Chapter 9
Viewers 3k

🤒အခန်း ၉



ညဆယ်နာရီအချိန်တွင် ကိုယ်ပိုင်စာကြည့်ချိန်များအားလုံးပြီးစီးသွားခဲ့ပြီ။ ကျူးထုန်မှာ ရှင်းစရာပြဿနာလေးတစ်ခုရှိသေးသောကြောင့် စာသင်ဆောင်ထဲမှ ဖြည်းဖြည်းချင်းသာထွက်လာခဲ့လိုက်တော့၏။


နေ့လည်ပိုင်းတွင် အန်ကယ်လျိုက သူ့ကိုပြောင်းရွှေ့ရာတွင်ကူညီပေးခဲ့သည်။


ရှောက်မင်နေသည့်နေရာက ကျောင်းအနီးအနားတွင်နေရန် ကျောင်းသားများနှင့်အသင့်တော်ဆုံးနေရာပင်။ ယခုတော့ သူထိုနေရာတွင်သွားမနေနိုင်တော့၍ နောက်ထပ်အကောင်းဆုံးနည်းလမ်းမှာ ဟိုတယ်တွင်နေရန်ဖြစ်လေ၏။


ကုန်းရွှေစီရင်စုရှိ အဆင့်အမြင့်ဆုံးဟိုတယ်မှာ ကြယ်လေးပွင့်အဆင့်သာရှိသည်။ အခန်းငှားပေးသည့်အိမ်နှင့်လမ်းတူသည့်တိုင် ကျောင်းနှင့် မီတာငါးရာနီးပါးကွာဝေး၏။


ဤမျှအကွာအဝေးကြောင့် ကျူးထုန်မှာ အန်ကယ်လျိုကိုလာမကြိုခိုင်းတော့ဘဲ ဟိုတယ်ကို သူကိုယ်တိုင်လမ်းလျှောက်သွားလိုက်သည်။


အခန်းငှားပေးသည့်အိမ်ကိုအဖြတ်တွင် မော့ကြည့်လိုက်လေရာ သူရုတ်တရက် ကြောင်သွားမိသည်။


မူလဝတ္ထုထဲတွင် ရှောက်မင်က ကုန်းရွှေစီရင်စုမှမဟုတ်ကြောင်း ဖော်ပြထားခဲ့သည်။


သူ့မိသားစုကလည်း ဤမြို့မှာပင် နေထိုင်ကြသည်။


စီရင်စုတွင်အိမ်ရှိတာကို သူကဘာလို့ သက်သက်ငှားနေရတာလဲ။


ကျောင်းနဲ့ပိုနီးလို့လား။


ကျူးထုန်မှာ ပိုပြီးခေါင်းရှုပ်လာရသောကြောင့် သက်ပြင်းချလိုက်မိပြန်သည်။


သူသာ ယခုကဲ့သို့ သင့်တင့်သည့်ပတ်ဝန်းကျင်တွင် အိမ်တွင်ငှားနေရပါက အတော်လေးစိတ်ကျေနပ်မိလိမ့်မည်။ ယခုတော့ နေ၍မရတော့သည်မှာ နှမြောစရာပင်။


"ဟေ့၊ ကောင်ချောလေးက ဘာလို့ သူဟာသူသက်ပြင်းတွေချနေရတာလဲ၊ ဘာလို့လဲ၊ ဒီက ကောကောတို့ကိုပြောပြစမ်းပါ..."


ကျူးထုန် သက်ပြင်းချပြီးရုံရှိသေးစဥ် သူ့ရှေ့မှလမ်းက အပိတ်ခံလိုက်ရသည်။


သူ့အရှေ့မှလူကိုသေချာမမြင်ရသေးခင် စီးကရက်နှင့်အရက်နံ့တို့က သူ့မျက်နှာကို ရိုက်ခတ်လာလေသည်။


သူမော့ကြည့်လိုက်၏။


ခပ်မှိန်မှိန်လမ်းမီးရောင်အောက်တွင် ခေါင်းဆောင်ဖြစ်ဟန်ရသူက ဘောင်းဘီအပြဲနှင့်စွပ်ကျယ်ကိုဝတ်ထားပြီး ပါးစပ်ထဲတွင်စီးကရက်ကိုက်ထားလေ၏။ ထိုသူက အိတ်ကပ်ထဲတွင်လက်နှစ်ဖက်ထည့်ထားရင်း သူ့ထံလျှောက်လာလေသည်။


ကျူးထုန် အန္တရာယ်အငွေ့အသက်ကိုရလိုက်သည်။ သူမပတ်သက်ချင်သောကြောင့် သာမန်အတိုင်းလှည့်ထွက်လာခဲ့လိုက်၏။


ခဏတွင်းချင်းပင် သူ့ဘေးတွင်လူများဝိုင်းလာကာ လက်များကိုဆန့်ထားရင်း သူ့လမ်းကိုပိတ်လာကြပြန်သည်။


"ဟေ့...ဟေ့၊ ဒီလောက်လည်း အမြန်ထွက်မပြေးနဲ့လေ၊ ငါတို့အခုလိုမျိုးတွေ့ရတာလည်း ကံကြမ္မာလို့မထင်ဘူးလား၊ ဒီက ကောကောနဲ့အရင်ဆုံးကစားရအောင်..."


ကျူးထုန်: "....."


ဖာ့ခ်။


မင်းနဲ့ ဘယ်သူက ကစားချင်နေလို့လဲ။


လက်ရှိအခြေအနေက နားလည်ရန်ခက်သည်။ ကျူးထုန် ဝတ္ထုအများအပြားဖတ်ခဲ့ဖူးပြီး ကျောင်းတွင်းဇာတ်လမ်းအများစုတိုင်း၌ ဇာတ်လိုက်က လမ်းပေါ်တွင်တစ်ယောက်တည်းလမ်းလျှောက်နေစဥ် လူမိုက်များပိတ်ဆို့ခံရသောဇာတ်ဝင်ခန်းမျိုးပါလာတတ်သည်။


ဒါပေမဲ့ သူက ဒီကမ္ဘာကဝတ္ထုမှာ ဇာတ်လိုက်မဟုတ်ဘူးလေ။ ဘာလို့ လမ်းပိတ်ခံရတာလဲ။


သူ၏အတွေးရထားက ဘူတာမှထွက်သွားပုံရသည်။ ပိုပြီးနက်နက်နဲနဲတွေးကြည့်လိုက်လေရာ ကျူးထုန်တစ်ယောက် ဉာဏ်အလင်းပွင့်သွားလေ၏။ သူမျက်မှောင်ကြုတ်လိုက်ပြီး ဂန်းစတားခေါင်းဆောင်ကိုစိုက်ကြည့်နေလိုက်ရင်း စကားစလိုက်၏။


 "ယွမ်ရှောင်ကျိုး ခိုင်းတာလား..."


တချိန်တည်းမှာပင် စက်ဘီးတစ်စီးက လေနှင့်အတူ ဘေးမှဖြတ်သွားခဲ့သည်။


ရှောက်မင်က စက်ဘီးကိုဒုန်းဆိုင်းနင်းရင်း ဇိမ်ခံကားတစ်စီးကိုကျော်တက်လိုက်ပြီး အိမ်နားမှလမ်းထဲသို့ဝင်တော့မည်အပြုမှ ခြံအဝင်ဝတွင် ဘရိတ်ဆွဲအုပ်လိုက်သည်။


သူက စက်ဘီးကိုခြေတစ်ဖက်ဖြင့်ထိန်းထားရင်း မဝေးလှသည့်နေရာမှ အသံလာရာဘက်ကိုလှည့်ကြည့်လိုက်လေသည်။


(အသိပေးချက်: လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခြင်းများ ပါဝင်ပါသည်။)


*


ကျူးထုန်မှယွမ်ရှောင်ကျိုးကို သံသယဝင်သွားရသည့်အကြောင်းအရင်းကရိုးရှင်းပါသည်။


ကျောင်းမှဟိုတယ်သို့သွားသည့်လမ်းတွင် လမ်းမီးရောင်တို့ကခပ်မှိန်မှိန်လေးသာရှိပြီး ကျောင်းနှင့်လည်းအတော်လေးနီးနေသေးသည်။


ကျောင်းတွင် ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန်များရှိနေသေး၏။ ကျောင်းအဝင်ဝတွင်လည်း လူအနည်းငယ်စုနေပြီး ဘေးဘက်လမ်းတွင်လည်း မကြာခဏဖြတ်သွားသည့်လူများရှိလေသည်။


အရက်မူးနေခြင်းမဟုတ်သောဂန်းစတားများအတွက် ယခုလို ကျောင်းအနီးအနား၌ လမ်းပိတ်ထားခြင်းက ဉာဏ်ရှိသောရွေးချယ်မှုမျိုးမဟုတ်ပေ။ တစ်ယောက်ယောက်ကအချိန်မရွေး ရဲကိုဖုန်းခေါ်လိုက်နိုင်သည်မဟုတ်ပါလား။


သို့သော်လည်း ကျူးထုန်ကမူ ဤနေရာတွင်အပိတ်ခံနေရသည်။ ယင်းကိုကြည့်ခြင်းအားဖြင့် ဂန်းစတားများအနေဖြင့် နောက်ကွယ်တွင်ရည်ရွယ်ချက်တစ်ခုရှိနေမှန်းသိနိုင်သည်။


ထိုအတိုင်းသာဆိုပါက အခြားကျောင်းသားများမြင်အောင် တမင်လုပ်ပြနေခြင်းပင်ဖြစ်လိမ့်မည်။


ပထမဆုံးအချက်မှာ လက်စားချေရန်ပင်။ အလွယ်ပြောရပါက မျောက်ကိုခြောက်ရန်ကြက်ကိုသတ်ပြခြင်းဖြစ်နိုင်သည်။


ကျူးထုန်က ဤနေရာတွင်လူသစ်ဖြစ်နေပြီး သူနှင့်ရန်ငြိုးရန်စရှိသူမှာ ယွမ်ရှောင်ကျိုးတစ်ယောက်သာရှိသည်။


လူမိုက်များက ခဏမျှကြောင်နေကြပြီး ခေါင်းဆောင်ကချက်ချင်းပင်ပြုံးကာဆိုလာလေသည်။ 


"ဟေ့၊ ကြည့်ရတာမင်းလည်း အရမ်းဉာဏ်ကောင်းပုံပါပဲ၊ မင်းရန်မစသင့်တဲ့သူကိုရန်သွားစခဲ့မှန်းတော့သိသေးတာပဲ၊ မင်းငါတို့နဲ့လိုက်ခဲ့မလား၊ ဒီမှာတင်လုပ်လိုက်ရမလား..."


"ဘယ်နေရာကိုချိုးစေချင်လဲ၊ ခြေထောက်လား၊ လက်လား..."


"ဒါမှမဟုတ်၊ ဟဲဟဲ...ငါတို့နဲ့ကစားချင်လား၊ ဒါဆိုလည်း သွားကြမယ်လေ..."


ဂန်းတားများက ပြောပြောဆိုဆိုဖြင့် ကျူးထုန်အနားကိုဝိုင်းလာကြသည်။


ကျူးထုန်ကလက်မြှောက်ကာ အန်ကယ်လျိုကို smart watch ဖြင့် အချက်ပြပို့လိုက်သည်။ ထို့နောက် ခေါင်းမော့ကာပြောလိုက်၏။ 


"ငါမင်းတို့နဲ့လိုက်မှာမဟုတ်ဘူး..."


ဂန်းစတားခေါင်းဆောင်မျက်နှာက အနည်းငယ်မျှပြောင်းလဲသွားသည်။


ယခုလိုကြုံရခြင်းက ပထမဆုံးအကြိမ်မဟုတ်တော့ပေ။


ယင်းက သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်နှင့်စကားပြောဆိုနေရုံသာ။ ထိုကျောင်းသားလေးများကို လမ်းပိတ်ထားခဲ့ကြလျှင် အချို့က ဖြူလျော်ထိတ်လန့်နေကြလိမ့်မည်။ အချို့ကလှည့်ပြီးထွက်ပြေးကြလိမ့်မည်ဖြစ်ပြီး အချို့ကမူ အသနားခံပြီးတောင်းပန်ကြလိမ့်မည်။


မည်သူကမှ သူတို့အရှေ့ရှိ ကောင်လေးကဲ့သို့ မတည်ငြိမ်ခဲ့ကြပေ။


ယွမ်ရှောင်ကျိုးက သူတို့၏ဤတစ်ကြိမ်ပစ်မှတ်မှာ ချူချာသည့်ကလေးတစ်ယောက်ဟု ဆိုထားခဲ့၍ သူတို့၏အတော်ဆုံးဖိုက်တာများကိုပင်ခေါ်မလာခဲ့ပေ။


လူမိုက်များက ကျူးထုန်ကိုခြေဆုံးခေါင်းဆုံးကြည့်သည်။


သွေးမရှိသည့်မျက်နှာနှင့် လေတိုက်လျှင်ပင် လွင့်ထွက်သွားနိုင်လောက်သည့် ပိန်ပါးချည့်နဲ့သောကိုယ်လေး။


သူနှာမှုတ်လိုက်ပြီး ကျူးထုန်ကို မည်းမှောင်နေသည့်မျက်လုံးများဖြင့်ကြည့်လိုက်၏။ 


ကျူးထုန်ကမူ အေးတိအေးစက်ပင်။ 


"မလုပ်ခင် အရင်ဆုံး သတိပေးစရာလေးနည်းနည်းရှိတယ်၊ အရင်ဆုံး အရိုက်မခံရသေးခင် ငါလဲသွားလိမ့်မယ်၊ ငါ့အရိုးတွေလည်းကျိုးကုန်မှာ..."


"..."


ဘာစကားလဲဟ။ သူကအားနည်းတယ်လို့ပြောချင်တာလား။


တစ်ယောက်က ချက်ချင်းပင် နှာမှုတ်လိုက်သည်။ 


"ကျောင်းသားလေး၊ တောင်းပန်ဖို့ကတော့ နောက်ကျသွားပြီနော်..."


ကျူးထုန်က ထိုသူကို လျစ်လျူရှုထားပြီးဆက်ပြောလိုက်သည်။ 


"မင်းငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ထိခိုက်အောင်လုပ်ခဲ့မယ်ဆိုရင် မင်းအဖမ်းခံရလိမ့်မယ်၊ ငါထိခိုက်မိသွားရင် မင်းထောင်ကျမယ်၊ ပုံသေပြစ်ဒဏ်က ခြောက်လကနေသုံးနှစ်၊ အခြေအနေကဆိုးရွားသွားရင်တော့ သုံးနှစ်ထက်ပိုမှာပေါ့၊ အခုမင်းအကျိုးဆက်တွေသိသွားပြီဆိုရင်တော့ ငါ့ကိုလုပ်လို့ရပြီ..."


ဂန်းစတားများ: "....."


ကြောက်စိတ်အရ ခုခံကာကွယ်ရန်အတွက် သူတို့အားလှောင်ပြောင်စော်ကားကြသူများကို မြင်ဖူးပါသည်။ ယခုလို လက်ခံပြီးသတိပေးသူကိုမူ တစ်ခါမှမမြင်ဖူးသေးပေ။


ဒါကဘာကြီးလဲဟ။ ဥပဒေပညာပေးလား။ သူတို့အတွက် ယခုလိုမျိုးက ရိုးနေလေပြီ။ ရဲစခန်းကို ဝင်လိုက်ထွက်လိုက်လုပ်နေရခြင်းက သူတို့အတွက် မနက်စာဝင်စားသလိုပင်။ ဒီအထက်တန်းကျောင်းသား ပေါက်စနလေးက သူတို့ကို ဥပဒေအကြောင်းလာသင်ပေးနေတာလား။


စက်ဘီးနင်းရင်းကျောင်းမှပြန်လာသောရှောက်မင်က အနောက်မှနေကာ ကျုးထုန်၏ "သတိပေးချက်အမျိုးအစား" ကိုကြားလိုက်ရသည်။


သခင်လေးက အကြောင်းပြချက်ပေးပြီး အခြားသူတွေကို စည်းရုံးချင်နေတုန်းပဲလား။


ရုတ်ချည်း သူသက်ပြင်းချလိုက်မိသည်။


ဒီလိုလူမျိုးက ဒီနေရာမှာကြီးလာမယ်ဆိုရင် လုံခြုံပါ့မလား။


နောက်ဆုံးတော့ ဂန်းစတားများကလုံးဝစိတ်မရှည်တော့ပါချေ။


 "အစ်ကိုကြီး၊ သူဘာတွေပြောနေတာလဲ..."


လူမိုက်ခေါင်းဆောင်က ချက်ချင်းအံကြိတ်လိုက်လေသည်။


 "ဥပဒေအကြောင်းလား၊ ငါမင်းကိုပြပေးမယ်..."


သူကား ထိုလူမမာကောင်စုတ်လေးကို တကယ်ရိုက်ရန် လုံးဝစိတ်မကူးထားခဲ့ပေ။


သူ့လက်က ကောင်လေးခေါင်းနှင့်နောက်မှနံရံကိုတိုက်ရိုက် ပစ်ဆောင့်သွားစေရန် ကျူးထုန်၏နဖူးတည့်တည့်ကို ရောက်လာလေသည်။


ရှောက်မင်က ချက်ချင်း စက်ဘီးကိုပစ်ချပြီး လူအုပ်ထဲကိုပြေးလာလေ၏။


သို့သော်လည်း သူဘာမှမလုပ်ရသေးမှီ တခုခုဖြန်းလိုက်သလိုအသံကြားလိုက်ရပြီး ဂမ်းစတားများအားလုံးနောက်ဆုတ်သွားကာ မျက်လုံးများကိုအုပ်ထားကြလေသည်။


"အား...."


"ဘော့စ်..."


ဂန်းစတားများအားလုံး ပျာယာခတ်သွားကြသည်။


တပြိုင်တည်းဆိုသလိုပင် ကျူးထုန်က နံရံနှင့်တိုက်မိသည်အထိ အနောက်ကိုခြေနှစ်လှမ်းဆုတ်လိုက်လေသည်။ လက်တစ်ဖက်က ငရုတ်သီးစပရေးဘူးကိုအသင့်ပြင်ထားပြီး ကျန်တစ်ဖက်ကမူ ဖုန်းကိုထုတ်ကာခေါ်လိုက်၏။ 


"ဟယ်လို၊ ၁၁၀ ကလားဗျ၊ နေရာက အမှတ် ၁ ကုန်းရွှေအလယ်တန်းကျောင်းပါ၊ ကျောင်းဂိတ်အရှေ့ဘက် မီတာနှစ်ရာအကွာမှာပါ၊ ကျွန်တော့်ကိုလူတွေအများကြီးက လမ်းပိတ်ထားလို့ပါ၊ ခေါင်းဆောင်က စွပ်ကျယ်အဖြူ၊ ဘောင်းဘီအနက်နဲ့ပါ၊ ကျန်တဲ့သူတွေကတော့ ဆံပင်ဆေးဆိုးထားပါတယ်၊ ကျွန်တော်ဒီနေ့ ဆေးရုံရောက်သွားခဲ့ရင် ဒီလူတွေကိုဖမ်းပြီး ကျွန်တော့်အတွက် တရားမျှတမှုလေးရအောင်လုပ်ပေးပါ..."


လူမိုက်များ: "......"


ရှောက်မင်: "......"


လူမိုက်စုစုပေါင်း ခုနစ်ယောက်ရှိလေသည်။ နှစ်ယောက်က သူတို့ဘော့စ်ကိုတွဲထားပြီး ကျန်လေးယောက်က ကျူးထုန်ကို သွေးပျက်ကာ သတိအပြည့်ဖြစ်နေသော မျက်လုံးများဖြင့်ကြည့်နေကြလေသည်။


ငရုပ်သီးစပရေးက အစွမ်းထက်သွားခဲ့သည်။ လက်ရှိ သူတို့ဘော့စ်၏ သနားစရာကောင်းသောပုံစံကိုကြည့်လျှင်သိနိုင်ပြီး မည်သူကမှရှေ့မတိုးရဲကြတော့ပေ။


လူမိုက်ခေါင်းဆောင်မှာ လက်ရှိတွင် ဝမ်းနည်းနေရလေသည်။ မျက်လုံးများကနီနေပြီး မျက်ရည်များဝိုင်းနေသည်။ နှာခေါင်းကပွရှုံ့ရှုံ့နှင့် မီးမြိုက်ခံနေရသလို အသက်ရှူမြန်နေလေ၏။ အတော်လေးခံစားလိုက်ရပြီးမှ ဒေါသတကြီးဖြင့်သောင်းကျန်းလေတော့သည်။


 "ဘာလုပ်တာလဲ၊ ရူးသွားပြီလား၊ ဒီမလောက်လေးမလောက်စားကောင်တော့ ငါမင်းကိုဖာ့ခ်ပစ်..."


သူခြိမ်းခြောက်၍မပြီးသေးခင် အနောက်မှအကန်ခံလိုက်ရလေသည်။


သူ နောက်တခေါက်အော်လိုက်ရပြန်ပြီး ကျောက နံရံဖြင့်တိုက်မိသွားခဲ့သည်။ သူ့ခန္ဓာကိုယ်က တပတ်လည်သွားကာ ကျူးထုန်ခြေထောက်နားရောက်သည်အထိ လိမ့်သွားလေ၏။


"...."


အားလုံး မှင်သက်သွားခဲ့ကြသည်။


အထူးသဖြင့် ခေါင်းဆောင်အားတွဲပေးထားသော လူမိုက်နှစ်ယောက်ပင်။


ကြမ်းပြင်ပေါ်လဲကျသွားသောခေါင်းဆောင်က ရှက်သွားလေသည်။ သူကား ကုန်းရုန်းထလာရင်း ပြောလိုက်လေ၏။ 


"ဘယ်ခွေးသူတောင်းစားက...."


"မင်းငါ့ကို လာစမ်းကြည့်လို့ရတယ်နော်..."


ခေါင်းဆောင်ဖြစ်သူ စကားဆုံးအောင်မပြောရသေးမှီ အသံတစ်သံက သူ့ကိုနှုတ်ဆက်လိုက်သည်။


သူတို့ကိုနှုတ်ဆက်လိုက်သူက ရှောက်မင်မှန်းသိလိုက်ရသည်နှင့် မတိုင်ခင်က လူမိုက်ပုံဖြစ်နေသောလူများက ကြက်ပေါက်စလေးများလိုပင်။


ကြမ်းပြင်ပေါ်ရှိခေါင်းဆောင်မှာ ထပ်မံ လဲကျသွားပြီး ကြမ်းပြင်နှင့်ဆောင့်မိကာ သူ့ဘောင်းဘီကအခြေအနေဆိုးသွားလေသည်။ 


ကျူးထုန်က ချက်ချင်းပင် အခြေအနေကိုဆန်းစစ်လိုက်သည်။


နောက်ဆုံး သူပါ ဝင်ရိုက်လေတော့၏။


ခုနစ်ယောက်တစ်ယောက်မှ ခုနစ်ယောက်နှစ်ယောက်အဖြစ်ပြောင်းသွားသော်လည်း ရှောက်မင်ကသာ လူမိုက်အားလုံးကို အမှောက်သိပ်လိုက်နိုင်သည်။


ရှောက်မင်ကပြုံးပြီးပြောလိုက်၏။ 


"မင်းကဒီမှာရှိနေတုန်းပဲလား၊ မင်းတို့ခေါင်းဆောင်ကိုဆေးရုံလိုက်မပို့တော့ဘူးလား၊ မင်းမပို့ရင် ငါပဲပို့လိုက်တော့မယ်..."


"..."


ကျူးထုန်၏ မထုံတက်သေးအကြည့်တို့အောက်တွင် လူမိုက်အားလုံး တုန်လှုပ်သွားကြသည်။


မျက်လုံးမဖွင့်နိုင်သေးသည့် လူမိုက်ခေါင်းဆောင်မှာ ဆွဲခေါ်ခံသွားရသည့်တလျှောက်လုံး ဆဲဆိုသွားသေးသည်။


ရှောက်မင်က ထွက်ပြေးသွားသော လူမိုက်များကိုကြည့်ပြီးနောက် နံရံအားမှီထားသည့်ကောင်လေးကို လှည့်ကြည့်လိုက်သည်။ ပြီးနောက် ငရုတ်သီးစပရေးဘူးကိုကိုင်ထားသေးသောသူ့ထံ လျှောက်လာလေသည်။


ကျူးထုန်က ၎င်းကိုဆုပ်ထားနေဆဲဖြစ်ကြောင်းတွေ့လိုက်ရသည့်အခါ ရှောက်မင်က ပြုံးလျက်ပြောလာလေသည်။ 


"ဘာလဲ၊ ငါ့ကိုပါဖြန်းမလို့လား..."


ကျူးထုန် ခေါင်းငုံ့ရင်းငိုင်နေပြီး ချက်ချင်းလက်ပြန်ရုတ်လိုက်သည်။ 


"မဟုတ်ပါဘူး..."


ရှောက်မင်က သူ့အား ရှုပ်ထွေးနေသောမျက်လုံးများဖြင့်ကြည့်လာလေသည်။


ကျူးထုန်က အကြောင်းမဲ့စိုက်ကြည့်ခံလိုက်ရသောကြောင့် ပျာယာခတ်သွား၏။ သူမျက်တောင်ခတ်ပြီးပြောလိုက်သည်။ 


"ဘာ...ဘာဖြစ်လို့လဲ..."


ရှောက်မင် ပြန်မေးလိုက်၏။ 


"ဒါက မင်းအရိုက်ခံရတာပထမဆုံးမဟုတ်ဘူးမလား၊ ပြီးတော့ သူတို့မင်းကိုရိုက်ဖို့ဝိုင်းလာတိုင်း ဒီလိုပဲရပ်နေတာလား..."


ကျူးထုန်: "....."


တကယ်တော့ အရင်က ဘယ်သူကမှ သူ့ကိုမရိုက်ရဲကြဘူး။


သူခပ်တိုးတိုးသာပြန်ဖြေလိုက်၏။ 


"ငါမှသူတို့ကိုမနိုင်တာ.."


တဖက်က သူ့ကို ယခုလို အမြန်လာကယ်လိမ့်မည်ဟုမထင်ထားခဲ့သလို သူကလည်းနိုင်အောင်မလုပ်နိုင်ပေ။ ထို့ကြောင့် သူကြိုးစားကြည့်လိုက်ခြင်းပင်။ မဟုတ်လည်း သူတတ်နိုင်သည့်အရာမရှိတော့။


ရှောက်မင် သူ့စကားကြောင့် ရယ်မိလုနီးပါးပင်။ 


"ထွက်ပြေးလို့ရတာပဲလေ၊ ကျောင်းဂိတ်က ဟိုနားလေးမှာတင်ကို..."


မီတာနှစ်ရာမျှကိုမူ ပြေးနိုင်သင့်သည်။ လူမစုသွားခင် အချိန်အများကြီးရသေးသည်ပင်။


သို့သော်လည်း ကျူးထုန်မှာ ငြင်းကောင်းနေဆဲ။ 


"ငါသူတို့ဆီကနေလွတ်အောင်လည်း မပြေးနိုင်ဘူး..."


ရှောက်မင်: "..."


သူ့မျက်နှာထားက ပိုပြီးထူးဆန်းလာ၏။ ကျူးထုန်ကား ရှောက်မင်၏ "အမှိုက်ကိုကြည့်နေသလို" ဤမျက်နှာကို ကောင်းကောင်းသိသည်။


နှစ်သက်မှုရာခိုင်နှုန်းလေး ထပ်ကျသွားမည်ကိုစိုးရိမ်၍ အသက်ရှင်လိုသည့်ဆန္ဒက သူ့ကိုကျောမတ်သွားစေပြီး လေသံပျော့လေးဖြင့် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။ 


"ဆိုတော့...ငါအချိန်ဆွဲလို့ရအောင် ငရုပ်သီးစပရေးဆောင်ထားလိုက်တာ..."


ရှောက်မင်: "ဒါဆိုမင်းမှာ အစီအစဥ်ရှိပြီးသားပေါ့..."


"....."



ရှောက်မင်က သူ့ကိုသတိပေးလိုက်ပြန်သည်။ 


"မင်းအနံ့ရလား..."


ဖြန်းလိုက်သည့်အရှိန်များသွား၍ ကျူးထုန်ကိုယ်တိုင်ပင် လေထဲမှအနံ့ကို ရနေသေးသည်။


ရန်သူ့စစ်သည်တစ်ထောင်ကို ထိခိုက်သွားအောင် လုပ်နိုင်ချိန်မှာ မင်းရဲ့ စစ်သည် ရှစ်ရာလောက်ကို ဆုံးရှုံးလိုက်ရပြီ။


ကျူးထုန်: "....."


သူကား ချက်ချင်းပင် ထိတ်ပျာစွာဖြင့်ခေါင်းငုံ့လိုက်ရ၏။ သူကတကယ်ကို အမှိုက်ကောင်ပင်။


ရှောက်မင်မှာ အပြစ်မဲ့သည့်ကလေးကအဆူခံရနေသလိုဖြစ်နေသည့် ကျူးထုန်ကိုကြည့်ပြီး သူ့နှလုံးသားလေးက ပျော့ပျောင်းသွားရတော့သည်။ သူလေသံကိုလျှော့ပြီးမေးလိုက်ရလေ၏။ 


"မင်းရောအဆင်ပြေလား..."


ကျူးထုန်က ခေါင်းခါပြသည်။ 


"ငါအဆင်ပြေပါတယ်.."


'ငါပင်ပန်းပြီးရှက်သွားရုံလေးပါ'


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှုကို သုံးရာခိုင်နှုန်းရရှိသွားပါပြီ'


'ဟမ်' ကျူးထုန် ရုတ်ချည်းပင် မျက်လုံးပင့်ကြည့်လိုက်မိသည်။


ရှောက်မင်ကမူ လှည့်ထွက်သွားလေပြီ။ 


"ဒါဆိုလည်းသွားကြမယ်..."


ကျုးထုန်မှာ စိတ်လွင့်နေရင်း အနောက်မှလိုက်လာခဲ့၏။ 


"ဘယ်သွားမှာလဲ..."


ရှောက်မင်: "ငါမင်းကိုလိုက်ပို့ပေးမယ်..."


"....."


အတော်ကြာအောင်လမ်းလျှောက်လိုက်ရပြီးနောက် ကျူးထုန်မှာ ရုတ်တရက်ပြန်တက်လာသောနှစ်သက်မှုရာခိုင်နှုန်းကြောင့် အံ့အားသင့်နေရာမှ စိတ်နှင့်ကိုယ်ပြန်ကပ်လာလေသည်။ ခဏအကြာမှ သူစိတ်ရှုပ်ရှုပ်နှင့်မေးလိုက်မိ၏။


 "မင်းကဘာလို့ဒီကိုရောက်နေရတာလဲ.."


ရှောက်မင်က အလေးမထားသလိုပြန်ဖြေလိုက်သည်။ 


"ဒီတိုင်းဖြတ်သွားတာ..."



🤒