Chapter 39
ကျန်းရှင်းက ခဏမျှကြောင်စီစီဖြစ်သွားပြီး ရှောင်မန်လေးက ဘာကြောင့် ရုပ်ဆိုးမဟု အခေါ်ခံလိုက်ရကြောင်း နားမလည်နိုင်သေးပေ။
အဲ့လူကန်းနေတာများလား....
သူလက်သီးတင်းတင်းဆုပ်လိုက်ပြီး ချက်ချင်းပြောလာသည်။
"သမီးကို ဘယ်သူခေါ်တာလဲ... ဦးလေးကိုသူ့ဆီခေါ်သွားပေး..."
ရှောင်မန်က အလွန်အမှတ်သည်းခြေကြီးသော ကလေးဖြစ်သည်။
ကျန်းရှင်းက သူမဆံပင်ကိုညှပ်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သူမက နှစ်ထောင်ပေါင်းများစွာကြာလျှင်ပင် ထိုရန်ညှိုးကို မေ့မည်မဟုတ်ပေ။ ထို့ကြောင့် ကျန်းရှင်းလက်ကိုဆွဲကာ အရေးပေါ် ထွက်ပေါက်ကိုခေါ်ပြီး ကောင်လေးကိုလိုက်ရှာလေသည်။
သို့သော် သူတို့အရေးပေါ်ထွက်ပေါက်ကိုရောက်ချိန်တွင် ဘယ်သူမှမရှိတော့ပေ။ ကောင်လေးမှာ ထွက်သွားခဲ့လေပြီ။
ကျန်းရှင်းက ကျိန်ဆဲလိုက်ပြီး ထိုလူထွက်သွားသည်မှာကံကောင်းလှသည်။ မဟုတ်ပါက သူက ထိုလူကိုကောင်းကောင်းကြီး လက်စွမ်းပြမည်ဟု ပြောနေလေသည်။ သို့သော်၎င်းက ကျန်းရှောင်မန်ကို စိတ်သက်သာရာမရစေပေ။ သူမလေးက အလွန်ဝမ်းနည်းနေဆဲသာဖြစ်သည်။
သူမဝမ်းနည်းနေလေသည်။
သူမက ကျန်းရှင်းဆေးစစ်နေစဉ်တစ်လျောက်လုံး စောင့်နေပေးခဲ့ပြီးနောက်တွင် ငိုကြွေးမြည်တမ်းရင်း သူမကိုဆံပင်ညှပ်ဆိုင်ခေါ်သွားပေးရန် တောင်းဆိုလေသည်။ သူမ ဆံပင်ညှပ်ပြီးသည်နှင့် ပိုမိုလှပကာ ပိုမိုချစ်ဖို့ကောင်းလာမည်ဖြစ်ကြောင်း သူ့ကို အာမခံခိုင်းသေးသည်။
ကျန်းရှင်းကလည်း သူမပြောသလို ရေလိုက်ငါးလိုက်လုပ်ပေးကာ ဆံပင်ညှပ်ဆိုင်ကို ခေါ်သွားလိုက်သည်။ ထို့နောက် ပုံမှန် ကုတ်ဝဲဆံပင်ပုံစံနှင့် ၎င်းနှင့်လိုက်ဖက်သည့် ဆံမြိတ်လေးကို ညှပ်ခိုင်းလိုက်သည်။
ဆံပင်ညှပ်ပြီးနောက်တွင် သူမ၏ ဖြူဖွေးကာနူးညံ့ ဖောင်းအစ်နေသော မျက်နှာလေးက ပိုမိုဖောင်းကစ်လာပြီး သူမ၏ပါးလေးများကို ညှစ်ပစ်ချင်စိတ်ပေါက်လာစေသည်။
သူမ၏မျက်လုံးများမှာ ကြီးမားဝိုင်းစက်နေပြီး ကြည်လင်တောက်ပ ရွှန်းစိုနေသော မျက်ဆံများရှိ၍ သူမ၏မျက်နှာကို ပိုမိုလှပသွားစေသည်။
ထိုအရာသာမက ကျန်းရှင်းက သူမကိုပန်းရောင်စကတ်လေး ဝယ်ပေးထားသည်။ ၎င်းကိုဝတ်ထားချိန်တွင် သူမက အရုပ်မလေးနှင့်ပင် တူနေသည်။
ယခုတွင် ကျန်းရှင်းကိုယ်တိုင်က ကျားပုံဦးထုပ်မှာ ကြည့်မလှတော်ဟုထင်၍ ချက်ချင်းချွတ်ပေးလိုက်ပြီး အိတ်ထဲပစ်ထည့်လိုက်သည်။
သူကိုယ်တိုင်ပင် သိတတ်စအရွယ်ကတည်းက ထိုဦးထုပ်ကိုမဆောင်းတော့သော်လည်း ကျန်းရှောင်မန်လေးကသာ ၎င်းကိုသဘောကျနေသည်။
ကျန်းရှောင်မန်က ဆံပင်စည်း၍မရလောက်အောင်အထိ ဤမျှတိုသော ဆံပင်ပုံစံမျိုးတစ်ခါမှ မညှပ်ဖူးချေ။ သူမ၏အတွေးများက ရှုပ်ထွေးနေပြီး ကြည့်ကောင်းသလား မကောင်းသလား မသေချာမရေရာဖြစ်နေသည်။ ထို့ကြောင့် သူမ၏ စကတ်လေးကို မကြည်မသာဖြစ်နေသော အမူအယာဖြင့် လုံးချေနေလေသည်။
ကျန်းရှင်းက ချက်ချင်းပြောလိုက်သည်။
"လှတယ်... လှတယ်... အရမ်းကိုလှတယ်... ငါတို့အိမ်ကရှောင်မန်လေးက ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်သမီးလေးလိုကို လှနေတာ... သမီးကဒီနေရာတစ်ဝိုက်မှာ အလှဆုံးကောင်မလေးပဲ... ပန်းပွင့်တွေထက်တောင်လှသေးတယ်...."
သူ၏မြှောက်ပင့်ပြောဆိုသော စကားများကိုကြားမှသာ အနည်းငယ်ပြုံးရယ်လာပြီး စကတ်လှလှလေးကို ရလိုက်၍ ပျော်လာတော့သည်။
သူမ၏ဒေါသလေးမှာ မြန်မြန်ရောက်လာပြီး မြန်မြန်ထွက်သွားခဲ့လေသည်။ လှပသည်ဟုချီးကျူးခံလိုက်ရ၍ ခုဏက ဒေါသများက အာကသထဲအထိလွင့်စင်သွားလေသည်။
သူမတက်နင်းခဲ့သည့် သစ်သားအပိုင်းအစများကို ပြန်တွေးပြီးနောက်တွင် အပြစ်မကင်းသလို ခံစားလာရသည်။
ဟုတ်ပါတယ်လေ... သူက သူများရဲ့ဟာကို မဖျက်စီးသင့်ပါဘူး... ကိစ္စကြီးမဟုတ်တော့ နောက်တစ်ကြိမ်ထပ်တွေ့ရင် တောင်းပန်လိုက်ပါမယ်လေ...
ဆရာထန်က လိမ္မာတဲ့ကလေးဆိုတာ ကိုယ်မှားမှန်းသိရင် အမှားကို ပြင်ဆင်ချင်တယ်လို့ပြောတယ်.... သူက မျက်နှာပျက်ရဖို့မကြောက်ပါဘူးနော်...
စနစ်က သူမအပေါ်သို့ ရေအေးများ ထပ်မံလောင်းချပြန်သည်။
"ပိုင်ရှင်... အဲ့အကြောင်းကိုမေ့ထားလိုက်တော့.. သူ့ကိုဘယ်တော့မှ ထပ်မတွေ့ရသလို ဘယ်တော့မှသူငယ်ချင်းဖြစ်လာမှာမဟုတ်ဘူး... မင်းက သူ့ရဲ့အရုပ်ကိုဖျက်စီးပြီး သူ့ကိုငိုအောင်လုပ်ခဲ့တာလေ... သူက မင်းကိုတစ်သက်လုံး မုန်းနေတော့မှာ..."
ကျန်းရှောင်မန်က နှာမှုတ်လိုက်ပြီး ယုံကြည်မှုရှိစွာပြောလာသည်။
"မဟုတ်ပါဘူးနော်.... သမီးတို့ကလေးတွေက ဘယ်တော့မှ အညှိုးအတေးမထားတတ်ဘူး... သမီးရဲ့ဦးလေးဆို သမီးကိုအမြဲတမ်းလိမ်တယ်.... လှည့်စားတယ်... ဒါပေမဲ့ သမီးသူ့ကိုဘယ်တော့မှ အညှိုးတွေ အာဃာတတွေမထားဘူးလေ... နောက်နေ့ရောက်ရင် ခွင့်လွှတ်လိုက်တာပဲ.."
စနစ် "...."
မင်းပဲ.. မင်းရဲ့ဆံပင်ကိုညှပ်ပစ်လို့ သူ့ကို အချိန်တွေအကြာကြီး အညှိုးထားနေတာမဟုတ်ဘူးလား.... ငါပဲမှားမှတ်မိတာလား..
မည်သို့ပင်ဆိုစေ တာဝန်ကအောင်မြင်သွားခဲ့သည်။ ထို့ကြောင့် ပိုင်ရှင်ပျော်နေသမျှ ကမ္ဘာကြီးအေးချမ်းလေသည်။
ရှောင်မန်က ခဏအကြာတွင် သူမဦးလေးနှင့် ပျော်ပျော်ကြီး ဈေးဝယ်ထွက်လေသည်။
ကျန်းရှင်းမှာ သူ့လက်ထဲတွင် ပိုက်ဆံရှိနေ၍ အရာအားလုံးကိုဝယ်ချင်ပြီး သုံးဖြုန်းချင်နေသည်။ ကံကောင်းစွာဖြင့် ရှောင်မန်လေးက ကျန်းဟွေ့မိန်၏ ချွေတာရေးစိတ်ဓာတ်ကို အမွေဆက်ခံထားပြီး သူ့ကို ချွေတာရန် ထိန်းသိမ်းနိုင်ခဲ့သည်။ မဟုတ်ပါက ကျန်းရှင်းက ပိုက်ဆံများစွာ သုံးပစ်မည်ဖြစ်သည်။
ကျန်းရှောင်မန်က အိမ်ကို အိတ်ကြီးတစ်အိတ်သယ်ပြီး ပြန်ရောက်လာသည်။
သူမက ဆံပင်ကေလှလှလေးညှပ်လာရုံတင်မက ပန်းရောင်စကတ်လှလှလေးတစ်ထည်၊ ကျောပိုးလွယ်အိတ်အသစ်၊ ဦးထုပ်အသစ်နှင့် ဗလာစာအုပ်အသစ်များကိုဝယ်ခဲ့သည်။