အပိုင်း ၂၄
Viewers 1k

လက်ထပ်ပြီးမှ ချစ်ကြမယ်

 

အပိုင်း ၂၄

 

 

 

“မလုပ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ တရားဝင်ဇနီးပဲ။ ငါမှာ့ မင်းကို ကာကွယ်ဖို့တာဝန်ရှိတယ်၊ ဒါပေမဲ့ အဖြစ်အပျက်တစ်ခုလုံးကို မင်း သိဖို့လိုတယ်။” ကျီလင်းချန်က သေချာပြောပြပြီး ဖန့်ရှောင်နွမ်ကို ဖုန်းပေးလိုက်သည်။

 

 

ဖန့်ရှောင်နွမ်က ကျီလင်းချန်ရဲ့ ဖုန်းကို ယူပြီး အသက်ဝဝရှုကာ ဗီဒီယိုကို စကြည့်လိုက်သည်။

 

 

ဖန်ချီက ကျီမိသားစုအိမ်က ထွက်လာခဲ့သည်။ သူမ တံခါးကနေ ထွက်သွားသွားချင်း ခဏရပ်ပြီး လှည့်ကြည့်လိုက်သည်။ သူမယောကျာ်း သူမနောက်ကို လိုက်လာတာမမြင်တော့ ပိုတောင် ဒေါသထွက်သွားသည်။ ဒါတွေအကုန်လုံးက ဖန့်ရှောင်နွမ်ရဲ့ အပြစ်တွေပဲ။ သူမကြောင့်သာမဟုတ်ရင် သူမရဲ့ ယောက္ခမဆီကနေလည်း အဆူမခံရတဲ့အပြင် အိမ်ပေါ်ကနေလည်း ဆင်းရမှာမဟုတ်ဘူး။

 

 

သူမ ဖုန်းဖွင့်ပြီးနောက် လင်းရိုရဲ့စာကိုတွေ့လိုက်ရသည်။ လင်းရိုနဲ့ ကျီလင်းချန်ကြားက ဆက်ဆံရေးကို ဖန်ချီ စဉ်းစားမိသွားတော့ သူမရဲ့မျက်လုံးတွေ ဝင်းသွားသည်။ ပြီးတော့ ဖန့်ရှောင်နွမ်က သူမကို ခက်ခဲအောင်လုပ်ခဲ့လို့ သူမလည်း ဖန့်ရှောင်နွမ်ကို အေးအေးဆေးဆေး နေလို့မရအောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

 

 

မကြာခင်မှာပဲ လင်းရိုက ဖန်ချီဆီကို လာခဲ့သည်။ သူမ ဖန်ချီကိုမြင်လိုက်တော့ အနည်းငယ် အံ့ဩသွားသည်။ “ယောင်းမ ဘာဖြစ်ခဲ့တာလဲ? အဲ့ဒီဉာဏ်များတဲ့ ဖန့်ရှောင်နွမ်ဆီက အနိုင်ကျင့်ခံရတာလား?”

 

 

သူမပြောလိုက်တဲ့ စကားတွေက သာမန်ဆိုပေမယ့် ဖန်ချီရဲ့ ရင်ထဲကို စူးဝင်သွားမယ့် ဆူးချောင်းတွေအလား ဖြစ်လိမ့်မယ်ဆိုတာကို လင်းရိုသိသည်။

 

 

ကျီမိသားစုအိမ်တော်ထဲ၌ ဖန့်ရှောင်နွမ်က သူမရဲ့ မိဘတွေနဲ့ ဖန်ချီ စကားပြောထားတဲ့ ဗီဒီယိုတွေကို အကုန်ကြည့်နေသည်။ ပြီးတော့ သူမ ကျီလင်းချန်ကို ဖုန်းပြန်ပေးလိုက်သည်။ “သူမ ပြောခဲ့သလောက်ကြီး မလုပ်ခဲ့ပေမယ်၊ သူမရဲ့ ကျွန်မရဲ့ မိဘတွေအပေါ် မကောင်းတဲ့အကျင့်တွေ ဆက်ဆံတာနဲ့ မနှစ်သက်မှုတွေကို ကျွန်မ မေ့လို့မရဘူး။ ကျွန်မ သူမနဲ့ ရန်ဖြစ်မိလို့လည်း နောင်တမရဘူး။ ကျွန်မလုပ်ခဲ့တာ မှန်တယ်လို့ပဲ ထင်တယ်။”

 

 

ကျီလင်းချန်က “မင်းမှားတယ်လို့ ငါဆိုလိုတာမဟုတ်ဘူး။ ဒီလိုအချိန်မှာ မင်းမိဘတွေကို ကာကွယ်ဖို့ မင်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တယ်၊ ဒါပေမဲ့ မင်းနားလည်ရမှာက….”

 

 

ကျီလင်းချန် စကားကုန်အောင် မပြောရသေးခင်မှာပဲ ဖန့်ရှောင်နွမ်က စကားဖြတ်ပြောလိုက်သည်။ “ဒါပေမဲ့ ဆိုတာ မရှိဘူး။ ကျွန်မမိသားစုကို ကောင်းကောင်းမဆက်ဆံတဲ့ သူတိုင်းကို ကျွန်မ ဆုံးမမှာပဲ။ ရှင်လည်း အဲ့လိုလုပ်ရင် ဒီတိုင်းမထားဘူးမှတ်။”

 

 

“ဟ..ဟား…” ဖန့်ရှောင်နွမ်ရဲ့ စကားကိုကြားပြီတော့ ကျီလင်းချန်က အကျယ်ကြီး ရယ်မိလိုက်သည်။ “ မင်းလား? မင်းက စကားကြီးစကားကျယ်ပြောတတ်တာပဲ။”

 

 

ဖန့်ရှောင်နွမ်က လေးလေးနက်နက် ပြောလိုက်သည်။ “ကျွန်မလည်း ရှင်နဲ့ လာမရှုပ်ဘူး။ ရှင်လည်း ကျွန်မမိသားစုကို စည်းကျော်ပြီး လာထိလို့မရဘူး။”

 

 

ကျီလင်းချန် - “ငါ့ကုမ္ပဏီရဲ့ ဝင်ငွေက တစ်မိနစ်တိုင်း သန်းပေါင်းများစွာ ဝင်နေတာ။ မင်းမိသားစုနဲ့ သွားရှုပ်ရအောင် ငါက အဲ့လောက်အားနေတယ်လို့ မင်းထင်လား?”

 

 

ဖန့်ရှောင်နွမ်က “ဒါက သတိပေးတာပဲ၊ နောင်မှာ ကျွန်မ ရှင်ကို ရိုက်မိရင်၊ ကျွန်မက ကျွန်မတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဂရုမစိုက်လို့ဆိုပြီး လာအပြစ်မတင်နဲ့။”

 

 

 သူမပြောလိုက်တာတွေက ကျီလင်းချန်ကို ပျော်စေသည်။ သူက လူကြီးတစ်ယောက်၊ ဒါပေမဲ့ သူက နောင်မှာ အရိုက်ခံရနိုင်တယ်လို့ သူ့ရဲ့ မိန်းမလေးဆီက သတိပေးတာကို ခံနေရသည်။

 

 

စဉ်းစားကြည့်တာနဲ့တင် အတော်ကို စိတ်ဝင်စားစရာကောင်းနေပြီ။

 

 

ဖန့်ရှောင်နွမ်က စိတ်မဆိုးနေတော့ပေ။ သူမ ဗီဒီယိုကိုကြည့်ပြီး သူမရဲ့ မိဘတွေက အဲ့လောက်လည်း ဆိုးဆိုးရွားရွား ဆက်ဆံမခံရမှန်း သိသွားလို့ နေမည်။

 

 

“နွမ်နွမ်၊ မင်းက မျက်နှာနှစ်ဖက်နဲ့ပါလား?” ကျီလင်းချန်က မမေးဘဲ မနေနိုင်တော့ပေ။ သူမက စွာတေးလန်ပြီး စော်ကားခံရတာကိုတောင် လက်တုံ့ပြန်ခဲ့သည်။ သူမက သခင်ကြီးကျီနဲ့လည်း စကားများရဲပြီး ဖန်ချီနဲ့တောင် ရန်ဖြစ်ခဲ့သေးသည်။ ဒါပေမဲ့ အစောနက သူမရဲ့ မိဘတွေနဲ့ စကားပြောနေတဲ့အခါ ညင်ညင်သာသာပြောနေတဲ့ သာမန်မိန်းကလေးကျနေတာပဲ။

 

 

သူမက စကားကို ညင်သာစွာပြောပြီး ရိုးသားစွာ ပြုံးလိုက်သည်။ သူမက အမူအရာ တစ်ချက်မပျက်ဘဲ လိမ်နိုင်သည်။ သူမရဲ့ ပါးစပ်လေးက တခြားသူတွေ မခံနိုင်လောက်အောင် အဆိပ်ပြင်းသည်။

 

 

အဲ့ဒီအချိန်မှာပဲ သူ့ မသိစိတ်ကနေ ဖန့်ရှောင်နွမ်ကို စိတ်ဝင်စားနေတယ်ဆိုတာကို ကျီလင်းချန် မသိလိုက်ပေ။

 

 

ဖန့်ရှောင်နွမ်က သူ့ကို ပြန်ဖြေလိုက်သည်။ “တစ်မျိုးက ကျွန်မမိသားစုအတွက်၊ နောက်တစ်မျိုးကတော့ သူစိမ်းတွေအတွက်ပဲ။ အားလုံးလဲ ဒီတိုင်းပဲမဟုတ်ဘူးလား။ ရှင်လည်း အတူတူပဲမဟုတ်လား?”

 

 

ကျီလင်းချန်က ဖိအားပေးလို့လက်ထပ်ခဲ့တဲ့ သူ့မိန်းမနဲ့ပတ်သတ်ပြီး ဘယ်တော့မှ စိတ်မရှည်ပေ။ သူက သူမ အနိုင်ကျင့်ခံ၊ ဆိုးရွာစွာ ဆက်ဆံခံရတာကိုတောင် လက်ပိုက်ကြည့်နေတတ်သည်။ ဒါပေမဲ့၊ လင်းရိုနဲ့ကျရင် သူက ဂရုစိုက်တတ်တယ်၊ ကြင်နာတယ်၊ အသေးစိတ်ကြည့်ပေးတတ်သည်။

 

 

အဲ့ဒီအချိန်မှာ ဖန့်ရှောင်နွမ်က အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး မနာလိုဖြစ်မိနေတယ်ဆိုတာကိုတောင် မရိပ်မိခဲ့ချေ။

ဖန့်ချောင်နွမ်က သူစီးပွားရေးလုပ်တဲ့အခါ ဆက်ဆံပုံနဲ့ မိသားစုကို ဆက်ဆံတာကိုပြောတယ်လို့ ကျီလင်းချန်က ထင်မိလိုက်သည်။ အဲ့ဒါကြောင့် သူက ပြုံးပြီး ခေါင်းငြိမ့်ကာ “အဲ့ဒါတော့ မှန်တယ်”လို့ ဖြေလိုက်သည်။

 

 

ဖန့်ရှောင်နွမ်က မျက်လုံးကို ဝေ့လိုက်ပေမယ့် သူမစိတ်ထဲမှာပဲ မကျေမနပ် ဖြစ်နိုင်သည်။ “ရှင် ချစ်တဲ့သူကိုသာ ရှင်ယူပါလား၊ အရူးရဲ့။”

 

 

အဲ့ဒီနေ့ညက ဖန်ချီက ကျီမိသားစုအိမ်တော်ကို ပြန်မလာခဲ့ဘူး။ ကျီခန့်တိက သူမအမေရဲ့အိမ်ကို သွားရှာပေမယ့် အရိပ်တောင် မတွေ့ခဲ့ပေ။ သူ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်တဲ့အခါ သူမက လင်းမိသားစု အိမ်တော်မှာ ရှိနေတာကို သိလိုက်ရသည်။

 

 

ကျီခန့်တိက လင်းမိသားစုအိမ်ကို သွားရုံအပြင် မရှိတော့တဲ့အတွက် သွားလိုက်ရသည်။ ဒါရိုက်တာလင်းက သူရောက်လာတာကို နွေးထွေးစွာကြိုဆိုခဲ့သည်။ ဒါရိုက်တာလင်းက ကျီခန့်တိနဲ့ ထမင်းလေးဘာလေးစားပြီး ထိုင်ကာ စကားလက်ဆုံပြောဖို့အတွက် အကြိမ်ပေါင်းများစွာ ဖိတ်ပေမယ့် သူက ဘယ်တော့မှ အားမနေပေ။ ဒီနေ့တော့ ဒါရိုက်တာလင်းရဲ့ သမီးက မြို့တော်ဝန်ရဲ့ ဇနီးကို အိမ်ခေါ်လာပြီ။ ဒါက သူ့အတွက် အခွင့်ကောင်းပဲ။

 

 

“မြို့တော်ဝန် ကျီ၊ ဝင်ပါ။” ဒါရိုက်တာ လင်းက သူ့ကို အိမ်ထဲကို ခေါ်နေသည်။

 

 

လင်းရိုရဲ့ အခန်းထဲ၌ ဖန်ချီက ကျီမိသားစုနဲ့ သူမနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြီး ညည်းငြူပြောပြနေသည်။ လင်းရိုက စိတ်ထဲမှာတော့ အရွဲ့တိုက်နေပေမယ့် သူမမျက်နှာမှာတော့ ဘာအမူအရာမှ မပေါ်နေပေ။ သူမက ဖန်ချီရဲ့လက်ကို ကိုင်လိုက်ကာ “ဒီဖန့်ရှောင်နွမ်ကတော့ အတော်လွန်နေပြီ”လို့ ပြောလိုက်သည်။