Chapter 42
ကျန်းရှောင်မန်လေးက အလွန်တရာ မှတ်ဉာဏ်ကောင်းလေသည်။ သူမ ယွီဝမ်ချန်းကို မှတ်မိသလို သူ့လက်မောင်းများကြားရှိ ကလေးကိုလည်း မှတ်မိနေပါ၏။
သူမ တံခါးဝမှခေါင်းလေးပြူထွက်ပြီး ဘယ်ညာကြည့်လိုက်သည်။ ယွီဝမ်ချန်း၏လက်မောင်းများကြားရှိ ကောင်ငယ်လေးကိုတွေ့သွားချိန်တွင်မူ ချက်ချင်းဆိုသလို သူမ မျက်နှာထက်၌ အပြုံးရိပ်သေးသေးလေးတစ်ခု တောက်ပလာ၏။
တစ်ချိန်ထဲတွင် သူမစိတ်ထဲရှိစနစ်ကို မေးလိုက်လေသည်။
"ဦးဦးစနစ်... သမီးတို့ဘယ်တော့မှာပြန်မဆုံနိုင်ဘူးလို့ ဦးဦးစနစ်ပြောခဲ့တာမဟုတ်ဘူးလား...."
"..."
စနစ်လေး စကား ပြန်မပြောချင်ဘူး ဖြစ်နေတယ်....
ကျန်းရှောင်မန်က ထပ်ပြီးပြောလာ၏။
"သမီးတို့ဘယ်တော့မှ သူငယ်ချင်းဖြစ်မလာနိုင်ဘူးလို့လည်း ဦးဦးစနစ်ပြောခဲ့တယ်လေ...."
"ပိုင်ရှင်....."
စနစ်က စိတ်ဓာတ်ကျစွာဖြင့်ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားလို့ရမလား....."
ဇာတ်ညွှန်းအရဆိုပါက ဤကလေးလေးကို ယွီချင်းရှီဟု ခေါ်လေသည်။ မူရင်းဇာတ်လမ်းထဲတွင် သူသည် ဇာတ်လိုက်ကို ဆန့်ကျင်သည့်
အမျိုးသားဗီလိန်ဖြစ်၏။
သူက လူသားမျိုးနွယ်နှင့်ဆန့်ကျင်နေသည့် အစစ်အမှန်ဗီလိန်တစ်ယောက်ဖြစ်လာနိုင်သည်။ သို့သော်ယွီချင်းရှီနှင့် စနစ်ပိုင်ရှင်တို့သည် ဤကဲ့သို့လည်း ရေနဲ့မီးလိုမျိုးဆက်ဖြစ်နေလို့ မရချေ။
ဒီမျိုး မဖြစ်မသင့်ဘူး...
စနစ် ယွီဝမ်ချန်း၏ရင်ခွင်ထဲရှိ ပေါက်စီလုံးလေးကို သေချာကြည့်လိုက်၏။ ထို့နောက်
သူ၏ပိုင်ရှင်ဖြစ်သူကို ကြည့်လိုက်ကာ သူစိတ်ဓာတ်ကျသွားပြန်သည်။
ဗီလိန်တွေအကုန်လုံး ငယ်ငယ်တုန်းက သေးသေးလေးနဲ့အရမ်းချစ်စရာကောင်းခဲ့ကြတာလား....
ကျန်းရှောင်မန် ယွီချင်းရှီကို ကြည့်နေချိန်တွင် ယွီချင်းရှီကလည်း သူမကိုကြည့်နေ၏။
သူသည် သူမသူ့ကို စတွေ့ချိန်တုန်းကလိုပင် တစ်ပုံစံတည်းရှိနေဆဲဖြစ်ပြီး စကားတစ်လုံးမှမပြောချေ။ သူ့လက်မောင်းတွေက ယွီဝမ်ချန်း၏လည်ပင်းကို သိုင်းဖက်ထားကာ မျက်နှာတစ်ဝက်သာဖော်ထားပြီး မျက်လုံးတစ်ဖက်က သူမကိုခိုးကြည့်နေလေသည်။
သူ၏နှုတ်ခမ်းငယ်လေးများကို တင်းတင်းစေ့
ထားပြီး သူ့မျက်နှာလေးကမူ အမူအရာကင်းမဲ့လျက်ရှိ၏။
သူဒီနတ်ဆိုးပေါက်စလေးကို မှတ်မိနေဆဲပင်။ ဤကလေးမလေးက အရမ်းအရမ်းကို ဆိုးသည်။
အကြိမ်ရေအနည်းငယ်လောက် ခိုးကြည့်ပြီးနောက် သူ့ခေါင်းကို ယွီဝမ်ချန်း၏လည်ပင်းထဲတွင်မြုပ်ထားလိုက်ကာ နောက်စေ့လုံးလုံးလေးသာဖော်ထားလေ၏။
ယွီဝမ်ချန်းက သူ့နားထဲကိုပြောလိုက်သည်။
"ဒီကျန်းရှောင်မန်လို့ခေါ်တဲ့ကလေးမလေးက အရမ်းချစ်စရာကောင်းတယ်...သားသူနဲ့သူငယ်ချင်းဖြစ်ချင်လား...."
သူ့ရင်ခွင်ထဲရှိ ကောင်ငယ်လေးက ခေါင်းခါပြလာသည်။
ထိုနှစ်ယောက်က ရန်ဖြစ်ပြီးနှင့်နေပြီး မကျေနပ်ချက်တွေရှိနေကြောင်း ယွီဝမ်ချန်းမသိချေ။ သူ့သား၏ရောဂါပြန်ထလာသောကြောင့် တခြားသူတွေနှင့် အဆက်အဆံမလုပ်ချင်နေခြင်းဟုသာ တွေးလိုက်ကာ သူ အလေးအနက်မထားလိုက်ပေ။
ဤအကြိမ်တွင် သူ သူ့သားကို ဒီနေရာသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ခေါ်လာခြင်းဖြစ်လေသည်။ထို့အပြင် သူ့သားတွင် အကြောက်တရားတစ်ခုခုများစွဲကျန်နေသလားဟု၍ စိုးရိမ်မိတာကြောင့် ကလေးနှစ်ယောက်ကို အပေါင်းအသင်းလုပ်ခိုင်းရန်ပါ ကြံရွယ်မိခြင်းဖြစ်၏။
ထိုသည်က သူ့သားလေးကို စကားတစ်လုံး ပိုပြောအောင်လုပ်နိုင်ရင်တောင် ကောင်းနေပြီဖြစ်၏။
သူ့သားလေးငယ်ငယ်တုန်းက စိတ်ဒဏ်ရာရခဲ့လေသည်။ ထိုအချိန်မှစ၍ သူသည် စိတ်ဖိစီးမှုပြဿနာများနှင့် အပျော့စားအော်တစ်ဇင်တို့ကို ခံစားနေရပြီး အခြားသူများနှင့် ပြောဆိုဆက်ဆံရန်ဆန္ဒမရှိဖြစ်နေ၏။ သူတို့ ဆရာဝန်ပေါင်းများစွာနှင့် ပြသခဲ့သော်လည်း သူ့ကိုမကုသပေးနိုင်ခဲ့ကြပေ။ စိတ်သောကကြောင့်ယွီဝမ်ချန်း၏ ဆံပင်များပင်ဖြူသွားလုနီးပါးဖြစ်နေလေပြီ။
ထိုအချိန်တွင် ကျန်းရှောင်မန်လေးသည် လူစိမ်းတွေကို နည်းနည်းမျှပင် အကြောက်အလန့်မရှိဘဲ ပြေးလာခဲ့၏။
"သူငယ်ချင်းလေးရယ်...ငါစိတ်မကောင်းပါဘူး... စိတ်မဆိုးပါနဲ့...ငါတောင်းပန်လို့ရမလား...ငါ့မှာ ချိုချဉ်တွေအများကြီးရှိတယ်...
ဒီမှာ...နင့်ကိုအကုန်လုံးပေးမယ်လေ...."
ကျန်းရှောင်မန်က သူမ၏သံသေတ္တာလေးကိုပါ သယ်ရင်းပြေးလာနေခြင်းဖြစ်ပြီး အထဲရှိချိုချဉ်များက တဒုံးဒုံးအသံများ ထုတ်လွှင့်နေလေသည်။
သူမဆီတွင် ချိုချဉ်နှင့်လဲစရာ အမှတ်တွေတစ်ခုမှ မရှိတော့ချေ။ ဤချိုချဉ်များသည်လည်း နောက်ဆုံးအခေါက် သူမ၊ဦးလေးနှင့် မြို့ကိုသွားတုန်းက သူတို့ ဝယ်ခဲ့သည်ချိုချဉ်များဖြစ်လေသည်။
အခက်အခဲများကို ခံနိုင်ရည်ရှိအောင်သင်ယူခဲ့သော ကျန်းရှောင်မန်လေးသည် သူတို့ကို စားသည့်နေရာတွင် အလွန်ချွေတာခဲ့ပြီး အရင်ကလိုမျိုး အခြားသူငယ်ချင်းလေးများအား လက်ဖွာစွာမပေးတော့ပေ။ သို့သော် သူမအနေဖြင့် တောင်းပန်ရန်စိတ်ပိုင်းဖြတ်ပြီးသည်ဖြစ်ရာ ဤတစ်ကြိမ်တွင် သူမ အင်မတန် ရက်ရောနေခဲ့၏။
"ငါနင့်ကို ဒါတွေ အကုန်လုံးပေးမယ်လေ...အဲ့ဒါကြောင့် မငိုနဲ့တော့နော်... ဟုတ်ပြီလား...."
ရှောင်မန် လေးလေးနက်နက် မျက်နှာပေးလေးဖြင့် သူမ၏မျက်လုံးများကို ပေကလက်ပေကလက်လုပ်ပြလိုက်သည်။
ထိုနေရာရှိ လူကြီးများက ကလေးနှစ်ယောက်ကြားရှိ မကျေပွဲကို မသိကြဘဲ သူတို့အား သိချင်စိတ်အပြည့်ဖြင့်စိုက်ကြည့်လိုက်ကြ၏။
ယွီချင်းရှီ ရှက်သွားပြီးမျက်နှာလေးနီလာသည်။
သူ့မျက်လုံးတွေက ဝိုင်းစက်သွားသည်အထိ ပြူးထွက်လာပြီး သူ၏စိတ်ထဲတွင်မူ ဒီကလေးမလေးက ယုတ်မာမှန်းပို၍ပင် သေချာသွား၏။
သူက လူအများကြီးရှေ့မှာ သူ့ရဲ့ရှက်စရာကိစ္စကို ဘယ်လိုများထုတ်ပြောနိုင်ရတာလဲ...
ယောကျာ်းလေးတစ်ယောက်အတွက် ငိုတယ်ဆိုတာရှက်စရာကြီးလေ....
ယွီချင်းရှီက အသံကျယ်ကျယ်ဖြင့် "ငါမငိုပါဘူး"
ဟုပြောလိုက်သည်။
အရမ်းခက်ထန်တာပဲ...
ကျန်းရှောင်မန် သူမနှုတ်ခမ်းလေးကိုဆူကာ တိုးတိုးလေးပြောလိုက်၏။
"ငါတောင်းပန်ပြီးပြီမို့...ကျေးဇူးပြုပြီး နင်ငိုတာရပ်....."
"ကောင်းပြီ...ကောင်းပြီ...ငါမင်းကိုခွင့်လွှတ်တယ်...."
ယွီချင်းရှီအနေဖြင့် သူမကိုစကားပြောရပ်ဖို့တောင်းပန်လိုက်ရတော့သည်။