အပိုင်း ၃၆
Viewers 14k

Chapter 36


စနစ်က နောက်ဆုံးတွင် သူမဆက် မမေးတော့လောက်ဟု ထင်၍ စိတ်သက်သာရာရမည်ကြံတုန်း ရှောင်မန်က မဝံ့မရဲလေးမေးလာသည်။

"စွယ်စုံကျမ်းဆိုတာ ဘာလဲဟင်..."


"...."


စနစ်က သူမကို လျစ်လျူရှုလိုက်ပြီး ချော့သိပ်လေသည်။

"ပိုင်ရှင်ရေ အရမ်းနောက်ကျနေပြီဆိုတော့ သားချော့တေးဆိုပြမယ်နော်..."


ထိုသို့ပြောပြီးနောက်တွင် သူ၏ သီချင်း စုဆောင်းရာထဲမှ သားချော့တေးတစ်ပုဒ်ကိုရွေးကာ သူမခေါင်းထဲတွင် ဖွင့်ပြလိုက်သည်။


ကလေးတစ်ယောက်ကို ပျိုးထောင်ပေးရသည်မှာ ပင်ပန်းလှသည်။ စနစ်မှာ သူ သက်ပြင်းချနိုင်ပါစေဟုပင် ဆုတောင်းနေမိသည်။


တစ်နေ့တာကုန်ဆုံးသွားပြီဖြစ်၍ ကျန်းရှောင်မန်လေးက ပင်ပန်းနေပြီဖြစ်၍ စနစ်ကို မေးခွန်းထပ်မမေးတော့ပဲ တိတ်တဆိတ်အိပ်လိုက်တော့သည်။


ထိုအခါမှ စနစ်လေးခင်ဗျာ လွတ်မြောက်သွားရလေတော့သည်။


နောက်ရက်အနည်းငယ်ကြာသောအခါတွင် ကျန်းရှင်းက သူဆေးလက်မှတ်ရအောင် ဆေးစစ်ရန်သွားရမည်ဟု ပြောခဲ့သည်။


ကျန်းဟွေ့မိန်က တစ်လက်စတည်း သူ၏ဝမ်းဗိုက်မှ အနာကိုပါ စစ်ဆေးလိုက်ရန် ပြောလိုက်သည်။ သူက လုံးဝပျောက်သွားပြီဟု ပြောပြပြီး ဘာမှအမှားအယွင်းမရှိသော်လည်း သူမက တတွတ်တွတ်ပြောနေသဖြင့် သူမစိတ်ချမ်းသာအောင် သဘောတူလိုက်ရသည်။


"ရှောင်မန်ရော ဦးလေးနဲ့လိုက်ချင်လား..."

ကျန်းရှင်းက ပေါ့ပေါ့ပါးပါးမေးလိုက်သည်။


သူငယ်စဉ်က ကလေးများက လူကြီးများနောက်ကိုလိုက်၍ အပြင်သွားရသည်ကို ပျော်ရွှင်ကြပေသည်။ ထိုစဉ်က ဖျော်ဖြေရေးဟူ၍ ဘာမှမရှိသဖြင့် အမျိုးများအိမ်ကို သွားလည်ခြင်းကပင် ပျော်စရာဟု သတ်မှတ်နိုင်ပေသည်။


သူက ကျန်းရှောင်မန်လေးက ပျော်သွားပြီး သူ့နောက်လိုက်မည်ဟု ထင်ခဲ့သည်။ သို့သော်ကျန်းရှောင်မန်က သူ့လက်ကိုဆွဲပြီး မျက်နှာရှုံ့မဲ့နေကာ ရှိုက်သံတို့ပါသော အသံလေးဖြင့် ဤသို့ပြောလာမည်ဟု မထင်မှတ်ခဲ့ပေ။

"သမီး... သမီးမှာ အချိန်မရှိဘူး... သမီး ဆရာထန်သင်ပေးတာတွေ နားထောင်ဖို့ ကျောင်းကိုသွားရဦးမယ်...သမီး ကျောင်းမသွားရင် ဆရာထန်က မေးလိမ့်မယ်..."


ကျန်းရှောင်မန်က တိတ်ဆိတ်သော ကလေးတစ်ယောက်မဟုတ်ဘဲ ကစားရသည်ကို နှစ်သက်သော်လည်း ကတိတည်ကာ လေးလေးနက်နက် ရှိသော ကလေးတစ်ယောက်ဖြစ်လေသည်။


သူမ၏ မျက်နှာက ရှုံ့မဲ့နေပြီး စတင်ငိုချတော့မယောင်ဖြစ်နေသည်။


ကျန်းဟွေ့မိန်က ပြောလိုက်သည်။

"သမီးရဲ့ ဦးလေးနဲ့ အပြင်သွားတာလေးပဲကို ရပါတယ်... ကျောင်းကို တစ်နေ့လောက်မသွားလည်းရတယ်... ဆရာထန်က သမီးလုပ်စရာရှိရင် ခွင့်ယူလို့ပြောဖူးတာပဲမလား... ဘွားဘွားက ကျောင်းသွားမှာဆိုတော့ သူ့ကိုပြောပေးပါ့မယ်... ဒါဆို သမီးကို အပြစ်မတင်လောက်ပါဘူး..."


"တကယ်လား...."


"တကယ်ပေါ့...."


ကျန်းရှောင်မန်က သေရာမှ ပြန်ရှင်လာသလို အလွန်အမင်းပျော်ရွှင်သွားပြီး သူမ၏ဦးလေးနှင့် အပြင်ထွက်လေသည်။


သူမက ယနေ့တွင်လည်း ကျားပုံဦးထုပ်ကိုဆောင်းထားပြီး ချွတ်ရန် ဆန္ဒရှိမနေပေ။


ကျန်းရှင်းက ခဏမျှတိတ်ဆိတ်သွားပြီးမှ သူမ၏ခေါင်းလေးကို ပွတ်လိုက်သည်။

"ဦးလေး ဆေးရုံကပြန်လာရင် သမီးကို ဆံပင်ညှပ်ဖို့ ခေါ်သွားပေးမယ်..."


"သမီးဆံပင်မညှပ်ချင်ဘူး..."

ကျန်းရှောင်မန်က သူမ၏ အကြီးမားဆုံးသော ရန်သူကြီးကို တွေ့နေသည့်နှယ်ဖြစ်နေသည်။


"ဦးလေးတို့က ဆံပင်ပုံသွင်းဖို့ပါသွားမှာလေ.... ကတိပေးတယ် ဆံပင်ညှပ်ပြီးသွားတာနဲ့ ရှောင်မန်လေးက အရမ်းကိုလှပြီး ချစ်ဖို့ကောင်းသွားတော့မှာ...."


ကျန်းရှောင်မန်လေးက တွန့်ဆုတ်စွာ သဘောတူလိုက်သည်။

"ဒါဆိုလည်း ပြီးရောလေ..."


ရွာပြင်က လမ်းက ကြမ်းတမ်းလှသည်။ သူမကားစီးတိုင်း သူမ၏ အစာအိမ်တစ်ခုလုံး ပင်လယ်ထဲရောက်သွားသလို ခံစားရပြီး မသက်မသာဖြစ်လှသည်။


သက်တောင့်သက်သာမရှိမှုကို အံတုကာ သူမ၏ဦးလေးပခုံးပေါ် ခေါင်းလေးမှီတွယ်ရင်း နုံးချိနေလေသည်။ သူမ၏ဆံပင်လေးများက ထိုးထိုးထောင်ထောင်ဖြစ်နေပြီး သူမ သဘောအကျဆုံးဆံပင် ရှုပ်ထွေးနေသည်ကိုပင် ဂရုမစိုက်အားပဲ ဖြစ်နေရသည်။


ရာသီဥတုက အလွန်အမင်းပူပြင်းလှ၍ ကျန်းရှင်းက သူမ၏ခေါင်းမှ ချွေးများ စီးကျလာသည်ကို မြင်ပြီး ကျားပုံဦးထုပ်လေးကို ချွတ်ကာ ယပ်တောင်အဖြစ် ခပ်ပေးနေလေသည်။


သူတို့ ဘက်စ်ကားပေါ်မှ ဆင်းသောအခါ မွန်းတည့်ချိန်ပင် ရောက်လုနီးနေလေပြီ။


ကျန်းရှင်းက သူမကို မြို့နယ်ဆေးရုံကို ချီခေါ်သွားခဲ့သည်။ သူက သူ၏ဝမ်းဗိုက်ဒဏ်ရာကို အရင်စစ်ကြည့်ပြီးမှ တစ်ကိုယ်လုံးကို ဆေးစစ်လိုက်သည်။


ရှောင်မန်လေးက အနည်းငယ်လေးလံလှပြီး သူ့လက်ထဲတွင်လည်း ပစ္စည်းပစ္စယများစွာ ကိုင်ထားသေးသည်။ ထို့ကြောင့် သိပ်မကြာခင်တွင် သူ ပင်ပန်းလာရတော့သည်။


သူ့တွင် ရွေးချယ်စရာမရှိတော့ပဲ သူမလေးကို အောက်ချလိုက်ရပြီး ပြောလိုက်သည်။

"ဒီမှာပဲနေပြီး ဦးလေးကိုစောင့်နေနော်... ပတ်မပြေးနဲ့ ဟုတ်ပြီလား... ဦးလေးသင်ပေးတာကို မှတ်မိသေးလား... သူစိမ်းတွေနောက် မလိုက်နဲ့... တစ်ခုခုဖြစ်ရင် လှမ်းသာအော်လိုက်...ဦးလေးက အထဲမှာ ရှိနေမယ်နော်... သမီးအော်တာနဲ့ ဦးလေးက ချက်ချင်း အပြင်ထွက်လာခဲ့မှာ..."


ရှောင်မန်က ခေါင်းငြိမ့်ပြလိုက်သည်။


သူမက ထိုမျှမတုံးအပေ။


ဘွားဘွားနှင့် ဦးလေးသာမက စနစ်ကပင် သူမကို ထိုအကြောင်း ထပ်ကာထပ်ကာပြောဖူးသဖြင့် သူမ၏နားထဲတွင် နားဖာချေးများ ကပ်လာသလို ခံစားနေရလေပြီ။


ကျန်းရှင်းက ဘာမှထပ်မပြောတော့ဘဲ ဆေးစစ်ချက်အခန်းထဲသို့ ဝင်သွားလိုက်သည်။


ကျန်းရှောင်မန်က ပျင်းလွန်း၍ ဘယ်ကြည့်လိုက် ညာကြည့်လိုက် လုပ်နေသော်လည်း ဘာမှစိတ်ဝင်စားစရာ မတွေ့ပေ။ ဆေးရုံက ပျင်းစရာကောင်းလွန်လှသည်။ ထိုအကြောင်းကိုသိခဲ့ပါက လိုက်လာခဲ့မည်မဟုတ်ပေ။


ဘွားဘွားနဲ့ ဦးလေးနဲ့ ဆေးရုံမှာ အကြာကြီး နေခဲ့ရတုန်းကလည်း အတော်လေး ပျင်းဖို့ကောင်းပြီး သက်တောင့်သက်သာ မရှိပဲနေလောက်မှာနော်....


ကျန်းရှောင်မန်လေးက အနည်းငယ်သနားမိသွားပြီး ပြန်ရောက်လျှင် ဦးလေးအပေါ် ပိုမိုကြင်နာပေးရန် ဆုံးဖြတ်လိုက်သည်။


ထိုအချိန်တွင် စနစ်က ရုတ်တရက်ကြီးပြောလာသည်။

"ပိုင်ရှင် ကျေးဇူးပြုပြီး အရေးပေါ်ထွက်ပေါက်ကို ဦးတည်ပြီး သွားပေးပါ..."


ကျန်းရှောင်မန်က သတိတကြီးမေးလိုက်သည်။

"ဘာအတွက်လဲဟင်... ဦးလေးက သမီးကို လျှောက်မသွားဖို့ ပြောထားတယ်လေ..."


"ပစ်မှတ်ကို ရှာဖွေတွေ့ရှိပါပြီ... ကျေးဇူးပြုပြီး ပိုင်ရှင်က သွားရောက် အတည်ပြုပေးပါ...."

စနစ်က ကျန်းရှောင်မန်လေး သွားရန် အစီအစဉ်မရှိကြောင်း တွေ့နေရ၍ အနည်းငယ်စိုးရိမ်ပူပန်လာကာ သူမကိုချော့မော့ရန် အမှတ်များပင် သတ်မှတ်လိုက်သည်။


[တာဝန်: ပစ်မှတ်ကိုရှာပါ


ဆုလဒ်: ၂မှတ်]


အမှတ်များကို မြင်လိုက်၍ ကျန်းရှောင်မန်က စိတ်မပါလက်မပါ လမ်းလျှောက်၍ သွားလိုက်တော့သည်။