🤒အခန်း.၁၀
"မင်းကဘာလို့ဒီကိုရောက်နေရတာလဲ.."
ရှောက်မင်က အလေးမထားသလိုပြန်ဖြေလိုက်သည်။
"ဒီတိုင်းဖြတ်သွားတာ..."
ထိုအဖြေကိုကြားလိုက်ရသည့်သကာလ ကျုးထုန်မှာ လမ်းဘေးတွင်ကြုံသလိုရပ်ထားခဲ့သည့် ရှောက်မင်စက်ဘီးကိုပြေးမြင်မိသွား၏။ သူတို့က ကျောင်းကိုဦးတည်ပြီးသွားနေခဲ့ကြလေသည်။
'ငှားနေတဲ့အိမ်ကိုပြန်မလို့များလား'
သူခန့်မှန်းမပြီးသေးခင် ရှောက်မင်ကစက်ဘီးကိုလှည့်ကာ ထိုင်နှင့်နေပြီ။ ထို့နောက် သူ့အားလှည့်ကြည့်ပြီးမေးလာ၏။
"မင်းအခု ဘယ်မှာနေတာလဲ..."
ကျူးထုန်မှာ အလိုလိုပြန်ဖြေလိုက်မိသည်။
"ဒီနားကဟိုတယ်မှာ၊ ဒီအရှေ့ကတစ်ခု..."
ရှောက်မင်က နေရာကိုကြည့်ပြီး ကျုးထုန်ကို စက်ဘီးအနောက်ခုံတွင်ထိုင်ရန်အချက်ပြလိုက်သည်။
"တက်..."
ကျုးထုန်၏ဦးနှောက်က ရှော့ခ်တိုက်ခံလိုက်ရသည်။
သူ့ခမျာ စက်ဘီးနောက်ခုံကိုကြည့်ရင်း လုံးဝကြောင်အနေလေ၏။
ရှောက်မင်က သူ့ကိုတခဏမျှအသံတိတ်ကြည့်နေပြီး အနောက်ကိုကြည့်ကာပြုံးလိုက်လေသည်။
"မင်းအရင်က ဒီလိုစက်ဘီးမျိုးစီးဖူးလား..."
ကျူးထုန်ခေါင်းညိတ်ပြလိုက်သည်။
"အင်း..."
"...."
ယင်းကအလိမ်အညာမှန်း ရှောက်မင်သိလိုက်သည်။ ယခုလိုသခင်လေးမျိုးက အပြင်ထွက်တိုင်း အရည်အသွေးမြင့်ကားက သူ့ကိုလာခေါ်လိမ့်မည်ပင်။
လက်ရှိသူ့ခံစားချက်က ကောင်းမွန်နေသည်။ ကျူးထုန်အတွက် အငှားယာဥ် မဟုတ်လျှင် တစ်ခုခုငှားပေးလိုက်မည်ဟုစဥ်းစားပြီးမှ ဘာမှမလုပ်ရသေးခင် သူ့အရှေ့မှကားမီးရောင်ကြောင့် မျက်လုံးစူးသွားရသည်။ ရှောက်မင်က အလိုလိုပင် လက်ဖြင့်အလင်းရောင်ကိုကာလိုက်မိပြီး ကားကသူ့ဘေးတွင်ရပ်သွားတော့သည်။
မကြာခင် မီးမှိတ်သွားပြီး လူတစ်ယောက်က ကားထဲမှခပ်သုတ်သုတ်ထွက်လာလေ၏။
"သခင်လေး၊ အဆင်ပြေရဲ့လား..."
ဦးလေးလျိုက သုတ်သီးသုတ်ပျာရောက်လာကာ ကျူးထုန်၏လက်မောင်းကိုဆွဲပြီး ခြေအစခေါင်းအဆုံးကြည့်လိုက်သည်။
ကျူးထုန်မှာ သူကလှုပ်ယမ်းနေသောကြောင့် ခေါင်းမူးလာရပြီး လူအိုကြီး၏ပုခုံးကို အမြန်ပုတ်လိုက်ရသည်။
"ဦးလေးလျို၊ ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာ..."
သူကရှောက်မင်ကို သေချာကြည့်နေပြီး သူ့မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သည့်အမူအရာမျိုးမတွေ့ရတော့မှ စိတ်အေးသွားတော့သည်။
ဦးလေးလျိုကလည်း စိတ်အေးသွားပြီးသက်ပြင်းချသည်။
"ဘာမှမဖြစ်ဘူး၊ တော်သေးတာပေါ့ကွယ်..."
သခင်လေးထံမှမက်ဆေ့ချ်ဝင်လာချိန်တွင် သူကရေချိုးနေခဲ့သောကြောင့် အဝတ်အစားပင် သေချာမဝတ်နိုင်ဘဲ ဟိုတယ်မှအရူးတပိုင်းပြေးလာခဲ့ရသည်။ ယင်းကိုပင် နောက်ကျသွားခဲ့သေး၏။
ကံကောင်း၍ ကျူးထုန်ကဘာမှမဖြစ်ခဲ့ပေ။ မဟုတ်ပါက ဥက္ကဌက သူ့ကိုအမှုန့်ဖြစ်သွားသည်အထိရိုက်ပစ်လိမ့်မည်။
"ဒါဆို ကျွန်တော် ဟိုတယ်ကိုပြန်ခေါ်သွားပေးပါ့မယ်..."
ဦးလေးလျိုက နောက်ပိုင်းကိစ္စများကို ဖြေရှင်းချင်နေသည်။ အများစုမှာ သခင်လေးကိုထိရဲသည့်လူများကို မှတ်သားလောက်အောင်ဆုံးမချင်နေသည့် ဒေါသများကြောင့်ဖြစ်နိုင်သည်။
သူ ကားပေါ်မှဆင်းလာသည်အချိန်တည်းက လမ်းဘေးဘက်တွင်ရပ်နေသူ နောက်တစ်ယောက်ရှိသေးသည်ကို သတိမထားမိသေးပေ။
ရှောက်မင်ကလည်း ဂရုမစိုက်နေပေ။
ကျူးထုန်ကိုလာကြိုသူရောက်လာ၍ သူလည်းဝန်ပေါ့သွားခဲ့သည်။
သူနှုတ်ဆက်ပြီးထွက်သွားတော့မည်အပြု လက်ချောင်းတစ်ချောင်းက သူ့စက်ဘီး၏နောက်ခုံကိုလက်ညိုးထိုးပြနေကြောင်း မြင်တွေ့လိုက်ရတော့သည်။
လက်ချောင်းကရှည်လျားသွယ်လျပြီး တိရိပြတ်သားသောအဆစ်လေးများရှိနေ၏။
ကျူးထုန်: "ဦးလေးလျို၊ ကျွန်တော်ဒါစီးချင်တယ်..."
ဦးလေးလျိုက သူလက်ညိုးထိုးပြသည့်အနောက်ကိုလိုက်ကြည့်သည်။
ယင်းက စက်ဘီးလေးတစ်စီး၏အနောက်ခုံ။
"..."
သခင်လေးကို ဒီမှာထိုင်ခိုင်းလိုက်ရမလား။ ဖြစ်ပါ့မလား။
ကားနဲ့တိုက်မိရင်ဘယ်လိုလုပ်မလဲ။ လမ်းကအရမ်းကြမ်းရင်ရော။
သူကချော့မော့ပြီးတားမည်အပြုတွင် ကျူးထုန်ကသူ့ကိုသတိပေးလာလေသည်။
"ကျွန်တော်ရဲကိုဖုန်းဆက်ထားတယ်၊ ခဏနေရင်ရောက်လာကြလိမ့်မယ်၊ သူတို့ကိုစောင့်နေလိုက်ဦး၊ ကျွန်တော့်ကိုကူပြီးဖြေရှင်းပေးလေ၊ အိုကေ..."
ဦးလေးလျို: "....."
ပြောပြီးသည်နှင့်ကျူးထုန် ရှောက်မင်ကိုထပ်ကြည့်လိုက်သည်။
"အိုကေလား..."
ကျူးထုန်ကသူ့အား ရိုးသားသောမျက်နှာလေးဖြင့်မေးလာခဲ့သည်။ မည်သည့်သံသယဖြစ်စရာကိုမှ ဖုံးကွယ်ထားခြင်းမျိုးမတွေ့ရပေ။
ရှားယန် သူ့ထံကို ရည်ရွယ်ချက်ဖြင့်ချဥ်းကပ်လာစဥ်ကကဲ့သို ရှက်ရွံ့မှုနှင့် မျှော်လင့်ချက်များကိုဖော်ပြခဲ့ခြင်းမရှိသလို သူ့ကိုစောင့်ကြည့်နေကြသူများနှယ် လွန်ကဲသည့်သရုပ်ဆောင်ချက်များကိုလည်းမတွေ့ရပေ။
ကျူးထုန်က သူ့စက်ဘီးပေါ်တက်ခွင့်ရရန် မျှော်လင့်ချက်များပြည့်နေသောမျက်လုံးများဖြင့်ကြည့်နေလေသည်။
ရှောက်မင်: "..."
တကယ်တမ်းတွင် သူအပြတ်ငြင်းလိုက်၍ရသည်။
သို့သော်လည်း ထူးဆန်းနေသောခံစားချက်ကြောင့် ကျူးထုန်ကိုခေါ်ရန်ဆုံးဖြတ်လိုက်၏။
"လာလေ..."
ကျူးထုန်မျက်လုံးများက လက်ခနဲဖြစ်သွားကာ သတိအပြည့်ဖြင့်တက်ထိုင်လိုက်သည်။
"သေချာကိုင်ထားနော်..."
ကျူးထုန်က အူကြောင်ကြောင်ဖြင့်ပြန်မေးလိုက်၏။
"ဘာကိုကိုင်ထားရမှာလဲ..."
ရှောက်မင်က သူ့ကိုတမင်စနောက်လိုက််သည်။
"မင်းကဘယ်နေရာကိုကိုင်ချင်လို့လဲ..."
ကျူးထုန်ကလည်း တကယ်ကြီးပြန်မေးလိုက်သည်။
"ဒါပေမဲ့၊ ကိုင်စရာမှမရှိတာကို..."
သူဆိုလိုချင်သည်က စက်ဘီးတွင် ကားထိုင်ခုံများလိုလက်ကိုင်မရှိခြင်းကိုပင်။
ရှောက်မင်: "ငါ့အင်္ကျီကိုသာဆွဲထားလိုက်တော့..."
ကျူးထုန်က ရှောက်မင်၏အသစ်ကျပ်ချွတ်ရှပ်အင်္ကျီလေးကိုကြည့်ပြီး ခါးဘေးကိုသာကိုင်ထားလိုက်တော့သည်။
"သေချာထိုင်..."
ပြောပြီးပြီးချင်း ရှောက်မင် စက်ဘီးခြေနင်းကိုတန်းနင်းလိုက်ရာ ကျူးထုန်က ရုတ်တရက်ရွေ့လျားမှုကြောင့် အနောက်ကိုလန်သွားလေသည်။ ထိတ်လန့်သွားသောကြောင့် သူလက်သီးဆုပ်လိုက်မိကာ ရှေ့ကိုယိုင်သွားခဲ့သည်။ ယခုတော့ သူ့ကိုယ်က ရှောက်မင်ကျောနှင့်ကပ်သွားလေ၏။
"သခင်လေး..."
လျှပ်စီးလက်သွားသလိုပင် ဦးလေးလျိုမှာ သူ့နှလုံးက လည်ချောင်းမှခုန်ထွက်လာလုနီးပါးထိတ်လန့်သွားရလေတော့၏။
ကျူူထုန်မှာမူ စိတ်လှုပ်ရှားနေလေသည်။ သူ့မျက်လုံးများက ကြယ်များနှယ်တဖျတ်ဖျတ်လက်နေ၏။ သည့်အပြင် သူတစ်ခါမှစက်ဘီးမစီးခဲ့ဖူးပေ။ ဤအကြိမ်က သူ့အတွက် ဝတ္ထုထဲမှအတွေ့အကြုံကို အပြည့်အဝခံစားလိုက်ရခြင်းပင်ဖြစ်လေသည်။
ကမ္ဘာ့ဆွဲငင်အားမှလွတ်မြောက်သွားသောအခိုက်အတန့်လေးမှ လုံခြုံသွားသည့်အသိကိုပြန်ရလာသည်အထိ ခဏလေးသာကြာလိုက်သည်။
စိတ်လှုပ်ရှားစရာပဲ။
လေများက သူ့နားကို တိုက်ခတ်သွားကြသည်။ အေးမြသောလေက သူ့မျက်နှာကို ဖွဖွလေးတို့ထိသွားကြပြီး ၎င်းကသူ့အား စကားနှင့်ဖော်ပြရခက်သောစိတ်လက်သက်သာမှုကိုပေးနေခဲ့သည်။
'ဒါကမှ စက်ဘီးစီးတယ်လို့ခေါ်တာကိုး'
ရှောက်မင်က ရုတ်တရက်ကြီးအရှိန်မြှင့်လိုက်သည်။ သူ့အတွေးထဲတွင် အားနွဲ့သည့်သခင်ငယ်လေးကို ကြောက်သွားအောင်လုပ်လိုက်နိုင်ပြီဟုထင်ခဲ့သော်လည်း မထင်မှတ်ဘဲ သခင်လေးက အလွန်ပျော်ရွှင်နေပုံရလေ၏။
သူ့ခါးပေါ်မှလက်တစုံက ပိုပြီးတင်းကျပ်လာကာ အနွေးဓာတ်တို့ကို သူ့အသားထဲသို့ပို့လွှတ်နေသလိုခံစားနေမိသည်။
ကျူးထုန်မထိထားသောအခြားနေရာများနှင့် နှိုင်းယှဥ်လိုက်ပါကသိသာလွန်းနေ၏။
ရှောက်မင် စက်ဘီးကိုအေးအေးလူလူနင်းနေရင်း သူ့နှုတ်ခမ်းထောင့်များက အလိုလိုကွေးသွားခဲ့သည်။
မီတာငါးရာအကွာအဝေးက မကြာခင်မှာပင်ရောက်ရှိလာခဲ့သည်။ ရှောက်မင်က ကျူးထုန်ကို ဟိုတယ်နားနေခန်းအထိ တိုက်ရိုက်ပို့ပေးလိုက်၏။
ကျူးထုန် ကားနောက်ခုံမှဆင်းလာပြီး သူ့မျက်နှာတွင်စိတ်လှုပ်ရှားနေမှုများဖြင့်ပြည့်နေဆဲ။
သူကရှောက်မင်ကိုကြည့်ပြီးပြောလိုက်၏။
"ကျေးဇူးပဲကွာ..."
ရှောက်မင်ကကူညီပေးလိမ့်မည်ဟုဆိုခဲ့သော ယန်လောင်ရှီး၏စကားက အလိမ်အညာမဟုတ်ခဲ့ပုံရသည်။
စက်ဘီးစီးပြီးသည့်နောက် ရှောက်မင်၏အသားအရေက ပိုကောင်းလာပြီး စိတ်အခြေအနေကခါတိုင်းထက် ရှုပ်ထွေးနေသည်ကို သူမြင်လိုက်ရသည်။ သို့ထိတိုင် သူ့မျက်နှာပေါ်တွင်မပေါ်ရအောင်ထိန်းသိမ်းထားနိုင်လေ၏။
"ကျေးဇူးတင်စရာမလိုပါဘူး၊ ဒီတစ်ခါလေးပဲကို..."
ထိုစကား၏နောက်ကွယ်မှအဓိပ္ပါယ်ကား ရှင်းလင်းပါသည်။ ကျူးထုန်ကလည်း ခေါင်းညိတ်ပြီးပြန်ပြောလိုက်ရ၏။
"ငါသိပါတယ်..."
သူ အပေးအယူစည်းမျဥ်းကိုနားလည်ပါသည်။ ပြောပြီးသည်နှင့်သူလည်း လှည့်ထွက်လာခဲ့သည်။
သူဟိုတယ်အတွင်းထဲကိုဝင်လိုက်သည်နှင့် စနစ်၏နောက်ထပ်အသိပေးချက်က ဘာမပြောညာမပြောနှင့်ပေါ်လာပြန်၏။
'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှုကို နှစ်ရာခိုင်နှုန်းထပ်ရသွားပြန်ပါပြီ၊ လက်ရှိနှစ်သက်မှုက ငါးရာခိုင်နှုန်းပါ'
ကျူးထုန်: "......."
သေချာသည်။ ရှောက်မင်ကခန့်မှန်းရခက်ပြီး မယုံကြည်ရပေ။
ကျူးထုန် ဟိုတယ်မှသူ့အခန်းထဲသို့ပြန်ရောက်သည်နှင့် နံရံနှင့်တိုက်မိသွားခဲ့သောအင်္ကျီကိုအရင်ဆုံးချွတ်လိုက်သည်။
ရေချိုးပြီးသည့်နောက် ညအိပ်ဝတ်စုံကိုဝတ်ပြီး အိပ်ရာပေါ်သို့လှဲချလိုက်၏။ ထို့နောက် နှစ်သက်မှုရာခိုင်နှုန်းကိုစစ်ဆေးလိုက်သည်။
ဘားတန်းမှ ငါးရာခိုင်နှုန်းလောက်မှာ စကားထဲပင်ထည့်ပြောစရာမရှိသည့်တိုင် အနည်းဆုံးတော့ရှိနေသေးသည်။
ဘာကြောင့်လဲဟုတွေးစရာရှိသည်။
သူက လူဆိုးကောင်များ၏အဝိုင်းခံလိုက်ရပြီး ရှောက်မင်ကသူ့အား လာကူညီပေးခဲ့သည်။ ထို့နောက်တွင်မူ ရှောက်မင်၏သူ့အပေါ်နှစ်သက်မှုရာခိုင်နှုန်းက တိုးသွားခဲ့သည်။
ကျူးထုန်: ".lဘာလို့လဲ.."
သူ့ရဲ့ခပ်ဝေးဝေးနေတဲ့ဗျူဟာက အလုပ်ဖြစ်သွားပြီး ရှောက်မင်ကသူ့ကိုယုံကြည်သွားလို့ သူ့ရဲ့ရုပ်ချောချောလေးကို ဖြည်းဖြည်းချင်းစီပြန်ပြီးသဘောကျလာတာများလား။
သူ၏ထပ်ပေါင်းလာသောရုပ်ရည်က သူကိုယ်တိုင်အတ္တသမားဖြစ်နေ၍မဟုတ်ဘဲ လူတစ်ယောက်က တဆင့်ချင်းရိုက်သွင်းပေးလိုက်သည့်အကြံကြောင့်သာဖြစ်မှန်း သူသိထားလေ၏။
သူနှင့်ကျူးရှင်းတို့က အမြွှာများဖြစ်ပြီး ကျူးရှင်းကလည်းအလှကြိုက်သူဖြစ်နေ၍ သူလည်းကလေးအရွယ်တည်းက သူ့ကိုကြည့်မကောင်းဟု ပြောလျှင်မကြိုက်တတ်ပေ။
သူမအကြောင်းပြောရလျှင်...သူမကသူ့အပေါ်စိတ်ဆိုးနေဆဲ။
ကျူးထုန် ဖုန်းထုတ်ပြီး WeChat ကိုစစ်ကြည့်လိုက်သည်။ တဒင်္ဂမျှတုံ့ဆိုင်းနေပြီးမှ ထပ်ပြီးဝင်ကြည့်လိုက်၏။
သူ့ဘဝလေးကို အရင်တည်ငြိမ်အောင်လုပ်ပြီးမှ အခြားသူနှင့်စကားပြောလျှင် ပိုကောင်းလိမ့်မည်။
"သံထည်ဟောင်းကြီး ဒီနေ့ကိစ္စပြီးသွားတော့ ငါသိလိုက်တဲ့အမှန်တရားတစ်ခုရှိတယ်..."
စနစ်: "..."
သံထည်ဟောင်းကြီးကဘယ်သူလဲ။
စနစ်: 'ဘာလဲ..'
ကျူးထုန်: 'ငါရှောက်မင်အရှေ့ကို ထွက်ပြဖို့မလိုတော့ဘူးထင်တယ်'
အရှေ့တွင်စည်းလုံးပြပြီး တဖက်ထံမှလေးစားခံရရန် ယွမ်ရှောင်ကျိုးကိုအသုံးချလိုက်သည်ဖြစ်စေ၊ စာကြိုးစားပြီး သူ့အပေါ်ရှိ ရှောက်မင်၏အမြင်များကောင်းလာအောင်လုပ်သည်ဖြစ်စေ၊ သူကား သူ့ပန်းတိုင်ကိုရောက်ရန် ရှောက်မင် သတိထားမိအောင်လုပ်ရန်လိုသည်ဟု အစကထင်ထားခဲ့သည်။
လက်တွေ့တွင်မူ ထိုသို့မဟုတ်ခဲ့ပေ။
သူက ရှောက်မင်ကို ကိစ္စတစ်ခုဖြေရှင်းရာတွင်ကူညီပေးနိုင်ပြီး ရှောက်မင်ကို "မတော်တဆ" သတိထားမိလာအောင်လုပ်နိုင်လေသည်။
"လောလောဆယ် ရှောက်မင် မရှင်းနိုင်တဲ့ပြဿနာမျိုးမရှိဘူးလား..."
လူအများ၏သဘောကျသည့် ဇာတ်လိုက်၏ချစ်မြတ်နိုးမှုအား ခံရသူအနေဖြင့် သူ့ဘက်မှ ဒုက္ခအများအပြားပေးသင့်သည်မလား။
စနစ်ကပြန်ဖြေလာသည်။
'မသိဘူး'
ကျုးထုန်: "...."
"မသိဘူး၊ ဘာလို့မသိရတာလဲ..."
စနစ် 666: 'မူလဝတ္ထုမှာ လရောင်ဖြူလေးအကြောင်းက အများကြီးမပါဘူးလေ၊ ပင်မဇာတ်ကြောင်းက ဇာတ်လိုက်နဲ့အနီးကပ် ပတ်သက်တဲ့လူတွေကိုပဲရှင်းပြထားတာ'
"..."
ထိုသို့ဆိုလျှင် လတ်တလော လရောင်ဖြူလေးအကြောင်းကို မူလဝတ္ထုထဲမှသိရရန် အချက်နှစ်ချက်ရှိသည်။
၁။ လူအများ၏သဘောကျမှုကို ခံရသည့်ဇာတ်လိုက်က လရောင်ဖြူလေးကိုသဘောကျနေသည်။
၂။ လရောင်ဖြူလေးက ဇာတ်လိုက် shou ၏ ကုမ္ပဏီကိုဖျက်ဆီးပစ်လိုက်သည်။
မူလဝတ္ထုထဲတွင် ဇာတ်လိုက်မှာ အကြိမ်ကြိမ်အငြင်းခံရသည့်အခါ မည်မျှပျာယာခတ်နေခဲ့ကြောင်းနှင့် ရှားမိသားစုကုမ္ပဏီ ဖျက်သိမ်းရာတွင်ကူညီပေးလိုက်ပြီးသည့်နောက် လရောင်ဖြူလေးအပေါ်ရှိ အချစ်နှင့်အမုန်းတို့က ကြီးထွားလာခဲ့ကြောင်းဖော်ပြထားခဲ့သည်။ သို့ထိတိုင် ဇာတ်သိမ်းပိုင်းရောက်သည်အထိ လရောင်ဖြူလေးမှာ ဇာတ်လိုက် shou အနောက်ကိုလိုက်နေကြသောလူများ၏ပစ်မှတ်ဖြစ်ခဲ့ရပုံအကြောင်းများကိုမူ တစ်လုံးတစ်ပါဒပင်မဖော်ပြထားခဲ့ပေ။
လရောင်ဖြူလေး၏မိသားစုအခြေအနေမှာ မသိရသည့်အနေအထားတွင်ရှိနေလေသည်။
သူ့အတိတ်ကိုလည်းမသိရပေ။
သူ၏ပုဂ္ဂိုလ်ရေးရာ ပတ်သတ်ဆက်နွယ်မှုကိုလည်း မသိရပေ။
လွန်ခဲ့သည့်နှစ်ရက်က အချင်းချင်းသိခဲ့ကြရာမှ ရှောက်မင်ထံတွင် လော့ရှိုး ဟုခေါ်သောသူငယ်ချင်းတစ်ယောက်ရှိသည်ကိုသာ ကျူးထုန် သိခဲ့ရသည်။
သူတို့အထဲတွင် ရှားယန်နှင့်ပတ်သတ်နေသူများအပြင် ယွမ်ရှောင်ကျိုး ပစ်မှတ်ထားနေသူများလည်းပါနေလေ၏။
လက်ရှိတွင် သူ ယွမ်ရှောင်ကျိုးနှင့် တိုက်ရိုက်စကားပြောကြည့်သင့်သော်လည်း ကျူးထုန်မှာ ရှောက်မင် ဘာကိုပင်လုပ်ပါစေ၊ တတ်နိုင်သည့်အရာမရှိပေ။
ရှားယန်အတွက်ကမူ...ထိုသို့သောကိစ္စမျိုးတွင် လူတိုင်းနှစ်သက်ခြင်းခံရသူ၏အရှိန်အဝါနှင့် ယှဥ်မရမည်ကိုသာ စိုးရိမ်မိလေသည်။
အောင်မြင်ရန်အတွက်ဆိုလျှင် သူ ရှောက်မင်အကြောင်းကိုပိုသိရန်လိုသည်။
သူကား ပုံမှန်အချိန်ဇယားဖြင့် အမြဲ လှုပ်ရှားတတ်၏။ တခဏမျှထိုင်တွေးနေပြီးနောက် အိပ်ရာဘေးမှမီးအိမ်ကိုပိတ်ပြီး အိပ်လိုက်လေတော့သည်။
ထိုအချိန်မှာပင် အခြားကျောင်းသားများ၏ ညဘဝလေးက စတင်အသက်ဝင်လာလေသည်။
ဖိုရမ်တွင် လူတစ်ယောက်က ပို့စ်တစ်ခုကိုမျှဝေထားခဲ့သည်။
[ငါ့ရဲ့ချစ်လှစွာသော ညီမလေးတို့ရေ၊ ငါကျောင်းသားအသစ်နဲ့ပတ်သက်တဲ့ သတင်းကောင်းလေးတစ်ခုရှာတွေ့ထားတယ် (ဓာတ်ပုံ)]
အနှီဓာတ်ပုံအား မည်သည့်နေရာမှရိုက်လာသလဲ မသိသော်ငြား စက်ဘီးပေါ်တွင် လူနှစ်ယောက်ရှိနေသည်ကိုမူ မြင်နိုင်၏။
စက်ဘီးနင်းနေသူကို သေချာမမြင်ရသည့်တိုင် နောက်ခုံတွင်ထိုင်နေသူ၏မျက်နှာကိုမူ ကောင်းကောင်းမြင်နေရသည်။
[ဖာ့ခ်၊ အဲဒါက ကျောင်းစာနတ်ဘုရားရဲ့စက်ဘီးမဟုတ်လား]
[ဘာပြောတယ်၊ ကျောင်းစာနတ်ဘုရားရဲ့ အနောက်ခုံမှာ လိုက်စီးတဲ့သူရှိနေတာလား]
[ကြည့်ရတာ တန်းခွဲသုံးက ကျောင်းသားအသစ်ထင်တယ်]
ဒီပို့စ်ကိုပြန်တင်နေကြတာ ဆယ်ခါလောက်ရှိပြီ၊ နောက်တော့ တစ်ရာလောက်ဖြစ်သွားတယ်၊ မကြာခင် ဖိုရမ်တစ်ခုလုံးကိုပျံ့တော့မှာ]
[အမေရေ၊ ဒါက အရိုင်းတုံးကျောင်းသားဇာတ်လမ်းလေးရဲ့ဘယ်အခန်းကိုများရိုက်နေတာပါလိမ့်]
[ဒီအခန်းက...ကျူးထုန်က ရှောက်မင်ကို စိတ်မဝင်စားဘူးဆိုတာ ငါလုံးဝမယုံဘူး]
[ဒါဆို ကျောင်းစာနတ်ဘုရားက ကျောင်းသားအသစ်လေးကိုစိတ်ဝင်စားနေတာပေါ့၊ ငါတော့ သူ့စက်ဘီးထိုင်ခုံအနောက်မှာ လိုက်ထိုင်တဲ့သူကို အခုမှပထမဆုံးမြင်ဖူးတာပဲ]
[!!!!]
မကြာခင်မှာပင် အတည်ပြုပေးမည့်ကျောင်းသားတစ်ယောက်က ကျောင်းဂိတ်ဝတွင်ရိုက်ထားသောဓာတ်ပုံတစ်ပုံကို တင်ပေးလိုက်သည်။
[ငါ့ကိုအတွေးမှားအောင်မလုပ်ကြနဲ့ ကိုယ့်လူတို့ရေ၊ ကျောင်းအပြင်မှာ ကျူးထုန်က လူဆိုးတစ်အုပ်ရဲ့လမ်းပိတ်တာကိုခံလိုက်ရတယ်၊ ကျောင်းစာနတ်ဘုရားက သတ္တိကောင်းကောင်းနဲ့ဝင်ရိုက်ပြီး ကျူးထုန်စိတ်ချရအောင် အိမ်ပြန်လိုက်ပို့ပေးခဲ့တယ်၊ ဒါက ဖြူစင်တဲ့အတန်းဖော်ဆက်ဆံရေးပါပဲ၊ ဒါမှမဟုတ်လည်း အချစ်ဖြစ်မှာပေါ့]
[ဖာ့ခ်၊ ကျူးထုန်က လမ်းပိတ်ခံရတယ်၊ မဟုတ်မှ....]
[အာ..အာ၊ ငါတော့ဂရုမစိုက်ဘူး၊ ဒီမင်္ဂလာပွဲကိုငါသဘောတူတယ်၊ လူချောလေးနဲ့လူချောလေးစုံတွဲကို အားပေးသင့်ပါတယ်]
[....]
အထင်လွဲမှုကို ပြန်လည်ဖြေရှင်းလိုက်နိုင်လင့်ကစား အချို့သူများကမူ မမောနိုင်မပန်းနိုင်ဘဲ အပျော်လွန်နေကြဆဲပင်။
ရှားယန်လည်း နေ့အတန်းချိန်တက်သောကျောင်းသားဖြစ်လေ၏။ ထိုအချိန်တွင် သူက ကုတင်အစွန်းတွင်တစ်ယောက်တည်းထိုင်နေပြီး အစက စိတ်အခြေအနေပြောင်းသွားစေရန်ဆိုကာ သူနှင့်ရှောက်မင်တို့၏ စုံတွဲဖန်ဒမ်းကို နှိပ်ချင်နေခဲ့သည်။
သူရှောက်မင်အတွက် ကျောင်းပြောင်းလာစဥ်တည်းက သူ့အတွက် စုံတွဲဖန်ဒမ်းကို တစ်ယောက်ကဖွင့်ပေးထားခဲ့သည်။
သို့တစေ သူယနေ့ ဖိုရမ်ဖွင့်လိုက်သည်နှင့် ရှောက်မင်နှင့်ကျူးထုန်တို့၏ဓာတ်ပုံကို ပထမဆုံးအကြိမ်မြင်လိုက်ရလေသည်။
ဓာတ်ပုံထဲတွင် ရှောက်မင်မျက်နှာကို ဘေးတိုက်ရိုက်မိထားပြီး သူ့မျက်နှာက သစ်ပင်အရိပ်များဖြင့်ကွယ်နေလေသည်။
အနောက်ခုံတွင်တော့ ကျူးထုန်ကထိုင်နေခဲ့သည်။ လက်နှစ်ဖက်ဖြင့် ရှောက်မင်၏ခါးကို တင်းနေအောင်ဖက်ထားကာ မျက်နှာပေါ်မှအပြုံးက ဖျော့နေသော်လည်း အသေအချာမြင်နိုင်လေသည်။
လူနှစ်ယောက်၏ပုံစံက အလွန်ရင်းနှီးနေပြီး မျက်စိကိုပင်ပြာဝေသွားစေလိမ့်မည်။
ရှားယန် ဖုန်းကို ကျစ်နေအောင်ကိုင်ထားမိလိုက်သည်။
'ကျူးထုန်၊ သူတကယ်ကို ရှောက်မင်ကြောင့်ရောက်လာတာပဲ...'
အစကတော့ ကျူးထုန်နှင့်ရှောက်မင်တို့ ခုံဝေးသွားသည်ဟု ကြားလိုက်ရပြီး သူပျော်နေခဲ့သေးသည်။
အဘယ်ကြောင့်ဆိုသော် ကျူးထုန်က ခြွင်းချက်အဖြစ်သတ်မှတ်စရာမဖြစ်လာနိုင်လောက်ဟု ထင်ခဲ့သောကြောင့်ပင်။ သူကား ယွမ်ရှောင်ကျိုး တစ်ခါနှောင့်ယှက်လိုက်၍ထိတ်လန့်သွားပြီး ရှောက်မင်၏ထိုင်ခုံဖော်ဖြစ်ချင်သည့်ဆန္ဒကို လက်လွှတ်ခဲ့ရသည်။
ယွမ်ရှောင်ကျိုးက ရှောက်မင်ကို တမင်တကာ ဖယ်ကျဥ်ထားခြင်းဖြစ်ကြောင်း သူသဘောပေါက်လေသည်။ မကောင်းမှန်းသိသည့်တိုင် သူမရပ်နိုင်ခဲ့ပေ။
အကြောင်းမှာ သူကတကိုယ်ကောင်းဆန်ပြီး ရှောက်မင်နှင့်အတူထိုင်မည့်သူကို မရှိလာစေချင်ခဲ့သောကြောင့်။
ရှောက်မင်က သူ့ကိုငြင်းခဲ့သည်။ သူစိတ်ပျက်သွားသည့်တိုင် ရှော့ခ်မရခဲ့ပေ။
ကျောင်းတွင် ရှောက်မင်ကိုသဘောကျနေသူအများအပြားရှိသည်။ အားလုံးက လူသိရှင်ကြားဖွင့်ပြောခဲ့ကြသော်လည်း ရှောက်မင်က ဘယ်သူ့ကိုမှအဖြေပြန်မပေးခဲ့ပေ။
သူကအားလုံးကို အကြင်နာတရားကင်းမဲ့စွာဖြင့် ငြင်းဆန်ပစ်ခဲ့သည်။
သို့တစေ သူ့အနားတွင်ဘယ်သူမှမရှိသရွေ့ ရှားယန်တွင်အခွင့်အရေးရှိပါသေးသည်။
သို့သော်လည်း သူ့ပြိုင်ဘက်က ပြောင်းသွားခဲ့သည်။ ကျူးထုန် ပေါ်လာခဲ့လေ၏။
ယွမ်ရှောင်ကျိုးက ထိုသူကိုပြန်မောင်းထုတ်ပေးလိမ့်မည်ဟု ယုံကြည်ထားခဲ့မိ၍ သူ ကျုးထုန်အပေါ် အလွန်အမင်းအာရုံမစိုက်ခဲ့ပေ။
သူကား ဖုန်းထဲမှဓာတ်ပုံကိုကြည့်နေရင်း မသိစိတ်အရ အောက်နှုတ်ခမ်းကိုကိုက်လိုက်မိလေ၏။
🤒