အပိုင်း ၄၇
Viewers 14k

Chapter 47


အစပိုင်းမှာ သူမဝမ်းနည်းနေသော်လည်း နောက်ပိုင်းကြ သူမတို့စာအပေးအယူ လုပ်လို့ရ​နိုင်သည့်အကြောင်း တွေးမိသွားချိန်တွင် သူမအများကြီးဝမ်းနည်းမနေတော့ချေ။


အဲဒီနောက်မှာတော့ ကျန်းရှောင်မန် နေ့တိုင်း သူ့ဆီပို့လာမည့် စာလေးကိုစောင့်မျှော်နေလေသည်။ နေ့တိုင်းပင် ကျောင်းကပြန်လာလျှင် အိမ်တန်းမပြန်ပေ။ ထိုအစား စာတိုက်ရုံးသို့သွားကာ  သူ့ဆီမှ စာများလာမလားဆိုပြီး သွားသွားကြည့်လေ၏။ အကြိမ်တိုင်းတွင် သူမ မျော်လင့်ချက်အကြီးကြီးများနှင့် သွားခဲ့ပြီး ရှုံးနိမ့်ကာလက်ဗလာဖြင့် အိမ်ပြန်လာခဲ့ရသည်။


ကျန်ရှောင်မန်က ယွီချင်းရှီဆီမှ တစ်ခါမှပင် စာမရခဲ့သောကြောင့် သူမ ဘာလုပ်လို့ဘာကိုင်ရမှန်းမသ်ိသလို ခံစားနေရသည်။


သူက သူမနဲ့သူငယ်ချင်းမလုပ်ချင်တာများလား...


အစပိုင်းတွင် သူက သူမဆီ စာအရင်ရေးမှာကို စောင့်ချင်ခဲ့ကာ ပြီးမှ သူမက သူ့ဆီကို စာပြန်ရေးမှာဖြစ်လေသည်။ သို့ပေမဲ့ လက်ရှိအခြေအနေက သူမအား ဆိုးဆိုးရွားရွားပင် စိတ်ထိခိုက်သွားစေ၏။


သို့သော်လည်း သူမက ပျော်ပျော်နေတတ်သည့်ကလေးတစ်ဦး ဖြစ်လေရာ အလျင်အမြန်ပင် သူမကိုယ်သူမနှစ်သိမ့်လိုက်သည်။


တဖက်လူက သူမကို စာပို့ဖို့ တအားတွေရှက်နေတာနေမယ်...အဆင်ပြေပါတယ်...သူမကပဲ သူ့စပြီးဆက်သွယ်လိုက်မယ်...


ကျန်းရှောင်မန် ကြက်သွေးထိုးထားသကဲ့သို့ အားအင်အပြည့်​ ပြန်ဖြစ်သွား၏။ သူမ ဆရာထန်ဆီသို့ အပြေးသွား၍ စာတစ်စောင်ကို ဘယ်လိုရေးပြီး ပို့ရမလဲဆိုသည်ကို မေးမြန်းလိုက်သည်။


ထို့သို့မေးပြီးမှ သူမ ယွီချင်းရှီဆီကို အောက်ပါပုံစံအတိုင်း စာတစ်စောင်ရေးလိုက်၏။


သူမ၏စာကား ဤသို့ဖြစ်လေသည်–


[မဂ်လာပါ ...ချစ်ရတဲ့ သူငယ်ချင်းလေးရေ


တောင်းပန်ပါတယ်... နင့်နာမည်က စာလုံးပေါင်းရအရမ်းခက်တယ်... ငါအခုထိ မရေးတတ်သေးဘူး.... အခုချိန်မှာ ငါက စာလုံးတွေအများကြီးကို မရေးတတ်သေးဘူးလေ.... ဒါပေမဲ့ စိတ်မပူနဲ့နော်.... နောက်တစ်ခါ နင့်ဆီကို စာရေးရင် ငါက ပိုတော်လာပြီးတော့ စာလုံးတွေလည်း များများသိလာမှာပါ...


ဆရာထန်ကပြောတယ်.... သူငယ်ချင်းကောင်းတွေဆိုတာ အမြဲတမ်း  အဆက်အသွယ်လုပ်ပြီး သူတို့ရဲ့အပျော်တွေကို မျှဝေပေးကြတယ်တဲ့.... 

နင်က ငါ့ကိုမဆက်သွယ်ပေမဲ့ ငါနင့်ကိုဆက်သွယ်မှာ...


ဒါ ငါ့ရဲ့အဖိုးတန်ရတနာအသစ်လေးပါ... ငါနင့်ကို တချို့လောက်မျှပေးလိုက်မယ်နော်....]


ကျန်းရှောင်မန်က ပန်းမျိုးစေ့နှင့်တူသော အနက်ရောင်အမှုန်သေးသေးလေးများ လက်တစ်ဆုပ်စာကို စာအိတ်ထဲတွင်ထည့်ပေးလိုက်၏။ 


သို့ရာတွင် ၎င်းတို့က မျိုးစေ့များမဟုတ်ဘဲ ပိုးကောင်ဥများဖြစ်လေသည်။


မကြာသေးမီက ကျန်းဟွေ့မိန်က အိမ်တွင်ပိုးမျှင်ကောင်တချို့မွေးကြည့်ရန် စဥ်းစားမိသောကြောင့် ပိုးမျှင်ကောင်ဥများ ဝယ်လာခဲ့လေသည်။


ကျန်းရှောင်မန်လေးက ဘွားဘွားဆီမှ ထိုအနက်ရောင်ပိုးကောင်ဥများမှာ ပိုးမျှင်ကောင်များအဖြစ် အရင်ဆုံးဥပေါက်လာပြီး 

ပိုးမျှင်ကောင်များက ပိုးတုံးလုံးများအဖြစ်သို့ပြောင်းသွားကာ နောက်ဆုံးတွင် လိပ်ပြာများဖြစ်သွားမှာဖြစ်​ကြောင်း ကြားခဲ့ရ၏။


ပိုးမျှင်ကောင်များက ပိုးချည်တွေအများကြီးထုတ်ပေးမှာဖြစ်ပြီး သူတို့အား နူးညံ့ပြီးနွေးထွေးသည့် ပိုးစောင်များပြုလုပ်ရန် သုံးနိုင်လေသည်။


လုပ်ငန်းစဥ်တစ်ခုလုံးက ရှုပ်ထွေးလှပြီး ကျန်းရှောင်မန်  နားမလည်သော်လည်း သူမ၏ ၎င်းတို့အပေါ် စိတ်ဝင်စားမှုအား သက်ရောက်ခြင်းမရှိပေ။ 


၎င်းတို့ပ အရမ်းပျော်စရာကောင်းသည်ဟု သူမထင်မိသဖြင့် သူမ၏သူငယ်ချင်းနှင့် မျှဝေရမည်ဖြစ်လေသည်။ သူမနှင့် အတူတူစောင့်ကြည့်ဖို့ရန် ယွီချင်ရှစ်ဆီသို့ ပို့ပေးလိုက်သည်။


စာကို စာတိုက်ရုံးကနေပို့လိုက်ခြင်းဖြစ်လေသည်။ ပို့ချင်သည့်နေရာကို ရောက်ဖို့ရန် အချိန်အတော်ကို ယူရ၏။


ကျန်းရှောင်မန်မသိသည်ကတော့ နောက်ဆုံး၌ ယွီချင်းရှီဆီသို့ ထိုစာရောက်သွားချိန်တွင် သူမပို့လိုက်သည့် ပိုးကောင်ဥများက ပိုးကောင်ဥတွေမဟုတ်ကြတော့ပေ။


အောင်မြင်စွာ ဥပေါက်ပြီးသွားသည့် ပိုးမျှင်ကောင်ငယ်များ ဖြစ်သွားကြသည်။


အဖြူရောင်ပိုးတုံးလုံးများဟုခေါ်ပြီး အများအားဖြင့်ခေါ်ကြသည်က ပိုးကောင်ငယ်များဟုလည်း ခေါ်ကြသည်။


၎င်းတို့က ယွီချင်းရှီ အကြောက်ဆုံးအရာများပင်..


ယွီချင်းရှီကျန်းရှောင်မန်ဆီမှစာကို ဖွင့်ဖောက်ပြီးချိန်တွင် စာအိတ်ကို ကြောက်လန့်တကြား လွင့်ပစ်လိုက်၏။ 


မကြာမီပင် သူ၏အခန်းဆီမှ ကမ္ဘာတုန်ဟီးလောက်သည့်ငိုသံများ ပေါက်ကွဲထွက်လာခဲ့လေ သည်။ 


"ဝူး...ဝူးး...ဝူးးး"


အဲဒီ့ကျန်းရှောင်မန်ဆိုတဲ့ကောင်မလေးက တကယ်ကြီး တအားကိုကြောက်စရာကောင်းတာပဲ...အရမ်း​ကြောက်စရာကောင်းတယ်လို့....



တစ်ချိန်တည်း၌ ရွာထဲတွင် စာရေးလေ့ကျင့်နေသူလေး ကျန်းရှောင်မန်သည် စနစ်ဆီမှ အကြောင်းကြားသံကိုကြားလိုက်ရ၏။


[ပိုင်ရှင်... ယွီချင်ရှစ်ကို ခြောက်လန့်ပြီးငိုအောင်လုပ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်


ဘောနပ်စ်:+၁၀မှတ်]


[အမှတ်တွေ လက်ခံရရှိပါတယ်....


လက်ကျန်အမှတ် : -၈၉၀]


ကျန်းရှောင်မန် နားမလည်နိုင်စွာဖြင့် ခေါင်းကိုကုတ်လိုက်သည်။


"သူဘာလို့ငိုနေတာလဲ..."


စနစ်လည်း မသိချေ။ သူ့က၎င်းကို မှတ်တမ်းထဲတွင် သိမ်းဆည်းဖို့သာ တာဝန်ရှိလေသည်။ ပြီးလျှင် မှတ်တမ်းထဲတွင် သိမ်းဆည်းပြီးပါက အမှတ် ပေးအပ်ရမည်ဖြစ်၏။


သူ၏ပိုင်ရှင်ဖြစ်သူက ခေါင်းကိုကုတ်ကာ အချိန်အတော်ကြာအောင် တွေးတောဆင်ခြင်ပြီးမှ ရုတ်တရတ် သဘောပေါက်သွားလေသည်။ 


"အိုး...သမီးသိပြီ...ရင်ထဲထိလွန်းလို့ သူမျက်ရည်လည်သွားတာပဲ ဖြစ်ရမယ်...ဆရာထန်ကပြောတယ်... ပျော်ရွှင်မှုနဲ့ပေါင်းစပ်နေတဲ့

ဒီစိတ်ခံစားချက်ကို ပီတိလို့ခေါ်ပြီးတော့ တန်ဖိုးဖြတ်မရနိုင်ဘူးတဲ့..."


"..."


သူ့တွင်ရုပ်အသွင်သဏ္ဍာန်သာရှိပါက စနစ်က

သူမအား တကယ်ကို  လက်ခုပ်တီးပေးလိုက်ချင်၏။