အပိုင်း ၄၁
Viewers 14k

Chapter 41


"မင်း.ဘယ်.လို.ထင်.လဲ....."

ကျန့်ရှင်းက သူမလေးကို တစ်လုံးချင်းပြောလိုက်၏။


"ငါ အခုမှဆိုဒ်မှာပြီးသွားတာ...ကားတွေကအခုထိကို မရောက်သေးဘူး...ငါတို့ကားတွေရတာနဲ့...ဂိုထောင်တွေရော လိုမလာဘူးလား...ငါအဲ့ဒီအတွက် နေရာလွတ်ရှာဖို့ရောမလိုဘူးလား...ပြီးတာနဲ့ အဲ့ဒါကို စောင့်ကြည့်ဖို့အတွက် လူသွားရှာရမယ်...ပြီးရင် ငါသူတို့နဲ့စကားသွားပြောဖို့လိုတဲ့အတွက် လူတစ်ယောက်ရှာရဦးမယ်...မင်းရဲ့ဦးလေးကအခုကစပြီးအလုပ်ရှုပ်နေတာ....."


ရှောင်မန်၏မျက်နှာပုစိလေးက ချက်ချင်းပင် ညှိုးငယ်သွားပြီး သူမလက်ထဲရှိပျားလပို့က သိပ်မမွှေးပျံ့တော့သလိုမျိုး ခံစားလိုက်ရ၏။


"လုပ်စရာတွေ အားကြီးရှိတာလားဟင်....."


"အင်း...မဟုတ်ရင် ငါမင်းအတွက် ဘယ်လိုလုပ်ချိုချဥ်တွေစကပ်တွေဝယ်ပေးနိုင်တော့မလဲ....."


"ဒါဆို သမီး ချိုချဥ်တွေစကပ်တွေမလိုချင်တော့ဘူး...."

သူမလေးက ပြောလာသည်။


"တစ်ခုဆိုရပါပြီ"


ကျန်းရှင်း ကလေးတစ်ယောက်၏စကားကို အတည်မယူဘဲ ပြုံးကာခေါင်းရမ်းလိုက်၏။ 

"မင်းချိုချဥ်တွေစကပ်တွေ မလိုချင်ဘူးဆိုရင်တောင်...တခြားဟာတွေရှိလာဦးမှာပဲလေ...မင်းလိုချင်တာကိုဦးလေးကိုပြော...

ဦးလေးက အနာဂတ်ကျရင် အဲ့ဒါတွေ အကုန်လုံး မင်းအတွက်ဝယ်ပေးမှာ...မင်းလိုချင်တာယူ...စားချင်တာစား....."


ရှောင်မန် သူမ၏ခေါင်းလေးကိုကုတ်ရင်း ထိုဟာနှင့်ပတ်သတ်ပြီး  ကြိုးစားပမ်းစား စဥ်းစားနေလေသည်။  ထိုအကြောင်းကို  လေးလေးနက်နက်စဥ်းစားပြီးနောက် သူမပြောလိုက်၏။

"ဒါဆို သမီးကမ္ဘာပေါ်မှာ အကောင်းဆုံး မူကြိုကျောင်းကိုသွားချင်းတယ်...."


"တ..တကယ်လား....."

သူတို့မိသားစုရဲ့ရှောင်မန်လေးမှာ အလားအလာကောင်းတဲ့ အနာဂတ်ရှိတာပဲ......


"ဟုတ်တယ်..."

ကျန်းရှောင်မန်လေးက အားကြိုးမာန်တက်

ခေါင်းညိတ်ပြလာသည်။ 

"နောက်ဆုံးအခေါက် သမီးတို့မြို့ကိုသွားတုန်းက တခြားသူငယ်ချင်းလေးတွေ မူကြိုသွားတာကိုသမီးမြင်ခဲ့တယ်...အဲ့မှာသူတို့ကစားဖို့ လျှောတွေလည်းရှိတယ်...သမီးမှာ တစ်ခုမှမရှိဘူး....."


နောက်ဆုံးအခေါက်တုန်းက သူမတို့ မူကြိုကျောင်းကို ဖြတ်သွားခဲ့သည်။ ထိုကျောင်းက မကြီးသော်လည်း မူကြိုကျောင်းတစ်ကျောင်းရှိသင့်သည့် အရာအားလုံးရှိလေသည်။ လျှောတစ်ခု၊ ဆီးဆောတစ်ခုတစ်ခုရှိပြီး ကလေးတစ်သိုက်က ထိုထဲတွင်ကစားနေကြ၏။


သူမတို့ဖြတ်သွားချိန်တွင် ကျန်းရှောင်မန်လေးက ထိုအရာများကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့ပြီး စည်းရိုးကို တင်းတင်းဆုပ်ကိုင်ကာ ထွက်သွားဖို့ရာတွန့်ဆုတ်နေခဲ့သည်။ 


ကျန်းရှင်း ထိုအချိန်တုန်းက အလျင်လိုနေခဲ့ပြီး နဂိုတည်းကမှ ယောက်ျားများသည် ပြီးစလွယ်နိုင်ပြီး အာရုံစူးစိုက်မှုနည်းကြသည်ဖြစ်ရာ သူ၎င်းတို့ကိုသတိမထားမိခဲ့။ ယခုမှထိုအကြောင်းကို ပြန်စဥ်းစားမိခြင်းဖြစ်၏။ 


ရှောင်မန်လေးက အားကျနေတာများလား....


သူမလေးမှာ သင်ယူလိုစိတ်ရှိနေပြီး အခုလည်း ဆရာထန်ရဲ့လက်အောက်မှာ စာသင်နေပြီဆိုပေမဲ့ ဒါကဘာမှမရှိတဲ့နေရာမှာ ဖြစ်နိုင်ချေကိုဖန်တီးနေတာမဟုတ်ဘူးလား...


ဒါပေမဲ့ ဖြစ်နိုင်ချေတစ်ခုသာရှိရင်.....


ကျန်းရှင်း သက်ပြင်းချကာ အားကုန်သုံး၍အံ့ကြိတ်လိုက်၏။ 

"ဟုတ်တယ်...မင်းပြောတာမှန်တယ်...ဦးလေးမင်းကို ကမ္ဘာပေါ်မှာအကောင်းဆုံးမူကြိုကျောင်းတက်နိုင်အောင် နည်းလမ်းတစ်ခုရှာရမယ်...."


သူမအရမ်းကိုပျော်ရွှင်သွားပြီး ပျားလပို့တစ်ဝက် ဦးလေးကိုမျှပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ကာ အခြားတစ်ပိုင်းကတော့ ဘွားဘွားအတွက်ဖြစ်လေသည်။


စားကောင်းသောက်ဖွယ်တစ်ခုလည်းရှိနေကာ ဦးလေးကလည်း အလုပ်လုပ်စရာမရှိချေ။ သူမ အလွန်ပင် ပျော်နေပြီး သူမ၏ခြေထောက်လေးများကို ဆက်ကာလွှဲယမ်းနေတော့၏။ 


စနစ်ဖြစ်သူ ထိုသို့ဆက်ပြီး မနေနိုင်တော့။


သူ သူမကိုထပ်ပြီးတစ်ကြိမ် ဖျောင့်ဖျလိုက်သည်။ ‌

"ပိုင်ရှင်ရေ...တခြားကလေးတွေက မူကြိုသွားနိုင်ပေမဲ့...မင်း​ကမသွားနိုင်ဘူး ...တခြားကလေးတွေက အဝတ်အစားအသစ်တွေနေ့တိုင်းဝတ်နိုင်ပေမဲ့...မင်းကမဝတ်နိုင်ဘူး...တခြားကလေးတွေကနေ့တိုင်း အရသာရှိတာတွေစားနိုင်ပေမဲ့...မင်းကမစားနိုင်ဘူး...ဒါကြီးက မမျှတဘူးမလား...တွေးကြည့်...အခုအချိန်မှာ မင်းနေရာမှာ လူစားထိုးထားတဲ့သမီးအတုက  မင်းအိမ်မှာနေပြီး အရသာရှိတဲ့ စားကောင်း သောက်ဖွယ်တွေ စားသောက်နေရမှာ...မင်းကဒီမှာ ပျားလပို့လေးကိုပဲ စားနေရချိန်မှာ သူကမင်းနေရာကိုဝင်ယူပြီး မင်းဟာတွေကို စားသောက်နေတာလေ...နည်းနည်းလောက် မကျေမနပ်မဖြစ်ဘူးလား...."


ဒါကဗီလိန်တစ်ယောက် လုပ်သင့်တဲ့ဟာပဲ... အိမ်မှာပဲ မှိုပေါက်နေအောင်မျိုး နေတိုင်း ဆောင့်ကြောင့်ထိုင်နေပြီး ဇာတ်ကွက်ကို ဖျက်စီးမနေပါနဲ့တော့လား.... 


စနစ်သာ လူသားဖြစ်မည်ဆိုလျှင် အခုချိန်လောက်ဆို ခေါင်းမွှေးပြောင်နေလောက်ပြီဖြစ်သည်။


ပိုင်ရှင်ရယ်...ကျေးဇူးပြုပြီး နည်းနည်းလောက်ကိုယ့်အကြောင်းကိုယ်သိပြီး ဗီလိန်နဲ့တူတဲ့ တစ်ခုခုထပ်လုပ်ပါဦးလား...


အမြဲတမ်းနူးညံ့ပြီး ချစ်စရာကောင်းမနေပါနဲ့...

ပိုမောက်မာလိုက်...ပိုရက်စက်လိုက်စမ်းပါ...


ကျေးဇူးပြုပြီး နည်းနည်းလောက်စိတ်ပုတ်ပေးလို့ရမလား...


စနစ် စက်ချို့ယွင်းသွားပြီ...


ကျန်းရှောင်မန် မျက်တောင်ခတ်ပြီး နောက်ဆုံးလက်ကျန်ပျားရည်အနည်းငယ်ကို ဖြည်းဖြည်းချင်း  စုပ်သောက်လိုက်သည်။ သူမ အလွန်ပင် ကျေနပ်သွားသလိုခံစားရပြီး ပြောလိုက်၏။ 

"ဒါပေမဲ့....."


"ပျားရည်က အရသာရှိတယ်...."


"..."


"ဦးလေးက ပြောတယ်...မင်းမှာပိုက်ဆံရှိရင်တောင်...အဲ့ဒါကို ဝယ်လို့မရဘူးတဲ့...."


"..."

စနစ် ပြောစရာစကား ပျောက်ရှသွားလေသည်။


တူဝရီးနှစ်ယောက် ပျားရည်စုပ်လို့ပြီးသွားချိန်တွင် ကျန်းဟွေ့မိန်လည်း အဝတ်လျှော်ပြီးသွားလေပြီ။ ကျန်းရှင်း၏အဝတ်အစားများက အလွန်တရာပေတေပြီးနေနှင့်ပြန်သည်ကို မြင်လိုက်ရချိန်တွင် သူမမူးမေ့လဲလုနီးပါး ဖြစ်သွား၏။


သူမက မြစ်ကို လက်ညိုးထိုးပြလိုက်ပြီး ဒေါသတကြီးအော်လေတော့သည်။

"မပြန်နဲ့...မြစ်ထဲမှာလဲပြီး လူးလိမ့်နေ...

နင့်အဝတ်အစားတွေပြောင်မသွားမချင်း အိမ်ပြန်မလာခဲ့နဲ့...."


ကျန်းရှင်းက ထုံးစံအတိုင်း ထိုသို့လုပ်ရန်ငြင်းပယ်လိုက်ပြီး ရှောင်မန်လေးကို ကောက်ချီကာပြေးတော့သည်။


"ဒါနဲ့ အမေ...."

ကျန်းရှင်းက လှည့်ကာပြောလိုက်၏။

"ဆိုဒ်ကပြီးနှင့်နေပြီ...မစ္စတာယွီက နှစ်ရက်အတွင်းလာကြည့်မယ်တဲ့...သူကို့ဧည့်ခံကြရအောင် ဟုတ်ပြီလား...ကျွန်တော်တို့ အကြိမ်တိုင်းသူ့ကို လက်ဗလာနဲ့ပြန်ခိုင်းလို့မဖြစ်ဘူးလေ...."


ကျန်းဟွေ့မိန်ဘက်ကလည်း ငြင်းဆန်စရာ အကြောင်းမရှိပါချေ။


မစ္စတာယွီက သူမတို့ရဲ့ဧည့်သည်ဖြစ်ရုံသာမက ကျေးဇူးရှင်လည်းဖြစ်လေသည်။ ထို့အတွက် သူမတို့ သူ့ကိုကောင်းကောင်းဆက်ဆံရပေမည်။


ယခုလိုဝေးလံခေါင်ခိုက်သည့်အရပ်တွင် စိတ်ဝင်စားလောက်သည့် လက်ဆောင်ပေးစရာဟူ၍ဘာမျှပင်မရှိသောကြောင့် သူမတို့ သူ့ကို ဘယ်လိုဧည့်ခံရမည်ဆိုတာနှင့်ပတ်သတ်၍ စဥ်းစားရပေဦးမည်ဖြစ်၏။


ရက်အနည်းငယ်အကြာ၌ ယွီဝမ်ချန်းရောက်လာခဲ့ပြီး ဤတစ်ကြိမ်တွင် သူတစ်ယောက်တည်း မဟုတ်ပါချေ။ သူ့အလုပ်ကဝန်ထမ်းတွေအပြင် ကောင်ငယ်လေးတစ်ယောက်ကိုလည်း သူနှင့်အတူ  ခေါ်လာခဲ့လေသည်။