အပိုင်း ၃၅
Viewers 14k

Chapter 35


ကျန်းရှင်းက ထွက်သွားပြီးကတည်းက ညနေကြမှပြန်လာခဲ့သည်။


ကျန်းရှောင်မန်က သူ့ကို အချိန်အကြာကြီးစောင့်နေခဲ့သည်။ သူမက ရှောင်ဟွားလေးက ဤဘေးဒုက္ခမှ မလွတ်မြောက်နိုင်တော့ကြောင်း သိသော်လည်း ကျန်းရှင်းက အမှန်တကယ် လက်ဗလာနှင့် ပြန်လာခဲ့သည်ကို မြင်သောအခါ မျက်ရည်များ ကျလာခဲ့ရသည်။


"ဦးလေးက လူဆိုးကြီး.. ရှောင်ဟွားလေးက အခုမှ ငယ်ငယ်လေးရှိသေးတာကို..."


ကျန်းရှင်းက ပြန်ဖြေလိုက်သည်။

"ငယ်သေးတာ ကြောင့်မလို့လားတော့မသိပါဘူး အရမ်းအရသာရှိတာပဲ..."


"....!!!"

ရှောင်မန်လေးက အလွန်ဒေါသထွက်သွား၍ မျက်ရည်များ ကျဆင်းလာခဲ့သည်။


သူမက ဝက်ခြံထဲကို ဒေါသတကြီး ဝင်သွားလိုက်ပြီး ဝက်စာမှော်ပင်များကိုယူကာ အထဲကို လှမ်းပစ်ပြီး အော်ပြောလေသည်။

"တဟွား နင်များများစားပြီး မြန်မြန်ဝလာစမ်းပါ... ဒါမှ နင့်ကို ဦးလေးက မသယ်နိုင်မှာ..."


ကျန်းရှင်းက သူမကိုမချော့နိုင်မှန်းသိ၍ ကျန်းဟွေ့မိန်ဆီသွားကာ ယနေ့ဖြစ်ပျက်သမျှကို သတော်ဦးတင်လေသည်။


"လူတိုင်းက သဘောတူကြတယ်... အလုပ်ရှိနေသ၍ သဘောတူမှာပဲလေ... ဒါပေမဲ့ မစ္စတာယွီက မိုင်းတွင်းကို စတောင်မစသေးသလို ကျွန်တော်ကလည်း ဖောက်သည်တွေလက်ခံဖို့ စာရင်းမသွင်းရသေးတော့ ပြင်ဆင်စရာတွေတော့များနေသေးတယ်..."


ကျန်းဟွေ့မိန်က အံ့ဩသွားခဲ့သည်။

"နင်က ဘာတွေ စာရင်းသွင်းရမှာတုန်း..."


"လုပ်ငန်းလိုင်စင်လေဗျာ... သင့်တော်တဲ့ လုပ်ငန်းတစ်ခုအတွက် အရာရာတိုင်းကို သင့်တော်အောင် ပြင်ထားရမှာပေါ့..."

ကျန်းရှင်းက ပုံမှန်ဆိုလျှင် နမော်နမဲ့နိုင်သော်လည်း အလေးအနက်လုပ်ရမည်ဆိုလျှင်လည်း ယုံကြည်ရပေသည်။

"စိတ်မပူပါနဲ့ ရှောင်ဟွားလေးက အကျိုးမဲ့သေခဲ့ရတာ မဟုတ်ပါဘူး... ကျွန်တော်တို့ အကုန်လုံးကိုကောင်းကောင်း ဆွေးနွေးခဲ့ရပါတယ်..."


ကျန်းဟွေ့မိန်က ရှောင်ဟွားလေးအကြောင်းကြား၍ နာကျင်သွားရသည်။ ထို့ကြောင့် ထိုအကြောင်းကို အကြာကြီးမစဉ်းစားတော့ပဲ အံသာကြိတ်လိုက်သည်။

" သူ့ရဲ့ ပေးဆပ်မှုနဲ့ တန်အောင်သာ လုပ်ပေးစမ်းပါ..."


သူမက ရွာထဲမှ တစ်ခါမှမထွက်ဖူးပဲ လုပ်ငန်းအကြောင်းလည်း နားမလည်၍ ကျန်းရှင်းကိုသာ အရာရာတိုင်းကို ကိုင်တွယ်ခိုင်းလိုက်တော့သည်။


တိတ်ဆိတ်သည့်ညအလယ်ခေါင်တွင် ကျန်းရှောင်မန်လေးမှာ ရှောင်ဟွားလေးကြောင့် ငိုနေရသည့်အတွက် နီရဲနေသော မျက်လုံးလေးများကို ပွတ်သပ်နေလေသည်။


သူမကလည်း ကျန်းဟွေ့မိန်နှင့် အတူတူဖြစ်ပြီး ကျန်းရှင်လုပ်မည့် လုပ်ငန်းအကြောင်း ဘာမှမသိပေ။ ဝက်ကလေး၏သေဆုံးမှုမှာ အကျိုးမဲ့သေရသည်လား အကျိုးရှိရှိသေရသည်လား မသိ၍ စနစ်ကိုသာမေးလိုက်သည်။


"ဦးဦးစနစ်ရေ... ထောက်ပို့ဆိုတာလာလဲဟင်..."


စနစ်က အိပ်ရာမဝင်ခင်တိုင်း သူမနှင့်ပြောဆိုဆွေးနွေးရသည်ကို အကျင့်ပင်ဖြစ်နေပြီဖြစ်၍ သူမကို ချော့မြူနေသော လေသံလေးဖြင့် ဖြေလိုကိသည်။

"ထောက်ပို့ဆိုတာ... ပစ္စည်းတွေကို သယ်ပေး ပို့ပေးရတာကိုပြောတာ..."


"အဲ့တာဘာလဲ..."ဟု ဆက်မေးလာမည်ကိုစိုး၍ စနစ်က ချက်ချင်း ဆက်ပြောလိုက်သည်။


"အဲ့တာက ပြောရမယ်ဆိုရင် မင်း စာပို့တယ်ဆိုတာ ကြားဖူးလား.... ဟိုးအရင်တုန်းက ဖုန်းတွေမရှိခင်တုန်းက လူတွေက အချင်းချင်းဆက်သွယ်ဖို့ စာတွေကို သုံးခဲ့ကြရတယ်... ဗဟိုဌာနအဖွဲ့အစည်းတွေမရှိသလို စာပို့ပေးတဲ့ ကျွမ်းကျင်တဲ့ လူတွေလည်းမရှိတော့ လူတွေက အသိအကျွမ်းတွေနဲ့ စာလွှာပါးကြရတာပေါ့... စီမံခန့်ခွဲဖို့က မလွယ်တော့ တစ်ခါတစ်လေစာတွေ ပျောက်သွားတာကြောင့် တို့တွေမှာ စာတိုက်တွေဆိုတာ ရှိလာကြရတာပဲ...."


"ဒါပေမဲ့ တစ်ခါတစ်ရံမှာ မင်းက စာလွှာပေးတာထက် ပစ္စည်းပါပေးချင်လာရင်... ဘာလုပ်ကြမလဲ.... အဲ့လိုနဲ့ပဲ ပစ္စည်းတွေပေးပို့တဲ့နေရာမှာ အထူးပြုတဲ့လူတွေပေါ်လာတာပေါ့... သူတို့က စာတိုက်တွေနဲ့အတူတူပဲ ဒါပေမဲ့ သူတို့က ပစ္စည်းတွေပဲပို့ကြတာပေါ့...မင်းရဲ့ ဦးလေးကလည်း အဲ့တာနဲ့တူတဲ့အလုပ်လုပ်တာလေ ... တစ်နေရာကနေ တစ်နေရာကို ပစ္စည်းတွေပို့ပေးတာ..."


"ပို့ဆောင်ပေးရတယ့် ပစ္စည်းက အရွယ်အစား တစ်ခုထက် ကျော်လွန်သွားရင် အဲ့တာတွေကိုပို့ဆောင်ပေးဖို့ အရည်အချင်းရှိဖို့ လိုလာပြီလေ.... အဲ့လို အခြေအနေမျိုးမှာ အဲ့ဒီ့ကိစ္စကို ထိန်းချုပ်ဖို့ အထူးအသင်းတစ်ခု လိုအပ်လာတာပေါ့.. ဥပမာပြောရရင် အွန်လိုင်းရှော့ပင်းလိုပဲလေ.... ဆိုင်တစ်ဆိုင်က ကုန်ပစ္စည်းတွေကို နိုင်ငံအနှံ့ပို့ပေးနိုင်တယ်ဆိုပေမဲ့... တစ်ယောက်တည်းက လိုက်ပို့နေလို့မှ မဖြစ်နိုင်တာ..."


ကျန်းရှောင်မန်က စာတိုက်ရုံးကို သိပေသည်။ သူမတို့ရွာတွင် စာတိုက်ရုံးတစ်ခုရှိသော်လည်း ၎င်းက အိုမင်းကာ ဟောင်းနွမ်းနေသည်။ ထိုနေရာတွင် နေ့တိုင်းနီးပါး သတင်းစာဖတ်ရင်း ထိုင်နေသော ဘိုးဘိုးကြီးတစ်ယောက် ရှိနေတတ်သည်။ ပုံမှန်အားဖြင့် ထိုနေရာတွင် မည်သူမှ မရှိတတ်ကြပေ။ စာတိုက်ပုံးများကပင် သံကြေးအလိပ်လိပ်တက်နေလေပြီ။


သို့သော် သူမ နားမလည်သောစကားလုံးတစ်ခု ရှိနေသေးသည်။


သူမက သူမဦးလေးအကြောင်း ပြောနေသော ခေါင်းစဉ်တစ်ခုလုံးကိုပင် မေ့သွားလေပြီး စနစ်ကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလေသည်။

"အွန်လိုင်းရှော့ပင်းဆိုတာဘာလဲဟင်...."


"အဲ့တာက...."

စနစ်လေးခင်ဗျာ သက်ပြင်းသာ တွင်တွင်ချလိုက်ချင်သော်လည်း ကံဆိုးစွာဖြင့် သက်ပြင်းချသော လုပ်ဆောင်ချက်ကို ထည့်သွင့်ပေးခြင်း မခံထားရပေ။


"အဲ့တာက အနာဂတ်မှာ နာမည်ကြီးလာမယ့် ဈေးဝယ်တဲ့ ပုံစံတစ်မျိုးပဲ.... အဲ့တာက မင်း ချိုချဉ်တွေ ဝယ်တဲ့ပုံစံလိုပဲ အဝေးကြီးကနေ ပစ္စည်းတွေ ဝယ်လို့ရပြီး... အဝေးကြီးက ပစ္စည်းတွေက အိမ်ကို ရောက်လာတာမျိုးပေါ့..."


"အရမ်း အဆင်ပြေသွားတာပေါ့...."

သူမလေးက တောက်ပနေသော မျက်လုံးများဖြင့် ထရပ်လိုက်သည်။

"ဒါဆို.... ဘာလို့များ နောက်မှ ရလာနိုင်မှာလဲ..အခုပဲ လုပ်လို့မရဘူးလား... သမီးက ဘာလို့ အရင်တုန်းက အခုလိုကောင်းတဲ့ဟာမျိုးတစ်ခါမှ မကြားဖူးရတာလဲ... နောက်ပိုင်း ဘယ်လောက်ကြာမှ ရလာမှာလဲ... နောက်ကြရင် ဦးလေး...."


"တော်လောက်ပြီ..."

စနစ်က သည်းမခံနိုင်တော့ပေ။

"ဘာကိစ္စကြောင့် ဘာလို့လဲတွေ များနေရတာလဲ.. အဲ့တာက အခုအချိန်မှာမရှိသေးဘူး နောက်မှ ရှိလာလိမ့်မယ်... အဲ့တာက လူသားကမ္ဘာရဲ့ တိုးတက်မှုနဲ့ပဲ ဆိုင်တာ စနစ်နဲ့ ဘာဆိုမှ မသက်ဆိုင်ဘူး.... ငါက ဗီလိန်စနစ်တစ်ခုပဲ.... စွယ်စုံကျမ်းကြီးမဟုတ်ဘူး... ငါ့ကို ဘာလို့လဲဆိုပြီး ထပ်မမေးနဲ့တော့..."


ကျန်းရှောင်မန်က ထိုလေသံက သိပ်မကောင်းကြောင်း သိလိုက်၍ ဒေါသတကြီး ပါးစပ်ပိတ်လိုက်ကာအနည်းငယ်ပင် ဝမ်းနည်းသွားသေးသည်။


နှစ်ယောက်စလုံး အတော်ကြာ တိတ်ဆိတ်သွားပြီး ဘာမှမပြောကြပေ။