Chapter 7
Viewers 2k

🤒အခန်း ၇ 

[အဖျားတက်ခြင်း]



ကျူးထုန်မှာ ကလေးအရွယ်မှ အရွယ်ရောက်သည်အထိ အိမ်မှနေ၍ ကျောင်းတက်ခဲ့ရသည်။ တစ်နှစ်လုံးနေ၍ပင် ကျောင်းသို့ တစ်ခေါက်မသွားပေ။


ကျူးထုန်၏ ဒုတိယမြောက်ကျောင်းမှာ ဆေးရုံဖြစ်လေသည်။ နေ့ပိုင်းစာသင်ချိန်ဆိုတာဘာကြီးလဲ။ သူတစ်ခါမှမကြားဖူးဘူး။


ကျူးထုန်မှာ သူ့ကို အထူးဂရုစိုက်မှုမပေးရန် အဘိုးဖြစ်သူကို အလေးအနက်ထားပြီးရှင်းပြခဲ့သည်။


သူဘာတွေလုပ်လိုက်မိတာလဲ။


ကျုးထုန်က ဗြုန်းစားကြီးဆုံးဖြတ်ချက်ချလိုက်သည်။ 


"ငါကျောင်းအုပ်ကိုသွားပြောမယ်..." 

သူလည်း နေ့ပိုင်းစာသင်ချိန်ယူရတော့မည်။


စနစ်က သူ့ကိုသတိပေးလာ၏။ 

"အခုက ညဘက်ကြီးနော်..."


"..."


ကျုးထုန် အခုမှ သဘောပေါက်သွားခဲ့သည်။ အဆောင်နေကျောင်းသားများမှလွဲ၍ ညဘက်တွင် ကျောင်းသွား၍မရပေ။ ရှောက်မင်သာဒီကိစ္စကိုသိသွားရင် ကျူးထုန်ကိုဘယ်လိုထင်မလဲ။


ကျူးထုန် ငါးရာခိုင်နှုန်းသာကျန်တော့သော နှစ်သက်မှုပြဘားတန်းကိုကြည့်လိုက်သည်။ ဘားတန်းက တိုးတက်မလာဘဲ အခြေအနေများက ပို၍သာဆိုးရွားလာသည်။


စနစ်က ကျူးထုန်ကိုနှစ်သိမ့်ပေးလာရှာ၏။ 


"လိုက်လျောညီထွေဖြစ်ဖို့ကအရေးကြီးလား၊ အသက်ကအရေးကြီးလား..."


ကျုးထုန်က အမှန်အတိုင်းပြန်ဖြေလိုက်သည်။ "အသက်ကအရေးကြီးတာ..."


စနစ်: "..."


နောက်ဆုံးတော့ ကျူးထုန်မှာ အပေးအယူလုပ်ပြီး အခန်းကို စိတ်မပါစွာဖြင့်ပြန်သွားလိုက်ရသည်။ မီးများကိုပိတ်လိုက်ပြီးသည့်အခါ မာတောင့်တောင့် သစ်သားပြားအိပ်ရာပေါ်တွင်လှဲအိပ်လိုက်၏။ ကျုးထုန်ကိုယ်ပေါ်ရှိဆဲလ်များအားလုံး မသက်မသာဖြစ်နေသည်။ အိပ်ရာကမာလွန်းပြီး အိပ်၍မကောင်းပေ။ ဟောက်သံများက နားမခံသာ။ လေထဲပျံ့နေသော ခြေဆီအနံ့များက နံလွန်းလေသည်။


ကျူးထုန်မှာ လုံးဝအိပ်မရတော့ပါချေ။ လှဲနေရာမှ ညလယ်ခေါင်တွင် လုံးဝသည်းမခံနိုင်တော့၍ အိပ်ရာပေါ်မှချက်ချင်းထပြီး လေသာဆောင်တွင်ရပ်နေလိုက်သည်။ ကျူးထုန် လတ်ဆတ်သည့်လေကိုရှူလိုက်မှ သူနောက်တကြိမ်အသက်ပြန်ရှင်လာသလို ခံစားရလေ၏။


ကျူးထုန် ဖုန်းကိုထုတ်ကာ အချိန်ကိုကြည့်လိုက်သည်။


လေးနာရီထိုးတော့မယ်။ ကောင်းလိုက်တာ။ မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ရောက်ဖို့ နှစ်နာရီပဲလိုတော့တယ်။


ကျူးထုန် မအိပ်တော့ရန်ဆုံးဖြတ်လိုက်၏။


မနက်ပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အစောပိုင်း၌ ကျူးထုန်တစ်ယောက် မျက်လုံးအောက်တွင် အမည်းကွင်းကြီးနှစ်ကွင်းဖြင့် စာသင်ခန်းတွင်ပေါ်လာလေသည်။ ကျူးထုန် ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်နှင့် စားပွဲခုံပေါ်တွင် ချက်ချင်းအိပ်ပျော်သွားလေတော့၏။


အတန်းထဲမှလူတိုင်း နောက်ကျမည်စိုးသောကြောင့် စာသင်ချိန်အမီရောက်လာရလေရာ ကျူးထုန်အိပ်ပျော်နေသည်ကို ထူးဆန်းသလိုမမြင်ကြပေ။


အစကမူ မနက်ပိုင်းစာသင်ချိန်တစ်ချိန်လုံးပြီးသွားသည်အထိ ကျူးထုန် တစ်ခုခုဖြစ်နေသည်ကို သတိထားမိသူမရှိသေးချေ။ ကန်တင်းမှပြန်လာသည့်လူအုပ်ကြီးက စာသင်ဆောင်တွင်ငလျင်လှုပ်နေသလို တရုန်းရုန်းဖြစ်နေသည်အထိ ကျူးထုန်က လှုပ်မလာသေးပဲရှိလေသည်။


အိမ်စာရေးပြီးသည့်ထျန်နွမ်က မနက်စာသွားစားရန်လုပ်နေသည်။ သူမလှည့်ကြည့်လိုက်သည့်အခါ ကျူးထုန်က စားပွဲပေါ်တွင် မှောက်အိပ်လျက်သားရှိနေသေး၍ အကူအညီမဲ့သလိုပြုံးပြီး ကျူးထုန်လက်မောင်းကိုတွန်းလိုက်သည်။ 


"ကျူးထုန်ရေ၊ ထမင်းသွားစားကြမယ်..."


"...."


ကျူးထုန်က မလှုပ်လာသေးပေ။


ထျန်နွမ်က ခဏမျှတောင့်တင်းသွားကာ ထပ်ခေါ်လိုက်ပြန်သည်။ 


"ကျူးထုန်..."


"အင်း..." 


ကျူးထုန်က ညည်းညူသံဖြင့်ခေါင်းလှည့်လာသည်။


တစ်ယောက်ယောက်က အထိတ်တလန့်ဖြင့် လူတစ်ယောက်၏နာမည်အားခေါ်နေသည်ကိုကြားလိုက်ရသည်နှင့် ရှောက်မင် နားကြပ်ဖြုတ်လိုက်သည်။ ရှောက်မင်က ထိုတစ်ယောက်ကိုငုံ့ကြည့်လိုက်လေရာ ထိုသူ၏မျက်နှာက ပုံမှန်မဟုတ်ဘဲ နီရဲနေလေ၏။


"...."


ကျူးထုန်က ဖြည်းဖြည်းချင်းအသက်ရှူနေပြီး အသက်ရှူရာတွင် ခက်ခဲနေပုံပေါ်သည်။


ရှောက်မင်မှာ ကျူးထုန်က တစ်ညတည်းနှင့်ယခုလိုဖြစ်သွားပုံကိုမမြင်ဖူးသေးလေရာ ယခင်ထက်ပိုပြီး ကျူးထုန်ကိုအားနည်းသူဟုထင်မြင်မိသွားခဲ့၏။


ကျူးထုန်ကလက်ဆန့်ကာ သူ့နဖူးသူစမ်းကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ရေးရေးကျုံ့ကာပြောလာလေသည်။ 


"ငါဖျားနေပြီ..."


"ဖျားနေပြီ..." 

ထျန်နွမ် ကြက်သေသေသွားကာ အလိုအလျောက် သူ့လက်ကိုလာကိုင်လေသည်။ 

"ဘုရားရေ...ဘာလို့ဒီလောက်တောင်ပူနေရတာလဲ..."


"...."


"...."


နောက်ဆုံး၌ ကျူးထုန် လုံးဝနိုးသွားခဲ့ပြီး အားမရှိစွာဖြင့်လက်ယမ်းပြလိုက်သည်။ 


"အဆင်ပြေပါတယ်..." 

မနေ့ညက လေအေးခံလိုက်မိတာကြောင့်နဲ့ အိပ်ရေးပျက်သွားတာကြောင့်ဖြစ်မှာပါ။


ရှောက်မင်: "....." 

ဘယ်နေရာက အဆင်ပြေနေတဲ့ပုံပေါ်လို့လဲ။


ထျန်နွမ်ကလည်း ကြားမှနေကာအမြန်ဝင်ပြောလာလေသည်။ 


"ဒီလောက် ခြစ်ခြစ်တောက်ပူနေတာကိုတောင် အိုကေတယ်လို့ပြောနေသေးတယ်၊ သွားမယ်၊ ကျောင်းကဆေးပေးခန်းကိုခေါ်သွားပေးမယ်..." 


သူမက အတန်းခေါင်းဆောင်အဖြစ်တာဝန်ယူပြီး တက်ကြွစွာဖြင့်ဦးဆောင်လိုက်၏။


ထျန်နွမ်က ပြောပြီးသည်နှင့် ကျူးထုန်၏စားပွဲခုံကိုပတ်သွားပြီး ကူညီပေးရန်လက်လှမ်းလိုက်သည်။ ထျန်နွမ်မှာ ကျုးထုန်ကိုထူပေးရန်လုပ်သော်လည်း အသုံးမဝင်ချေ။


ထျန်နွမ်က လှည့်ပြောလိုက်၏။ 


"ရှောက်မင်၊ ငါ့ကိုလာကူညီပေးဦး..."


ရှောက်မင်: "......" 

ငါ့ပုံစံက ပရဟိတသမားနဲ့တူနေလို့လား။ 


ရှောက်မင်ကမဲ့ပြုံးပြုံးကာ အရှုံးပေးသည့်ပုံစံဖြင့်ထရပ်လိုက်သည်။


ကျူးထုန်၏ကိုယ်လေးက ရုတ်ချည်းမြောက်တက်သွားကာ စိမ်းသက်သော အငွေ့အသက်ကြောင့် ကျုးထုန်မှာ အလိုလိုရုန်းကန်လေတော့သည်။ 


"ရတယ်၊ ငါ့ဟာငါလမ်းလျှောက်နိုင်တယ်..."


ရလဒ်မှာ ကျူးထုန်ပင် လွတ်အောင်မရုန်းနိုင်မှီ သူ့ခြေထောက်ကမြေကြီးနှင့်လွတ်သွားပြီး အနောက်သို့ ဒယိမ်းဒယိုင်ဖြင့် လဲကျသွားလေသည်။


ရှောက်မင်က အလိုအလျောက် ကျူးထုန်ကိုလှမ်းဆွဲလိုက်လေရာ နှစ်ယောက်လုံး တချိန်တည်းမှာပင်တောင့်တင်းသွားကြသည်။


ကျူးထုန်က ရှောက်မင်၏လက်မောင်းထဲကိုမှီထားလိုက်သည်။ မရင်းနှီးသောအရှိန်အဝါက သူ့အပေါ်မှထွက်ပေါ်လာခဲ့သည်။ သူထင်ထားခဲ့သလောက် စက်ဆုပ်စရာမကောင်းသလိုပင်။


ရှောက်မင်မှာ ကျူးထုန်ကိုတွဲပေးထားရပြီး ထိုလူ၏ တစ်ကိုယ်လုံးမှအပူချိန်က ရေနွေးပူပူလောင်းချခံထားရသလိုဖြစ်နေ၏။ ရှောက်မင်ကိုယ်တိုင်လည်း ကျူးထုန်နှင့်နီးကပ်နေမှုကို မတွန်းထုတ်မိသောကြောင့် နားမလည်နိုင်ဖြစ်နေပြီး သက်သောင့်သက်သာပင်ဖြစ်နေသေးသည်။


"ဘယ်သွားမလို့လဲ၊ ဒီတစ်ခါရော ဘာလုပ်ဦးမလို့လဲ..." 


ထျန်နွမ်က ကျူးထုန်ကို ငေါက်လိုက်ပြီး နှစ်ယောက်ကြားမှ ကို့ရို့ကားယားဖြစ်ဖွယ် လေထုအခိုက်အတန့်လေးကို ကြားဖြတ်လိုက်၏။


မည်သူ့ထံကမှ ကြမ်းကြမ်းတမ်းတမ်းအပြောမခံရဖူးသေးသော သခင်ငယ်လေးကျူးမှာ ပထမဆုံးအနေဖြင့် အဆူခံလိုက်ရလေသည်။


ကျူးထုန် မူးဝေနေစဥ်အတွင်း လူနှစ်ယောက်ကသူ့အား စာသင်ခန်းထဲမှ တွဲထုတ်သွားကြလေ၏။


ကျောင်းဆေးပေးခန်းတွင် ဆရာဝန်က ကျူးထုန်ကို အိပ်ရာပေါ်တွင်လှဲရန်စီစဥ်ပေးလေသည်။


မနက်က ဆွဲထုတ်ခံလိုက်ရချိန်တွင် အခြေအနေဆိုးနေခဲ့ပုံရပြီး ကျူးထုန် အိပ်ရာပေါ်တွင်လှဲလိုက်သည့်အခါ သူ့အသိစိတ်က အနည်းငယ်ဝေဝါးလာနေခဲ့သည်။


"အအေးမိတာဆိုရင်တော့ ဆေးပုလင်းနှစ်လုံးချိတ်လိုက်တာနဲ့ သက်သာသွားမှာပါ..."


ဆရာဝန်က အကျဥ်းချုံးစစ်ဆေးပေးပြီး ကျူးထုန်၏အင်္ကျီကော်လာကိုကြည့်လိုက်သည်။ 


"မင်းကိုကြည့်ရတာ ဓာတ်မတည့်တာလည်းရှိပုံပဲ၊ တကိုယ်ရေးသန့်ရှင်းရေးကိုဂရုစိုက်ပေးတာပိုကောင်းလိမ့်မယ်.."


ဆရာဝန်က စစ်ဆေးပေးမည်ဟုပြောလာတည်းက ထျန်နွမ်က အပြင်တွင်စောင့်နေခဲ့ပြီး အိပ်ရာဘေးတွင်တော့ ရှောက်မင်တစ်ယောက်တည်းသာရှိနေလေသည်။


ရှောက်မင်က အိပ်ရာပေါ်တွင် တစောင်းလှဲနေပြီး ထိုသူ၏အင်္ကျီကော်လာအောက်မှပေါ်နေသည့် နူးညံ့သောညှပ်ရိုးလေးနှင့် ရဲတွက်နေသည့် အနီရောင်အစက်အပြောက်လေးများကိုကြည့်နေမိသည်။ ၎င်းတို့က ဖြူဖွေးသောအသားအရေပေါ်တွင် ထင်းနေလေ၏။


"......"


အိပ်ရာပေါ်မှလူကိုကြည့်နေရင်း ရှောက်မင်စိတ်ထဲတွင် စကားလုံးအချို့ထွက်ကျလာသည်။ 


သေးသေးလေးနဲ့အားနည်းတယ်။ တစ်ချက်ကြည့်တာနဲ့တင် သခင်ငယ်လေးက စံအိမ်ကြီးထဲမှာကြီးလာမယ်ဆိုတာသေချာတယ်။ ဘာလို့ ကျောင်းကိုလာပြီးဒုက္ခခံနေရတာလဲ။


ရှောက်မင် ယခုလိုလူမျိုးကို တစ်ခါမှမတွေ့ဖူးသည်မှာသေချာ၏။


ကျူးထုန်က သူနဲ့အတူ စားပွဲတစ်လုံးတည်းအတူထိုင်ရတဲ့ရည်ရွယ်ချက်ကဘာလဲ။ စာသင်(မေး)ဖို့လား။


 á€‘ိုဥကဟ္ဏင်းပဟခဝက်မဝိုးက နားထောင်ကောင်းရုံသာ။ သူမယုံကြည်ပေ။


ရှောက်မင်၏နှလုံးသားထဲတွင် ဖော်ပြမတတ်သည့် ကသိကအောက်ဖြစ်ဖွယ် အကြောင်းပြချက်က ပေါ်ပေါက်လာခဲ့သည်။ သူက ခပ်တိုးတိုးရေရွတ်ကာ မျက်မှောင်ကြုတ်လိုက်သော်လည်း အေးစက်သည့်ပုံစံက တမဟုတ်ချင်းပြန်ရောက်လာခဲ့၏။


ရှောက်မင်က ဆေးပေးခန်းတွင်အကြာကြီးမနေခဲ့ဘဲ ဆရာဝန်က ကျူးထုန်ကို ဓာတ်ဆားရည်သွင်းပေးပြီးသည်နှင့် ထွက်သွားခဲ့သည်။


အအေးမိခြင်းနှင့် အရေပြားဓာတ်မတည့်မှုကြောင့် ကျူးထုန် တမနက်လုံး အတန်းမတက်နိုင်တော့ချေ။


"မင်းရဲ့ထိုင်ခုံဖော်က နေမကောင်းဖြစ်နေတယ်ဆို..." 


ကန်တင်းတွင်နေ့လည်စာစားနေစဥ် လော့ရှိုးနှင့်ရှောက်မင်က မျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြသည်။


ရှောက်မင်ထမင်းစားနေပုံက ပါးစပ်ထဲတွင် ထမင်းပလုတ်ပလောင်းနှင့်စကားပြောနေသော လော့ရှိုးထက်စာပါက ပိုမိုသိမ်မွေ့သည့်ပုံပေါ်လေသည်။ သူက အာလူးကြော်တစ်ဖတ်ကိုယူ၊ ပါးစပ်ထဲတွင်ထည့်ကာဖြည်းဖြည်းချင်းဝါးနေရင်း ပြောလိုက်လေ၏။ 


"ဖျားနေတာ၊ ၃၈.၃ ဒီဂရီ..."


ပြီးတော့ အရေပြားဓာတ်မတည့်တာရောပဲ။


လူငယ်လေးလည်ပင်းပေါ်မှ အနီရောင်အမှတ်များကို ပြန်တွေးကြည့်လိုက်လျှင် အလွယ်တကူအထင်လွဲစေနိုင်၏။


ကျစ်။ ဘာတွေးမိ၍လည်းမသိ။ ရုတ်တရက် ရှောက်မင်မျက်နှာက ခဏမျှထူးဆန်းသွားတော့သည်။


လော့ရှိုးကသူ့ကို အသေအချာကြည့်နေ၏။


 "မင်းက ထိုင်ခုံဖော်အသစ်ကို သဘောမကျဘူးလို့ ငါဘာလို့ခံစားနေမိပါလိမ့်.."


ရှောက်မင်ကပြုံးကာ ပြန်ဖြေလေသည်။ 


"မဟုတ်ပါဘူး၊ သူက အဆင်ပြေပါတယ်..."


လော့ရှိုး: "....."


အင်း၊ အဲဒါကဘာအဓိပ္ပါယ်လဲ။


လော့ရှိုးက အသားဖတ်ကိုထပ်ကိုက်လိုက်ပြီး ရုတ်တရက် ရှောက်မင်ကိုစိုက်ကြည့်နေလိုက်သည်။


"ကျူးထုန်က မင်းနောက်ကိုလိုက်လာတာလား..."


ရှောက်မင်က တိတ်ဆိတ်နေပြီးမှပြောလိုက်သည်။ 


"သူလည်း A မြို့ကနေလာတာပဲ..."


"A မြို့ကလာတော့ဘာဖြစ်..." 

လော့ရှိုးက ထိုအထိပြောပြီးသည့်အခါ မျက်မှောင်ကြုတ်သွားလေသည်။

"မင်းထင်နေတာက ကျူးထုန်ကမင်းအဖေ..."


ရှောက်မင်က သူ့ကိုဆတ်ခနဲကြည့်လိုက်သည်။


လော့ရှိုးကချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်၏။ 

"သူကအဲဒီမှာနေပြီး စီစဥ်နေတာလား..."


"......"


ရှောက်မင်က စကားမပြောတော့ပေ။


လော့ရှိုး: "မဖြစ်နိုင်တာ၊ ငါတို့တစ်ယောက်ကိုတွေ့ထားတာတောင်မကြာသေးဘူး၊ ဒါမျိုးကိုပဲနောက်တစ်ခါထပ်လုပ်ပြန်ပြီ၊ သူတို့ကမင်းကို စောင့်ကြည့်နေတဲ့အပြင် စားပွဲတစ်လုံးထဲမှာ အတူထားတယ်ပေါ့၊ ရူးသွားကြပြီလား..."


ရှောက်မင်က နောက်တကြိမ်ထပ်ပြုံးလိုက်သည်။ 


"ကျူးထုန်က ငါ့အတွက်နဲ့ ဒီကိုရောက်လာတယ်ဆိုဆာက ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ရင်လည်းမဟုတ်ဘူး၊ နောက်ပြီး ငါကအရမ်းချောတယ်လေ..."


လော့ရှိုး: "....."


လော့ရှိုးက နှုတ်ခမ်းစူပြီး ပြန်ချေပလေ၏။ 


"ပြောရရင် မင်ကော၊ မင်းကအရမ်း ထိရှလွယ်တယ်၊ A မြို့မှာနေတဲ့လူကအများကြီး၊ A မြို့ကလူတိုင်းကို မင်းမစောင့်ကြည့်နိုင်ဘူး ဟုတ်တယ်မလား၊ ကျန်တဲ့ A မြို့ကလူတွေကတော့ မင်းကိုရန်မစနိုင်ပါဘူး..."


ရှောက်မင်: "မင်းဦးနှောက်လေးကိုလေးစားတတ်ရင် A မြို့ကနေဝေးဝေးနေတာ ပိုကောင်းမယ်နော်..."


လော့ရှိုး: "မင်းက ပထဝီမြေပြင်အရ ခွဲခြားဆက်ဆံနေတာပဲ.."


ရှောက်မင်လည်း မငြင်းနိုင်တော့ပေ။


ရှောက်မင်က သူ့ကိုစကားမပြောလိုတော့သည်ကို ခံစားလိုက်မိ၍ သူလည်းစားသည့်အပေါ်တွင်သာ အာရုံစိုက်ထားလိုက်တော့သည်။


ရှောက်မင်က တူကိုချကာ လော့ရှိုးစားပြီးသည့်အချိန်အထိ စောင့်နေလိုက်၏။


ရှောက်မင်က ဘက်လိုက်တတ်သူမဟုတ်။ သူတို့ဘက်ကိုယိမ်းနေသော A မြို့မှလူများနှင့် မကောင်းသောဖြစ်ရပ်ဟောင်းများရှိခဲ့ရုံသာ။ ထို့အပြင် ရှောက်မင်ကလည်း သူ့ဘေးတွင် မသေချာမှုများရုတ်တရက်ပေါ်လာခြင်းကိုမကြိုက်ပေ။


ကျူးထုန်က ဤနေရာကို ရည်ရွယ်ချက်ရှိရှိဖြင့်ရောက်လာခဲ့သည်။


ထိုကောင်လေးက စာသင်ရန်ရောက်လာခြင်းဖြစ်ပြီး ရှောက်မင်ကို ရန်စရန်လာခဲ့ခြင်းမဟုတ်လျှင်၊ ကျူးထုန်သာ သူ့ကိုအာရုံစိုက်လာရအောင်မလုပ်ခဲ့လျှင် ရှောက်မင်လည်း အတန်းထဲတွင် ခင်မင်မှုကိုထိန်းသိမ်းရန် ဆန္ဒရှိပေသည်။ သို့ရာတွင် ရှောက်မင်တွေးထားခဲ့သမျှနှင့် ဆန့်ကျင်ဘက်ဖြစ်လာခဲ့ပါက အကြောင်းအရာက တစ်မျိုးပြောင်းသွားနိုင်လေသည်။


ကျောင်းရုံးခန်းထဲတွင် အရေပြားဓာတ်မတည့်မှုရောဂါကြောင့် ဆေးအိတ်ချိတ်ပြီးသည်နှင့် ကျူးထုန်မှာ ရှစ်ဝမ်ရှူကို သွားတွေ့ရ၏။ ကျောင်းက အကြောင်းအရင်းကိုမမေးဘဲ ကျူးထုန်အတွက် နေ့အတန်းများကိုစီစဥ်ပေးလိုက်သည်။


ယင်းကြောင့် ကျူးထုန်မှာ ကျောင်းအုပ်နှင့်သွားမတွေ့ရတော့ပေ။ နေ့လည်အတန်းပြီးသည့်နောက် ကျုးထုန်မှာ အပြင်တွင်နေရန်နေရာရှာပေးရန် အန်ကယ်လျိုကို အကူအညီတောင်းရတော့သည်။


အလုပ်လုပ်ရာတွင်တိကျသောအန်ကယ်လျိုက သူနှစ်သက်မည့်နေရာများကို အမြန်ဆုံးရှာဖွေပေးလာ၏။ ညနေပိုင်းအတန်းချိန်ပြီးသည့်အခါ ကျုးထုန်က အန်ကယ်လျိုလိုက်ပို့ပေးသောနေရာများကို လိုက်ကြည့်ပြီး သူနေမည့်နေရာကိုရှာတွေ့သွားလေသည်။


အခန်းငှားပေးထားသည့်အိမ်က ကျောင်းနှင့်မဝေးပေ။ B and B နှင့် ခြံဝန်းပုံစံတည်ဆောက်ထားသည်။ အိမ်အနေအထားက ကြယ်ငါးပွင့်အဆင့်ဟိုတယ်ခန့်မကောင်းသော်လည်း ကောင်းစွာသန့်ရှင်းထားပြီး အဆောင်တွင်နေရသည်ထက် ပိုကောင်းနိုင်သည်။


အိမ်ပိုင်ရှင်အမျိုးသမီးက အသက်သုံးဆယ်ရှိပြီ။ သူမက ကျူူထုန်ကို နေမည့်အခန်းသို့ခေါ်သွားပေးခဲ့၏။ တံခါးဖွင့်ပြီးနောက် သူမကပြောလာခဲ့သည်။ 


"လူချောလေး၊ မင်းလည်း အမှတ် ၁ အလယ်တန်းကျောင်းကပဲလား..."


အခန်းကပထမထပ်တွင်ရှိပြီး ခြံဝန်းကိုမျက်နှာမူထားသည်။ ကျူးထုန်က သူမအနောက်မှလိုက်လာရင်း ခေါင်းညိတ်ပြလိုက်၏။ 


"ဟုတ်ကဲ့..."


"တိုက်ဆိုင်လိုက်တာ..." 

အိမ်ပိုင်ရှင်ကပြုံးလာလေသည်။ 

"မင်းရဲ့ဘေးအခန်းက တစ်ယောက်လည်း အမှတ် ၁ အလယ်တန်းကျောင်းကပဲလေ၊ ဒုတိယနှစ် တန်းခွဲသုံးမှာတက်နေတာ၊ မင်းရော ဘယ်အတန်းကလဲ..."


ကျူးထုန်မှာ "ကျွန်တော်လည်း ဒုတိယနှစ်တန်းခွဲသုံးကပါ" ဟုပြောတော့မည့်ဆဲဆဲမှ ခဏမျှကြက်သေသေနေပြီးနောက် ရုတ်ချည်း အတွေးတစ်ခုပေါ်လာခဲ့လေသည်။


တိုက်ဆိုင်လွန်းတာတော့မဖြစ်နိုင်ပါဘူးနော်။


ယနေ့ နေ့ပိုင်းအတန်းချိန်အတွက်စီစဥ်နေရစဥ်က မေးကြည့်ခဲ့ပြီး တန်းခွဲသုံးတစ်တန်းလုံးတွင် သူ့ဘေးတွင်ထိုင်သည့်တစ်ယောက်သာ အပြင်တွင်ထွက်နေပုံရသည်။


ကျူးထုန်နှလုံးသားမှာ တင်းကြပ်သွားရ၏။


 "အဲဒီကျောင်းသားနာမည်ကိုပြောပြလို့ရမလားဗျ.."


"Oh...သူ့နာမည်က..."


အိမ်ပိုင်ရှင်ပြောတော့မည့်အချိန်တွင် ခြံတံခါးကအပြင်မှတဆင့် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရကာ လူတစ်ယောက်က စက်ဘီးကိုတွန်းရင်းအိမ်ထဲသို့ဝင်လာခဲ့လေသည်။


အိမ်ရှင်မျက်လုံးများက ချက်ချင်းဆိုသလို လက်ခနဲဖြစ်သွားလေ၏။ 


"ဟေ့..ရှောက်ရှောင်း၊ ဒီကိုအမြန်လာ ရှောက်မင်၊ ငါတို့အခုလေးတင် မင်းအကြောင်းကိုပြောနေကြတာ..."


ကျူးထုန်နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားရသည်။


မစ္စ၊ စကားကို ဟိုမရောက်သည်မရောက်မပြောနဲ့လေ။


"ခင်များ"ပဲ ပြောနေတာလေ။ "ငါတို့" လို့ မပြောပါနဲ့။


ကျူးထုန်အနေဖြင့် ရှောက်မင် ဤနေရာတွင်နေမှန်းမသိပါချေ။


ရှောက်မင်က ခြံအဝင်ဝတွင်ရပ်နေရင်း မော့ကြည့်လိုက်သည့်အခါ သူ့ထိုင်ခုံဖော်က အိမ်ရှင်အနားတွင်ရပ်နေသည်ကိုတွေ့လိုက်ရလေတော့၏။


ရှောက်မင်က ခဏတဖြုတ်ခန့်ငြိမ်နေပြီး သူ့မျက်လုံးထဲတွင် အေးစက်မှုတစွန်းတစက ဖျတ်ခနဲလက်သွားလေသည်။


သူကပြုံးရင်းပြောလိုက်သည်မှာ...


"ကျုးထုန်၊ တိုက်ဆိုင်လိုက်တာနော်..."



ကျုးထုန်: "......" 


တိုက်ဆိုင်တယ်၊ ဘာကိုတိုက်ဆိုင်တာလဲ၊ တိုက်ဆိုင်တယ်လို့များ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။


ကျူးထူန်မှာ စိတ်ထဲတွင် အော်ဟစ်သောင်းကျန်းနေပြီး အပြင်ပန်းတွင်မူ တည်ငြိမ်နေလေ၏။ ကျူးထုန် စကားပြောတော့မည့်အချိန် စိတ်ထဲမှ စနစ်၏အသံက ဗြုန်းစားကြီးထွက်လာလေသည်။ 


"လရောင်ဖြူလေးရဲ့နှစ်သက်မှုက ငါးရာခိုင်နှုန်းကျသွားပါတယ်၊ လက်ရှိ နှစ်သက်မှုနှုန်းက သုညပါ..."


ကျူးထုန်: "....."


ကျူးထုန်က တိုက်ဆိုင်သွားသောတွေ့ဆုံမှုကို ရှင်းပြရန်ပြင်လိုက်သည်။ စနစ်၏မက်ဆေ့ချ်ကိုကြားလိုက်ရလင့်ကစား စိတ်အနှောင့်အယှက်မဖြစ်မိပေ။ အကြောင်းမှာ ကြိုးစားနေရန်ပင်မလိုအပ်တော့သောကြောင့်ပင်။ သူ့ကံကြမ္မာကိုကြိုတင်သတ်မှတ်လိုက်ပြီလား။ ကျူးထုန်မှာ ငရဲမင်းကို အနှေးနှင့်အမြန်သွားတွေ့ရတော့မည်လား။




🤒