Chapter 8
Viewers 2k

🤒အခန်း ၈




ခြံဝန်းထဲတွင်ရပ်နေသောလူငယ်လေး၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်လှသောအပြုံးလေးရှိနေ၏။


ကျူးထုန်မှာ ရှောက်မင်က စိတ်အခြေအနေမကောင်းလေ သူ့အပြုံးကပိုကြီးလာလေမှန်း သိထားလေသည်။


အပြုံးအောက်မှာ ဓားပေါင်းများစွာဝှက်ထားသည်။ ဝါဂွမ်းစထဲတွင် အပ်ပေါင်းများစွာ ပုန်းကွယ်နေသည်။


သူကား ဘယ်တော့မှ ရှောက်မင်၏မျက်နှာထားကိုမယုံကြည်ပေ။


စနစ်က တဂျီဂျီဖြင့်မြည်တွန်တောက်တီးနေလေ၏။ 

'host ရဲ့အမေက ဒီလိုမျက်နှာမျိုးလေးနဲ့မွေးပေးခဲ့တာကို ကျေးဇူးတင်သင့်တယ်၊ မဟုတ်ရင် အခုအချိန်မှာ တကယ်ကို ငရဲမင်းနဲ့တွေ့နေရလောက်ပြီ'


ကျူးထုန်: "......"


သူကား စနစ်ကို သံထည်ဟောင်းကြီးဟုအမည်ပေးခဲ့သင့်သည်။


သံထည်ဟောင်းကြီး 666 ၊ နှုတ်ကြမ်းလျှာကြမ်း၊ လျှာရိုးမရှိတိုင်းပြောသည့်အဘိုးကြီး။


သို့သော်လည်း စနစ်၏စကားကအဓိပ္ပါယ်ရှိသည်။


သူ့မျက်နှာလေးကြောင့်ရလာသော နှစ်သက်မှုငါးရာခိုင်နှုန်းကြောင့်သာမဟုတ်ပါက လက်ရှိဘားတန်းမှာ အနုတ်ဘက်ကိုရောက်နေနိုင်၏။


'ကျေးဇူးပဲအမေရေ၊ ကျွန်တော့်ကို ဒီလိုရုပ်ချောချောလေးမွေးပေးခဲ့တာ'


သူမှင်သက်နေဆဲမှာပင် အိမ်ရှင်ထံမှ အံ့အားသင့်သွားသလို 'ဟယ်' ဆိုသောအသံထွက်လာလေ၏။ သူမက ကျူးထုန်ကိုကြည့်ကာမေးလေသည်။ 


"မင်းတို့အချင်းချင်းသိကြတာလား..."


ကျူးထုန်: "ကျွန်တော်တို့က...."


"သိကြတာပေါ့ဗျာ..." 

ရှောက်မင်က မဝေးလှသောနေရာမှလှမ်းပြောလိုက်သည်။ သူကစက်ဘီးကို ခြံအဝတွင်ထိုးထားခဲ့ပြီး ခေါင်းမော့ကာ သူတို့ထံသို့လျှောက်လာလေသည်။ 


"ကျွန်တော်တို့က အတန်းဖော်တွေဖြစ်ရုံတင်မဟုတ်ဘူး၊ အတူလည်းထိုင်ကြတယ်လေ..."


"....." 


စကားက နားထောင်ကြည့်လျှင် ပုံမှန်ဖြစ်နေသော်လည်း ကြားလိုက်ရသည့်ကျူးထုန်ကမူ ကျောရိုးတလျှောက် စိမ့်တက်သွားရလေသည်။


အိမ်ရှင်က အံ့အားသင့်သွားသလိုဆက်ပြောလာပြန်သည်။ 

"တကယ်လား၊ တိုက်ဆိုင်လိုက်တာနော်.."


ကျူးထုန်မှာ သူမပါးစပ်ကို ချက်ချင်းလှမ်းပိတ်ချင်သွားရသည်။


'တောင်းပန်ပါတယ်ဗျာ၊ ခဏလောက်ပါးစပ်လေးကိုပိတ်ထားပေးပါလား'


သူစကားပြောရန် ပါးစပ်ဟလိုက်ချိန်မှာပင် ရုတ်တရက် သူ့လည်ချောင်းတွင်နေရခက်လာပြီး ဒေါသတို့ကို လေငွေ့များအဖြစ်ဟပ်ထုတ်လိုက်ရသည်။


'အဟွတ်၊ အဟွတ်၊ အဟွတ်'


တစ်ခါချောင်းစဆိုးလိုက်သည်နှင့် ခလုတ်ဖွင့်လိုက်သလို ရပ်မရတော့ပေ။


"အဟွတ်၊ အဟွတ်၊ အဟွတ်'


ကျူးထုန် အသက်ရှူကျပ်လာသည်။ သူ့ကိုယ်လေးက ယိုင်ကျသွားသောကြောင့် တံခါးဘောင်ကိုလက်ဖြင့်ထောက်ရင်း ထိန်းထားရ၏။


ရုတ်တရက်ဖြစ်သွားသောအခြေအနေကြောင့် အိမ်ရှင်မှာ ထိတ်လန့်သွားရကာ ပျာပျာသလဲအနားကပ်လာပြီး မေးလာလေသည်။ 


"ကျောင်းသားလေး၊ ရရဲ့လား၊ ဘာဖြစ်တာလဲ..."


အနားကပ်လာသည့်ရှောက်မင်လည်း မျက်မှောင်ကြုတ်သွားသည်။


မနက်က ကျူးထုန်တစ်ယောက် အပြင်းဖျားထားသည်ကိုတွေးမိလိုက်သည်နှင့် ယခုလေးတင်ပေါ်လာသောသံသယတို့မှာ စိုးရိမ်စိတ်တို့ဖြင့် ယာယီမျှဖုံးအုပ်ခံလိုက်ရလေသည်။


ကျူးထုန်မှာ ရှိသမျှအားအင်တို့ဖြင့် ပါးစပ်ကိုပိတ်ထားရင်း ချောင်းဆိုးသည့်အရှိန်ကို ရပ်သွားအောင်လုပ်နေရရှာသည်။


သူကား အသက်ခပ်ပြင်းပြင်းရှူကာ အိမ်ရှင်ကိုလက်ယမ်းပြလိုက်ရ၏။


 "ရ...ရပါတယ်၊ နည်းနည်း အနားယူဖို့လိုနေရုံပါ..."


သူ့မှာ ရှောက်မင်၏လက်ရှိမျက်နှာထားကို ထည့်တွေးမနေတော့ဘဲ အိမ်ရှင်ကိုဆက်ပြောလိုက်ရသည်။ 


"အဒေါ်၊ စိတ်မရှိပါနဲ့၊ အရင်ထွက်သွားပေးလို့ရမလား..."


အိမ်ရှင်မှာ တဒင်္ဂမျှကြောင်အနေပြီး ခပ်မြန်မြန်ပင်ပြောလိုက်ရလေ၏။ 


"ကောင်းပြီလေ၊ ရတယ်၊ မင်းကောင်းကောင်းအနားယူလိုက်ဦး..."


သူမ အခန်းထဲမှထွက်သွားပြီး တံခါးကိုပါပိတ်ပေးသွားခဲ့သည်။


တံခါးပိတ်သွားမှ ကျူးထုန်က တံခါးကို ပျော့တိပျော့ဖတ်နှင့်မှီလိုက်ရသည်။ သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေသောအတွေးတို့က ပလူပျံနေလေ၏။ 'ဒါက နှစ်သက်မှုရာခိုင်နှုန်း ရုတ်တရက်ကျသွားတဲ့အတွက်ပေးတဲ့ ပြစ်ဒဏ််လား'


စနစ်: "..."


ဟုတ်လောက်တယ်။


ကျူးထုန် ပါးစပ်ကိုအုပ်ခဲ့သည့် လက်ဖဝါးကိုပြန်ကြည့်လိုက်သည်။


ကံကောင်း၍ ဤတစ်ခေါက်ချောင်းဆိုးရာတွင် သွေးမပါခဲ့ပေ။ အနည်းငယ်မျှ စိတ်ရှုပ်စရာကောင်းသွားရုံသာ။


ရောဂါက ရုတ်ချည်းထလာခဲ့သောကြောင့် ရှောက်မင်ကို နောက်ပိုင်း ကိစ္စများအားရှင်းပြရန်ပင်အချိန်မရလိုက်ပေ။


နှစ်သက်မှုရာခိုင်နှုန်းများ ကုန်သွားလည်း အဆင်ပြေပါသည်။


သို့ထိတိုင် သူ့အနေဖြင့် ရှက်နေဆဲပင်။


အိမ်ငှားသည့်အခြေအနေမှာပင် "တိုက်ဆိုင်နေသည်" ဆိုပါက သူရှင်းပြလည်း ရှောက်မင်ကယုံကြည်တော့မည်မဟုတ်ချေ။


တကယ်ပင်....နောက်ဆုံးတော့ သူ ICU မှထွက်လာနိုင်ခဲ့သည်။ သို့သော်လည်း မျက်တောင်တခတ်စာအတွင်း အခြေအနေမှာ ပိုဆိုးသွားခဲ့၏။


စနစ်: "Host ရဲ့အစီအစဥ်ကဘာလဲ..."


ကျူးထုန်က တခဏမျှတွေးနေပြီးမှပြန်ဖြေလိုက်၏။ 

'ငါသူ့ကိုမသိသလိုပဲနေလိုက်တော့မယ်'


စနစ်: "??"


ကျူးထုန်က ဘာမှထပ်မရှင်းပြတော့ပေ။ သူအလွန်အမင်းအိပ်ချင်လာသောကြောင့် မကြာခင်မှာပင် အိပ်မောကျသွားခဲ့သည်။


တံခါးအပြင်တွင်တော့ ကြောက်လန့်သွားပုံရသောအိမ်ရှင်ကို ရှောက်မင်က နှစ်သိမ့်ပေးနေရသည်။ အခန်းထဲမှ လှုပ်ရှားသံတစုံတရာမကြားတော့မှ သူ့အခန်းကိုပြန်သွားခဲ့၏။


သူကား အနည်းငယ်မျှ ဇဝေဇဝါဖြစ်နေမိလေသည်။


လော့ဂျစ်ဆန်လွန်းလှပြီး နှုတ်တိုက်ချပေးထားသလို တိုက်ဆိုင်မှုများက အလွန်အမင်းများလာခဲ့သည်။


တစ်ကျောင်းတည်း၊ တစ််တန်းတည်း၊ စားပွဲခုံတစ်လုံးတည်း...အခု နေမည့်နေရာပင် အတူတူဖြစ်နေလေသည်။


သို့တိုင် ကျူးထုန်ကအားနည်းကာ ချူချာ၏။


ချမ်းသာသောမိသားစုမှရောက်လာပြီး ပျော့လွန်းလှသည်။


ကျူးထုန်၏ကျန်းမာရေးနှင့်စည်းစိမ်အရပြောရလျှင် ပတ်ဝန်းကျင်ကောင်း၌နေထိုင်သင့်သည်။ နွေးထွေးပြီးသက်သောင့်သက်သာရှိသောနေရာက သူ့ကျန်းမာရေးအတွက် ပိုသင့်လျော်နိုင်သည်။


သို့တစေ ကျူးထုန်က ကုန်းရွှေအမှတ် ၁ အလယ်တန်းကျောင်းကိုရောက်လာပြီး ဒုက္ခခံနေသည်။


ဒီလောက်ချမ်းသာပါလျက်နဲ့ ဘာလို့ဒီမှာလာနေရတာလဲ။


သူ၏ အချိန်မရွေးချောင်းဆိုးသွေးအန်ပြီးသေသွားနိုင်ပုံကိုကြည့်ပါက...ယခုလို ထူးဆန်းသည့်ဆုံးဖြတ်ချက်အပေါ်တွင် သူ့အသက်ကို လောင်းကြေးထပ်လိုက်ခြင်းပင်မဟုတ်ပါလား။


'မသိတော့လည်း ဗျာများရတာပဲ...'


ယခုအချိန်တွင်တော့ ရှောက်မင်မှာ ထိုသူကိုလေးစားသမှုနှင့် အကွာအဝေးတစ်ခုခြားထားရန်ဆုံးဖြတ်လိုက်၏။


သို့သော် ရှောက်မင်ဘက်မှ သူ့ကိုတမင်မရှောင်နေလျှင်ပင် ကျူးထုန်မှာလည်း နောက်တနေ့ ကိုယ်ပိုင်စာကြည့်ချိန်တွင် သူနှင့်ဝေးရာ၌ နေခဲ့လေသည်။


သူတို့ခုံကြားတွင်မြင်သာသည့် နေရာလွတ်ကြီးတစ်ခုရှိနေ၏။


တန်းခွဲသုံးတွင် အစက ကျောင်းသားငါးဆယ့်သုံးယောက်ရှိသည်။ ပြောင်းလာသောကျူးထုန်နှင့်ပေါင်းလိုက်သည့်အခါ ငါးဆယ့်လေးယောက်ဖြစ်လာလေ၏။


သို့ဖြစ်၍ စာရေးခုံများကို နှစ်ယောက်တစ်ဖွဲ့စီ စီရီထားခဲ့သည်။ ခုံတန်းလေးတန်းနှင့် ထောင်လိုက်တွင် အတွဲခုံခုနစ်ခုံတန်းစီထားလင့်ကစား နောက်ဆုံးတန်းတွင် နှစ်ယောက်တွဲခုံ သုံးတွဲသာရှိခဲ့သည်။ အစက နှစ်ယောက်ခုံကို အတန်းသုံးခုဖြင့်စီထားခဲ့၏။ ယခု ကျူးထုန်က ရှောက်မင်ခုံနှင့် ခပ်ဝေးဝေးရွှေ့လိုက်သည့်အခါ တစ်ယောက်စီခုံနှစ်ခုံနှင့် နှစ်ယောက်တွဲခုံနှစ်ခုံဖြစ်သွားတော့သည်။


ရှောက်မင် အတန်းထဲကိုဝင်လာသည့်အခါ သူ့စားပွဲခုံထောင့်တွင်တင်ထားသော "ပြန်လှန်လေ့ကျင့်ခန်း" စာအုပ်အပုံလိုက်ကိုတွေ့လိုက်ရ၏။ ခုံပေါ်တွင် ကျူးထုန်၏လက်ရေးများနှင့်ပြည့်နေသည့် မှတ်စုစာရွက်များလည်းပွထနေသေးသည်။


[မင်းနေတဲ့နေရာကိုငါမသိခဲ့ဘူး။ မနေ့ညကကိစ္စက တိုက်ဆိုင်သွားတာပါ။ ငါဒီနေ့ပြောင်းလိုက်တော့မယ်]


ရှောက်မင်၏အလိုလိုသိစိတ်ထဲတွင်မူ ဤစာထဲတွင် ယခုထက်ပိုပြီးပြောထားသင့်သည်ဟုခံစားနေရလေ၏။


နောက်ဆုံး၌ ကျူးထုန်က စာတိုတစ်ကြောင်းဖြင့်အဆုံးသတ်ထားလေသည်။ [မင်းငါ့ကိုယုံမှာလား၊ မယုံဘူးလား]


ရှောက်မင်: "......"


သူကား စာရွက်ကိုလက်ထဲတွင်ကိုင်ထားရင်း မျက်ခုံးပင့်လိုက်မိချေသည်။


မနေ့ညက သူ့စိတ်အခြေအနေကသိသာလွန်းသွားတာလား။


ရှောက်မင်က သူ့စိတ်အခြေအနေကို ထိန်းချုပ်ရာတွင် အတော်လေးယုံကြည်မှုရှိခဲ့သည်။ သူ့အတွေးများကို အပြည့်အဝဖုံးကွယ်နိုင်ခဲ့သည်ဟု သူ့ကိုယ်သူထင်ထားခဲ့သည်။


ကျူးထုန်ကပဲ ခီစားလွယ်တာလား။ ဒါမှမဟုတ် သူကပဲအပြစ်ရှိသလိုခံစားနေရတာလား။ ထို့အပြင် ဘာကြောင့်များ ထိုသူက ရှောက်မင်၏ခံစားချက်များကိုဂရုစိုက်နေရပါသနည်း။


ရှောက်မင်ကမူ လက်ရှိအခြေအနေအပေါ် မကျေနပ်မှုတစုံတရာပြသလာခြင်းမရှိသည့်တိုင် ကျူးထုန်ကမူ သူ့ခုံကိုရွှေ့သွားခဲ့ပြီ။


ထိုသူက သူတို့၏ "သူငယ်ချင်းဆက်ဆံရေး" ကိုဖြတ်တောက်ပစ်ရန် စိတ်အားထက်သန်နေလေ၏။


'သူအခုဘယ်လောက်တောင်စိုးရိမ်နေမလဲ၊ ငါကရော တကယ်ပဲသူ့ကို အထင်လွဲနေမိတာလား'


ရှောက်မင်က မှတ်စုစာရွက်ကိုခေါက်ကာ စားပွဲခုံ၏လော့ခ်ကာထဲသို့ထိုးထည့်လိုက်သည်။ ၎င်းကို ဆက်မကြည့်ရန် သူ့ကိုယ်သူ အတင်းစေခိုင်းနေရ၏။


သူနှင့်မီတာအနည်းငယ်ခွာနေသော ထိုင်ခုံဖော်ကား ဖြူရော်နေပြီး နေမကောင်းဖြစ်နေသေးပုံရသည်။


ကျူးထုန်ကမူ ရှောက်မင်ကိုပြန်မကြည့်လာဘဲ စာအုပ်ကိုသာအာရုံစိုက်ဖတ်နေလေသည်။


တကယ်တမ်းတွင် ယင်းက ကျူးထုန်ကိုယ်တိုင်စီစဥ်ထားသော ဗျူဟာတစ်ခုသာ။


သူ့ဘဝကို ယခုလိုတွန်းလိုက်ဆွဲလိုက်လိုက်နေခြင်းအား သည်းမခံနိုင်ပေ။ 


သူ အစွန်းရောက်သည့်အရာမျိုးကိုစမ်းလုပ်ကြည့်ရန် သတ္တိမရှိ။ မျှော်လင့်ထားခဲ့သမျှနှင့်ဆန့်ကျင်ဘက်ဖြစ်သွားခဲ့လျှင် သူ့ခန္ဓာကိုယ်ကချက်ချင်းအေးခဲသွားပေလိမ့်မည်။


ဆိုရိုးစကားပင်ရှိသေးသည်။ လမ်းတိုင်းက ရောမမြို့ကိုရောက်သည်။ သို့ဖြစ်၍ လရောင်ဖြူလေးထံမှနှစ်သက်မှုကိုပြန်ရနိုင်မည့်နည်းလမ်းက အများအပြားရှိနိုင်၏။


ထို့အပြင် ၎င်းကအလုပ်ဖြစ်လိမ့်မည်ဟုလည်း သူယုံကြည်ချက်ရှိသည်။


သူ့ကိုယ်သူတိုးတက်အောင်လုပ်ရမည်။ လရောင်ဖြူလေး သူ့အပေါ်အကောင်းမြင်လာသည်အထိလုပ်ရမည်။ ကျောင်းသားတစ်ယောက်အနေဖြင့် တိုးတက်ရန်နည်းလမ်းက စာလေ့လာရန်ပင်။


ထို့ကြောင့် သူကြိုးစားပြီး နေ့တိုင်းစာလေ့လာရမည်။


ရှောက်မင်မှာ စိတ်ရောကိုယ်ပါကြိုးစားနေပုံရသောကျူးထုန်ကို တွေးဆဆဖြင့်ကြည့်နေပြီး တိတ်တဆိတ်အကြည့်လွှဲသွားခဲ့သည်။


'ကောင်းတယ်၊ တစ်ယောက်နဲ့တစ်ယောက် မပတ်သက်ရအောင်'


မကြာခင်မှာပင် အတန်းစလေ၏။ ရှစ်ဝမ်ရှူက စာသင်ခန်းအရှေ့တံခါးမှဝင်လာသည်။ ကျူးထုန်နေရာက အပြောင်းအလဲဖြစ်နေသည်ကိုတွေ့သွားသည့်အခါ အူတိအူကြောင်ဖြစ်သွားလေ၏။ 


"ကျူးထုန်၊ ဘာလို့အဲဒီမှာထိုင်နေတာလဲ..."


ကျူးထုန်က အေးအေးလူလူပင်ပြန်ပြောလိုက်သည်။ 


"ဒီကနေဆိုရင် ကျောက်သင်ပုန်းကို ပိုမြင်ရလို့ပါ..."


ရှစ်ဝမ်ရှူ: "...."


'မင်းကနောက်ဆုံးတန်းမှာထိုင်နေတာနော်။ ဘာမှထူးခြားသွားမှာလည်းမဟုတ်ဘူးထင်တယ်' သူတွေးရင်း ခေါင်းရှုပ်လာရသည်။


အခြားအတန်းဖော်များမှာလည်း ယင်းကြောင့် အူကြောင်ကြောင်ဖြစ်နေပြီး ချက်ချင်းပင် သူတို့ဟာသူတို့ဆွေးနွေးနေကြလေ၏။ 


"လောင်ယန်ပြောတော့ ကျူးထုန်ကိုယ်တိုင် ရှောက်မင်နဲ့တခုံတည်းအတူထိုင်ဖို့ပြောခဲ့တာဆို၊ ဘာလို့ ဗြုန်းစားကြီးရွှေ့သွားတာလဲ..."


"ယွမ်ရှောင်ကျိုးက သူ့ကိုတစ်ခုခုလုပ်လိုက်လို့များလား..."


"သူစာသင်ရတာမကြိုက်တော့လို့တော့ ငါ့ကိုမပြောကြနဲ့နော်..."


"အခုလည်း á€žá€°á€‘ိုင်န္တဲအန္ရဏကက္ဏင်းပဍတယ်၊ လုကျစ်ယွိကသူ့ရှေ့မှာထိုင်နေတာလေ၊ သူကရှောက်မင်လောက်တော့မတော်ပေမဲ့ တစ်နှစ်လုံးမှာ ဒုတိယစာရင်းဝင်ပါပဲ..."


"သနားစရာ ငါ့ရဲ့စာနတ်ဘုရားလေး၊ ထိုင်ခုံဖော်နဲ့နှစ်ရက်လောက်ပဲနေရသေးတယ်၊ အခုတော့ခုံကရွေ့သွားပြီ..."


"ကျောင်းစတက်တဲ့ပထမဆုံးရက်ကို ထည့်မတွက်ရင် တစ်ရက်ပဲရှိသေးတယ်..."


"....."


ရှစ်ဝမ်ရှူဝင်တားလိုက်၍ ကျောင်းသားများ၏ဆွေးနွေးခန်းက အမြန်ရပ်သွားတော့သည်။ အတန်းပိုင်ဆရာအနေဖြင့် ယခုလိုအခြေအနေမျိုးမှာ ပထမဆုံးအကြိမ်မဟုတ်တော့ချေ။


အထက်တန်းဒုတိယနှစ်မတိုင်ခင်က ကျောင်းသားအများစုမှာ ရှောက်မင်နှင့်အတူထိုင်ချင်ကြသောကြောင့် စကားလာပြောကြသေးသည့်တိုင် အများစုက တစ်ပတ်မကြာခင်မှာပင် ထိုင်ခုံပြောင်းပေးရန်တောင်းဆိုခံရတတ်၏။


ယွမ်ရှောင်ကျိုးက ကျောင်းတွင်ဩဇာရှိမှန်း သူလည်းသိပါသည်။ ထိုကောင်လေးကား ကျောင်းတွင်ထိန်းထိန်းသိမ်းသိမ်းရှိသော်လည်း ကျောင်းပြင်ပတွင်မူ ဘာမှပြော၍မရတော့ပေ။


ထို့ကြောင့် ရှစ်ဝမ်ရှူလည်း ကျူးထုန်က ယခင်ထိုင်ခုံဖော်ဟောင်းများအတိုင်းဖြစ်လာလိမ့်မည်ဟုထင်ခဲ့သည်။ ထိုင်ခုံပြောင်းသည့်ကိစ္စတွင် သူလည်းအလွန်အကျွံဂရုစိုက်ခြင်းမရှိခဲ့ပေ။


နောက်ပိုင်းအတန်းချိန်များတွင်လည်း အခြားသောဆရာများက ကျောင်းသားအသစ်ကျူးထုန်ကိုဂရုစိုက်ပေးတတ်ကြသည်။ အဓိကအားဖြင့် တန်းခွဲသုံး၏ အထူးထိုင်ခုံပြောင်းရွှေ့မှုကြောင့်ပင်။


ထိုအချိန်တွင် ကျူးထုန်က တစ်နေ့လုံး စာကိုသာအာရုံစိုက်နေခဲ့ပြီး ထိုင်ခုံပြောင်းသည့်အကြောင်းကိုပင်မေ့သွားခဲ့၏။ တစ်နေ့လုံးနားထောင်ခဲ့ရပြီးသည့်အခါ သူရုတ်တရက်နားလည်သွားခဲ့သည်။ သူ အင်္ဂလိပ်စာအချိန်မှလွဲပြီး ကျန်အတန်းချိန်မှစာများကိုတစ်လုံးမှနားမလည်လိုက်ပေ။


လျှပ်စစ်သံလိုက်စက်ကွင်းရွေ့လျားမှုကဘာလဲ။


တြိဂံရဲ့ထောင့်တွေကိုဖြေရှင်းတဲ့ ဖော်မြူလာတွေက ဘာလို့ဒီလောက်များနေရတာလဲ။


မျိုးရိုးဗီဇကဘာလို့ဒီလောက်ရှုပ်ထွေးရတာလဲ။


သူက ကျောင်းနှင့်မကိုက်ညီသလိုပင်။


ကလေးအရွယ်မှ ယခုအထိ ကျန်းမာရေးအခြေအနေကြောင့် သူ့ပညာရေးကို ဘယ်သူကမှအာရုံမစိုက်ခဲ့ကြသလို ဘယ်သူကမှ သူ့ကိုစာကျက်ရန်လည်း တွန်းအားမပေးခဲ့ကြချေ။


အားလုံးကသူ့ကို စာသင်နေလည်းအပိုပဲဟုသာ ထင်ခဲ့ကြသည်။ စာကိုအသေအလဲကျက်ထားပြီး တစ်လုံးလေးပင်မသုံးလိုက်ရပဲသေသွားပါက မည်သည့်အဓိပ္ပါယ်များရှိပါဦးမည်နည်း။


ဤသို့ဖြင့် သူတို့ဂရုမစိုက်ကြတော့ပါချေ။


ကျူးထုန်: "....."


စာညံ့သည့်ငတုံးလေးတစ်ယောက်အနေဖြင့် ကျောင်းစာအရာတွင် စာနတ်ဘုရားတစ်ယောက် သူ့အားအထင်ကြီးလာစေရန် ဘယ်လိုများလုပ်ရပါမည်နည်း။


ယခုလက်တွေ့ဖြစ်နေသည်ထက် အိပ်မက်မက်နေလိုက်ခြင်းကပင် ပိုကောင်းလိမ့်မည်ဟု သူခံစားလိုက်ရသည်။


စနစ်က သူ့အားနှစ်သိမ့်ပေးရင်းပြောလာသည်။

  'Host ရဲ့ကြိုးစားမှုကိုပြပြီး သူအထင်ကြီးသွားအောင်လုပ်လို့ရတယ်လေ'


ကျူးထုန် တခဏမျှအတွေးနက်သွားမိသည်။


'ထောက်ခံတယ်၊ ဘာပဲဖြစ်ဖြစ် ငါကအခုမြင်းသေကြီးတစ်ကောင်လိုဖြစ်နေပြီ၊ ဆေးပြောင်းကြည့်လည်း ရှုံးစရာမရှိပါဘူး၊ ငါ့မှာနောက်ထပ်ရွေးချယ်စရာမရှိတော့တာမှမဟုတ်တာ...'


အတန်းထဲတွင် ကျူးထုန်က စာကျက်ရင်းအလုပ်ရှုပ်နေစဥ် ယွမ်ရှောင်ကျိုးကမူ ကျူးထုန်ထိုင်ခုံပြောင်းသွားသည့်အကြောင်းကို တန်းခွဲနှစ်ဆယ်မှ လာသည့်လမ်းတလျှောက်လုံး ကြားခဲ့ရသည်။


သူ့ဘေးတွင်မူ နောက်လိုက်များက ပတ်လည်ဝိုင်းထားကြ၏။


"အဆင်ပြေတယ်၊ ကျိုးကော၊ ပြောသာပြောလိုက်၊ ထပ်ပြီးကျိတ်လုပ်နေပြန်ပြီလား၊ ကျူးထုန်ဆိုတဲ့ကောင်လေးက သူဟာသူထိုင်ခုံပြောင်းသွားတယ်လေ.."


"ငါတော့ အလန့်လွန်ပြီးသေတော့မယ်..."


"ငါမနေ့ကတော့ အယောင်ပြရုံပဲဆိုပြီးလောင်းထားခဲ့တာ၊ ဒီလောက်မြန်မြန်ပြောင်းသွားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး..."


"ဒါနဲ့ ကျိုးကော၊ ကျောင်းပြောင်းကျောင်းသားရဲ့နောက်ခံကိုသိလား၊ သူကရှားယန်ကိုသိတယ်တဲ့၊ ဆိုတော့ သူ့မိသားစုကလည်း..."


"သူ့မိသားစုကချမ်းသာနေရင်လား၊ ငါတို့နဲ့စကားပြောနေတာက ကျိုးကောကွ၊ သူမလုပ်နိုင်ဘူးလို့မင်းကထင်နေတာလား..."


နောက်လိုက်များက အပြန်အလှန်ငြင်းခုံနေကြလင့်ကစား ယွမ်ရှောက်ကျိုးက ပြန်မပြောမိ။


သူဘာမှမလုပ်ခဲ့သည်ကို သူကိုယ်တိုင်သာသိလေသည်။


ဘာလို့ကျူးထုန်က ထိုင်ခုံပြောင်းရတာလဲ။ ကောလဟလတွေကြားပြီး နောင်တရသွားတာများလား။


'ဟားဟားဟား၊ သူ့စိတ်နဲ့သူထိုင်ခုံပြောင်းလိုက်တာနဲ့တင် ဖြစ်ပြီးသားကိစ္စကိုပြောင်းလို့ရမယ်လို့ထင်နေတာလား'


'ငါ၊ ယွမ်ရှောင်ကျိုး အမှတ်တစ်အလယ်တန်းကျောင်းကိုရောက်လာတည်းက ဒီလောက်မျက်နှာပြောင်တိုက်တဲ့လူမျိုးကို တစ်ခါမှမမြင်ဖူးဘူး'


'မင်းငါ့ကိုရန်စရဲမှတော့ ပြန်ပေးဆပ်ရမယ်'


'ဟမ့်၊ မနေ့က သူကိုယ်တိုင် အဆောင်ကနေထွက်သွားတာမလား၊ လင်ဗန်းပေါ်ကို မင်းခေါင်းရောက်လာမှ ငါ့အဆိုးမဆိုနဲ့'



🤒