လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၁၄
ကျီလင်းချန်ကသာ
သူမကို တကယ်ကြိုက်ခဲ့တာမှန်းသိရင် ဖန့်ရှောင်နွမ် လန့်သွားလောက်သည်။ ဖန့်ရှောင်နွမ်က
လင်းရိုဆီကို လက်ညှိုးထိုးပြီးတော့ ကျီလင်းချန်ကို “အဖေလည်း သွားပြီ၊ ရှင် သူနဲ့ အပြင်သွားလို့ရပြီ”လို့
ပြောလိုက်သည်။
အဲ့လိုပြောပြီး
ဖန့်ရှောင်နွမ်က လက်ရမ်းပြပြီး အပေါ်ထပ်ကို ပျော်ပျော်ရွှင်ရွှင် တက်သွားခဲ့သည်။
သူမ
မတ်တပ်ရပ်လိုက်လိုက်ချင်း ကျီလင်းချန်ရဲ့ မီးထောက်နေသလို အကြည့်တွေနဲ့ ဆုံသွားသည်။
သူတို့နှစ်ယောက်အိမ်ကို ပြန်လာကတည်းက ကျီလင်းချန်ရဲ့ သူမပေါ်ကြည့်တဲ့ အကြည့်တွေ ပြောင်းသွားတာကို
သူမ သတိမထားမိခဲ့ချေ။
“ကျွန်မ
အိမ်မှာတုန်းက ရှင် ကူညီပေးခဲ့လို့ ကျွန်မလည်း အခု ရှင့်ကိုကူညီလိုက်ပြီ။ ကျီလင်းချန်
ကျွန်မတို့နှစ်ယောက် ကြေပြီနော်။” ဖန့်ရှောင်နွမ်က ရှင်းပြပြီးတော့ ပျော်ပျော်ရွှင်ရွှင်ပဲ
အပေါ်ကို တက်သွားသည်။ သူမလှည့်ထွက်သွားတဲ့ နောက်ကျောဘက်ကို ကျီလင်းချန်က ကြည့်နေသည်။
လင်းရိုရဲ့
အကြည့်တွေက ကျီလင်းချန်ပေါ် ရောက်သွားသည်။ ကျီလင်းချန်ရဲ့ အဲ့ဒီမိန်းကလေးကို ကြည့်တဲ့အကြည့်တွေကြောင့်
သူမ စပြီး မနာလို ဒေါသထွက်လာသည်။ ဒါပေမဲ့ သူမက ကျီလင်းချန်ရဲ့ အင်္ကျီစကို ဆွဲလိုက်ပြီး
နူးညံ့နေသလို ဟန်ဆောင်နေသည်။ “လင်းချန်၊ ဘာလို့ ရှင်ပြန်လာတာ နောက်ကျနေတာလဲ?”
ကျီလင်းချန်က
“မင်း ဒီနေ့ကော သောက်ထားတာလား” လို့မေးလိုက်သည်။
လင်းရိုက
သူမ ကြိုက်နေတဲ့ သူက သူမအရက်သောက်တာကို ကျီလင်းချန် မကြိုက်ဘူးဆိုပြီး လွဲမှားစွာထင်နေသည်။
သူမက “ရှင် မကြိုက်ရင် နောက်တစ်ခါ ကျွန်မ မသောက်တော့ပါဘူး။” လို့ ကတိပေးလိုက်သည်။
ဘာမှရှိမနေတဲ့
လှေကားထစ်တွေကို ကျီလင်းချန်က ထပ်ကြည့်နေသည်။ သူ လှည့်လိုက်ပြီး လင်းရိုကို “စကားပြောရအောင်”လို့
ပြောလိုက်သည်။
လင်းရိုက
ရှက်သွေးဖြာပြီး ခေါင်းညိမ့်ကာ သူ့နောက်ကို လိုက်သွားခဲ့သည်။
ကျီလင်းချန်က
လင်းရိုကို အိမ်တော်အပြင်ဘက်က ဝရန်တာမှာ နေခိုင်းထားပြီး အိမ်စေတွေကို ရေနွေးပြင်ခိုင်းထားသည်။
သူက လင်းရိုကို တလေးတစားနဲ့ လက်ဖက်ရည်ခွက် လှမ်းပေးလိုက်သည်။ ကျီလင်းချန်ရဲ့ ရုတ်တရက်
ရိုရိုသေသေ လုပ်နေတာကိုသိပြီး လင်းရိုက ကသိကအောက် ဖြစ်နေသည်။ သူမက “လင်းချန်၊ ရှင်
ဘာပြောချင်လို့လဲ”လို့ စမေးလိုက်သည်။
“မင်း
ငါ့ဆီမှာ အချိန်ကုန်ခံမနေပါနဲ့။ နှစ်တွေလည်း ကြာနေပြီ။ မင်းကိုသာ ငါတကယ်ကြိုက်ရင် အရင်တည်းက
အတူတူရှိနေပြီးလောက်ပြီ။ မင်းကို ငါက ဒီတိုင်းပဲ ကြင်ကြင်နာနာ ဆက်ဆံပေးနေတာပါ။ မင်းလည်း
လက်ထပ်သင့်တဲ့ အရွယ်ကို ရောက်နေပြီပဲ။ အကယ်၍ မင်းကြိုက်တဲ့လူရှိရင် သူနဲ့ပဲ မင်း ပိုပြီး
အချိန်ကုန်ဆုံးသင့်တယ်။” ကျီလင်းချန်ရဲ့ အသံက အေးဆေးနေသည်။ သူ့ရဲ့ အရှေ့က မိန်းကလေးအကြောင်းကို
သူ မကောင်းတာ ပြောလို့မရဘူး။
ကျီလင်းချန်ရဲ့
စကားကို ကြားလိုက်တော့ လင်းရိုရဲ့မျက်နှာမှာ မျက်ရည်တွေ တဖြေးဖြေးစီးကျလာသည်။ သူမဘာမှ
မပြောနိုင်ဘဲနဲ့ ကျီလင်းချန်ကိုပဲ သနားကမားမျက်နှာလေးနဲ့ ကြည့်နေသည်။ သူမက ကျီလင်းချန်
သူမအပေါ် ခံစားချက်ရှိနေလား၊ မရှိဘူးလားဆိုတာကို စမ်းသပ်နေပုံရသည်။
“မင်းလည်း
ငါ့အခြေအနေကို သိနေပြီပဲ။ ငါက အခု လက်ထပ်ပြီးပြီလေ။ မင်းနောက်တစ်ခါ ဒီအိမ်မှာ ငါ့ကို
လာရှာရင် မင်းအတွက်ကော၊ သူမအတွက်ကော မကောင်းဘူး။ တစ်ခုခု အရေးကြီးရင်တော့ အိမ်ဖုန်းကိုပဲ
ဆက်လိုက်ပါ။” ကျီလင်းချန်ရဲ့ စကားတွေက တိကျပြီး ပြတ်သားနေသည်။ သူက သူ့ရဲ့အခြေအနေကို
လင်းရိုကို နားလည်ဖို့နဲ့ သူမကို တိတိကျကျ နားမလည်ဖြစ်နေမှာကြောင့်လို့ ပြောပြနေရခြင်းဖြစ်သည်။
“သူမအတွက်”
မကောင်းဘူးလို့ ပြောလိုက်တဲ့အချိန်မှာ လင်းရိုက ပိုပြီးတော့တောင် ငိုကြွေးလာသည်။ သူမရဲ့
မိတ်ကပ်တွေတောင် ပျက်လုနီးပါးဖြစ်နေသည်။ “ရှင်က ဖန့်ရှောင်နွမ်ကို ပြောနေတာမလား?”
......
ကျီလင်းချန်က
ပြန်မဖြေပေ။ သူမကိုတော့ ခဏကြည့်လိုက်သည်။ လင်းရိုက သူ့ရဲ့လက်ကို ဆွဲဖို့အလုပ်မှာ ကျီလင်းချန်က
လက်ဖက်ရည်ခွက်ကို ကောက်ကိုက်လိုက်ပြီး ရှောင်လိုက်သည်။ သူမက ခေါင်းခါပြီး ငိုကာ “အဲ့လိုမဟုတ်ဘူးလေ၊
လင်းချန်။ ရှင်ပဲ ကျွန်မကို ကြိုက်တယ်ဆိုပြီး ပြောတယ်လေ။ ဒီတိုင်း ကြင်နာရုံသက်သက်ပဲ
လို့ ရှင်ဘယ်လို ပြောထွက်ရတာလဲ? ရှင် ကျွန်မအတွက် လင်းနန် လုပ်ငန်းစုကို ဝယ်ဖို့အတွက်တောင်
တုံ့ဆိုင်းမနေခဲ့ဘူးလေ။ ကျွန်မ အဖေရဲ့ ကုမ္ပဏီကိုတောင် ရှင်ကူညီပေးခဲ့တယ်လေ။ မင်္ဂလာဉီးညမှာတောင်
ဟိုမိန်းကလေးနဲ့မနေဘဲ ရှင် ကျွန်မဆီကို လာခဲ့တယ်လေ။”လို့ ပြောလိုက်သည်။
“ငါ
မင်းကို ကြိုက်တယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ မင်းက မင်းကိုယ်မင်းကော တခြားသူကိုပါ
လှည့်စားနေတာပဲ။ လင်းနန် လုပ်ငန်းစုကို ဝယ်ဖို့ အစတည်းက ကုမ္ပဏီနဲ့ အစတည်းက နှစ်ဝက်လောက်
စဉ်းစားပြီးလို့ ဝယ်ခဲ့တာ။ မင်းအဖေရဲ့ ကုမ္ပဏီကို ကူညီပေးတယ်ဆိုတာလည်း သူ ငါ့ကို ကူညီပေးခဲ့တာတွေအတွေက်
ကျေးဇူးတင်လို့ပဲ။ မင်္ဂလာဦးညမှာ မင်းဆီကို လာပြီးတော့ အဖော်ပြုပေးတာမဟုတ်ဘူး။” လို့
ကျီလင်းချန်က တည့်ပဲပြောလိုက်သည်။ အတိုင်းအတာတစ်ခုအထိကျော်လာတဲ့သူတွေကို ကျီလင်းချန်က
အမုန်းဆုံးပဲ။
“မဟုတ်ဘူး။
အဲ့လိုမဟုတ်ဘူး။ အဲ့ဒီညက ရှင်ကျွန်မကို ကြိုက်တယ်လို့ ဝန်ခံခဲ့တာ မဟုတ်ဘူးလား? ရှင်
ကျွန်မကို ချစ်တယ်၊ လင်းချန်။ ရှင် ကျွန်မကို ချစ်တယ်” လင်းရိုက ကျီမိသားစုတစ်ခုလုံးရဲ့
အာရုံစိုက်ခြင်းခံရအောင် ကျယ်လောင်စွာ အော်ငိုနေသည်။
“ငါ
အရက်သောက်ထားတဲ့သူတွေနဲ့ ဘယ်တော့မှ စကားမပြောဘူး”လို့ ကျီလင်းချန်က ပြန်ပြောလိုက်သည်။
အဲ့ဒီနေ့က
လင်းရို အရက်သောက်ထားတဲ့အတွက် ကျီလင်းချန်က သူမကို ချော့နေတာလည်း မဟုတ်သလို ကြိုက်နေတာလို့လည်း
ဝန်ခံတာဟုတ်မနေပေ။ အမှန်က သူက အရက်သောက်ထားတဲ့သူတွေနဲ့ စကားပြောရတာကို မကြိုက်တာ ဖြစ်သည်။
ကျီလင်းချန်ရဲ့
လက်ဖက်ရည်ကြမ်းလည်း ကုန်သွားပြီ၊ သူပြောစရာရှိတာတွေကိုလည်း အကုန်ပြောပြီးသွားပြီ။ ဒါ့ကြောင့်
သူက လင်းရိုကို ထွက်သွားဖို့ ပြောလိုက်သည်။ “အပြင်မှာ ပူနေပြီ အမြန်အိမ်ပြန်လေ” အဲ့ဒါလည်း
ပြောပြီးရော ကျီလင်းချန်က ထပြီး အခန်းထဲကို ပြန်သွားသည်။
လင်းရိုကတော့
တစ်ဖဝါးမှ မခွာပေ။ ဒါပေမဲ့ သူမက ငိုနေသေးသည်။ ရင်ကွဲနာကျမတတ်ကို သူမက သနားကမား ငိုနေလေသည်။
ကျီလင်းချန်က သက်ပြင်းချပြီးတော့ အပေါ်ထပ်ကို တက်သွာသည်။
ကျီလင်းချန်
ပြန်လာတာကိုမြင်တော့ ဖန့်ရှောင်နွမ် အံ့ဩသွားသည်။ “ရှင် သူမနဲ့ အပြင်သွားမလည်ဘူးလား?
ဘာလို့အစောကြီး ပြန်လာရတာလဲ?” ကျီလင်းချန်ကို သူမကို မျက်လုံးနဲ့ ဝေ့ကြည့်ပြီးနောက်
အဝတ်လဲခန်းထဲ ဝင်သွားခဲ့သည်။
“အာ…
သူ ငါ့ကို ထပ်ပြီးတော့ ဝေ့ကြည့်နေပြပြီ။ လုပ်ပါ၊ များများလုပ်၊ ရှင် မျက်စိစွံသွားလိမ့်မယ်။”
ဆိုပြီး ဖန့်ရှောင်နွမ်က ညည်းငြူကာ ရေရွတ်နေလေသည်။
ခြံဝင်းထဲမှာ
အခုမှ ဈေးဝယ်ပြန်လာတဲ့ ဖန်ချီက ငိုနေတဲ့ လင်းရိုကို တွေ့သွားသည်။ အိမ်စေတွေကို သူမရဲ့
ပစ္စည်းတွေ အခန်းထဲ ယူသွားခိုင်းလိုက်သည်။ ပြီးတော့ သူမ လင်းရိုဆီ လျှောက်သွားခဲ့သည်။