင် သူမက စနစ်၏ အကူအညီမပါပဲ ကိုယ့်ဘာသာထနိုင်နေပြီဖြစ်သည်။


ရှောင်မန်က အိပ်ချင်မူးတူးဖြင့် သွားတိုက်နေရင်း ခြံထဲလမ်းလျှောက်နေသည်။ သူမ မျက်လုံးဖွင့်လိုက်သည်နှင့် ဦးလေး၏တင်ပါးက ဝက်ခြံထဲမှ ထွက်နေ၍ သူဘာလုပ်နေလဲ စပ်စုလိုက်သည်။


ကျန်းရှောင်မန်လေး အံ့ဩသွားပြီး အော်ပြောလိုက်သည်။

"ဦးလေး... ဘာလုပ်နေတာလဲ... ဟွားဟွားရဲ့ အစားအသောက်တွေကို လုဖို့ ကြိုးစားနေတာလား..."


ဟွားဟွားဆိုသည်မှာ သူတို့မွေးထားသော ဝက်မအိုကြီးဖြစ်သည်။


သူမက ဝက်ပေါက်လေးသုံးကောင်ကို မွေးပြီးကာစဖြစ်သည်။ တစ်ကောင်ကို သားစပ်ပေးသူထံပေးရပြီး သူတို့က ကျန်နှစ်ကောင်ကို မွေးထားခဲ့သည်။ ကျန်းရှောင်မန်က တစ်ကောင်ကို တဟွားဟု နာမည်ပေးပြီး နောက်တစ်ကောင်ကို ရှောင်ဟွားဟု နာမည်ပေးခဲ့ကာ ဝက်အမေကြီးကို ဟွားဟွား(1)ဟု နာမည်ပေးခဲ့သည်။ 


ဟွားဟွားက မွေးပြီးကာစဖြစ်၍ အစားကောင်းကောင်းကျွေးရမည်ဟု ဘွားဘွားက ပြောခဲ့သည်။ ဘွားဘွားက ဟွားဟွားကို အမြဲတမ်း စားကြွင်းစားကျန်များပေးကာ ဝက်စာမှော်ပင်များအပြင် ရွှေဖရုံသီးများကိုပါ ချက်ကျွေးသေးသည်။


သူတို့မိသားစုက လယ်ထဲတွင် ရွှေဖရုံသီးများလည်း စိုက်ပျိုးပြီး ၎င်းတို့က အလွန်ချိုကာ မွှေးပျံ့လှလေသည်။


ရှောင်မန်က ချိုသည့်အရာများအပေါ် ခုခံနိုင်စွမ်းမရှိ၍ တိတ်တိတ်လေးခိုးစားကြည့်ဖူး၍ အလွန်အရသာရှိကြောင်း သိလေသည်။

 ဦးလေးက အရမ်းဗိုက်ဆာလို့ စိတ်လွတ်သွားတာပဲနေမှာ... သူမတောင် စိတ်မထိန်းနိုင်ပဲ ဟွားဟွားရဲ့ အစာတွေကို ယူစားသေးတာပဲလေနော်...


ကျန်းရှင်းက သူမအသံကိုကြားသောအခါတွင် တိတ်တိတ်လေးမေးလိုက်သည်။

"ရှောင်မန် ဒီဝက်ပေါက်လေးတွေထဲမှာ ဘယ်တစ်ကောင်က ပိုလိမ္မာလဲ...."


"ရှောင်ဟွား..."

ကျန်းရှောင်မန်က လက်ညှိုးထိုးပြလိုက်သည်။


ဝက်ပေါက်လေးများက ကောင်းကောင်းစားထားခဲ့ကြ၍ စားလို့ရသည်အထိ ကြီးနေလေပြီ။


ဝက်ပေါက်အသားက အလွန်နူးညံ့ပေသည်။


ကျန်းရှင်းက ပါးစပ်ကိုသုတ်လိုက်ပြီး ဝက်ခြံထဲဝင်ကာ ရှောင်ဟွားကိုဖမ်းပြီး ထွက်ပြေးလေတော့သည်။


ကျန်းရှောင်မန်က အံ့ဩသွားကာ အော်ဟစ်တော့သည်။

"ဘွားဘွားရေ... ဘွားဘွား... မကောင်းတော့ဘူးဗျို့... ဦးဦးက ဝက်တစ်ကောင်နဲ့ ထွက်ပြေးသွားပြီ..."


၎င်းကိုကြားသည်နှင့် ကျန်းဟွေ့မိန်က ဒေါသထောင်းခနဲထွက်သွားကာ ဖိနပ်ပင်မပါပဲ ပြေးထွက်လာသည်။ သူမ ဝက်ကိုဖက်ကာ ထွက်ပြေးနေသော ကျန်းရှင်း၏နောက်ကျောကို မြင်လိုက်ရသည်။ သူမ သူ့နောက်ကို ချက်ချင်းပြေးလိုက်ကာ အော်ဟစ်လေသည်။

"ကျန်းရှင်း... ကျန်းရှင်း... အခုချက်ချင်းရပ်လိုက်စမ်း.... နင်ဘာတွေလုပ်နေတာလဲ... ဝက်ကိုချလိုက်..."


ကျန်းရှင်းက တစ်ညအတွင်း လုံးဝ ပြန်ကောင်းသွားဟန်ပေါ်သည်။ သူ လုံးဝနားမထောင်ပဲ နောက်ပြန်လှည့်မကြည့်ပဲ အော်ပြောလေသည်။

"အမေ.... ကျွန်တော် ကျွန်တော့်ရဲ့ ညီအစ်ကိုတွေနဲ့ သွားဆွေးနေရမှာလေ... လက်ဗလာနဲ့သွားလို့မကောင်းဘူးမလား... အမေက ကျွန်တော့်ထက် ဝက်ကို ပိုချစ်မှန်းသိပါတယ်... ဒီတစ်ခေါက်လေးပဲ အလွတ်ပေးပါဗျာ..."


အိုး.... လက်စသတ်တော့ သူက သူမရဲ့ ဝက်တွေကို မျက်စောင်းထိုးနေတာ ကြာပြီပေါ့လေ..


မနေ့ညက သူမကို ဝက်ခေါင်းသားဝယ်ခိုင်းတာ မဆန်းတော့ပါဘူး...


သူက စီးပွားရေး ကိစ္စဆွေးနွေးဖို့ သွားရုံလေးလေ... ဒါပေမဲ့ သေချာမသိတဲ့လူသာဆိုရင် သွေးသောက်ညီအစ်ကိုဖွဲ့တဲ့ အခမ်းအနားကို သွားမှာလို့ ထင်သွားကြမှာပဲ...


သူသာ ကောင်းကောင်းပြောရင် သူမဘက်က သဘောမတူပဲ နေမှာတဲ့လား...


ဒီအကောင့်ဦးနှောက်ထဲမှာ အပေါက်တော့ရှိနေပြီ... သူမ ဘယ်လိုလုပ်ပြီး တုတ်ချောင်းတစ်ချောင်းကို မွေးခဲ့မိပါလိမ့်...


ကျန်းဟွေ့မိန် ဒေါသတကြီးခုန်ပေါက်နေလေသည်။ သို့သော် သူမလိုက်မဖမ်းနိုင်၍ ရွေးချယ်စရာမရှိပဲ လွှတ်ပေးလိုက်ရတော့သည်။


T/N -

1. တဟွား(Da Hua)= ပန်းပွင့်ကြီး

    ရှောင်ဟွား(Xiao Hua)= ပန်းပွင့်လေး

    ဟွားဟွား(Hua Hua)= ပန်း ပန်း


E tranက Hua Huaကို Mrs.Huaလို့ သုံးထားပါတယ်... ဒါပေမဲ့ ရှောင်မန်လေးက ဝက်ကို ဒေါ်ဒေါ်ဟွားလို့ ခေါ်တာမျိုးကြတော့လေ တစ်မျိုးကြီးဖြစ်နေလို့ ဟွားဟွားပဲရေးလိုက်ပါတယ်နော်...😆