လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၁၁
ကျီလင်းချန်
ပြန်လာတာကို တွေ့လိုက်တဲ့အခါ ဖန့်ရှောင်နွမ်ရဲ့အတွေးတွေ ပြောင်းသွားသည်။ သူမ ပြုံးလိုက်ပြီး
သူ့ကို ထွက်ကြိုလိုက်သည်။ “ယောကျာ်း၊ ရှင် ပြန်လာပြီပေါ့။” ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့ကို
ရန်စခဲ့တဲ့သူဖြစ်နေသည်။ ဒီအချိန်မှာတော့ ဖန့်ရှောင်နွမ်က အရမ်းကို သတိထားပြီး ပြုမူနေသည်။
စာရွက်လှန်တာထက်တောင်
မြန်ဆန်စွာပြောင်းလဲသွားတဲ့ ဖန့်ရှောင်နွမ်ရဲ့ မျက်နှာကို ကျီလင်းချန်က ကြည့်လိုက်သည်။
သူ့ရဲ့ ရင်ဘတ်ထဲမှာ မီးလောင်နေသလိုခံစားနေရသည်။ အစောနကကျတော့ သူ့ကို “ဦးလေး”လို့ ခေါ်ပြီး
အခုတော့ “ယောကျာ်း”လို့ ခေါ်နေပြန်သည်။
“ယောကျာ်း၊
ကျွန်မ မှားသွားပါတယ်။” ကျီလင်းချန်က သူမကို ဂရုစိုက်မနေတဲ့အချိန်မှာ ဖန့်ရှောင်နွမ်က
တအားကို ကောင်းပြနေသည်။ သူမရဲ့ပုံစံက သူ့ကိုဘာမှထိခိုက်အောင်လုပ်လို့ မရဘူးဆိုတဲ့ပုံနဲ့
ပြုံးပြီးပြောလိုက်သည်။ ဘယ်သူကမှ သူမ မူမမှန်ပြောနေတာလို့ ထင်နိုင်စရာအကြောင်းမရှိဘူး။
“မင်း
ငါနဲ့ ဝေးဝေးနေ။” ဖန့်ရှောင်နွမ်က မကောင်းတဲ့အကြံအစည်တွေနဲ့ ချဉ်းကပ်လာတာကို သိတဲ့အတွက်
မတတ်သာတဲ့အဆုံး ကျီလင်းချန်က စကားပြောရတော့သည်။
“ကျီလင်းချန်၊
မင်းရဲ့ မိန်းမကို ဒီလိုဆက်ဆံရမယ်လို့ မင်းအဖေက သင်ပေးထားတာလား?” သခင်ကြီးကျီက ဒေါသထွက်လာပြီး
ကျီလင်းချန်ကို အော်လိုက်သည်။
ကျီလင်းချန်က
ဖန့်ရှောင်နွမ်ကို စူးရှစွာကြည့်လိုက်ပြီး သူမကို ဖြတ်လိုက်ပြီး ဆိုဖာပေါ်ကို ထိုင်ချလိုက်သည်။
“ကျွန်တော့်ရဲ့ အချိန်က အရမ်းကို တန်းဖိုးရှိတယ်။ ပြောစရာရှိတယ်ဆိုရင် အမြန်ပြောပါ။”
“နွမ်နွမ်ကို
တောင်းပန်လိုက်။” သခင်ကြီးကျီရဲ့ အသံက နူးညံ့မနေပေ။ သူစိတ်ဆိုးနေတယ်ဆိုတာက သိသာနေသည်။
ကျီလင်းချန်ရဲ့
စူးရှတဲ့ သိမ်းငှက်လို အကြည့်တွေက ဖန့်ရှောင်နွမ်ဆီကို ဦးတည်နေသည်။ သူ့ရဲ့အကြည့်တွေကြောင့်
ဖန့်ရှောင်နွမ်က အပြစ်ရှိသလို ခံစားနေရသည်။ အဲ့ဒီအချိန်မှာ ဘာလို့သခင်ကြီးကျီက သူမကို
တောင်းပန်ဖို့ ကျီလင်းချန်ကို ပြောနေတာလဲဆိုတာကို စဉ်းစားနေသည်။ ဘာမှကြီးကြီးမားမားဖြစ်ခဲ့ပုံလည်း မပေါ်ပါဘူး။
“အဖေ၊
စိတ်ဆိုးမနေပါနဲ့။ မိသားစုဝင် အချင်းချင်းပဲ အငြိုးထားမနေပါနဲ့။ လင်းချန်က သမီးကို
တောင်းပန်ဖို့ မလိုပါဘူး။ သူပြန်လာနေပြီပဲ၊ အေးအေးဆေးဆေး ပြောကြပါ။ သမီး အိပ်ခန်းထဲကို
အရင်ဝင်နှင့်လိုက်မယ်။” ဘာတွေပဲဖြစ်နေပါစေ၊ ကျီလင်းချန် စိတ်ဆိုးအောင်လုပ်ခဲ့တာကလည်း
သူမပဲ။ ဖန့်ရှောင်နွမ် ကြာကြာ မနေရဲတော့ဘူး။ စကားအမြန်ဖြတ်ပြီးတော့ နေရာကနေ သူမ ထွက်လာခဲ့သည်။
အဲ့ဒါပြောပြီးနောက်
ဖန့်ရှောင်နွမ် အပေါ်တက်သွားသည်။
အခန်းထဲကို
ပြန်လာတဲ့ ဖန့်ရှောင်နွမ် သက်ပြင်းကြီးကြီး ချလိုက်သည်။ ကျီလင်းချန်ရဲ့ အကြည့်တွေသာ
သေစေနိုင်တယ်ဆိုရင် သူမ အကြိမ်ပေါင်းများစွာ သေပြီးနေလောက်ပြီ။ အခန်းထဲမှာ သူမ တစ်ယောက်တည်း
ပြန်စဉ်းစားရင်းနဲ့ အတော်လေး နားလည်သဘောပေါက်နေသည်။
ပထမအနေနဲ့
ကျီမိသားစုထဲမှာ သူမအနေနဲ့ ကောင်းကောင်း ရှင်သန်ချင်တယ်ဆိုရင် သခင်ကြီးကျီကို စိတ်ဆိုးအောင်လုပ်လို့မရမှန်း
သူမ သိသွားသည်။ သခင်ကြီးကျီက သူမရဲ့ အကြီးမားဆုံး ကျောထောက်နောက်ခံဖြစ်နေသည်။ မနေ့ညက
သူမရဲ့ ကလေးဆန်မှုတွေက သခင်ကြီးကျီကို ဒေါသထွက်စေနိုင်သည်။ သူ့သားကိုသာ ဒီနေ့ သူမက
“ဦးလေး” လို့ခေါ်မှန်းသားသိရင် နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာတောင် စဉ်းစားလို့မရဘူး။
သခင်ကြီးကျီ တကယ်ဒေါသထွက်သွားမှာ။
ကျီလင်းချန်က
ဘယ်လောက်ပဲ ထိန်းချုပ်ရခက်နေပါစေ၊ သခင်ကြီးကျီ ကို သူက နာခံရစမြဲပဲ။ ဒါကြောင့် သခင်ကြီးကျီကို
စိတ်ဆိုး၊ ဒေါသထွက်အောင် သွားလုပ်လို့ မရဘူး။
......
ကျီလင်းချန်လည်း
အဲ့အတိုင်းပဲ။ သူလည်း အရမ်း သဘောထားသေးသိမ်သည်။ အမြဲတမ်း သူ့ကို သူမ သွားပြီးရန်စနေလို့မရပေ။
နှစ်ရက်သုံးရက်လောက် သူ့ကို စိတ်ဆိုးရင် ဘာမှမဖြစ်ချေ။ ဒါပေမဲ့ သူမသာ အမြဲတမ်း စိတ်ဆိုးနေမယ်ဆိုရ၍
သူမအတွက် နောင်မှာ နေရတာလွယ်ကူနေမှာ မဟုတ်ဘူး။
သူမ
သေချာစဉ်းစားလိုက်တဲ့အခါ ပြဿနာက သူမရဲ့ ဒေါသထွက်လွယ်မှုပဲ။ သူမက ရန်စခံရတဲ့အချိန်မှာ
အေးဆေးနေနိုင်ဖို့ သူမအတွက် လွယ်မနေဘူး။
ရုတ်တရက်၊
အိပ်ခန်းတံခါး ပွင့်သွားသည်။ ဖန့်ရှောင်နွမ်က သူမရဲ့အတွေးတွေကို ပြန်သိမ်းလိုက်ပြီးတော့
ကျီလင်းချန်ကို နှုတ်ဆက်လိုက်သည်။ “ဟယ်လို၊ ဦးလေး။”
ဖန့်ရှောင်နွမ်လို
မိန်းမမျိုး ကျီလင်းချန် ဘယ်တုန်းကမှ မတွေ့ဖူးပေ။ သူမရဲ့ မျက်နှာထားကိုပဲ မြန်မြန်ပြောင်းနိုင်တာမဟုတ်ဘဲ
သူ့ကိုလည်း လုံးဝကြောက်မနေပေ။ သူ့ရဲ့ အာဏာကို မကြောက်တဲ့ပုံကို ပြနေတာကိုက သူ့ကို ဒေါသထွက်အောင်
လုပ်နေသည်။ သူက ဖန့်ရှောင်နွမ်နားကို ကပ်ပြီး သူမလည်ပင်းရဲ့နောက်ကို ဆွဲကိုင်ဖို့ လက်ကိုမြှောက်လိုက်သည်။
“အာ…မင်းထပ်ပြီး
မကစားနိုင်တော့ဘူး။ မင်းက ငါ့ကို ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်နေတာပဲ။” သူက ဖန့်ရှောင်နွမ်ရဲ့
လည်ပင်းကို ညစ်ထားသည်။ သူ့ရဲ့အားက အရမ်းသန်နေတော့ သူမ လှုပ်လို့မရတော့ဘူး။ “ကျီလင်းချန်၊
ငါ့ကို လွှတ်ပေး။”
သူမက
ကိုယ်အင်အားသာမမျှပေမဲ့ ဖန့်ရှောင်နွမ်က အားနည်းတဲ့ပုံတော့ ပြမနေပေ။ သူမရဲ့လက်တွေက
ကျီလင်းချန်ရဲ့တခြားလက်တစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ကျီလင်းချန်က တစ်ဖက်ကနေ
သူမရဲ့ လည်ပင်းအနောက်ဖက်ကို ဆုပ်ကိုင်ထားတဲ့အတွက် သူမက ထွက်လို့မရဘူးဖြစ်နေသည်။ သူတို့နှစ်ယောက်လုံးက
အဲ့ဒီအချိန်မှာ မသက်မသာဖြစ်နေကြသည်။
“မင်း
အဲဒီ့အဖိုးအိုကြီးကို ဘာတွေပြောလိုက်တာလဲ”လို့ ကျီလင်းချန်က မေးလိုက်သည်။
“ရှင်ပြောတာခဲ့တာကို
ကျွန်မ မမေးရသေးဘူး။ ရှင့်အဖေက ရှင် ကျွန်မကို တောင်းပန်ရအောင် ရှင်ဘာတွေသွားပြောလိုက်လဲလဲ?”
ဖန့်ရှောင်နွမ်ရဲ့ ခေါင်းက မော့လို့မရပေမဲ့ သူမရဲ့ သတ္တိကတော့ မနည်းလှပေ။ သူမရဲ့လက်နှစ်ဖက်လုံးကို
ကျီလင်းချန်ရဲ့ လက်တွေက တင်းတင်းကျပ်ကျပ် ဖိထားသည်။
သူတို့နှစ်ယောက်လုံးက
အလျှော့ပေးဖို့ ခေါင်းမာနေကြသည်။ သူတို့နှစ်ယောက်က
သူတို့ကိုယ်သူတို့ မှားနေတယ်လို့ ထင်နေကြသည်။ အဲ့ဒီအချိန်မှာ ဖန့်ရှောင်နွမ်က “ဒီလိုလုပ်ကြမယ်၊
ရှင်သာ ကျွန်မတောင်းဆိုတဲ့ နှစ်ချက်ကို သဘောတူရင် ကျွန်မရှင့်ကို “ဦးလေး”လို့ မခေါ်တော့ဘူး။
“ကျွန်မတို့ အိမ်ပြောင်းပြီးသွားရင် တစ်ယောက်ကို တစ်ယောက် ဝင်မရှုပ်ကြေး။ အဆင်ပြေလား။”
လို့ စပြောလိုက်သည်။
“ကျွန်မ
ရှင့်ရဲ့လက်ကို လွှတ်လိုက်မယ်။ ရှင်လည်း ကျွန်မ လက်ကို လွှတ်လိုက်ရင် ရှင်သဘောတူတယ်လို့
ကျွန်မယူဆမယ်။” ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့ မျက်နှာထားကို ကောင်းကောင်းမြင်မနေဘူး။
သူမရဲ့ ရိုးသားမှုကိုပြဖို့ ကျီလင်းချန်ရဲ့ လက်ကို အရင်လွှတ်လိုက်သည်။
“မင်းက
အရမ်းတော်တာပဲ။” ဖန့်ရှောင်နွမ်က သူမတောင်းဆိုတာတွေကို လက်ခံပေးဖို့ တမင်လျှောက်လုပ်နေတာကို
ကျီလင်းချန် သိသွားသည်။ ပြောရမယ်ဆိုရင်၊ ကျီလင်းချန်က သူမရဲ့လက်တွေကို အကြာကြီး မချုပ်ထားနိုင်ဘူးဆိုတာ
သူမ သိနေလို့ပဲ။ ကျီလင်းချန်က လက်ကိုလွှတ်လိုက်တယ်ဆိုရင် သူမ တောင်းဆိုတာတွေကို လက်ခံတယ်လို့
ဆိုလိုတာပင်။
စီးပွားရေးလောကမှာ
ကျင်လည်နေတဲ့ သူ့လိုလူက မိန်းကလေးတစ်ယောက်ရဲ့ လှည့်စားတာခံရလိမ့်မယ်လို့ ကျီလင်းချန်
မျှော်လင့်မထားပေ။ သူ ဖန့်ရှောင်နွမ်ကို လွှတ်ပေးလိုက်တဲ့အတွက် သူမ တောင်းဆိုတာတွေကိုလည်း
သဘောတူတယ်ဆိုတဲ့သဘော သက်ရောက်သွားသည်။