Chapter 40
တစ်ခါတစ်ရံတွင် ကျန်းရှောင်မန်စောစောထသော်လည်း ကျန်းရှင်း၏အရိပ်ကိုတောင် မဖမ်းမိလိုက်ချေ။ ထို့အပြင် သူက သူမအိပ်ပျော်ပြီးသွားချိန်မှသာလျှင် အိမ်သို့လာလေ့ရှိ၏။
သူ့ဖိနပ်များနှင့် ဘောင်းဘီအနားသတ်များတွင်ရွံများဖြင့်ပေးာတူးနေခဲ့သည်။ သူ့တစ်ကိုယ်လုံး ရွှံ့အပြည့်ဖြင့် ညစ်ပေနေခြင်းက သူ့အား ဗွက်အိုင်ထဲတွင် လူးလိမ့်နေသည့်နွားကြီးထက်ပင် ပို၍ပေတိပေစုတ်နိုင်သယောင်ဖြစ်စေ၏။
အင်မတန်ပင်ပန်းနေခဲ့သောကြောင့် သူ သူမနှင့်တွေ့ရချိန်များတွင်ပင် အတူကစားပေးရန် ဘယ်သောအခါမျှ အချိန်မရှိခဲ့။ အိမ်ရောက်သည်နှင့် တမ်းခနဲကိုယ်လက်သန့်စင်ကာ ခဏအိပ်ပြီးနောက် နောက်တစ်နေ့တွင် တူညီသောအရာကိုပင် ပြန်တလဲလဲလုပ်ရပြန်၏။
ဦးလေးက တအားကို အလုပ်ကြိုးစားနေရှာတာ...
ရက်အနည်းငယ်အတွင်းမှာပင် ပါးရိုးများ ချောင်ကျသွားခဲ့ပြီး သူ့ကိုကြည့်ရသည်မှာ အတော်လေးပိန်ကျသွားကာ အလွန်ကိုမှ ပင်ပန်းနေပုံရ၏။ ဆံပင်များက ညစ်ပေရှုပ်ပွနေခဲ့ပြီး ပါးရိုးတစ်လျှောက်တွင်မူ မဲနက်သည့် မုတ်ဆိတ်မွေးငုတ်တိုများက ထူပျစ်နေအောင်ပေါက်နေလေ သည်။
ဘွားဘွားကတော့ သူ့ကိုကြည့်ပြီး ဤသို့ပြောလေသည်။
"ဒါကမှ တကယ့်လူငယ်တစ်ယောက်ဖြစ်နေရမဲ့ပုံစံအတိအကျပဲ.... သူ့ကိုဆက်သာလုပ်ခိုင်းလိုက်....အလုပ်များများနဲ့မှပဲ ဘဝကပိုကောင်းလာမှာ...."
ကျန်းရှောင်မန်လည်း ရွေးချယ်စရာမရှိပဲ သူ့ကို အားပေးအားမြှောက်လုပ်နေရတော့သည်။
သူမက သူ့အဝတ်များကို အရင်ဦးဆုံးကောက်ယူပြီး ကျန်းဟွေ့မိန်၏နောက်မှ မြစ်ဆီသို့ အဝတ်လျှော်သွားရာတလျှောက် တကောက်ကောက်လိုက်သွားလေ၏။
မြို့ထဲရှိကလေးများအား မြစ်ဘေးနားတွင် ကစားခွင့်ပေးမထားသောကြောင့် သူမအနေဖြင့် ရေဆော့ရမည့်အခွင့်အလမ်းကား လွန်စွာနည်းလှသည်။ မြစ်ဆီသို့ သွား၍ ထိုနေရာတွင် ပြောင်တင်းတင်းကစားရသည်က အတော်ပင်ရှားရှားပါးပါးဖြစ်ရာ သူမအလွန် ရွှင်မြူးနေခဲ့၏။
အဝတ်လျှော်ပြီးနောက် ငါးသေးသေး၊ပုဇွန်ဆိတ် သေးသေးလေးများကို ဖမ်းပြီး အိမ်ပြန်ယူသွားဖို့ သူမ အစီအစဥ်ချထားလိုက်သည်။
သို့သော်လည်း သူမ၏တွက်ချက်မှုများသည် အလျင်အမြန်ပင် တစ်စစီလွင့်ပါးသွားလေ၏။
အကြောင်းမှာ ကျန်းရှင်း၏ အဝတ်အစားများသည် အကုန်လုံးရွှံ့ဗရဗျစ်နှင့်ဖြစ်ပြီး လျှော်ရအလွန်ခက်နေသောကြောင့်ပင်။
အံကြိတ်ကာဖြင့် သူမလေးတွင် ရှိသမျှအားအကုန်သုံး၍လျှော်ပါသော်လည်း ပြောင်အောင်မလျှော်နိုင်ဆဲဖြစ်နေသည်။
ရွှံ့တွေက အစုလိုက်အခဲလိုက်ဖြင့် အဝတ်များပေါ်တွင်ခေါင်းမာမာပင် တွယ်ကပ်နေကြ၏။သူမ အဝတ်များကို ပွတ်တိုက်၍တစ်ဖုံ ၊လိမ်ညစ်၍တစ်ခါ၊ဆွဲဆန့်၍တစ်မျိုး လျှော်ပြီးသည်အထိပင် ထိုဟာမျာကို ကွာကျအောင်မလုပ်နိုင်သေးချေ။
သူမ၏ဖိနပ်များကိုချွတ်ကာ ခုန်ပေါက်၍ အဝတ်များအပေါ်တက်နင်းလိုက်ရင်း စိတ်လှုပ်ရှားသည့် အသံများထုတ်နေပြီး လုံးဝဥဿုံအချိန်ကောင်းတစ်ခု ရနေလေ၏။
ကျန်းဟွေ့မိန်က သူမကိုခပ်ဝေးဝေးပို့လိုက်ကာ ပြောလေသည်။
"တော်လောက်ပြီ...ရပြီ ကျန်တာကို ဘွားဘွားလုပ်လိုက်မယ်...ရေမဆော့နဲ့...အအေးမိသွားမယ်..."
ထိုကိစ္စနှင့်ပတ်သတ်ပြီး သူမလုပ်နိုင်တာဘာတစ်မှ မရှိသဖြင့် ဝမ်းနည်းစွာပင် လက်ချောင်းများကို လိမ်ကျစ်ပြီး ကမ်းစပ်သို့ပြန်လာရုံသာရှိလေသည်။
သူမတို့ရောက်နေသည့်နေရာသည် ရေတိမ်သောနေရာဖြစ်ကာ သူမလေး အနက်ရောင် ကျောက်တုံးတစ်တုံးပေါ်ထိုင်လိုက်ချိန်တွင် ရေက သူမ၏ခြေဖဝါးပုစိလေးများအထိသာ ရောက်လေ၏။
သူမ မြူးထူးစွာပင် ခြေထောက်လေးများကို တဗွမ်းဗွမ်းလှုပ်ခါ၍ အကြိမ်ရေအနည်းငယ်လောက် ကစားပြီးနောက် နည်းနည်းရယ်စရာကောင်းသည်ဟု ခံစားမိသွားပြီး အဝတ်များအပေါ်တက်နင်းခြင်းအကြောင်းကို ဆက်မတွေးတော့ချေ။
ထိုနေရာတွင် အချိန် ခဏလောက်နေပြီးနောက် သူမ တဖန်ငြီးငွေ့လာပြန်၏။
သူမစိတ်ထဲတွင်ကား အကြောင်းအရာများစွာ ရှိလေသည်။
"ဦးဦးစနစ်...သမီးဦးလေးကို ဒီလိုပင်ပင်ပန်းပန်းမလုပ်စေချင်ဘူး....."
သူမ စနစ်နှင့် စတင်စကားပြောလိုက်၏။
"ငါလည်းမလုပ်စေချင်ဘူး...."
စနစ်ကသူမလေးကို ရိုးရိုးသားသားပင်ပြန်ဖြေလိုက်သည်။
"ငါသူ့ကို အရင်ကလိုပဲနေစေချင်တယ်...
ဘာတစ်ခုမှမလုပ်ဘဲ စားသောက်ပြီး သေဖို့ထိုင်စောင့်နေတဲ့သူလိုမျိုးလေ...."
ကံဆိုးချင်တော့ ယခုအချိန်တွင် အလွန်တရာနောက်ကျသွားလေပြီ။ စနစ်ဖြစ်သူလည်း အတော်လေးစိတ်ဓာတ်ကျနေ၏။
ကျန်းရှောင်မန်က သူမ၏ပါးဖောင်းဖောင်းလေးများကို လက်နှစ်ဖက်ဖြင့်အုပ်ကာ သက်ပြင်းအသာချလိုက်လေသည်။
"ဦးဦးစနစ်...ဘယ်အချိန်မှ ဦးလေးအိမ်ပြန်ရောက်မှာလဲဟင်...."
စနစ်လည်း အဖြေကိုမသိသဖြင့် ဆက်လက်ကာ တိတ်ဆိတ်နေ၏။
နတ်ဆိုးအကြောင်းပြောလျှင် နတ်ဆိုးပေါ်လာသည်(1)ဆိုသလို...
သူမ ယခုလေးတင် ကျန်းရှင်းအကြောင်းပြောနေတုန်းရှိသေး ကျန်းရှင်းရောက်လာသည်။
သူကား ရွှံ့အပြည့်နှင့်ပင် ဖြစ်နေဆဲဖြစ်ပြီး တစ်စုံတစ်ခုကို သူ့လက်ထဲတွင်သယ်ထားရင်း မြစ်ဆီသို့ လာနေလေသည်။
သူအနီးနားရောက်လာမှ နောက်ဆုံးတွင် ရှောင်မန်လေးက သူ့ဘာကိုင်ထားမှန်းသဲသဲကွဲကွဲမြင်ရတော့၏။
"ဝါး...ပျားလပို့ကြီးပဲ...."
သူမမျက်လုံးလေးများက တလက်လက်တောက်ပလာပြီး 'ဂလု'ခနဲ တံတွေးမြိုချသံပါထွက်လာသည်။ ဤသည်ကား ဦလေးမြို့ကနေ
အမြဲလိုလို သူမအတွက်ဝယ်လာပေးတတ်သည့် ချောကလတ်နှင့်အတူတူပင် သူမအကြိုက်ဆုံးအရာဖြစ်လေသည်။
သို့ပေမဲ့ ဒီလတ်လတ်ဆတ်ဆတ်ပျားလပို့သည် ချောကလတ်ထက်ပင် ရဖို့ခက်လှ၏။ ဝယ်၍မရဘဲ ကံကောင်းမှသာလျှင် တွေ့နိုင်ပြီး သူမစားရသည်မှာလည်းကြုံတောင့်ကြုံခဲပင်။
"ကောင်မလေး...မင်းကံကောင်းတယ်...."
သူ့မျက်ခွံတွေက ပျားဖွပ်နေရင်း အတုပ်ခံထားရပြီး ဖူးယောင်နေလေ၏။ တစ်ဝက်သာဖွင့်နိုင်သည့်မျက်ခွံများဖြင့်ပင် သူမဆီသို့ ပျားလပို့လှမ်းပေးလာပြီး၊ ထို့နောက်သူမဘေးတွင်ဝင်ထိုင်လိုက်သည်။
ပျားလပို့၏အနံ့သည်ကား လွန်စွာ ချိုမြိန်လှ၏။
ကျန်းရှောင်မန် စိတ်ကျေနပ်စွာဖြင့် မျက်လုံးများကို မှိတ်ကာ ပျားလပို့ပေါ်ကို အားရပါးရစုပ်ယူလိုက်သည်။ သူမ၏ပါးစပ်ထဲတွင် ချက်ချင်းပင် ချိုအီကာမွှေးကြိုင်သင်းပျံလှသည့် ပျားရည်များဖြင့် ပြည့်နှက်သွားပြီး သူမမျက်လုံးများကိုပြန်ဖွင့်လိုက်၏။
"ဦးလေး...ဒီနေ့ဘာလို့အစောကြီးပြန်လာတာလဲ.."
"အလုပ်ပြီးသွားပြီလေ...အဲ့ဒါကြောင့် အိမ်ပြန်လာတာပေါ့ကွ...."
ကျန်းရှင်းက မောမောပန်းပန်းဖြင့်ပြန်ဖြေလိုက်သည်။
သူသည် အမှန်ပင် ပင်ပန်းနေခြင်းဖြစ်ပြီး အိမ်ကိုတန်းတန်းသွား၍ အိပ်သာအိပ်ပစ်လိုက်ချင်၏။
သို့သော်လည်း သူသာ ပျားလပို့ကိုအိမ်ပြန်ယူသွားလျှင် သူ့ကိုယ်သူမထိန်းနိုင်ဘဲ ကျန်းရှောင်မန်လေးအတွက် အစအနတစ်ခုမှတောင် မကျန်အောင် အကုန်လုံးစားလိုက်မိမှာစိုးလေသည်။ ထို့ကြောင့် သူ့အနေဖြင့် ရွေးချယ်စရာမရှိပဲ သူမလေးတို့ကိုရှာဖို့ ဒီနေရာအထိ တစ်လမ်းလုံးလျှောက်လာခဲ့ရ၏။
ကျန်းရှောင်မန်က မျက်လုံးလေးပင့်ကြည့်လာသည်။
"ဒါဆို...ဦးလေးက အလုပ်ဆက်လုပ်စရာမလိုတော့ဘူးပေါ့နော်...."
T/N -
1. မူရင်းက "ချောင်ချောင်အကြောင်းပြောရင် ချောင်ချောင်ရောက်လာတယ်"ပါ.... အခုက နတ်ဆိုးနဲ့ပြောင်းပြောထားတာပါ