Chapter 46
သူ့ဆရာကလည်း သူကိုဉာဏ်ကောင်းသည်ဟု ချီးကျူးသည်။ သို့သော် သူကတော့ ဆရာက လူတိုင်းကို ညဏ်ကောင်းသည်ဟု ချီးကျူးနေသည်ဟုသာ ခံစားရ၏။ အရူးများသာ ဆရာများချီးကျူးသည့် ထိုစကားကိုယုံပေလိမ့်မည်။
ကျန်းရှောင်မန် ထိုစကားကို ကြားရချိန်တွင် အလွန်ဝမ်းသာသွားပြီး သူ့ကိုဆွဲကာမေးလိုက်၏။
"မူကြိုကျောင်းလားဟင်...ပျော်စရာကောင်းလား...လျှောရောရှိလား...နေ့တိုင်းစကားလုံးတွေအများကြီး သင်လို့ရလား...."
ယွီချင်းရှီက သူမကို ထူးဆန်းသည့်အကြည့်တစ်ချက်ပေးလိုက်ပြီး မေးလာသည်။
"မင်းက ကျောင်းတက်နေတာမဟုတ်ဘူးလား..."
ကျန်းရှောင်မန်က သူမ၏လက်ပုစိလေးများကို ခါးထောက်လိုက်ပြီး ဂုဏ်ယူစွာပြောလိုက်၏။
"ငါက အခုထိတော့ တရားဝင်ကျောင်းမတက်ရသေးဘူး...ဒါပေမဲ့ အနာဂါတ်ကျရင် သေချာပေါက်တက်မှာလေ...ဦးလေးကပြောတယ်...အနာဂါတ်ကျရင် သူက ငါ့ကို ကမ္ဘာပေါ်မှာ အကောင်းဆုံးမူကြိုကျောင်းကိုတက်ခိုင်းမှာတဲ့...ငါနင့်ကို အဲ့မှာ ကစားဖို့ခေါ်သွားပေးမယ်နော်...."
ယွီချင်းရှီက သူမလေး လျှောက်ကြွားနေတာပဲဖြစ်ရမည်ဟု ထင်မိသည်။
ကျန်းရှောင်မန်က အတော်လေး စိတ်ဝင်တစားဖြင့် မူကြိုကျောင်းအကြောင်းမေးရန် သူ့ကိုထပ်ဆွဲလိုက်ပြန်၏။
သူမသူ့ကို အတောမသတ်နိုင်အောင် အတင်းတွေမေးနေတာကို ယွီချင်းရှီ သည်းမခံနိုင်တော့ချေ။
အဆုံးသတ်အချိန်အထိ ငြိမ်ငြိမ်အေးအေးသာနေချင်သူလေး ယွီချင်ရှစ်အနေဖြင့် နောက်ဆုံးတွင် စိတ်မပါလက်မပါဖြင့် ပြောလိုက်ရသည်။
"ပျော်စရာမကောင်းပါဘူး...ဒီတိုင်းပါပဲ...."
"ဘယ်လိုမျိုးဒီတိုင်းပဲလဲ...."
"ပျော်စရာမကောင်းတာ...."
"လူလိမ်...."
ကျန်းရှောင်မန်က ပြန်ပက်လိုက်၏။
"ဆရာထန်ကပြောတယ်...ကျောင်းတက်ရတာက အရမ်းကိုပျော်စရာကောင်းတဲ့အရာတစ်ခုပဲတဲ့...တကယ်လို့ နင်က မပျော်ဘူးဆိုရင်...အိမ်စာမပြီးခဲ့လို့...ဒါမှမဟုတ် အတန်းထဲမှာစာလိုက်နားမထောင်လို့ပဲဖြစ်ရမယ်...နင်က စာကောင်းကောင်းမသင်တဲ့ ကျောင်းသားဆိုးပဲ....."
ယွီချင်းရှီ အမျက်ခြောင်းခြောင်းထွက်သွားလေသည်။
သူ စိတ်ဆိုးမာန်းဆိုးဖြင့်လှမ်းကြည့်လာပြီး စကားတခွန်းမှပြန်မပြောဘဲ လုံးလုံးလျားလျား ငြိမ်သက်သွား၏။
သို့သော်လည်း အဆင်ပြေပါသည်။ ကျန်းရှောင်မန်ဆိုသည်မှာ သူမတစ်ယောက်တည်းကျန်ခဲ့ချိန်များတွင် ပုရွက်ဆိတ်အုံကို တစ်နေ့လုံးထိုင်စကားပြောနိုင်သူဖြစ်၏။ ထိုပုံစံသည် စနစ်ရောက်လာသည့်တိုင်အောင် ပြောင်းလဲတိုးတက်သွားခြင်းမရှိပေ။ ယွီချင်းရှီက သူမကိုလျစ်လျူရှုထားလျှင်လည်း ကိစ္စမရှိပါချေ။ သူမ တစ်ယောက်တည်းချည်း အချိန်အကြာကြီးပြောနိုင်လေသည်။
သူမ အလွန်ကိုပျော်ရွှင်နေ၏။
ဤသည်ကား သူမကြီးလာသည့်နောက်ပိုင်း သူမသိသည့် ပထမဦးဆုံးကစားဖော်ဖြစ်လေသည်။
သူက အတော်ပင်လိမ္မာပြီး သူများတွေကို ဆဲလည်းမဆဲ မရိုက်လည်းမရိုက်ချေ။ သူ့ပုံစံက တအားချစ်စရာကောင်းပြီး သူမ၏ချစ်စရာကောင်းမှုအောက် နည်းနည်းလောက်သာ နိမ့်ကာ ကျန်းရှောင်မန် သူ့ကို အများကြီးအများကြီး သဘောကျ၏။
သို့သော် ပျော်ရွှင်စရာအချိန်များသည် အမြဲလိုလိုပင် တိုတောင်းလွန်းလှသည်ဟုခံစားရလေသည်။ သူမ၏သူငယ်ချင်းအသစ်သည် ဒီမှာ နေ့တစ်ဝက်သာနေမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် မြို့သို့ပြန်မည်ဖြစ်၏။
ကျန်းရှောင်မန်လေး အလွန်ပင်မလိုလားနေပြီး ယွီချင်ရှစ်အား မျက်လုံးနီနီလေးများဖြင့်မေးလိုက်သည်။
"ပြန်တော့မှာလားဟင်..."
ယွီချင်းရှီက ခေါင်းညိတ်ပြလာ၏။
ကျန်းရှောင်မန် ထပ်မေးလိုက်လေသည်။
"နင် ထပ်လာဦးမှာလား...."
ယွီချင်ရှစ် ခေါင်းခါပြလိုက်၏။
သူလည်းမသိဘူးလေ... မလာဖြစ်လောက်တော့ဘူး ထင်တာပဲ...
ကျန်းရှောင်မန် မငိုမိအောင်ချုပ်တည်းထားပြီး သူမ၏မျက်ရည်များ သုတ်ပစ်လိုက်သည်။
သူတကယ်ပြန်တော့မည်မှန်း သိလိုက်၍ အိမ်ထဲကို ပြန်ပြေးဝင်ပြီး သူမ၏အဖိုးတန် ရတနာများကို ထုတ်ယူလာလိုက်သည်။
ကျားဦးထုပ်လေးနှင့် လှုပ်လိုက်တိုင်း တချွင်ချွင်အသံများထွက်နေသည့် သေတ္တာလေးပင်။
ဤအကြိမ်၌ သေတ္တာထဲတွင် ချိုချဥ်များရှိမနေဘဲ အနည်းငယ်သော ကျောက်စရစ်ခဲလေးများသာပါရှိလေသည်။
သူမ၏ ကြုံတောင့်ကြုံခဲ မြစ်ကမ်းဘေးဆီသို့ ခရီးစဥ်များတွင် သူမသည် သူမတွေ့သည့် အလှဆုံးကျောက်စရစ်ခဲလေးများကို ကောကယူထားဖြစ်ပြီး အိမ်သို့ယူလာလေ့ရှိသည်။ သူမ သူတို့ကို အမှန်ပင်တန်ဖိုးထားကာ ဂရုတစိုက် သိမ်းထားခဲ့၏။
သူမ သူတို့ကို တွင်းတူး၍သိမ်းထားလေ့ရှိသော်လည်း သူမသူငယ်ချင်းက ဘယ်တော့မှထပ်လာမည်မဟုတ်သည့်အတွက် သူမ သူတို့ထဲမှအချို့ကို သူ့အားခွဲဝေပေးရန် ဆုံးဖြတ်လိုက်သည်။
သူမ အတော်လေး အင်တင်တင်ဖြစ်နေသော်ငြားလည်းပင်။
"ဒါက နင့်အတွက်...."
ကျန်းရှောင်မန်က ပြောလိုက်၏။
"နောက်ကျရင် နင်မငိုတော့နဲ့နော်...တကယ်လို့ နင်တစ်နေ့ပြန်လာဖြစ်ရင်...ငါနင့်ကိုပုံပြင်တစ်ပုဒ်ပြောပြမယ်...."
"ဘာပုံပြင်လဲ...."
"ကျားမေမေကြီးအကြောင်း...အဲ့ဒါက နင့်ကိုငိုတဲ့အထိလန့်သွားစေမယ်လို့ ငါကတိပေးတယ်..."
ကျန်းရှောင်မန်က လေးနက်နေသော မျက်နှာလေးဖြင့်ပြောလိုက်လေသည်။
သူ ကျားဦးထုပ်ကိုမကြိုက်သလို သူမ၏ကျောက်စရစ်ခဲများကိုလည်း မယူချင်သော်ငြား သူမက စကားလုံးတိုင်းကို ငိုယိုရင်းပြောနေပြီး သူ့ကို ရွေးချယ်စရာမရှိအောင် လုပ်နေသလို ခံစားရစေ၏။
ဟင်းး...တခြားနည်းမှမရှိတော့ပဲလေ....
ယွီချင်းရှီက ထိုအရာများကိုလက်နှစ်ဖက်လုံးဖြင့် ယူလိုက်ရသည်။
ယွီဝမ်ချန်းက သူ့မျက်လုံးများရှေ့တွင် ဤသို့ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သဘာဝကျကျပင် ကလေးနှစ်ယောက်၏ ချစ်ချစ်ခင်ခင်မြင်ကွင်းလေးသည် သူ့အားမျက်ရည်လည်လုနီးပါး ဖြစ်သွားစေ၏။
မလွယ်ကူခဲ့ပေမဲ့လည်း နောက်ဆုံးတွင် သူ့သားလေး၌ သူငယ်ချင်းတစ်ယောက်ရှိသွားပြီ ဖြစ်လေ သည်။
"ရှောင်မန် သမီးအဆက်အသွယ်လုပ်လို့ရသေး တယ်လေ...."
သူ၏သတိပေးချက်ကြောင့် ကျန်းရှောင်မန်
သူတို့ စာရေးလို့ရသေးကြောင်း သတိရသွား၏။
ရွာတွင် စာတိုက်ရုံးတစ်ခုရှိလေသည်။
ကျန်းရှောင်မန် ယွီဝမ်ချန်းနှင့် ပျော်ရွှင်စွာလိပ်စာအလဲအလှယ်လုပ်လိုက်ပြီး၊ ထို့နောက် သူတို့ကို ဝန်လေးစွာဖြင့် လိုက်ပို့ပေးလေ၏။