လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၇
သူ့ရဲ့ဒုတိယသားရဲ့
လက်ထပ်ပွဲပြီးသွားတော့ သူစိတ်အေးသွားရပြီ။ သခင်ကြီး ကျီရဲ့ မျက်နှာက ပိုပြီးတော့တောင်
ဝင်းပလာသည်။ သူက စားပွဲရဲ့ ထိပ်ဆုံးက ခုံမှာဝင်ထိုင်လိုက်သည်။ သူ လင်းချန်ကို မတွေ့ပေ။
“လင်းချန် ဘယ်မှာလဲ၊ မနက်စာစားဖို့ သူ့ကို အောက်ဆင်းလာခိုင်းလိုက်။”လို့ ပြောလိုက်သည်။
ဖန့်ရှောင်နွမ်က
ခေါင်းငုံ့ကာ ဘာမှမပြောချေ။ သူမ ဘာမှ မကြားလိုက်ရသလို ဟန်ဆောင်နေသည်။
အဲ့ဒါကို
သိတော့ အိမ်တော်ထိန်းက “သခင်ကြီးကျီ၊ သခင်လေး မနေ့ညကတည်းက ထွက်သွားတာပါ။ အလုပ်မှာ ကိစ္စတစ်ခုခုရှိလို့
သွားတာလို့တော့ ပြောပါတယ်”လို့ မတတ်သာတဲ့အဆုံး ပြောလိုက်ရသည်။
“ဘာ?
မင်္ဂလာဦးညမှာ ကုမ္ပဏီက အလုပ်ကိစ္စကြောင့် ထွက်သွားတယ်? သူ့ကို သွားလို့မရအောင် တားထားဖို့
ငါ မင်းကို မပြောထားဘူးလား? ဘာလို့ ဘယ်သူကမှ ငါ့ကို လာမပြောကြတာလဲ?” သခင်ကြီးကျီ အရမ်းကို
ဒေါသထွက်သွားသည်။
ဖန်ချီက
“ကျီလင်းချန်က အရင်တည်းက အိမ်မှာနေရတာကို မကြိုက်တာ၊ အခု သူ မကြိုက်တဲ့ မိန်းမကပါ အိမ်မှာရှိနေတာလေ။
သူအဝေးမှာ နေနေတာ မထူးဆန်းပါဘူး။”လို့ ရွဲ့သလိုနဲ့ ပြောလိုက်သည်။
ကျီခန့်တိက
စားပွဲကို ပြင်းပြင်းထုလိုက်သည်။ “ပိတ်ထားစမ်း!” သူ့မိန်းမရဲ့ စရိုက်ကို သူလုံးဝလက်မခံနိုင်တော့ပေ။
သူစားတာကို ရပ်လိုက်ပြီး ဖန်ချီကို ဆွဲထုတ်သွားသည်။
သခင်ကြီးကျီက
“လင်းချန်ကို အခုချက်ချင်းပြန်လာဖို့ ခေါ်လိုက်”လို့ ဒေါသတကြီး ပြောလိုက်သည်။
အိမ်တော်ထိန်းက
“ဟုတ်ကဲ့ပါ၊ ဆရာ”လို့ အမြန်ပဲ ဖြေလိုက်သည်။
ကျီခန့်တိက
ဖန်ချီကို အမြန်ပဲ အိပ်ခန်းထဲကို ဆွဲခေါ်သွားသည်။ “မင်းတွေးနေတာကို ငါ မသိဘူးမထင်နဲ့နော်၊
ဖန်ချီ။ ဖန့်ချောင်နွမ် ကျီမိသားစုထဲ ရောက်လာတာကို မင်းမကျေနပ်နေတာမလား။ မင်းက ကျီလင်းချန်ရဲ့
မရီးတစ်ယောက်ပဲဆိုတာ မှတ်ထား။ ကျီလင်းချန်ရဲ့ အိမ်ထောင်ရေးထဲ မင်းမှာ ဝင်စွက်ဖက်ခွင့်ကို
မရှိတာ။ မင်းရဲ့ မဟုတ်ကဟုတ်က အကြံတွေကိုလဲ အမြန်ဆုံး လွှင့်ပစ်လိုက်တော့။ ကျီဝမ်
ဘာလုပ်ချင်လုပ်ချင် သူ့ကိစ္စပဲ။ ဘာမှလိုက်ပြီး ဝင်စွက်ဖက်မနေနဲ့။”
“ဘာကို
ရှင်က ဆိုလိုတာလဲ? ကျွန်မက ဘာတွေကို ကြံစည်ထားလို့လဲ? ကျီခန့်တိ၊ ရှင့်ကို ကျွန်မ လက်ထပ်ထားတာ
နှစ်နှစ်ဆယ်တောင်ရှိနေပြီ။ ရှင်က ကျွန်မထက် အခုမှ ရောက်လာတဲ့ ဖန့်ရှောင်နွမ်အတွက်ကို
ပိုပြီး စဉ်းစားပေးနေတာလား။” ဖန်ချီ အရမ်းကို စိတ်ဆိုးသွားသည်။ “လင်းချန် လက်ထပ်ထားတယ်ဆိုတာ
ဘာကိုပြောချင်နေတာလဲ? လင်းချန် လက်ထပ်တယ်ဆိုတာကလည်း အလိမ်အညာပဲလို့ ကျွန်မထင်တယ်။ ရှင်ရဲ့
ဆန္ဒတွေပြည့်ဝသွားအောင် ဖန့်ရှောင်နွမ်ကို လှည့်စားပြီး ဒီမိသားစုထဲရောက်အောင် ရှင်လုပ်ခဲ့တာပဲ။”
“မင်း
ပါးစပ်ပိတ်ထားစမ်း။” ကျီခန့်တိက အံကြိတ်ပြီး ဖန်ချီရဲ့မျက်နှာကို လက်သီးနဲ့ထိုးဖို့
လက်ကို မြှောက်ထားသည်။ သူက အရမ်းကို ဒေါသထွက်နေပြီး အသက်ရှုသံတွေတောင် ပြင်းရှလာသည်။
“ဒီလိုစကားမျိုး ငါနောက်ထပ် ထပ်မကြားမိစေနဲ့၊ အဲ့လိုမှမဟုတ်ရင် မင်းဘယ်လို ခံရမလဲဆိုတာ
ကြည့်ထားလိုက်။”
ထွက်သွားတဲ့
ကျီခန့်တိရဲ့ နောက်ကျောကို ကြည့်ရင် ဖန်ချီက အသက်ရှုရပ်မတတ် ငိုနေသည်။ ဒါတွေအားလုံးက
ဖန့်ရှောင်နွမ်ကြောင့်ပဲ။ အခုမှ ကျီမိသားစုဝင်ဖြစ်လာရုံပဲ ရှိသေးတယ်၊ ငါနဲ့ ငါ့ယောကျာ်းကို
စကားများအောင် လုပ်နေတာပဲ။ ဂြိုလ်ဆိုးမ။
ပြဿနာရှာတဲ့သူလို့
နာမည်တပ်ခံနေရတဲ့ အပြစ်ကင်းစင်တဲ့ ဖန့်ရှောင်နွမ်က ကျီလင်းချန်က ပြန်အလာကို စောင့်နေတဲ့
သခင်ကြီးကို အဖော်ပြုရင်း အိပ်ပျော်သွားသည်။ သို့သော်လည်း စောင့်သာစောင့်နေတာ၊ ကျီလင်းချန်လာတာကို
မတွေ့ရသေးပေ အဲ့ဒီအစား လှပတဲ့ မိန်းကလေးတစ်ဦးကိုသာ သူမ တွေ့လိုက်ရသည်။
.....
ဖန့်ရှောင်နွမ်က
မသိနိုးနားနဲ့ သခင်ကြီးကျီကို အဲ့ဒီမိန်းကလေး ဘယ်သူလဲဆိုတာကို မေးဖို့ လုပ်လိုက်သည်။
သခင်ကြီးကျီက
မမြင်ချင်ယောင်ဆောင်ချင်တဲ့ မျက်နှာထားလုပ်နေသည်။ ဒါပေမဲ့ ကျီမိသားစုနဲ့ လင်းမိသားစုကြားရဲ့
ဆက်ဆံရေးကြောင့် လင်းရိုကို မျက်ကွယ်ပြုထားလို့ မရပေ။ သခင်ကြီက “သမီးဘာလို့ ဒီကိုလာတာလဲ၊
ရိုအာ? လာလေ၊ မြန်မြန်ထိုင်။” လို့ပြောလိုက်သည်။
ရိုအာ?
ဒီနာမည်ကို ကြားဖူးသလိုရှိနေပါတယ်။
လင်းရို
အိမ်ထဲကို ဝင်လာလာချင်း မြင်မိတာက သခင်ကြီးကျီနားမှာ ထိုင်နေတဲ့ ဖန့်ရှောင်နွမ်ပဲ။
သူမက ကျီမိသားစုရဲ့ အိမ်တော်ကို အမြဲတမ်းလာခဲ့ပေမယ့် ဖန့်ရှောင်နွမ်လိုလူမျိုး သူမ
တစ်ခါမှ မမြင်ဖူးပေ။ အဲ့ဒါကလည်း မနေ့ကမှ ကျီလင်းချန်ကို လက်ထပ်ထားတဲ့ မိန်းကလေးမို့လို့ပင်။
လင်းရိုက
သူမရဲ့ နှလုံးသားထဲက နာကျင်မှုကို မြိုသိပ်ထားပြီး “ဦးလေး၊ သမီးက ယောင်းမကို လာတွေ့တာပါလို့”
ပြုံးကာ ပြောလိုက်သည်။
“ဖန်ချီကို
တွေ့ချင်တာလား? သူ့ကို သွားခေါ်ဖို့ ရှောင်နွမ်ကို လွှတ်လိုက်မယ်။” သခင်ကြီးကျီက အရမ်းကို
လိမ္မာပါးနပ်တဲ့သူပါ။ ကျီမိသားစုရဲ့ အိမ်တော်ထဲကို လင်းရို အခါပေါင်းများစွာ လာဖူးပေမယ့်
ဘယ်တုန်းကမှ ဒုတိယထပ်ကို တက်ခွင့်မပေးဘူး။ သူမက ပထမထပ်မှာပဲ သွားလာခွင့်ရှိသည်။ ကျီမိသားစုဝင်
တော်တော်များများက ဒုတိယထပ်မှာနေကြပြီး မိသားစုတွေအတွက် သီးသန့်နေရာပဲဖြစ်သည်။ ကျီမိသားစုဝင်လို့
သတ်မှတ်ထားသူတွေသာ အပေါ်ထပ်ကို တက်ခွင့်ရှိသည်။
ဒါကြောင့်
သခင်ကြီးကျီက သူ စကားပြောတိုင်း သူပြောမယ့်အရာကို အမြဲတမ်းလိမ္မာပါးနပ်စွာ ပြောလေ့ရှိသည်။
ဖန့်ရှောင်နွမ်ကို ဖန်ချီကို အပေါ်ထပ်ကို သွားခေါ်ခိုင်းတယ်ဆိုတာက ဖန့်ရှောင်နွမ်က
ကျီမိသားစုဝင်တစ်ယောက်ဆိုတာကို သွယ်ဝိုက်ပြီး ဖော်ပြနေသည်။
ဖန့်ရှောင်နွမ်က
သခင်ကြီးကျီနဲ့ လင်းရိုကြားက ဆက်ဆံရေးကို သတိထားမိသည်။ သူမ ထရပ်လိုက်ပြီး “ဟုတ်ကဲ့ပါ
အဖေ၊ သမီးအပေါ်တက်ပြီးတော့ ယောင်းမကို သွားခေါ်လိုက်ပါမယ်”လို့ ပြုံးပြီး ပြောလိုက်သည်။
သူမ
ခေါ်လိုက်ပုံကြောင့် သခင်ကြီးကျီက အရမ်းကို အားရသွားသည်။ “သွားပါ။”
ဖန့်ရှောင်နွမ်
ဖန်ချီရဲ့ တံခါးကို ခေါက်လိုက်တဲ့အချိန်မှာ ဖန်ချီရဲ့ မျက်လုံးတွေက နီရဲနေသေးသည်။ ဖန့်ရှောင်နွမ်က
မမြင်ချင်ယောင်ဆောင်လိုက်သည်။ “ယောင်းမ၊ ရိုအာလို့ ခေါ်တဲ့ ကောင်မလေးက အစ်မကို အောက်ထပ်မှာ
စောင့်နေတယ်။”
လင်းရို
လာတယ်လို့ ကြားကြားချင်း ဖန်ချီရဲ့ မျက်လုံးက ဝင်းလက်သွားသည်။ ဖန့်ရှောင်နွမ်ရဲ့
အေးဆေးတဲ့ မျက်နှာကို သူမ မြင်လိုက်တဲ့အခါ သူမရဲ့ မနှစ်မြို့မှုက မျက်လုံးထဲကနေ ပြနေသည်။
သူမက တမင်တကာ “ အဲ့လိုလား? ရိုအာက လင်းချန်ကို ရှာနေတာမလား? သူတို့နှစ်ယောက်က……… အာ
ကြည့်စမ်း၊ ဘာလို့အဲ့တာတွေပြောနေမိတာလဲ? လင်းချန်က အိမ်ထောင်တောင်ပြုပြီးသွားပြီ၊ ပြီးတာတွေ
ပြီးပါစေတော့။”
“သူမ
ဘာကို ဆိုလိုချင်တာလဲ…’
ဖန့်ရှောင်နွမ်
ခဏစဉ်းစားနေသည်။ လင်းရိုနဲ့ လင်းချန်နှစ်ယောက် ဘာဖြစ်နေလဲဆိုတာ သူမ ဂရုမစိုက်ဘူး။ ဘာလို့လဲဆို
ဖန်ချီက သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပြောတယ်ဆိုတာ သူမ သေချာသိလို့ပဲ။ ဖန်ချီ
ဖြစ်စေချင်တဲ့အရာကို သူမ အဖြစ်ခံလို့မရဘူး။ အဲ့လိုတွေးပြီး ဖန့်ရှောင်နွမ်က ခေါင်းတညိမ့်ညိမ့်နဲ့
ပြုံးနေသည်။ “ဒါပဲလေ။ ဆက်ဆံရေးမှ အဆင်မပြေရင်၊ သူတို့ဘယ်လို အဆင်ပြေနိုင်မှာ မဟုတ်ဘူး။
တခြားနည်းလမ်းလည်း မရှိဘူးလေ။”
ဖန်ချီ
တံတွေးမြိုချလိုက်သည်။ စိမ်းကားတဲ့ မျက်နှာထားနဲ့ ဖန့်ရှောင်နွမ်ရဲ့အရှေ့က ဖြတ်လျှောက်ပြီး
အောက်ထပ်ကို ဆင်းသွားသည်။ သူမရဲ့ အသံကို တမင်တကာကျယ်အောင်လုပ်ပြီး လင်းရိုဆီကို “ရိုအာ၊
မင်း လင်းချန်ကို လာတွေ့တာမလား? စိတ်မကောင်းပါဘူး၊ သူ မနေ့က အိမ်မပြန်လာဘူး။”လို့ ပြောလိုက်သည်။
လင်းရိုရဲ့အကြည့်တွေက
ဖန့်ရှောင်နွမ်ဆီကနေ ဖန်ချီဆီကို ရောက်သွားသည်။ သူမ ထရပ်လိုက်ပြီး “ယောင်းမ၊ ကျွန်မက
လင်းချန်ကို တွေ့ဖို့ ဒီကိုလာတာ မဟုတ်ပါဘူး….” ပြီးတော့ သူမ နောက်ထပ် ထပ်ပြောဖို့အလုပ်မှာ
ခေါင်းကို နိမ့်ချပြီး ရှက်ချင်ယောင် ဆောင်နေသည်။
“လင်းချန် အိမ်မှာမရှိတာကို ကျွန်မ သိပါတယ်။ မနေ့ညက
ကျွန်မတို့နှစ်ယောက် “ဝိညာဉ်စီးချောင်း” အိမ်တော်မှာပါ။”