Chapter 38
ကျန်းရှောင်မန်က ကိစ္စကိုငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းရန် ကြိုးစားနေဆဲဖြစ်ကြောင်းသိ၍ စနစ်က သူမခေါင်းပေါ်ရေအေးများလောင်းချလိုက်သည်။
"ပိုင်ရှင်... လက်လျော့လိုက်ပါ... မင်းသူနဲ့ သူငယ်ချင်းလုပ်လို့မရဘူး...."
ကျန်းရှောင်မန်က ၎င်းကိုလျစ်လျူရှုလိုက်သည်။
တစ်ခါက စနစ်က သူမနှင့်သူငယ်ချင်းမဖြစ်နိုင်ဟုပြောခဲ့သော်လည်း ယခုတွင် သူမနှင့် စနစ်မှာ အကောင်းဆုံးသူငယ်ချင်းများ ဖြစ်နေလေပြီ။
"နင်ကိုင်ထားတဲ့ဟာနဲ့ ချိုချဉ်နဲ့လဲမယ်လေ...."
ကျန်းရှောင်မန်ကပြောလိုက်သည်။
နောက်ဆုံးတွင် ကောင်ကလေးက ကျန်းရှောင်မန်ကို အာရုံစိုက်လာသည်။
"နင် ဒါကိုဘယ်လိုကစားရလဲသိလား..."
ကောင်းကင်နှင့်မြေပြင် မည်မျှကြီးမားကြောင်းမသိသော ကျန်းရှောင်မန်က ပြန်ဖြေလိုက်သည်။
"ဒါပေါ့...."
"ဒါဆို ငါ့ကိုဒါလေးကူညီပြီး ဖွင့်ပေး...."
ကောင်ကလေး ကျန်းရှောင်မန်ကို သူ့လက်ထဲတွင်ကိုင်ထားသောအရာ ကိုပေးလိုက်သည်။ ထိုအခါမှသာ သူဆော့နေသည့်အရာမှာ သစ်သားတုံးတစ်ခုဖြစ်ကြောင်း သိလိုက်ရလေသည်။
ဖွင့်ရမယ်... ဒါကိုဘယ်လိုဖွင့်ရမှာလဲ...
ကျန်းရှောင်မန်က တွန်းလိုက်ဆွဲလိုက်လုပ်သော်လည်း ၎င်းက လုံးဝမရွေ့လျားသွားပေ။ ၎င်းက သစ်သားပိုင်းလေးသာဖြစ်သော်လည်း သူမ မည်မျှဆွဲဆွဲ လိမ်လိမ် လုံးဝပွင့်မလာပေ။
အလွန်အမင်းခက်ခဲလှပေသည်။
သူမ အနည်းငယ်ပင်ပန်းလာသော်လည်း အရှုံးမပေးသေးပေ။ သူမကိုယ်သူမ လူရယ်စရာ အဖြစ်မခံနိုင်ချေ။
"ငါဒါကိုဖွင့်နိုင်ရင် ငါ့ကိုပေးမလား..."
သူ့ကိုမေးလိုက်သည်။
"အင်း..."
ကျန်းရှောင်မန်က ပျော်ရွှင်စွာပြုံးလိုက်သည်။
"နင်ပြောတာနော်...."
ထိုသို့ပြောပြီးနောက်တွင် သူမ မတ်တတ်ရပ်လိုက်ကာ သစ်သားတုံးကိုမြေပြင်ပေါ် ပစ်ချပြီး အားပါးတရ ဆောင့်နင်းလေသည်။
ကျိုးပဲ့သံအချို့မြည်လာပြီးနောက်တွင် သစ်သားအပိုင်းအစ အစုအဝေးမှာ တစ်စစီဖြစ်သွားလေသည်။
"????"
ကောင်လေးမှာ အံ့အားသင့်ပြီးတောင့်ခဲနေလေသည်။
သူ၏မျက်လုံးနက်နက်များက ကျန်းရှောင်မန်ကို တွေတွေကြီးငေးကြည့်နေလေသည်။
ကျန်းရှောင်မန်က ခေါင်းမော့က ဂုဏ်ယူစွာပြောလိုက်သည်။
"အထဲမှာ ဘာမှမရှိဘူး...."
တစ်ဖက်တွင် သစ်သားတုံးလေး၏အပျက်အစီးများရှိပြီး တစ်ဖက်တွင်သူမ၏ ဂုဏ်ယူနေသည့်မျက်နှာဖြစ်သည်။
ကောင်ကလေးက အတော်လေးကြိုးစား၍ ခေါင်းလှည့်ကြည့်လာပြီး သူ့အမူအယာမှာနောက်ဆုံးတွင် ပြောင်းလဲသွားရသည်။
"ငါ့ရဲ့ လုပန်ပဟေဠိသော့အိမ်ကိုဘာလို့ ဖျက်ဆီးလိုက်ရတာလဲ...."
ကောင်လေးမှာ အလွန်သနားစဖွယ်ကောင်းအောင်ငိုနေပြီး ကျန်းရှောင်မန်ကို အသည်းနှလုံးတို့ တစ်စစီကျိုးပဲ့သွားသောအသံဖြင့် သူ၏လုပန်ပဟေဠိသော့အိမ်ကိုဘာကြောင့် ဖျက်ဆီးလိုက်ရလဲဟု မေးနေသည်။
သူမ အတော်လေး မလုံမလဲဖြစ်သွားရပြီး အသံတိုးတိုးဖြင့် ရှင်းပြလေသည်။
"နင်ပဲ ငါဖွင့်နိုင်ရင် ငါ့ကိုပေးမှာဆို..."
[လိုအပ်သည့်ပစ္စည်းကိုရခဲ့ပါပြီ... ပစ်မှတ်ကိုငိုအောင်လုပ်လိုက်ပါပြီ... ဆုလဒ် : ၁၀မှတ်]
[လက်ကျန်အမှတ် : -၉၁၀]
ကောင်လေး၏ငိုသံနှင့်အတူ စနစ်၏အသိပေးချက်ပါထွက်ပေါ်လာသည်။ သူမ အပြစ်ရှိသလိုခံစားလိုက်ရပြီး သူ့ကိုချိုချဉ်ပေးလိုက်သည်။
"ဒါနင့်ကိုပေးမယ်...မငိုနဲ့တော့နော် ရပြီလား..."
"ငါမလိုချင်ဘူး.... "
ကောင်ကလေးမှာ ငိုရလွန်း၍ ကြို့ပင်ထိုးနေလေပြီ။
သူကျန်းရှောင်မန်ကိုကြည့်ကာ တိတ်တဆိတ်မျက်ရည်များကျလာပြီး ချိုချဉ်နှစ်ခုကို မြေပြင်ပေါ်ရိုက်ချလိုက်သည်။
ကျန်းရှောင်မန်က မမျှမတခံစားလိုက်ရကာ ချိုချဉ်များကို ပြန်ကောက်လေသည်။
"ငါ.. နင့်ရဲ့လုပန်ပဟေဠိသော့အိမ်အစား ဒါလေးကိုပေးမယ်လေနော်... ဒါလေးတွေက ငါ့ရဲ့ အဖိုးတန်ရတနာလေးတွေပါ မငိုနဲ့တော့နော်...."
သူမ မျက်ရည်ဝိုင်းနေသော မျက်လုံးများနှင့်အတူ ကွဲအက်နေသောအသံလေးဖြင့် ပြောလိုက်သည်။ ထို့နောက် သူမ၏အဖိုးတန်လှသော ကျားပုံဦးထုပ်လေးကို လက်နှစ်ဖက်ဖြင့်ယူကာ ကောင်လေးကိုပေးလိုက်သည်။
ထိုကျားပုံဦးထုပ်လေးမှာ သူမကို ကျန်းရှင်းကပေးထားသည့်အရာဖြစ်ပြီး အတော်လေးဟောင်းနွမ်းနေလေပြီ။ ၎င်း၏ ခေတ်နောက်ကျသောအသွင်ကြောင့် ၎င်းက သူ့မျက်လုံးထဲတွင် အတော်လေး....
"ရုပ်ဆိုးတယ်...."
ကောင်လေးက ငြင်းလိုက်သည်။
"ဝူး........."
ကျန်းရှောင်မန်က သူမ၏ရှုပ်ပွနေသော အဖိုးတန်ဆံပင်လေးများကို ပြောသည်ဟုထင်သွားခဲ့သည်။ သူမ မထိန်းနိုင်တော့ဘဲ ငိုချင်းချလေတော့သည်။
"နင်ငါ့ကို ရုပ်ဆိုးမလို့ခေါ်တယ်... ငါ့ကိုရုပ်ဆိုးမလို့ခေါ်တယ်... ငါနင့်ကို လုံးဝဂရုမစိုက်တော့ဘူး... ငါနင့်ကိုတောင်းပန်ပြီး ချိုချဉ်တောင်ပေးသေးတာကို ငါ့ကို ရုပ်ဆိုးမလို့ခေါ်တယ်....."
(T/N - english လိုက ရုပ်ဆိုးတယ်နဲ့ ရုပ်ဆိုးမက (ugly)ဆိုတဲ့ စကားတစ်လုံးတည်းပါ.. ဒါကြောင့် အပေါ်မှာရုပ်ဆိုးတယ်လို့သုံးပြီး... အောက်မှာကြ ရုပ်ဆိုးမလို့သုံးထားတာပါ...)
ကျန်းရှောင်မန်က ငိုကြွေးနေရင်း ထွက်သွားလေသည်။ သူမ လုပန်ပဟေဠိအပိုင်းအစများဘေးမှ ဖြတ်သွားချိန်တွင် တမင်တကာနင်းသွားလိုက်သေးသည်။
သူမက ဗီလိန်ဆိုတော့ဘာဖြစ်လဲ....
သူက ပိုတောင်ဆိုးသေးတယ်... လူတွေကို မကောင်းတဲ့ နာမည်နဲ့တောင်ပြောသေးတယ်...
သူမ ငိုရင်းပြန်လာပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူမ၏မျက်နှာတစ်ခုလုံး နှာရည်နှင့် မျက်ရည်တို့ ပေကျံနေအောင်ငိုထား၍ ကျန်းရှင်းက မြင်မြင်ချင်း အံ့ဩသွားရသည်။
"ရှောင်မန် ဘာဖြစ်တာလဲ... သမီးကို ဘယ်သူအနိုင်ကျင့်တာလဲ...."
ကျန်းရှောင်မန်က မျက်ရည်များကြောင့် အမြင်အာရုံမှုန်ဝါးနေပြီး သူမ မျက်နှာကိုလက်တစ်ဖက်ဖြင့် အုပ်ထားလေသည်။
"အကုန်လုံး ဦးလေးအမှားတွေချည်းပဲ... တခြားသူတစ်ယောက်က သမီးကို ရုပ်ဆိုးမလို့ခေါ်တယ်လေ... ဦးလေးကို ထပ်ပြီးဂရုမစိုက်တော့ဘူး... ဝူး ဝူး...."