လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၂၁
ဖန်ချီ
- “ဟီးဟီး.. ဖန့်ရှောင်နွမ်….ကိုယ့်ကိုယ်ကိုသိအောင်လုပ်ဖို့ ငါနင့်ကို အကြံပေးလိုက်မယ်။
နင့်ရဲ့ ခန္ဓာကိုယ်ကို တစ်ခုလုံးကို ကြည့်လိုက်လေ။ ‘ဈေးပေါတယ်’ဆိုတဲ့ စကားလုံးနဲ့ ကပ်ထားတယ်။
ဖန့်မိသားစုက ကျီမိသားစုရဲ့ ဆယ်ပုံတစ်ပုံတောင် မမီဘူး။ နင် ဘယ်လို ဒီမိသားစုနဲ့ လက်ထပ်ခဲ့လဲဆိုတာ
နင် ကောင်းကောင်းကြီး သိတာပဲ။ နင့်ကိုယ်နင် ရိုအာနဲ့ ဘာလို့နှိုင်းချင်နေရတာလဲ? နင်နဲ့သူနဲ့က
လုံးဝကို ကွာခြားတယ်။”
ဖန့်ရှောင်နွမ်က
ဖန်ချီကို လှမ်းကြည့်ပြီးတော့ ဖန်ချီရဲ့ လည်ပင်းကိုပါ ကြည့်လိုက်သည်။ သူမက ဈေးကြီးတဲ့
ဆွဲကြိုးကို ကြည့်ပြီး ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ရှင်နဲ့ မတူပဲ ကျွန်မက ဈေးပေါတယ်။
အဲ့ဒီဆွဲကြိုးက ငွေသန်းပေါင်းများစွာတန်တယ်။ အဲ့ဒါဘယ်လောက်မှန်းသိတဲ့သူတွေကတော့ ပိုက်ဆံတွေ
ဘယ်ကရတာလဲဆိုတာ သိမှာပဲ။ အစ်ကိုကြီးကို မသိတဲ့သူတွေက အစ်ကိုကြီးက ငွေတွေလိမ်လည်ပြီး
လာဘ်စားနေတယ်လို ထင်ကုန်ပါဦးမယ်။”
“ရိုင်းလိုက်တာ။”
သခင်ကြီးကျီက မျက်နှာထားတင်းတင်းနဲ့ ပြောလိုက်သည်။ ခဏအကြာမှာ သူက တစ်ကိုယ်လုံး ဆတ်ဆတ်တုန်နေအောင်
စိတ်ဆိုးနေသည်။ သူ့ရဲ့အကြီးဆုံးချွေးမက အသက်ကြီးနေတာတောင် အရမ်းတုံးပြီးတော့ ဒုတိယချွေးမကတော့
ငယ်ရွယ်ပြီး ရိုင်းစိုင်းနေသည်။
တစ်ယောက်က
သူ အမုန်းဆုံး လင်းရိုအအကြောင်းကို ပြောပြီး နောက်တစ်ယောက်ကတော့ နားမခံသာစရာတွေကို
ပြောရဲနေသည်။ အတော် ပူပန်စရာကောင်းတာပဲ။
ကျီခန့်တိလည်း
မျက်နှာပျက်နေရှာသည်။ “ဖန့်ရှောင်နွမ်၊ မင်းက ငယ်သေးလို့ ငါ ဒီကိစ္စကို ဒီတိုင်းပဲထားလိုက်မယ်။”
အဲ့ဒါပြောပြီးနောက် သူက ကျီလင်းချန်ကို ကြည့်ပြီး “မင်းလည်း ငယ်တော့တာ မဟုတ်ဘူး၊ ကိုယ့်မိန်းမကို
ထိန်း”လို့ ပြောလိုက်သည်။
ကျီလင်းချန်က
စိတ်မသက်မသာဖြစ်နေပေမယ့် အပြင်ပိုင်းမှာတော့ အေးဆေးနေသည်။ သူက “အစ်ကိုကြီးလည်း အတူတူပဲ”လို့
ပြောလိုက်သည်။
“နောက်နောင်၊
ထမင်းစားတိုင်းမှာ ဘယ်သူမှ စကားမပြောရဘူး။ နောက်တစ်ခါ ဒီလိုမျိုး စကားများရန်ဖြစ်ရင်၊
ဖြစ်တဲ့သူတိုင်း အိမ်ပေါ်ကနေ ဆင်းရမယ်။” သခင်ကြီးကျီက အံကြိတ်ပြီးတော့ ကြေညာလိုက်သည်။
သူစကားပြောပြီးပြီးချင်းပဲ၊ အစောနက စကားများနေကြတဲ့ လေးယောက်လုံးထပြီး တစ်ပြိုင်တည်း
ထမင်းဝိုင်းကနေ ထသွားကြသည်။
ဖန့်ရှောင်နွမ်က
ကျီလင်းချန် နောက်ကို လိုက်သွားသည်။ သူမက “ကျွန်မ ဘယ်သူလဲဆိုတာ ရှင်မြင်ပြီမလား၊ ကျွန်မသာရှိနေရင်
ရှင့်မိသားစု ငြိမ်းချမ်းရမှာမဟုတ်ဘူး။”လို့ပြောလိုက်သည်။
“မင်းအဲ့လို
ပြောရဲလိမ့်မယ်လို့ ငါမထင်ထားဘူး။” ကျီလင်းချန်က လမ်းလျှောက်တာရပ်ပြီး စကားပြောဖို့
လှည့်လိုက်သည်။
“ဒါဆိုရင်
ရှင်က အိမ်မပြောင်းသေးဘူးလို့ ဆိုလိုတာလား?” ဖန့်ရှောင်နွမ်ရဲ့ ဒေါသတွေ ပေါက်ကွဲချင်နေပြီ။
ဒီနေ့ ကျီလင်းချန် သူမနဲ့ အိမ်ပြောင်းနေအောင် တမင်တကာ နားမခံသာစရာ စကားလုံးကြမ်းတွေကို
ပြောခဲ့တာပဲဖြစ်သည်။ ကျီလင်းချန် အဲ့လောက် ခေါင်းမာလိမ့်မယ်လို့ သူမ မထင်ထားပေ။
“အမှန်ပဲ။
မင်းက သူတို့ကို စိတ်ဆိုးနေတာလေ၊ ငါ့ကိုမှ မဟုတ်တာ။” ကျီလင်းချန်က ရယ်ပြီး ပြုံးလိုက်သည်။
ပြီးတော့ အိမ်ကနေထွက်ပြီး အလုပ်သွားဖို့ ကားထဲဝင်သွားခဲ့သည်။
အကုန်လုံးပြီးသွားပြီ။
သူမက အားလုံးကို စကားဖြင့်စော်ကားခဲ့သည်။ ဖန့်ရှောင်နွမ်က ဒါကို ရှင်းရှင်းလင်းလင်း
နားလည်သဘောပေါက်သည်။ သူမ အိပ်ခန်းထဲကိုပြန်ပြီး တံခါးကို တင်းကျပ်စွာ ပိတ်ပြီး သော့ခတ်ထားသည်။
သူမ ဝမ်းနည်းစွာနဲ့ ဆိုဖာပေါ်ထိုင်လိုက်သည်။
ဖန့်ရှောင်နွမ်က
အဲ့ဒီအကြောင်းကို စဉ်းစားလေလေ၊ မတရားခံရသလို ခံစားနေရသည်။ သူမ အိမ်ကို လွမ်းနေသည်။
သူမ မိဘတွေသာ ကျီမိသားစုမှာ နေရတဲ့သူမဘဝကိုသာ သိရင်၊ တုံ့ဆိုင်းမှုမရှိဘဲ တစ်ခါတည်း
သူမကို လာခေါ်သွားမှာ။ မနေ့ညကလည်း သူမ ဘာမှမစားရသေးဘူး။ ဒီနေ့မနက်ကျတော့ ပိုတောင် ဗိုက်ဆာလာနေသည်။
ဖန့်ရှောင်နွမ်ရဲ့ မျက်နှာမှာ မျက်ရည်တွေ စီးကျနေသည်။
......
ဖန့်ရှောင်နွမ်က
ဗိုက်ဆာလာလေလေ၊ မတရား ဆက်ဆံခံရတယ်လို့ ခံစားရလေလေပဲ။ ကျီလင်းချန် ဆိုလိုတာကလည်း အရှင်းကြီးပဲ။
သူက ဖန့်ရှောင်နွမ်ကို ကျီမိသားစုရဲ့ အိမ်တော်ထဲကနေ ခေါ်သွားမှာ မဟုတ်ဘူး။
ဖန့်ရှောင်နွမ်က
သူမ ကျီမိသားစုကို ဒီ့ထပ်ပိုပြီး မစော်ကားသင့်ဘူးလို့ တွေးနေမိသည်။ သူမက ဒီမနက်ဖန်ချီနဲ့
စကားများတုန်းက တအားကို အဆိပ်အတောက်ဖြစ်နေတဲ့ လေသံနဲ့ ပြောဖို့ မရည်ရွယ်ခဲ့ပေ။ အဲ့ဒီအစား
သူမက ကျီလင်းချန်ကို သူမ တစ်ယောက်ယောက်ကို ဘယ်လောက်ထိ စကားနဲ့ စော်ကားပြနိုင်လဲဆိုတာ
သိစေချင်၍ ဖြစ်သည်။ အဲ့ဒါမှသာ သူက သူမနဲ့အတူ အမြန်ဆုံး အိမ်ပြောင်းပြီး နေမှာ။ ဒါပေမဲ့၊
မမျှော်လင့်ဘဲ သူမက ကျီခန့်တိနဲ့ သခင်ကြီးကျီကို ရိုင်းစိုင်းစွာ ပြောဆိုမိလိုက်သည်။
သူမ ဆန္ဒလည်း မပြည့်ဝခံ့ချေ။
“ငါဒီမှာ
နောက်ထပ်ဆယ်ရက်ပဲနေမယ်။ ပြီးတော့ ကျောင်းကို ပြန်သွားဖို့ ဆင်ခြေတစ်ခုပေးရမယ်။ နောက်ရက်တွေက
ငါ နာခံတတ်တဲ့ပုံစံနဲ့ နေရမယ်။” ဖန့်ရှောင်နွမ်က သူမဘာသာ တွေးနေခဲ့သည်။
ဒါကြောင့်
နောက်ရက်တွေမှာ ဖန့်ရှောင်နွမ်က အိပ်ခန်းထဲကနေ သိပ်မထွက်တော့ပေ။ ကျီမိသားစုဝင်တွေဆီကနေ
အမြင်မခံရဖို့ အကောင်းဆုံး ကြိုးစားနေသည်။ သူမက ဒီလိုဆက်ပြီး ပုန်းနေမယ်လို့ စဉ်းစားလိုက်သည်။
ဒါပေမဲ့ ဖန်ချီကတော့ သူမရဲ့မိဘတွေကို ပုတ်ခတ် ပြောဆိုနေတုန်းပဲ။
အဲ့ဒီနေ့မှာပဲ၊
ဖန့်ရှောင်နွမ်ရဲ့ အဖေနဲ့အမေက သူ့တို့သမီးလေး ကျီမိသားစုအိမ်မှာ ဆိုးဆိုးရွားရွား ဆက်ဆံခံနေရမလားဆိုပြီး
တွေးကာ စိတ်ပူနေကြတဲ့အတွက် သမီးလေးဆီ သွားလည်ချင်ကြသည်။ သူတို့ မလာသေးခင်မှာ တန်ဖိုးကြီး
လက်ဆောင်ပစ္စည်းတွေ ဝယ်ခဲ့ကြသည်။ သူတို့က ပထမဆုံးသွားလည်ရမှာမလို့ ဖန့်ရှောင်နွမ်ရဲ့
အမေက အနည်းငယ် တုန်လှုပ်ပြီး ကြောက်နေသည်။ သူမ စကားပြောတာ၊ ပြုမူတာမှားသွားလို့ ကျီမိသားစုမှာ
နေနေတဲ့ သူမရဲ့ သမီးလေး ဒုက္ခရောက်မှာကို သူမစိတ်ပူနေသည်။ ဖန်ချီက အဲ့ဒါကို မြင်တော့
သူမကို စနောက်လိုက်သည်။
ဖန်ချီက
ကျီမိသားစုရဲ့ အကြီးအကဲ အနေနဲ့ ဧည့်သည်နှစ်ယောက်ကို ဆီးကြိုလိုက်သည်။ သူမက သူတို့ယူလာတဲ့
လက်ဆောင်ပစ္စည်းတွေကို တွေ့တော့ မနှစ်မြို့သလို ပြုမူလိုက်သည်။ သခင်ကြီး ဖန့်နဲ့ သခင်မ
ဖန့်တို့က သူတို့ရဲ့ သမီးကို တွေ့ချင်တဲ့အတွက် ဖန်ချီက အိမ်စေကို အပေါ်ထပ်တက်ခိုင်းပြီး
ဖန့်ရှောင်နွမ်ကို ဆင်းလာဖို့ ပြောခိုင်းလိုက်သည်။ ဒါပေမဲ့ သူမမိဘတွေက ဖန့်ရှောင်နွမ်ကို
ဆင်းလာဖို့ သွားမခေါ်ခိုင်းခဲ့ပါပေ။ သခင်ကြီးဖန့်နဲ့ သခင်မဖန့်တို့က ထရပ်ပြီး ဘာမှမပြောဘဲ
ထွက်သွားခဲ့ကြသည်။
ဖန့်ရှောင်နွမ်
အောက်ဆင်းလာတဲ့အခါ ဖန်ချီက သူမမိဘတွေပေးခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို ခြေထောက်နဲ့ တက်နင်းတာကိုတွေ့မှ
သူမ မိဘတွေ အခုလေးတင် လာသွားမှန်း သိလိုက်ရသည်။ ဖန့်ရှောင်နွမ်က ဖန်ချီရဲ့ နောက်မှာရပ်လိုက်ပြီး
“ဒါတွေကို ဘယ်သူက ပေးခဲ့တာလဲ”လို့ မေးလိုက်သည်။
ဖန်ချီက
ဒေါသထွက်သလို လေသံလုပ်လိုက်သည်။ “ဟင့်… ဒါတွေကလည်း နင့်လိုပဲ ဈေးပေါတယ်လေ။ နင့်မိဘတွေပဲ
ဒီလိုဟာတွေကို ပေးနိုင်တယ်။ ငါ သူတို့ကို မောင်းထုတ်လိုက်တယ်လေ”