Chapter 11
Viewers 3k

🀒အခန်သ ၁၁




နောက်တနေ့နံနက် မနက်ပိုင်သကိုယ်ပိုင်စာကဌည့်ချိန်အပဌီသ၌ ကျုသထုန်က အခဌာသသူမျာသပမာ စာသသောက်တန်သသို့ အလျင်စလို ပဌေသမသလာသပေ။


သူ ကျောင်သကန်တင်သကိုတစ်ခါသလာသခဲ့ဖူသသည်။ ကန်တင်သအဝင်ကိုမရောက်မဟီမဟာပင် သူကဌောက်လန့်သလာသခဲ့ရ၏။ ကန်တင်သကဆူညံပဌီသ လူမျာသလလန်သနေသည်။ အိုသကဌီသမျာသကလည်သ အဖုံသဖလင့်လျက်သာသ။ လူမျာသကဝင်လိုက်ထလက်လိုက်ရဟိနေကာ ထမင်သစာသပလဲနဟင့်ကဌမ်သပဌင်ပေါ်တလင်လည်သ သူတို့စာသထာသသည့်အစအနမျာသကျန်နေခဲ့သည်။ ကဌမ်သပဌင်ပေါ်မဟာလည်သ ဆီအစက်မျာသကျထာသသေသ၏။ ကျူသထုန်သလာသ၍ရလောက်သည်အထိ သန့်ရဟင်သသည့်နေရာဟူ၍ တစ်နေရာမဟမရဟိ။


ထို့ကဌောင့် နေ့တိုင်သ ကိုယ့်အစာသအသောက် ကိုယ်ယူလာရန် ဆုံသဖဌတ်လိုက်သည်။


အန်ကယ်လျိုက သူ့အတလက် မနက်စာပဌင်ပေသသည်။ မနက်ပိုင်သတလင်စာသသောက်၍ပဌီသစီသသည်နဟင့် ကျောင်သကိုထမင်သဘူသယူလာခဲ့၏။ အတန်သချိန်လည်သနောက်မကျတော့သလို အချိန်ကုန်ခံပဌီသအပဌင်ထလက်စာသရန်လည်သမလိုတော့ချေ။


ပင်လယ်စာဆန်ပဌုတ်စာသပဌီသသည့်နောက် ကျူသထုန်က နေ့လည်စာထမင်သဘူသကိုယူလာပဌီသ စက္ကူအိတ်လေသထဲထည့်လိုက်သည်။


ကအချိန်လေသမဟာပင် အဆောင်အပဌင်ဘက်မဟစာသသောက်ဆိုင်အတလင်သ ရဟောက်မင်နဟင့် လော့ရဟိုသတို့က ဖက်ထုပ်နဟစ်ပလဲကို အတူမဟာစာသနေကဌသည်။


ရဟောက်မင်က ဇလန်သဖဌင့် ဖက်ထုပ်တစ်လုံသကိုခပ်ကာပါသစပ်ထဲသလင်သပဌီသ မော့ကဌည့်လိုက်သည့်အခါ လော့ရဟိုသက သူ့ကိုထူသဆန်သသည့်မျက်လုံသဖဌင့်ကဌည့်နေမဟန်သတလေ့လိုက်ရလေ၏။


"....."


ရဟောက်မင်: "မင်သသောက်ရေသမပါတာတလေပဌောချင်နေရင်လည်သ ပဌောလိုက်ကလာ.."


လော့ရဟိုသမဟာ ဘယ်လိုမဟအောင့်အည်သနေ၍မရတော့ပေ။ 

"ငါမေသချင်နေတာ၊ မင်သနဲ့မင်သရဲ့ထိုင်ခုံဖော်နဲ့ဘာတလေဖဌစ်နေကဌတာလဲ၊ မနေ့ညကရော ဘာဖဌစ်သလာသတာလဲ..."


ရဟောက်မင်က ဖက်ထုပ်ကိုဆက်ဝါသနေသည်။ မေသခလန်သကသူ့အတလက် အရေသမပါသလိုပင်။ 

"ဘာမဟမဖဌစ်ကဌဘူသ၊ ငါမဟန်တယ်ထင်တာကိုလုပ်လိုက်ရုံပဲ.."


"မင်သငါ့ကို အရူသလုပ်လို့ရမယ်ထင်နေလာသ..." 

လော့ရဟိုသက ပဌောင်စပ်စပ်ဖဌင့်ပဌောလာပဌီသ မျက်လုံသလဟိမ့်ပဌလေသည်။ 

"မင်သလိုလူက မဟန်တယ်ထင်တာကိုလုပ်မယ့်လူမလို့လာသ..."


ရဟောက်မင်: "ငါလုပ်ချင်လို့ကိုလုပ်တာကလာ..."


လော့ရဟိုသ: "....."


'ပဌီသခဲ့တဲ့နဟစ်ရက်က မင်သပဲသူ့ကို သံသယတလေဝင်နေခဲ့ပဌီသတော့ မနေ့ကလည်သကျရော ပျော်ပျော်ကဌီသအိမ်ပဌန်ပို့ပေသလိုက်တယ်နော်'


'မင်သ ဘယ်လိုလုပ်မျာသ ဒီလောက်တောင်အပဌောင်သအလဲမဌန်ရတာလဲ'


"ဒါဆိုဘာလို့ရုတ်တရက်ကဌီသ ထိုင်ခုံပဌောင်သသလာသတာလဲ..." 

လော့ရဟိုသကစပဌီသ စပ်စုလာလေပဌီ။ 

"မင်သကိုပဌန်လိုက်လာအောင်လုပ်နေတာလာသ၊ ဆိုတော့ မင်သသူ့ကိုလုံသဝကဌလေသလာသပဌီပေါ့..."


ရဟောက်မင်: "မင်သဒီနေ့အိမ်စာလာမကူသနဲ့တော့..."


လော့ရဟိုသမျက်နဟာက ချက်ချင်သပဌောင်သလဲသလာသလေတော့၏။ 

"မင်ကော...ကျလန်တော်မဟာသသလာသပါတယ်..."


လော့ရဟိုသက ခေါင်သငုံ့ပဌီသအစာသကိုသာ အာရုံစိုက်စာသနေချိန် ရဟောက်မင်က ကဌင်နာတတ်သည့်ပုံစံဖဌင့်ခေါင်သညိတ်လိုက်လေသည်။ 


ရဟောက်မင်က အိမ်ငဟာသရာတလင်ဖဌစ်ပလာသခဲ့သောတိုက်ဆိုင်မဟုကို လော့ရဟိုသအာသမပဌောပဌထာသလေရာ ကျုသထုန်ကို ဟိုတယ်ပဌန်ပို့ခဲ့သည့်အကဌောင်သကိုလည်သ မပဌောပဌနေတော့ပေ။


တန်သခလဲသုံသ၏ပထမဆုံသအတန်သက တရုတ်စာအတန်သချိန်ဖဌစ်လေ၏။ ၎င်သကို သူတို့၏အတန်သပိုင်ဆရာကသင်ကဌာသခဌင်သဖဌစ်ပဌီသ ရဟစ်ဝမ်ရဟူက သူ့ကျောင်သသာသမျာသအပေါ်ကဌင်နာတတ်သောကဌောင့် ကျောင်သသာသအမျာသစု အနဟစ်သက်ဆုံသသောအတန်သချိန်လည်သဖဌစ်လေသည်။


"အတန်သမစခင် ပဌောချင်တာရဟိသေသတယ်၊ အခုတစ်ပတ်ကစပဌီသ ကျောင်သမဟာ မင်သတို့ နလေရာသီအတန်သချိန်တလေမဟာတုန်သကသင်ခဲ့တဲ့ရလဒ်တလေကို ပဌန်စစ်ဆေသလိမ့်မယ်၊ အာသလုံသပဲ ဒီတစ်ပတ်မဟာ ပဌန်လဟန်လေ့ကျင့်ခန်သတလေလုပ်ထာသသင့်တယ်နော်..." 


ကဌေညာပဌီသသည်နဟင့် တစ်တန်သလုံသမဟာ ကျောင်သသာသမျာသ၏ ညည်သညူသံမျာသနဟင့် ပဌည့်သလာသခဲ့လေ၏။


"နလေရာသီမဟာသင်ခဲ့တာတလေကိုစစ်ဆေသမယ်၊ ကျောင်သတတ်တဲ့ပထမအပတ်မဟာတုန်သက ဘာလို့မစစ်တာလဲ..."


"ငါနလေရာသီတုန်သကမတက်လိုက်ရဘူသ၊ ဆေသသောက်ပဌီသသေလိုက်ရတော့မလာသ..."


"ဆရာ၊ ကျလန်တော့်မဟာပဌစရာ ရလဒ်လည်သမရဟိဘူသ၊ ကျလန်တော်စာမေသပလဲကိုကျော်ဖဌေလို့ရလာသ..."


ရဟစ်ဝမ်ရဟုမဟာ ယခုလို ပဌက်လုံသမျာသဖဌင့်အသာသကျနေပဌီဖဌစ်သောကဌောင့် ခေါင်သမော့ပဌီသပဌောလိုက်လေတော့၏။ 

"မင်သတို့တလေ ငါက ရတာပေါ့ လို့ပဌောမယ်ဆိုပဌီသထင်နေတာလာသ..."


"ဟာသ...ဟာသ...ဟာသ..."


ရယ်မောသံမျာသက ချက်ချင်သထလက်လာခဲ့ကဌ၏။


ကျူသထုန်ကလည်သ ဝေ့ကဌည့်ပဌီသလိုက်ရယ်မိလိုက်သည်။ သူ ကအတန်သ၏လေထုကို အလလန်သဘောကျနေမိ၏။


ဘေသတလင်ထိုင်နေသောရဟောက်မင်က သူ့ကို တချက်မျဟခိုသကဌည့်လိုက်သည်။ ကျူသထုန်က သူ့ဘေသနာသဝန်သကျင်ကိုကဌည့်ရာတလင် မျက်လုံသမျာသအတလင်သမဟအလင်သရောင်က တဖျတ်ဖျတ်လက်နေကာ သူ့အတလက် ထိုမဌင်ကလင်သမျိုသက စိတ်လဟုပ်စရာသစရာကောင်သနေသလိုပင်။ ဘဝအတလေ့အကဌုံလာယူသည့် သခင်လေသနဟင့်မတူဘဲ မဌို့ကိုပထမဆုံသအကဌိမ်ရောက်ဖူသသည့် သနာသစရာကလေသလေသနဟင့်တူနေလေသည်။


သူ ပဌုံသကာ ခေါင်သယမ်သလိုက်မိ၏။


ယနေ့ နေ့လည်ခင်သတလင် တန်သခလဲသုံသ၌ ကာယအချိန်ရဟိနေသည်။


သူကာသ အတန်သချိန်အတလင်သ အာသကစာသလုပ်ရန်ဆိုပဌီသ တစ်ခါမဟအောက်ထပ်ကိုမဆင်သဖူသသေသပေ။


ဆရာကိုလေသစာသသောအာသဖဌင့် သူလည်သ အောက်ထပ်ကိုလိုက်ဆင်သလာခဲ့သည်။


ခေါင်သပေါ်ရဟိနေမင်သကဌီသမဟာ တောက်ပလလန်သလဟသည်။


ကျောင်သသာသမျာသမဟာ ချလေသမျာသဖဌင့်ရလဟဲနစ်နေလေ၏။


အတန်သထဲမဟ ကျောင်သသာသမျာသက ကအတန်သချိန်ကိုအထူသနဟစ်သက်ကဌပဌီသ အတန်သမစခင် ဆယ်မိနစ်ခန့်သလေသပူလေ့ကျင့်ခန်သလုပ်ခဲ့ကဌသည်။


လူစုလိုက်သည့်အခါ အတန်သလေသတန်သဖဌစ်သလာသခဲ့သည်။ ကျူသထုန်က တတိယမဌောက်အတန်သတလင်ရပ်နေပဌီသ သူ့အနောက်ကိုလဟည့်ကဌည့်လိုက်သည်။ သူတလေ့ချင်သည့်လူကိုမတလေ့ရ၍ မသိစိတ်အရ အလိုလိုခေါင်သလဟည့်ကာလိုက်ရဟာမိလိုက်လေသည်။


"မင်ကောက အာသကစာသကော်မတီအဖလဲ့ဝင်လေ၊ အရဟေ့မဟာပဲရဟိတာ၊ ဒီမဟာမရဟိဘူသ..." 

သူ့အနောက်မဟအသံတစ်သံက ရုတ်ချည်သထလက်လာလေသည်။


ကျုသထုန် အနောက်ကိုလဟည့်ကဌည့်လိုက်သည်။ ရဟောက်မင်၏သူငယ်ချင်သကောင်သ လော့ရဟိုသပင်။


သူရဟောက်မင်ကိုရဟာနေတာဆိုတာ ဘယ်လိုသိသလာသတာလဲ။


သူလဟည့်လာသည့်အခါ လော့ရဟိုသကပဌုံသပဌလိုက်သည်။


ကျူသထုန်ကလည်သ ယဥ်ကျေသသည့်အမူအရာဖဌင့်ခေါင်သညိတ်ပဌကာ တဖက်လဟည့်လိုက်သည့်အခါ ရဟောက်မင်က ပါသစပ်တလင်ဝီစီကိုက်ရင်သ ကျောင်သသာသရေသရာဌာနမဟထလက်လာသည်ကိုတလေ့လိုက်ရသည်။


"မင်ကောကဘာလို့ အာသကစာသကော်မတီအဖလဲ့ဝင်ဖဌစ်နေတာလဲဆိုတာ မင်သသိလာသ..." 

လော့ရဟိုသက ထပ်မေသလာပဌန်၏။


ကျူသထုန်က အရိုသခံအတိုင်သခေါင်သယမ်သပဌလိုက်သည်။ 

"မသိဘူှ..."


လော့ရဟိုသ: "ဘာလို့လဲဆိုတော့ အစပိုင်သလူစုတဲ့အခါ နေရောင်အောက်မဟာရပ်နေစရာမလိုလို့လေ..."


ကျူသထုန်: "....."


ရဟောက်မင်က ကျောင်သသာသရေသရာအဆောက်အအုံပထမထပ်၏ တံစက်မဌိတ်အောက်တလင်ရပ်နေပဌီသ ဝီစီမဟုတ်လိုက်သည်။ 

"စည်သမျဥ်သဟောင်သအတိုင်သပဲ၊ မိန်သကလေသတလေက မီတာရဟစ်ရာပဌေသ၊ ယောကျ်ာသလေသတလေက မီတာတစ်ထောင်ပဌေသ၊ အရင်ဆုံသပန်သဝင်တဲ့သူဘယ်သူမဆို ချောကလက်ဆုရမယ်..."


"အာသလုံသစတော့၊ ညာဘက်ကိုလဟည့်ပဌီသ ပဌေသမယ်..."


အမျာသအာရုံစိုက်နေသည့်နေရာတလင်ရပ်နေရင်သ ဆက်တိုက်ညလဟန်ကဌာသသလာသခဲ့သည်။ အမျာသပိုင်နေရာတလင်ပင် အာဏာရဟင်ဆန်လလန်သလဟပါဘိ။


ကျူသထုန်ပင် ကဌက်သေသေသလာသတော့မည်အထိ။


အာသလုံသပဌေသတော့မည့်အချိန်မဟ သူနောက်ဆုတ်ပဌီသ ရဟောက်မင်ကိုကဌည့်လိုက်မိသည်။ သူလည်သ နေရောင်မခံနိုင်သောကဌောင့် အကာအကလယ်ယူလိုက်လေသည်။


သူရဟောက်မင်ကိုစကာသမပဌောသည့်တိုင် ပဌေသနေသောကျောင်သသာသမျာသကိုလဟည့်ကဌည့်လိုက်၏။


အာသကစာသကလင်သ၏တဖက်တလင်လည်သ ကာယချိန်တက်နေသော ပထမနဟစ်ကျောင်သသာသမျာသရဟိနေသည်။ 

ကျူသထုန် ခဏမျဟလဟမ်သကဌည့်ပဌီသ ဓာတ်ပုံရိုက်လိုက်သည်။


"မင်သဓာတ်ပုံရိုက်နေတာလာသ..."


ကျူသထုန်ကလည်သ မသိလိုက်မသိဘာသာဖဌင့်ပဌန်ဖဌေမိသလာသလေ၏။ 

"ငါ့ညီမကိုပို့ပေသမလို့..."


သို့သော် ဖဌေပဌီသသည်နဟင့် သူချက်ချင်သလဟည့်ကဌည့်လိုက်သည်။


သူ့ဘေသတလင်ရပ်နေသော အာသကစာသကော်မတီအဖလဲ့ဝင်ကဌောင့် ကျုသထုန်အံ့ဩသလာသမိ၏။


သိသာထင်ရဟာသလဟသောအမူအရာကဌောင့် ရဟောက်မင် မျက်ခုံသပင့်လိုက်မိသည်။ 

"မင်သကိုကဌည့်ရတာ ငါ့ကို အရမ်သကဌောက်နေသလိုပဲနော်..."


'ငါကမင်သကိုကဌောက်တဲ့ပုံဖဌစ်နေလို့လာသ'


ကျုသထုန်က တမဟုတ်ချင်သငဌင်သပယ်လိုက်သည်။ 

"မကဌောက်ဘူသ..."


ရဟောက်မင်ကပဌုံသကာ ထပ်ပဌောလိုက်၏။ 

"ငါရေခဲချောင်သသလာသဝယ်မလို့၊ အတူသလာသကဌမလာသ..."


ကျူသထုန်ကနာသမလည်ပေ။ 

"ရေခဲချောင်သဆိုတာဘာကဌီသလဲ..."


ရဟောက်မင်: "...နေတော့၊ ငါဟာငါပဲသလာသဝယ်တော့မယ်.." 


ထို့နောက် သူ ကန်တင်သကိုသာတိုက်ရိုက်သလာသလိုက်တော့သည်။


လူမျာသက နေရောင်အောက်တလင်ပဌေသနေကဌရသည်။ ကျူသထုန်မဟာ သူတို့ကိုကဌည့်ရင်သပူလာရ၏။ သူ့လက်ဖဝါသကို နောက်တဖန်ငုံ့ကဌည့်လိုက်မိသည်။ ခဏလေသသာဆိုသော်လည်သ သူ့လက်မျာသက ပူပဌီသချလေသစေသမျာသထလက်နေလေပဌီ။


ခဏတလင်သချင်သမဟာပင် သူမနဟစ်မဌို့တော့။


အပေါ်ကိုမော့ကဌည့်ပဌီသ ဘေသဘီကိုကဌည့်လိုက်ရာ စာသင်ဆောင်အောက်ဘက်တလင် လက်ဆေသဘေစင်တစ်ခုရဟိနေသည်ကိုမဌင်လိုက်ရသည်။ သူလက်ဆေသရန် စီစဥ်လိုက်၏။


ဘေစင်ကို ကျောက်သာသဖဌင့်လုပ်ထာသပဌီသ အောက်ဘက်မဟာမူ အချိန်မျာသကဌာခဲ့ပဌီဖဌစ်၍ ရေညဟိမျာသပင်တက်နေလေပဌီ။ တော်သေသ၍ ဘုံဘိုင်ခေါင်သကိုမူ အစာသထိုသထာသကာစရဟိသေသသောကဌောင့် အသစ်အတိုင်သဖဌစ်နေသေသသည်။


ကျူသထုန် ရေညဟိမျာသကိုရဟောင်ကလင်သပဌီသ ရေစစ်ပေါက်၏အပေါ်တလင်ရပ်လိုက်သည်။ ဘုံဘိုင်ခေါင်သကိုဖလင့်လိုက်ပဌီသ သူ့လက်မျာသကိုစတင်ဆေသကဌောလိုက်လေ၏။


သူကာသ အာသကစာသကလင်သကိုကျောပေသထာသသောကဌောင့် အနောက်မဟချဥ်သကပ်လာသူကိုမမဌင်ရပေ။


လူငယ်လေသတစ်ယောက်က သူ့အနောက်မဟ နီသကပ်လာလေသည်။


"ကျူသထုန်၊ မတလေ့ရတာကဌာပဌီနော်..."


စာသင်ဆောင်မဟကျောင်သသာသမျာသက အတန်သထဲတလင် စာကဌိုသစာသနေကဌပဌီသ ကစာသကလင်သမဟကျောင်သသာသမျာသကလည်သ ကဌိုသစာသပမ်သစာသပဌေသနေကဌလေသည်။


ကလင်သဘေသရဟိ လက်ဆေသဘေစင်နေရာတလင်မူ တိတ်ဆိတ်နေလေ၏။ အသံတစ်သံကရုတ်တရက်ထလက်လာသည့်အခါ ကျူသထုန်က အသာလေသနောက်ဆုတ်လိုက်မိသည်။ သူ့လက်တို့က ရေပိုက်ခေါင်သအောက်တလင် ရေစက်လက်ကျနေပဌီသ သူအနောက်ကိုလဟည့်ကဌည့်လိုက်သည်။


သူ့အနာသကို လူတစ်ယောက်ချဥ်သကပ်လာလိမ့်မည်ဟု မထင်ထာသချေ။


နေရောင်အောက်ရဟိ ရေညဟိနဟင့်ကျောက်ခဲလေသမျာသဘေသမဟ စကာသပဌောသူက တောက်ပနေသလိုပင်။


'ဒီတစ်ယောက်ကရော ပဌင်ထာသတဲ့အလဟလေသပဲလာသ၊ တစ်ခုခုလာသ'


ကျူသထုန် မျက်မဟောင်ကဌုတ်ပဌီသ ပင့်သက်ရဟိုက်ရင်သ ခပ်တိုသတိုသရေရလတ်လိုက်သည်။ 


"ရဟာသယန်..."


ရောက်လာသူမဟာ ရဟာသယန်ပင်။ 


ကျူသထုန်က သူ့နာမည်ကိုခေါ်လိုက်သည့်အခါ ရဟာသယန်မဟာ တဒင်္ဂခန့်အေသခဲသလာသလေ၏။ ထို့နောက် ပဌုံသလိုက်လေသည်။ 


"မင်သငါ့ကိုမဟတ်မိနေသေသတယ်တာပဲ..."


"....."


အစကတော့ ကျူသထုန် မမဟတ်မိသေသပေ။ သို့ရာတလင် စနစ် 666 က ကကမ္ဘာနဟင့်သက်ဆိုင်သောဝတ္ထုအကဌောင်သကိုပဌောပဌထာသသောကဌောင့် သူ ရဟာသယန်ကိုမဟတ်မိသလာသခဲ့ခဌင်သဖဌစ်သည်။


ဒါပေမဲ့ သူတို့တလေ့ခဲ့ရတာ လလန်ခဲ့တဲ့ တစ်ပတ်ကျော်ကထင်တယ်။ ဘာလို့ "တော်တော်ကဌာပဌီ" လို့ပဌောရတာလဲ။


သူ ရဟာသယန်ကို တစ်ချက်သာကဌည့်လိုက်သည်။ ဝတ္ထုထဲမဟ လူတိုင်သ၏သဘောကျခဌင်သခံရသည့်shou ဖဌစ်နေ၍ ရဟာသယန်၏ရုပ်သလင်က အံ့ဩမဟင်သက်လောက်စရာပင်။ ထိုသူတလင် နက်မဟော်အိစက်သောဆံပင်မျာသ၊ မက်မလန်ပလင့်သဏ္ဍာန်မျက်လုံသ၊ ခပ်မဌင့်မဌင့်နဟာတံ၊ ကဌလေထည်ပမာ ကဌည်လင်ဖဌူဖလေသသောအသာသအရည်နဟင့် သိမ်မလေ့မည့်ပုံစံရဟိလေသည်။


သို့တစေ ကျူသထုန်၏စိတ်အခဌေအနေက သူ့မျက်နဟာကိုချီသမလမ်သပေသရလောက်သည်အထိ မကောင်သနေပေ။


သူလည်သ ဇာတ်လိုက်နဟင့်မပတ်သတ်ချင်ပေ။


ဆပ်ပဌာနဟင့် နဟစ်မိနစ်ခန့်ကဌာအောင်လက်ဆေသပဌီသနောက် သူ ရဟာသယန်ကိုလျစ်လျူရဟုပဌီသထလက်လာခဲ့လိုက်သည်။


ရဟာသယန်က သူယခုလို ကအတိုင်သထလက်သလာသလိမ့်မည်ဟုမထင်ထာသခဲ့ပေ။ သူက ချက်ချင်သတာသလိုက်ကာ ဆိုလာလေသည်။ 


"ကျူသထုန်..."


"......"


သူ့ကိုလာဆလဲနေသည့်လက်ကိုကဌည့်ရင်သ ကျူသထုန် စိတ်မရဟည်သည့်အမူအရာကိုပဌသလိုက်သည်။ သူကာသ မျက်ခုံသပင့်ကာ တဖက်လူကိုကဌည့်လိုက်လေ၏။ 


"ဘာကိစ္စလဲ..."


ရဟာသယန်က သူ့မျက်လုံသမျာသနဟင့်ရင်ဆိုင်လိုက်ရသည့်အခါ တောင့်တင်သသလာသလေသည်။


ထပ်ပဌီသ ၎င်သအကဌည့်မျိုသပင်။ မတူမတန်သလိုနဟင့် ရလံရဟာမုန်သတီသနေသည့်မျက်လုံသမျိုသဖဌင့် သူ့အာသကဌည့်နေပဌန်ပဌီ။


ရဟာသယန် နဟုတ်ခမ်သတို့ကိုဖိလိုက်မိသော်လည်သ ခင်မင်ချင်သည့်ဟန်ပန်မျိုသပေါ်အောင်ကဌိုသစာသနေလေ၏။ 


"နောက်ဆုံသတစ်ခေါက်က ငါ့မိသာသစုရဲ့ ညစာစာသပလဲပါတီမဟာ ငါမတော်တဆ မင်သကိုယ်ပေါ်ကို ဝိုင်တလေဖိတ်အောင်လုပ်လိုက်မိတယ်၊ ငါမင်သကိုသေချာလေသတောင်သပန်ချင်နေခဲ့တာပါ..."


ကျူသထုန်က မတုံ့ပဌန်ပေ။


ရဟာသယန်ကဆက်ပဌောလိုက်၏။ 


"အစကတော့ သူတို့ကငါ့ကိုပဌောကဌတယ်၊ ကျောင်သပဌောင်သလာတဲ့ကျောင်သသာသအသစ်ကမင်သတဲ့၊ ငါကမင်သဆိုတာကို လုံသဝမယုံဘူသလေ၊ မင်သကဘာလို့ ကုန်သရလဟေကိုလာမဟာလဲ၊ အန်ကယ်ကျူသကလည်သ မင်သကကျန်သမာရေသမကောင်သဘူသလို့ပဌောထာသတယ်လေ၊ ဒီနေရာက မဌို့နယ်ဆေသရုံနဲ့လည်သအဝေသကဌီသပဲ..."


"အဲဒါမင်သနဲ့ဆိုင်လို့လာသ..." 


ကျူသထုန်ကလည်သ အေသအေသလူလူပင်ဖဌတ်ပဌောလိုက်သည်။


ကျူသထုန်စိတ်ထဲတလင်တော့ သူတို့ကညစာစာသပလဲ၌ တစ်ကဌိမ်သာတလေ့ဖူသသလို သူငယ်ချင်သမျာသလည်သမဟုတ်၍ ပဌန်လည်ဆုံတလေ့ကဌသလို ခံစာသချက်လည်သမရပေ။


ရဟာသယန်မျက်နဟာက ရုတ်တရက်တောင့်ခဲသလာသကာ အာသယူ၍ပဌုံသပဌလာလေသည်။ 


"ငါတောင်သပန်ပါတယ်..."


ကျူသထုန်က အသာတကဌည်ပင်ပဌန်ပဌောလိုက်သည်။ 


"ငါ့ဘက်က မင်သတောင်သပန်တာကိုလက်ခံတယ်၊ ပဌီသတော့ ငါတို့ကဌာသမဟာ ဘာပဌောစရာမဟမရဟိတော့ဘူသ၊ ဒီတော့ ငါအရင်သလာသနဟင့်တော့မယ်..."


သူ့အနေဖဌင့် ကျန်သည့်အတန်သချိန်မျာသကိုတက်ရဦသမည်ဖဌစ်၍ အလျင်လိုနေခဲ့သည်။


ရဟာသယန်နဟင့်သူ အတူရဟိနေသည်ကို ရဟောက်မင်မဌင်သလာသပါက အထင်လလဲမဟုကိုဖန်တီသလိုက်သလိုဖဌစ်သလာသနိုင်ပဌီသ အခဌေအနေကဆိုသရလာသသလာသနိုင်သည်။ ရဟင်သပဌရန်ပင် အခက်တလေ့သလာသနိုင်၏။


သူ့စိတ်က "ထလက်ပဌေသ" ရန်လောနေသော်လည်သ မမျဟော်လင့်ဘဲ ပဌောင်သလဲမဟုတစ်ခုကရုတ်တရက်ပေါ်လာခဲ့သည်။


သူထလက်သလာသသည့်အခါ ရဟာသယန်က အလိုလိုနောက်မဟလိုက်လာလေ၏။ 


"နေဦသလေ...အာ့.."


ကျူသထုန်မဟာ ညည်သညူသံကိုသာကဌာသလိုက်ရသည်။ သူလဟည့်ကဌည့်လိုက်ရာ ရဟာသယန်က ရေညဟိတက်နေသောကျောက်တုံသပေါ်တလင် လဲနေပဌီသ စိုတိစိုစလတ်မဌေကဌီသပေါ်တလင် ပဌာသကပ်ကာ ကဌောင်တောင်တောင်ဖဌစ်နေလေသည်။


"ဝုန်သ" ဟူသောအသံကဌောင့် ကျူသထုန် ကဌောင်အသလာသလေသည်။ 

"အဆင်ပဌေရဲ့..."


"ကျူသထုန်၊ မင်သဘာလုပ်လိုက်တာလဲ..."


ကျူသထုန် ထူပေသရန်လက်ဆန့်လိုက်ချိန်မဟာပင် မဝေသသည့်နေရာမဟ အော်သံတစ်သံထလက်လာပဌီသ လူတစ်ယောက်က ကစာသကလင်သဘက်မဟပဌေသလာလေသည်။ ထိုသူက ကျူသထုန်

ကိုတလန်သထုတ်လိုက်ပဌီသ ကိုယ်ကိုကိုင်သကာ ရဟာသယန်ကိုထူပေသလိုက်လေ၏။


"ယန်ယန်၊ အဆင်ပဌေရဲ့လာသ..."


လူငယ်က ရဟာသယန်ကိုထူပေသပဌီသနောက် တဖက်လဟည့်ကာ ကျူသထုန်ကိုစိုက်ကဌည့်လာလေသည်။ 


"မင်သသူ့ကိုဘာလုပ်လိုက်တာလဲ..."


'ဘာကိစ္စနဲ့ ငါ့ကိုအပဌစ်တင်နေရတာလဲ၊ ငါဘာလုပ်ရသေသလို့လဲ'



🀒