Chapter 37
[တာဝန်: ပစ်မှတ်ကိုရှာပါ
ပစ်မှတ်ကိုရှာတွေ့ပါပြီ
ဆုလဒ်: ၂မှတ်]
[လက်ရှိစုစုပေါင်းအမှတ် : -၉၂၀]
ကျန်းရှောင်မန်လေးက သူမရှေ့ရှိကောင်လေးကို မျက်တောင်လေးခတ်ရင်းကြည့်လိုက်သည်။
စနစ်က သူ့ဆီကဘာလိုချင်တာလဲ....
ကျန်းရှောင်မန်က ထိုသူငယ်ချင်းလေးအကြောင်း သိချင်လာသည်။ ထို့ကြောင့် စနစ်ကိုမေးလိုက်ရာ စနစ်က ထိုကောင်လေးမှာ အနာဂတ်တွင် သူမလိုဗီလိန်ဖြစ်လာမည့်လူဖြစ်ပြီး သူမထက်ပင် ဆိုးသွမ်းသည့် ဗီလိန်ဖြစ်လာမည်ဟု ပြောပြခဲ့သည်။
ထိုမှသာ နားလည်သွားတော့လေသည်။
သူမ ထိုကောင်လေးအပေါ် ချက်ချင်းလက်ငင်း အထင်အမြင်ကောင်းတို့ပြည့်သွားရသည်။
ထိုကောင်လေးကလည်း သာမန်မဟုတ်သည့်လူဖြစ်လာရန် ကံကြမ္မာပါလာပြီးသား ဖြစ်ရပေမည်။ သူမတို့ကဲ့သို့သောလူများက လူများကြားထဲမှ နဂါးနှင့်ဇာမဏီများဖြစ်ကြကာ အချင်းချင်းဆွဲငင်နေကာ တဖြေးဖြေးတွေ့လာကြမည့်လူများဖြစ်ကြသည်။
ဒါပေမဲ့ နည်းနည်းလေးတော့ထူးဆန်းနေတယ်... သူဘာလို့ အဲ့နားလေးမှာ အရမ်းကို ငြိမ်ငြိမ်လေး နေနေရတာလဲ...
သူလုံးဝမကြောက်ဘူးလား...
ဘာလို့ ဘာမှမပြောတာလဲ... သူမကို မမြင်လို့လား...
ကျန်းရှောင်မန်က မဝံ့မရဲပြောလိုက်သည်။
"မင်္ဂလာပါ သူငယ်ချင်းလေးရေ...."
သူငယ်ချင်းလေးက သူမကို လျစ်လျူရှုထားသည်။
သူက လှေကားပေါ်တွင်ထိုင်ရင်း ခေါင်းငိုက်စိုက်ကျနေကာ သစ်သားတုံးလေးတစ်ခုဖြင့် ဆော့နေသည်။ သူက အလွန်အမင်းလေးနက်နေသော ပုံစံဖြင့် အာရုံစူးစိုက်နေကာ ကျန်းရှောင်မန်က အကြောက်အလန့်ကင်းစွာဖြင့် သူ့ကို စိတ်ဝင်တစားကြည့်နေသည်ကိုပင် ခေါင်းမော့ကြည့်မလာပေ။
အရေးပေါ်ထွက်ပေါက်မှာ အလွန်အမင်းတိတ်ဆိတ်ပြီး သီးခြားနေရာလေးဖြစ်နေသည်။ တံခါးက လုံးဝမပိတ်သေးသော်လည်း အလင်းရောင်အများစုကို ပိတ်ကာထားလေသည်။ လုံခြုံရေးမီးသီးများကသာ အစိမ်းရောင်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်နေသည်။
သူမ အနည်းငယ်ကြောက်လန့်လာပြီး ပတ်ပတ်လည်ကိုကြည့်ကာ ကြက်သီးထလာလေသည်။
ထိုအချိန်တွင် စနစ်က သူမကိုနောက်ထပ်တာဝန်တစ်ခုပေးပြန်သည်။
[တာဝန် : သူ့ရဲ့ လုပန်ပဟေဠိသော့အိမ်(1)ကိုယူပါ... သူ့ကိုငိုအောင်လုပ်ပါ
ဆုလဒ် : ၁၀မှတ်]
ကျန်းရှောင်မန် အံ့ဩသွားရသည်။
သူမက ဒီကောင်လေးကို မမုန်းတဲ့ကိစ္စကို ဘာလို့ သူ့အရုပ်ကိုလုပြီး ငိုအောင်လုပ်ရမှာလဲ....
စနစ်ကပြောလာသည်။
"ပိုင်ရှင်က မကောင်းတာတွေလုပ်ဖို့ အကြောင်းပြချက်မလိုပါဘူး...."
ကျန်းရှောင်မန်က သူ့နားကို တွန့်ဆုတ်စွာ ချဉ်းကပ်လာသည်။
သူမလည်း လှေကားပေါ်တွင်ထိုင်ပြီး ကောင်လေးနှင့် အေးအေးချမ်းချမ်းစကားပြောချင်ပါသော်လည်း မထင်မှတ်ထားသည့်အရာမှာ ထိုကောင်လေးက သူမထိုင်လိုက်သည်နှင့် ဘေးသို့နေရာပြောင်းသွားသည်ကိုပင်။
ကျန်းရှောင်မန်က သူ့ဘေးနားထပ်တိုးလိုက်သောအခါ သူကလည်း အဝေးကိုရွေ့သွားပြန်သည်။ တစ်ယောက်ကတိုးလာလိုက် တစ်ယောက်ကရွေ့သွားလိုက်လုပ်နေသည်မှာ ကျန်းရှောင်မန်က ကောင်ကလေးကို ထောင့်စွန်းနားအထိတွန်းပို့မိသွားခဲ့သည်။
ကောင်ကလေးက နောက်ဆုံးတွင် ခေါင်းမော့လာခဲ့ပြီး သူမကိုကြည့်လာခဲ့သည်။ ထို့နောက် ဘာစကားမှဆက်မပြောလာခဲ့ဘဲ သူမကိုဆက်လက်လျစ်လျူရှုကာ ဘေးသို့လှည့်၍ ထောင့်ဘက်ကိုမျက်နှာမူပြီး ကျန်းရှောင်မန်ကိုကျောပေးလိုက်သည်။
ကျန်းရှောင်မန် "....."
ကျန်းရှောင်မန်က အလွန်ချစ်စရာကောင်းသူဖြစ်သည်။ သူမ မည်သူနှင့်ဆုံပါစေ ထိုလူက သူမကိုချီးမွမ်းတတ်ပေသည်။ ဤတစ်ကြိမ်က သူမအတွက် ပထမဆုံးအကြိမ်အဖြစ် အမုန်းခံရခြင်းနှင့် ဖယ်ကျဉ်ခံရခြင်းကို ကြုံတွေ့ဖူးသွားခဲ့သည်။
သူမ ချက်ချင်းတောင့်တင်းသွားသော်လည်း သူမက လိမ္မာသည့်ကောင်မလေးဖြစ်၍ လူများကို မရိုက်ပေ။
သူမ၏မကျေနပ်ချက်များကို မြိုသိပ်ကာ ကျိုးဟိုင်ယန်အပေါ်တွင် သုံးဖူးသော နည်းလမ်းကို ထပ်သုံးရန် သူမတွင်ရှိနေသည့် ချိုချဉ်များကို ထုတ်ပြလိုက်သည်။
အဆုံးတွင် မည်သည့်ကလေးကမှ ချိုချဉ်၏ဆွဲဆောင်မှုကို မခုခံနိုင်ပေ။
စနစ်က သူမကို သတိပေးလာသည်။
"ပိုင်ရှင် သူ့ရဲ့ပစ္စည်းကိုလုပြီး ပြေးလို့ရပါတယ်..."
သူမ၏မျက်လုံးများ ကြုံ့ဝင်သွားပြီး ထိုအကြံဉာဏ်ကိုတွေးလိုက်ကာ အနည်းငယ်ကြောက်လန့်နေသည်။
ဤနေရာကအလွန်မှောင်မဲနေ၍ သူမအနည်းငယ်ကြောက်လန့်နေသည်။ သူမ ဤနေရာမှ ထွက်သွားရမည့်လမ်းကိုလည်း မသိပေ။ သူမ၏ ရန်သူကို ရိုက်ကာ ထွက်ပြေးနိုင်မည်လားလည်း မသေချာသေးပေ။
"သူငယ်ချင်းလေး... ချိုချဉ်စားချင်လားဟင်...."
သူမက သူ၏ပစ္စည်းကိုလုကာ ငိုအောင်လုပ်ရမည်ဖြစ်၍ သဘောထားကြီးစွာဖြင့် ချိုချဉ်နှစ်လုံးဖြင့် ကမ်းလှမ်းလိုက်သည်။
"နင့်ကို ချိုချဉ်တွေပေးမယ်လေ... နင်က ငါ့ကို တစ်ခုခုကိုကူညီပေးပေါ့ ဘယ်လိုလဲ..."
ကောင်ငယ်လေးမှာ သူမကိုလျစ်လျူရှူထားဆဲပင်။
ကျန်းရှောင်မန်လေးမှာ အတော်လေး မှားယွင်းနေသလို ခံစားလိုက်ရပြီး နှုတ်ခမ်းပါးများမှာ ကုတ်ကျသွားသည်။ သို့သော် သူမက သန်မာသည့်ကလေးဖြစ်၍ ရှုံးနိမ့်သွားကြောင်း လွယ်လွယ် ဝန်မခံနိုင်ပေ။
စနစ်က အေးစက်စွာစောင့်ကြည့်နေသည်။
ပိုင်ရှင်မှာ ရှိသမျှတာဝန်တိုင်းကို အချိန်တိုင်းလိုလိုအောင်မြင်ခဲ့သည်။ သို့သော် သူမ၏နည်းလမ်းများမှာ အမြဲတမ်းလိုလို သူ့ကိုခက်ခဲအောင်လုပ်နေသည်။ သူမက သူ၏အကြံကို နားမထောင်မှန်း မြင်နေရ၍ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။
T/N -
1. လုပန်ပဟေဠိသော့အိမ်ဆိုတာ သစ်သားပဟေဠိမျိုးပါ အောက်ပါပုံအတိုင်း