Chapter 45
အသံကြား၍ ကျန်းဟွေ့မိန် ပြေးလာချိန်တွင် ကလေးနှစ်ယောက် ငိုနေသည်ကိုတွေ့လိုက်ရ၏။
သူမ ချက်ချင်းမေးလိုက်သည်။
"ဘာဖြစ်တာလဲ... ရန်ဖြစ်နေကြတာလား"
ကျန်းရှောင်မန်လေးက ငိုယိုရင်းခေါင်းယမ်းပြလာ၏။
ကျန်းဟွေ့မိန်က ကျန်းရှောင်မန်လက်ထဲရှိ တကျွိကျွိအော်နေ တုန်းဖြစ်သည့် ကြွက်ကိုကြည့်ကာ တန်းခနဲ ဆွဲယူလိုက်သည်။
"ဘုရား...ဘုရား...ဘွားဘွားရဲ့ဘိုးဘေးလေးရယ်...ဒီဟာနဲ့သမီးဘာတွေလုပ်နေတာလဲ...."
ကျန်းဟွေ့မိန် ကြွက်ကိုချက်ချင်းလွှင့်ပစ်လိုက်မလေသည်။
တကျွိကျွိအသံတွေ မကြားရတော့သည့်နှင့်တပြိုင်နက် ယွီချင်းရှီ နောက်ဆုံးတွင်ကြို့ထိုးပြီး အငိုတိတ်သွား၏။
သူ၏မျက်လုံးနှင့်နှာခေါင်းများက နီရဲနေပြီး ဝမ်းပမ်းတနည်းငိုမိထားသည်။ သူကျန်းရှောင်မန်ကို ပြန်ကြည့်လိုက်ချိန်တွင် သူမ၏မျက်လုံးနှင့်နှာခေါင်းတွေလည်း နီရဲနေသည်ကို တွေ့လိုက်ရပြီး အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရ၏။
ယွီချင်းရှီ အကြိမ်အနည်းငယ်လောက်ရုန်းကန်ပြီး ယွီဝမ်ချိန်၏လက်များကြားမှလျှောဆင်း
လိုက်သည်။
"မငိုနဲ့....."
ယွီချင်းရှီက ကျန်းရှောင်မန်ကို ခပ်နိမ့်နိမ့် အသံဖြင့် ဆိုလိုက်သည်။
"ဒါဆို နင်ကဘာလို့ငိုနေတာလဲ...."
ကျန်းရှောင်မန် သူဘာလို့ငိုနေမှန်း နားမလည်သေးပေ။
ဒီလို ရှက်စရာကောင်းတဲ့ကိစ္စမျိုးကို သူ ပြောပြမှာမဟုတ်ဘူး...
သူက တုံ့ဆိုင်းနေပြီး ဘာမှပြန်မပြောဘဲကောင်းကင်နှင့်မြေကြီးကိုသာ တစ်လှည့်စီငေးကြည့်နေရင်း သူမ၏ရိုးရိုးသားသား အကြည့်တွေကို ရှောင်ဖယ်နေ၏။ သူမ အနည်းငယ်ရှိုက်ငိုနေသေးမှန်း ကြားရချိန်တွင် သူမနေနိုင်တော့ဘဲ မာမာထန်ထန်ပြောလိုက်သည်။
"မငိုနဲ့တော့...."
ယွီချင်းရှီက သဘောကောင်းသည့် ကလေးတစ်ယောက် မဟုတ်ဘဲ ဆန့်ကျင်ဘက်ဖြစ်ကာ တကယ့်ကို စိတ်ဆတ်သူဖြစ်လေသည်။ သူခေါင်းမာနေသည့်အချိန်တိုင်း အိမ်တွင် ဘယ်သူမှ သူ့ကိုတားလို့မရချေ။
ဤကလေးမလေးက တကယ်ကိုဆိုးသည်။ သူမက သူ့ရဲ့လုပန်ပဟေဠိသော့အိမ်ကို ကျကွဲအောင်လုပ်ပြီး သူ့ကို ကြွက်နဲ့လည်းခြောက်၏။ သူလည်း သူမကို သိပ်ပြီးအရေးမလုပ်ချင်ပေ။
သို့သော် သူမငိုနေသည်ကို မြင်ရချိန်တွင် သူအနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်။
မတတ်နိုင်ဘူးလေ...ကလေးတွေဆိုတာက ဒီလိုမျိုး ထိန်းရခက်ကြတာပဲ...
သူမက ပိုငယ်နေတာမို့ သူ ဒီတစ်ကြိမ်တော့ အလျော့ပေးလိုက်ပါ့မယ်လေ...
သူက အသံနိမ့်နိမ့်ဖြင့် ဆက်ပြောလိုက်သည်။
"မငိုနဲ့...ငါမင်းကို ချိုချဥ်တွေပေးမယ်...."
ထိုစကားကို ကြားရသည်နှင့် ကျန်းရှောင်မန် ချက်ချင်း နှာရှုံ့ပြီး အငိုရပ်လိုက်၏။
"တကယ်လား..."
"တကယ်...."
ဤသို့ဖြင့် ကလေးနှစ်ယောက် ပြန်အဆင်ပြေသွားပြန်သည်။
ကျန်းရှောင်မန် ယွီချင်းရှီ၏လက်သေးသေးလေးကို ပျော်ရွှင်စွာ ဆွဲကိုင်လိုက်၏။
သူတိတ်တိတ်လေး လွတ်အောင်လုပ်သော်လည်း သူမက သူ့ကိုတင်းတင်းကြပ်ကြပ်ဆွဲထားလေသည်။
သူမက သူ့ထက်ပိုသန်နေ၏။
ကျန်းရှောင်မန်က ထပ်ပြီး ကတိပေးလိုက်သည်။
"ဦးလေးယွီ...စိတ်မပူနဲ့နော်... သမီးဒီမောင်လေးကို ဂရုစိုက်ပါ့မယ်...."
သူမလေးက ငိုယိုပြီး၍ ကြို့ထိုးနေတုန်းမှာပင် ထိုသို့အာမခံလာသဖြင့် ယုံကြည်စိတ်ချထားဖို့ရာ အမှန်ပင် ခဲယဥ်းလေသည်။
ယွီဝမ်ချန်း ရယ်ရခက်ငိုရခက်ဖြစ်သွားလေသည်။ သူ သူမကိုအမှန်ပြင်ပေးလိုက်၏။
"ရှောင်မန်... သူကသမီးထက်နည်းနည်းလောက်ပိုကြီးတယ်...သူက လေးနှစ်ရှိပြီ...."
"သမီးရောပဲ လေးနှစ်ရှိပြီလေ..."
"..."
ယွီဝမ်ချန်း သူမခေါင်းလေးပွတ်ပေးလိုက်ပြီး သူ့သားကိုပြန်ကြည့်ကာ တိုက်တွန်းလိုက်သည်။
"ရှောင်မန်နဲ့ အဆင်ပြေအောင်နေ ...ဟုတ်ပြီလား..."
ယွီချင်ရှစ် မျက်နှာပူကာရှက်သွား၏။
"အင်း...."
နေ့လည်ပိုင်းတွင် လူကြီးများက တောင်ကြားဆီသို့သွားကြပြီး ကျန်းဟွေ့မိန်နှင့်ကလေးများက အိမ်တွင်နေခဲ့ကြသည်။ ကျန်းဟွေ့မိန်က အလုပ်ရှုပ်နေပြီး ကျန်းရှောင်မန်ကို ယွီချင်းရှီနှင့်ဆော့ခိုင်းထား၏။
ယွီချင်းရှီ ခုနက သူမကိုပေးသည့်ချိုချဥ်မျိုးကို ရှောင်မန် တစ်ခါမှမစားဖူးချေ။ အရသာကအတော်လေးထူးခြားပြီး နှစ်ခုတည်းဖြင့်ပင် သူမကိုချော့ဖို့ရာ လုံလောက်နေပြီဖြစ်၏။
ထမင်းနှင့်သောက်စရာများ အဝစားပြီးနောက်
ကျန်းရှောင်မန် သူမပြန်အဆင်ပြေသွားပြီဟု ခံစားရ၏။ စိတ်ထားကြီးမြတ်သောသူသည် ခွင့်လွတ်တတ်ရမည်ဖြစ်လေသည်။ သူမ ထိုကိစ္စကိုလွတ်ချပြီး ယွီချင်းရှီကို ခွင့်လွှတ်ပေးဖို့ဆုံးဖြတ်လိုက်၏။
ကျန်းရှောင်မန်က ပြောလိုက်လေသည်။
"ကြွက်တွေကို ကြောက်စရာမလိုဘူး သိလား ...
ဘွားဘွားက ပြောတယ်...သူတို့က လူတွေကိုကြောက်တဲ့ဟာတွေတဲ့...သူတို့က တအားကိုကြောက်တတ်တာ...နင်ဖြတ်သွားတာနဲ့ သူတို့ကကြောက်လန့်တကြား ထွက်ပြေးသွားမှာ ...
အသုံးအနှုန်းတစ်ခုကို နင်ကြားဖူးလား...
ကြွက်လိုကြောက်နေတယ် ဆိုတာလေ...သူ့ရဲ့အဓိပ္ပါယ်က သတ္တိအရမ်းအရမ်းနည်းတာတဲ့...."
သူမက လက်ချောင်းများကိုသုံး၍ မတ်ပဲတစ်စေ့၏အရွယ်အစားကိုလုပ်ပြကာ နှိုင်းယှဥ်ပြီးနောက် သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါ... နင်နားမလည်နိုင်လောက်ဘူး...ငါလိုမျိုး ဉာဏ်ကောင်းတဲ့ကလေးကသာ ကျောင်းတက်နိုင်ပြီးတော့ ဒီလိုအသက်ငယ်ငယ်နဲ့ စာလုံးတွေဖတ်တတ်မှာ...မတတ်နိုင်ဘူး...ငါကဒီအတိုင်း တကယ်ကို ဉာဏ်ကောင်းနေတာပဲ...စနစ်ကပြောတယ်...ငါကဒီရွာထဲမှာ ဉာဏ်အထက်ဆုံးကလေးတဲ့...နင်နားမလည်တာတစ်ခုရှိရင်...ငါ့ကိုအမြဲတမ်းမေးလို့ရတယ်နော်...."
"..."
ယွီချင်းရှီ မျက်လုံးလှန်လိုက်ချင်သွား၏။
သူမကို အရေးမလုပ်ချင်ဆဲဖြစ်သော်လည်း သူမကအတော်ကို စိတ်အနှောက်အယှက်ဖြစ်စရာကောင်းသဖြင့် သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။
"ငါက ကျောင်းတက်နေပြီ...."