.Chapter 22
ယွမ်ရှသည် လွန်ခဲ့တဲ့နှစ်ရက်ခန့်က သူမ၏ထူးထူးဆန်းဆန်းအပြုအမူများကို စုန့်ထင်ရှန်း သတိပြုမိသလားဟု မရေမရာဖြစ်နေသည်။
တကယ်တမ်းတော့ သူမမှာ ဒါနဲ့ပတ်သက်၍ စိုးရိမ်စရာမရှိပေ။
အကယ်၍ သူမက ယခင်နဲ့မတူဘဲ ထူးထူးခြားခြားပြုမူနေလျှင်တောင် ဒီခန္ဓာကိုယ်ထဲမှ ဝိဉာဉ်မှာ အစားထိုးခံထားရခြင်းဖြစ်သည်ဟု မည်သူမျှ လက်ဆုပ်လက်ကိုင်မပြနိုင်ချေ။
နိုင်ငံပိုင်ရုပ်သံလိုင်းမှာလည်း ဝိဉာဉ်ကူးပြောင်းခြင်းနှင့်ပတ်သက်၍ အသံလွှင့်ခြင်း၊ ရုပ်ရှင်ရိုက်ကူးခြင်းတို့ကို တားမြစ်ထားသည့်အပြင် လက်တွေ့ဘဝတွင်လည်း အကယ်၍ လူတစ်ယောက်က အပြုအမူ၊ သဘောထားများ ရုတ်တရက်ကြီးပြောင်းသွားစေကာမူ ထိုသူနှင့်နီးစပ်တဲ့သူတွေများသာ သံသယဝင်ကြမည်ဖြစ်သည်။
ထိုသို့ဆိုလျှင်တောင် ဒီလိုပြောင်းလဲခြင်းဟာ သဘာဝလွန်ဖြစ်ရပ်များကြောင့်ဟု မည်သူမျှ တွေးထင်မည်မဟုတ်ချေ။
မည်သို့ပင်ဆိုစေကာမူ ဝတ္ထုထဲမှယွမ်ရှသည် မည်သူနှင့်မျှ မရင်းနှီးသည့်အချက်ကပင်လျှင် သူမအတွက် ကံကောင်းထောက်မခြင်းတစ်မျိုးဖြစ်သည်။
ယွမ်ရှ ရထားလက်မှတ်ကို အိပ်ရာပါသည့် အထူးတန်းကပဲ ဖြတ်ခဲ့ခြင်းဖြစ်သည်။ သူမတို့မြို့ပတ်ရထားမှတစ်ဆင့် ရထားပြောင်းစီးပြီးလျှင်ပြီးချင်း အိပ်၍ရပြီဖြစ်ပြီး နောက်နေ့မနက် အိပ်ရာနိုးလျှင် သူတိူ့နေထိုင်ရာမြို့ကို ပြန်ရောက်ပြီဖြစ်သည်။ ရထားလက်မှတ်ဈေးမှာတော့ မသက်သာလှချေ။
ယမန်နေ့ညကပင် ရထားဖြင့်ပြန်မည်ဟု ဆုံးဖြတ်ပြီးဖြစ်၍ အိပ်ရာခင်းနှစ်စုံဝယ်ခဲ့ပြီးဖြစ်သည်။
ယခု ရထားပေါ်ရောက်ပြီဖြစ်၍ သူမ ပူပန်နေသည်များကို ခေတ္တမေ့ဖျောက်ထား၍ရနိုင်ပေသည်။
ယွမ်ရှမှာ ဇီဇာကြောင်သူမဟုတ်၍ အတိတ်က သူမခရီးထွက်လျှင် ရထားကပေးသော အိပ်ရာခင်းဖြင့်အိပ်ရခြင်းကို စိတ်မရှိသော်ငြား....စုန့်ထင်ရှန်း၌ အသန့်ကြိုက်တတ်တဲ့ရောဂါရှိမလား. ဟုတော့ စိုးရိမ်မိသည်။
ထို့ကြောင့် ရထားပေါ်ရောက်ရောက်ချင်း အထုပ်ဖြည်၍ သူတို့အတွက် အိပ်ရာခင်းလဲပေးခဲ့သည်မှာ အလုပ်ကြိုးစားသောပျားလေးများနှင့်ပင် အလားတူလှသည်။ ထိုသို့လုပ်နေရင်းနှင့် သူမကနည်းနည်းလေး ညည်းလိုက်သေးသည်။
".ရထားပေါ်ကအိပ်ရာတွေက သန့်တယ်လို့ပြောလို့ရပါတယ်....ရှေ့မှာလည်း သုံးသွားတဲ့သူရယ်လို့မှ သိပ်မရှိတာ .....စုန့်ထင်ရှန်း မြို့တော်မှာကျောင်းတက်တုန်းကဆိုလည်း ရထားပဲစီးခဲ့တာပဲကို.... ဆယ်နှစ်ဆိုတဲ့အချိန်ကလဲ မျက်စိတစ်မှိတ်လေးအတွင်းမှာ ပြီးသွားတာပဲ.....
အခုတစ်ခါ လေယာဉ်မစီးဘဲ ရထားစီးမယ်ဆိုတော့လည်း သူကငြင်းမှမငြင်းတာ.... ဒါပေမဲ့ သူတို့သားလေးအတွက်တော့ ဒါကအတွေ့အကြုံအသစ်ဖြစ်နေမလားပဲ....."
ယွမ်ရှ မနေ့ကမှလျှော်ခဲ့သည့် အိပ်ရာခင်းအသစ်များကို အိပ်ရာနှစ်ခုပေါ်တွင် ဖြန့်ခင်းလိုက်သည်။ ပြီးလျှင်ပြီးချင်း ကလေးလေးက ဖိနပ်ချွတ်ကာ အိပ်ရာကျဉ်းကျဉ်းလေးပေါ်တွင် လူးလှိမ့်နေတော့သည်။
သူမက big bossကြီးကို ရထားအတူတူစီးခိုင်းမိ ခြင်းနှင့်ပတ်သက်၍ အနည်းငယ် စိတ်မသက်မသာဖြစ်မိသည်။ သို့သော် တကယ့် ပြဿနာများမှာ နောက်တွင် ကျန်ခဲ့ပြီးဖြစ်သည်ဟုတွေးမိကာမှ နည်းနည်း စိတ်သက်သာရာရသွားသည်။ အခုလက်ရှိမှာ သူမရဲ့ စိတ်အခြေအနေက ကောင်းနေသည်။
သူမကကြိုထည့်လာသော စားစရာများကို အိတ်ထဲမှ ထုတ်လိုက်ပြီး စုန့်ထင်ရှန်းကိုပြောလိုက်သည်။
".ရထားပေါ်က စားစရာတွေကို ရှင်မကြိုက်လောက်ဘူး ထင်လို့ ပေါင်မုန့်နဲ့ရေဘူး ထည့်လာတယ်... အစက ရထားပေါ်ရောက်မှ ဝယ်မယ်စိတ်ကူးပေမယ့် ရထားပေါ်က စားစရာတွေက အအေးခံထားတာ၊ အပူနဲ့ပြန်နွှေးပေးတာမျိုးတွေ မရတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်မှာစိုးလို့...။ တကယ်လို့ ပေါင်မုန့်စားပြီးတာတောင်မှ ဗိုက်ဆာနေသေးရင် ကျွန်မ ရှင့်အတွက် ခေါက်ဆွဲဘူးနဲ့ရေနွေးသွားဝယ်ပေးမယ်လေ အခုတော့ ဒါလေးပဲ စားထားလိုက်နော်
..….."
သူမမှာ အမှန်တကယ်ကို ကြိုးကြိုးစားစား မဲဆွယ်နေခြင်းဖြစ်ပြီး သုံးနှစ်သားအရွယ်ကလေးပင်လျှင် ထိုအချက်ကို ခံစားနိုင်ပေသည်။
ယွင်ရှန့် သန့်စင်ခန်းသို့ လက်သွားဆေးနေစဉ် ကလေးလေးက သူ့အဖေပုခုံးကိုမှီပြီးပြောလိုက်သည်။
" မာမားက ပာပားကိုမျက်နှာချိုသွေးနေသလိုပဲနော်....."
စုန့်ထင်ရှန်းက မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်
" ဒီစကားတွေ ဘယ်ကသင်လာတာလဲ...."
ကလေးက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။
"အဖွားရဲ့အိမ်နီးချင်းကပြောတာ ပန်းခြံမှာ လေ့ကျင့်ခန်းအတူတူလုပ်တဲ့ အန်တီဝမ်က အဖွားကို မျက်နှာချိုသွေးနေတာတဲ့....."
စုန့်ထင်ရှန်း "...."
ကလေးက ဆက်ပြောလိုက်သည်။
" ပါပါးတကယ်ပဲ မာမား မျက်နှာချိုသွေးနေတာကို သတိမထားမိဘူးလား..."
စုန့်ထင်ရှန်းတစ်ယောက်တော့ သူ့သားရှေ့တွင် အေးစက်စက်ပုံရိပ်ကို ဆက်မထိန်းထားနိုင်တော့၍ ပြုံးပြီးသာပြောလိုက်တော့သည်။
" သားမာမားရှေ့မှာ ဒီလိုသွားမပြောရဘူးနော်..."
ကလေးက ပြန်မပြောခင် ခဏစဉ်းစားလိုက်သည်။
"ပာပား မာမားကို လျစ်လျူရှုတာမျိုး မလုပ်ပါနဲ့လား...မာမားက မိန်းကလေးလေ။ ဆရာမကပြောတယ် ယောက်ျားလေးတွေက မိန်းကလေးတွေကို ကာကွယ်ပေးပြီး အလိုလိုက်ပေးရမှာတဲ့။ သားတို့နှစ်ယောက်လုံးက ယောကျာ်းလေး၊ ပြီးတော့ မာမားက မိန်းကလေးဆိုတော့ သားတို့က သူမကို ကာကွယ်ပြီး အလိုလိုက်ပေးရမယ်လေ ..."
စုန့်ထင်ရှန်းက သူ့သားရဲ့ပါးကို သာသာလေးညှစ်၍ ပြောလိုက်သည်
"ဟုတ်ပါပြီ ပါပါး နားလည်ပါပြီ...."
"တကယ်နားလည်တာဟုတ်ပါတယ်နော်..." ကလေးလေးစုန့်က ပြန်ပြီးမေးခွန်းထုတ်လိုက်သေးသည်။
စုန့်ထင်ရှန်းကလည်း စိတ်ရှည်လက်ရှည်နဲ့ ပြန်ဖြေလိုက်သည်။
"တကယ်ပါ..."