Chapter 12
Viewers 3k

🤒အခန်း ၁၂




လူငယ်က ရှားယန်ကိုထူပေးပြီးနောက် တဖက်လှည့်ကာ ကျူးထုန်ကိုစိုက်ကြည့်လာလေသည်။ 


"မင်းသူ့ကိုဘာလုပ်လိုက်တာလဲ..."


'ဘာကိစ္စနဲ့ ငါ့ကိုအပြစ်တင်နေရတာလဲ၊ ငါဘာလုပ်ရသေးလို့လဲ'


သူ့ကိုယ်သူပင် ကာကွယ်မပြောရသေးခင်မှာပင် ကောင်လေးကရှားယန်ကို တဖန်ကြည့်လာပြန်သည်။


ရှားယန် လဲကျသည့်အရှိန်ကပြင်းပုံရသည်။ နာကျင်လွန်း၍သူ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပြီး ငြိမ်အောင်ရပ်နိုင်ရန် အခြားတစ်ယောက်ကိုတွဲထားရသေးသည်။


သူ့အားတွဲပေးထားရသည့် ကောင်လေးက အလွန်အမင်း စိတ်ဖိစီးနေပြီး ဒေါသထွက်နေပုံရသည်။ ထိုသူက ရှားယန်ကိုမေးလိုက်လေ၏။ 


"သူက မင်းကိုချော်လဲအောင်လုပ်လိုက်တာလား..."


ကျူးထုန်က ရှားယန်ကိုလှမ်းကြည့်လိုက်သည်။


ရှားယန်က မှုန်တေတေဖြင့် လူငယ်လေးကိုမှီချလိုက်၏။ 


"ရှန်းချွမ်၊ သူကတမင်လုပ်လိုက်တာမဟုတ်ပါဘူး၊ အဲဒါကြောင့်...."


"......"


ကျူးထုန်မှာ အကြီးအကျယ်ရှော့ခ်ရပြီး မျက်လုံးပြူးသွားလေတော့သည်။


"တမင်လုပ်တာမဟုတ်ဘူး..." 

ရှန်းချွမ်က စိတ်တိုတိုဖြင့်ပြောလာလေသည်။ 


"ဒီလိုမျိုးချော်လဲသွားတာတောင် မင်းက တမင်လုပ်တာမဟုတ်ပါဘူးလို့ပြောနေသေးတယ်..."


ကျူးထုန်မျက်လုံးများက မသိမသာအေးစက်ပြီး မျက်နှာမှာလည်းအုံ့မှိုင်းသွားလေသည်။ ရှားယန် အခုလိုပြောမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။


"သူကတမင်လုပ်တာမဟုတ်ပါဘူး" ဆိုတာဘာစကားလဲ။


သူက ရှားယန်ကိုချော်လဲသွားအောင်လုပ်လိုက်တာလို့ ပြောချင်တာလား။


သူကား အေးတိအေးစက်ပင်တုံ့ပြန်လိုက်သည်။ 

"ငါသူ့ကိုထိတောင်မထိရသေးဘူး..."


"မင်းမေ..."


သူ့စကားမဆုံးသေးခင် ထိုသူက ရှားယန်လက်ထဲမှထွက်လာပြီး အရှေ့ကိုတိုးလာလေသည်။


ရှန်းချွမ်က လက်တစ်ဖက်ဖြင့် ကျူးထုန်၏အင်္ကျီကော်လာကို အရှေ့သို့ ဆောင့်ဆွဲလိုက်ပြီး အနောက်မှနံရံတွင်တဖန်ဖိကပ်ထားလိုက်သည်။


ထိတ်လန့်မှုက သူ့နောက်ကျောဘက်မှဖောက်ထွင်းလာကာ ရင်ဝသို့ရောက်လာလေသည်။ ပူနွေးသည့်တစ်စုံတခုက သူ့ရင်ဘတ်ထဲတွင်ကြီးထွားလာကာ လည်ချောင်းဝအထိဆန်တက်လာလေသည်။ ကျူးထုန်၏မျက်နှာမှာ သွေးမရှိတော့ပေ။


ရှန်းချွမ်က အော်ဟစ်လိုက်လေ၏။ 


"မင်းကသူ့ကိုမထိဘဲနဲ့ သူဟာသူ အခုလိုလဲသွားမလား၊ မင်းပြောနေတဲ့စကားက ယုတ္တိရှိတယ်လို့များထင်နေလား..."


ရှန်းချွမ်၏လှုပ်ရှားမှုကမြန်လွန်းလှလေရာ ရှားယန်ပင် တားရန်အချိန်မမီလိုက်ပေ။ 


သူက ရှန်းချွမ်ကို စိတ်လျှော့ရန်ပြောတော့မည့်အချိန်မှာပင် ကျောင်းသားအများအပြားက အားကစားကွင်းဘက်သို့ပြေးလာကြလေသည်။


"ဘာလဲ၊ ဘာတွေဖြစ်နေကြတာလဲ..."


"ရှားယန်၊ ဘာဖြစ်တာလဲ၊ ဘာလို့ဒူးခေါင်းက ပွန်းသွားတာလဲ.."


"မင်းကိုယ်ပေါ်က ရွှံ့တွေကဘယ်ကရောက်လာတာလဲ..."


ရှောက်မင်က ရေခဲချောင်း၊ ချောကလက်နှင့် ရေဘူးများကိုင်ကာ ပြန်ရောက်လာခဲ့သည်။ အပြေးအမြန်ဆုံးကျောင်းသားနှစ်ယောက်ကိုဆုချပြီးသည့်နောက် ရှောက်မင်က အသင်းကိုဝေ့ကြည့်လိုက်၏။ 


"ကျူးထုန် ဘယ်မှာလဲ..."


လော့ရှိုးက ရေကိုတစ်ငုံစာစုပ်သောက်လိုက်ပြီး ဘေစင်ဘက်ကိုလက်ညိုးထိုးပြလိုက်သည်။ 


"သူအဲဒီဘက်ထွက်သွားတာတော့တွေ့လိုက်တယ်..ဟမ်..ဘာလို့ဟိုးနားမှာ လူအုံနေတာလဲ.."


"ဖာ့ခ်၊ အဲဒါကျူးထုန်မလား၊ သူအဝိုင်းခံရပြန်ပြီ..."


ရှောက်မင်ကလှမ်းကြည့်ပြီး မျက်မှောင်ကြုတ်ကာ ခပ်သွက်သွက်လျှောက်သွားလိုက်လေသည်။


ဖြတ်သွားဖြတ်လာအချို့က ဘေစင်ဘေးမှ ရုတ်တရက်ဖြစ်ပွားသွားသောအခြေအနေကိုကြည့်သွားကြသည်။ မကြာခင်မှာပင် စပ်စုလာကြပြီး ပွဲကိုဝင်ကြည့်ကြတော့သည်။


ရှားယန်မှာ ရှန်းချွမ်က ယခုလို အခြေအနေကိုပိုဆိုးသွားအောင် တိုက်ရိုက်ကြီးလုပ်ပစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။


သူလည်း ကိစ္စများကို ပိုဆိုးသွားအောင်မလုပ်ချင်ပေ။


ရှန်းချွမ်၏ အိုဗာလုပ်လိုက်သည့်ကောင်းမှုကြောင့် အခြေအနေမှာ ကိုင်တွယ်ရခက်သွားခဲ့သည်။


ရှန်းချွမ်က ကျူးထုန်ကိုလွှတ်ပေးလိုက်ပြီ။


ကျူးထုန်မှာ အတတ်နိုင်ဆုံးကြိုးစားပြီး နံရံကိုမှီထားရသည်။ သူ့ရင်ဘတ်က ပြင်းပြသောနာကျင်မှုကြောင့် တဒိတ်ဒိတ်ခုန်နေပြီး ၎င်းနာကျင်မှုက အဆက်မပြတ်လှုပ်ရှားနေလေသည်။


"ရှားယန်ကိုအနိုင်ကျင့်တယ်၊ မင်းကလူတွေကို ဒီလိုမျိုး တွန်းချတတ်တာပဲလား.."


"အထက်တန်းဒုတိယနှစ်ကျောင်းသားတွေက ပထမနှစ်တွေကို အနိုင်ကျင့်လို့ရတာပဲလား..."


"မင်းမှာပြောစရာရှိသေးလား..."


ကျူးထုန်မှာ ခြင်အော်သံများနှယ်တဝီဝီဆူနေသော စကားသံများကို တိတ်တဆိတ်နားထောင်ရင်း စိတ်ထဲမှသာနှာခေါင်းရှုံ့လိုက်မိသည်။


အဖြစ်အပျက်က တပတ်ပြန်လည်လာပြန်သည်။ နောက်ဆုံးတကြိမ်က ညစာစားပွဲတွင်ဖြစ်ပျက်ခဲ့သော တူညီသည့်ကိစ္စတစ်ခုကို သူခပ်ရေးရေးမျှမှတ်မိလိုက်သည်။ ရှားယန်က သူ့ကိုယ်ပေါ်ကိုဝိုင်များဖိတ်အောင်လုပ်လိုက်ပြီးနောက် သူကအေးတိအေးစက်မျက်နှာဖြင့် ခန်းမထဲမှထွက်လာခဲ့သည်။ ထိုစဥ်ကအသံများကို သူပြန်လည်ကြားယောင်မိလာ၏။


"ကျူးမိသားစုက ကလေးက အရမ်းရိုင်းတာပဲ၊ ဘယ်သူ့ကို အေးတိအေးစက်မျက်နှာနဲ့လုပ်ပြသွားတာလဲ..."


"ဝိုင်လေးမတော်တဆဖိတ်ကျသွားတာကိုများ၊ သူ့ကိုလည်းတောင်းပန်ပြီးပြီပဲကို..."


"ကြောင်သူတော်ကောင်လေး..."


နှစ်ကြိမ်စလုံး သူက နစ်နာသူဖြစ်ခဲ့သည်မှာ အသိသာကြီးပင်။ ထို့အပြင် သူက လူတိုင်း၏ဝေဖန်စရာပစ်မှတ်တစ်ခုဖြစ်နေခဲ့သည်။


သူက ဇာတ်လိုက်(shou)လျှောက်သွားတဲ့မြေကြီးကို ထိုင်ပြီးမကန်တော့မိလို့လား။ သူက အဲဒီကောင်ကို ဘယ်တော့မှပြုံးပြီးမနှုတ်ဆက်ခဲ့ဘူးလေ။


ဘာလို့ အားလုံးက ဇာတ်လိုက်ဘက်ကပဲပါနေရတာလဲ။ ဒီလောကကြီးက ဘာဖြစ်နေတာလဲ။


'အာ၊ ဒါနဂိုတည်းက ဇာတ်လိုက်ရဲ့အပိုင်းပဲလေ'


ကျူးထုန်က နှာမှုတ်လိုက်မိသည်။


သူရုတ်တရက်အသံထွက်လာ၍ ဘေးပတ်လည်က ချက်ချင်းတိတ်ဆိတ်သွားတော့သည်။


နောက်ဆုံးတွင် ကျောင်းသားတစ်ယောက်က သူ၏ပုံမှန်မဟုတ်သည့်မျက်နှာကိုသတိထားမိသွားပြီး တီးတိုးရေရွတ်လိုက်မိသည်။ 


"ဘုရားရေ၊ ဘာလို့သူ့မျက်နှာက သိပ်မကောင်းရတာလဲ..."


"ငါလည်းအားအများကြီးမသုံးလိုက်ပါဘူး၊ မင်းဘာတွေသရုပ်ဆောင်ပြနေတာလဲ၊ အခုချက်ချင်းပြောစမ်း..."


"အဟွတ်..."


သူ စကားမပြောရသေးခင်မှာပင် သူ့ကိုယ်လုံးက တုန်ယင်လာပြီး ရင်ဘတ်ထဲမှ တစ်ခုခုဆန်တက်လာသလို အကြိမ်ရေအနည်းငယ်ခန့်ချောင်းဆိုးလိုက်သည်။ ၎င်းက အစာရေပြွန်မှတဆင့် နောက်ဆုံးတွင် သူ့ပါးစပ်အထိရောက်လာလေ၏။


ကျူးထုန် သွေးတစ်လုတ်အန်ထွက်သွားခဲ့သည်။ ၎င်းက ရှန်းချွမ်ကိုစင်သွားပြီး အားကစားဖိနပ်ပေါ်ကိုပင် သွေးစက်အနည်းငယ်စွန်းသွားခဲ့သည်။


သွေးအရောင်မှာ ညိုညစ်ညစ်။ အဖြူရောင်အားကစားဖိနပ်ပေါ်တွင် ၎င်းတို့က ရဲတောက်နေလေသည်။


ရှန်းချွမ် ကြောင်အမ်းသွားခဲ့သည်။ ဘေးပတ်လည်မှ တွက်ထိုးနေသံများလည်းရပ်သွားခဲ့သည်။ စကားပြောချင်သော်ငြား ဘာပြောရမှန်းမသိသော ရှားယန်ပင် မှင်သက်သွားလေသည်။


ရှောက်မင် ဘေစင်ကိုရောက်ရောက်ချင်းပင် အလှလေး သွေးအန်နေသောမြင်ကွင်းဖြင့် တန်းတိုးသွားတော့သည်။


ကျူးထုန်၏မတည်ငြိမ်သောပုံစံကိုမြင်လိုက်ရပြီး သူ့နှလုံးသားကတင်းကြပ်သွားခဲ့သည်။ သူကား ရှိသမျှအားဖြင့်လူအုပ်ကိုတွန်းဖယ်လိုက်ပြီး အလျင်အမြန်ပင်ရှေ့တိုးလာကာ အားနည်းနေသောအလှလေးကို ဆွဲဖက်လိုက်၏။


"ကျူးထုန်..."


ကျူးထုန်မှာ စိုရွှဲပြီးညစ်ပတ်နေသည့်ကြမ်းပြင်ပေါ် လဲကျသွားလိမ့်မည်ဟုထင်ခဲ့သော်လည်း နွေးထွေးသောပွေ့ဖက်မှုထဲသို့ကျရောက်သွားခဲ့သည်။


ဝေဝါးနေသောမြင်လွှာနှင့် ဖောင်းလိုက်ပိန်လိုက်ဖြစ်နေသောအဆုတ်ကြောင့် သူ့အားအော်ခေါ်နေသောလူချောလေးကို မှတ်မိရန် အချိန်အတန်ကြာယူလိုက်ရသည်။


"ကျေးဇူးပဲ..." 

ကျူးထုန်မှာ ထိုစကားကို အားယူပြီးပြောလိုက်ရသည်။


ရှောက်မင်: "..."


'ဒီတစ်ခါရော ဘာကိုကျေးဇူးတင်ပြန်တာလဲ'


ရှောက်မင် ပြန့်ကျဲနေသည့် အနီရောင်တောက်တောက်သွေးစက်များကိုကြည့်လိုက်သည်။ သူ ကျူးထုန်ကိုတွဲပေးထားရင်း မျက်မှောင်တင်းတင်းကြုတ်လိုက်လေ၏။ 


"ငါမင်းကိုဆေးရုံခေါ်သွားပေးမယ်..."


ကျူးထုန် သူ့ကိုပြန်ဆွဲထားရင်းပြောလိုက်၏။ 

"နေဦး၊ ခဏလောက်..."


ရှောက်မင် ရပ်သွားခဲ့သည်။


ရှောက်မင် ငုံ့ကြည့်လိုက်သည့်အခါ သူ့လက်ပေါ်မှအားနည်းသည့်အလှလေးက အိတ်ကပ်ထဲမှ တစ်ရှူးကိုဖြည်းဖြည်းချင်းထုတ်ပြီး သူ့ပါးစပ်အားသုတ်နေသည်ကိုတွေ့လိုက်ရ၏။


ရှောက်မင်: "...."


ကျူးထုန် ပါးစပ်ထောင့်မှသွေးကိုသုတ်လိုက်ပြီးမှ ရှားယန်ကိုကြည့်လိုက်သည်။


ရှားယန်ကသူ့မျက်လုံးနှင့်ဆုံသွားသည့်အခါ အလိုလိုတုန်လှုပ်သွားလေ၏။ ကျူးထုန်၏မျက်လုံးက အေးစက်လွန်းနေခဲ့သည်။


ကျူးထုန် သွေးအန်လိုက်သည့်အခိုက်အတန့်လေးတည်းက ရှားယန်မှာ ကြောက်စရာကောင်းသည့်အရာတစ်ခုဖြစ်နေမှန်းသိလိုက်ပြီး နှလုံးသားကအေးစက်နေခဲ့သည်။ ရှောက်မင် ပေါ်လာပြီးကျူးထုန်ထံတည့်တည့်သွားနေချိန်တွင် သူ့မျက်နှာက သွေးရောင်ကင်းမဲ့နေခဲ့၏။


ရှားယန်မှာ သူ့အစာအိမ်ကမွှေနှောက်ခံနေရပြီး အမြင့်တစ်နေရာမှပြုတ်ကျလာသလိုမျိုး လေထဲတွင်လွင့်နေသည်ဟုခံစားလိုက်ရ၏။


သို့သော်လည်း ကျူးထုန်က စာနာစိတ်မရှိပေ။ ရှားယန်ကိုကြည့်ပြီး ပြောလိုက်သည်။ 

"မင်းပါးစပ်ကနေပြော၊ မင်းဘယ်လိုချော်လဲတာလဲ..."


ရှောက်မင်လာသည်နှင့် တန်းခွဲနှစ်နှင့် သုံးမှကျောင်းသားများလည်း ရောက်လာကြသည်။


ကျောင်းသားတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ရေနှင့်ရောနေသောသွေးအိုင်နှင့် ကျူးထုန်နှုတ်ခမ်းထောင့်မှ စွန်းနေသောသွေးစက်ကိုတွေ့သည့်အခါ ချိတ်ဆက်မိသွားပြီး အလန့်တကြားထအော်လေတော့သည်။ 


"ဘယ်သူလဲ၊ ဘယ်ကောင်က ကျူးထုန်ကို သွေးအန်တဲ့အထိရိုက်ရဲရတာလဲ..."


ရှန်းချွမ်: "......"


ရှားယန်: "....."


ရှားယန်မှာ အကြီးအကျယ်နောင်တရနေပြီ။ ဤတစ်ကြိမ်တွင်တော့ သူ မရှင်းပြချင်တော့ပေ။


ယခုအချိန်မှတော့ နောက်ကျသွားခဲ့ပြီ။ သူသာ အချိန်ကိုပြန်လှည့်နိုင်ပါက ရှန်းချွမ် ကျူးထုန်ကိုထိုးတော့မည့်အချိန်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့်အရာကို မည်သည့်အရာပင်လုပ်ရပါစေ၊ ရှင်းပြလိုက်မည်။


သို့သော်လည်း သူ့ကိုဂရုစိုက်ပေးသည့်လူများလာလေ၊ ကျူးထုန်ကို အပြစ်ပြောမည့်သူကများလာလေပင်။


ရှန်းချွမ်ပင် ကျူးထုန်ကို ထိုးပစ်လိုက်ပြီ။


သူဟာသူ ချော်လဲပါသည်ဟုပြောလိုက်လျှင် အခြားသူများက သူ့ဘက်ကိုပြောင်းပြီးအပြစ်တင်ကြလိမ့်မည်။ သူ့ကိုအပြစ်တင်ပြီးကြိမ်းမောင်းကြလိမ့်မည်။


ယင်းကြောင့်ပင် သူ့မှာ ရှင်းပြရန် မဝံ့မရဲဖြစ်သွားရခြင်းသာ။


သူကြောက်နေမိသည်။


သို့ထိတိုင် ယခုတော့လည်း ရှေ့တန်းကိုတွန်းပို့ခံလိုက်ရပြီ။


အားလုံးသောမျက်လုံးများက သူ့အပေါ်တွင်ရှိနေကြသည်။ သူ၏လှုပ်ရှားမှုတိုင်းကို တစ်နေရာပင်မကျန်စောင့်ကြည့်နေကြလေသည်။


ရှားယန်ကစကားမပြောသည့်အခါ ရှန်းချွမ်က သူ့ကိုကာကွယ်ပြီးပြောပေးလာလေသည်။ 


"ယန်ယန်၊ မကြောက်နဲ့၊ ငါ့ကိုပြော၊ ကျူးထုန်က မင်းကိုတွန်းလိုက်တာလား..."


သူကား ရှားယန်ကြောင့် ကျူးထုန်ကိုထိုးခဲ့ခြင်းဖြစ်ပြီး အားနည်းသည့်လူငယ်လေးက ချက်ချင်းသွေးအန်သွားခဲ့သည်။ အစတည်းက ကျူးထုန်လုပ်တာပါဟု သက်သေပြလိုက်နိုင်သည်နှင့် နောက်ဆုံးပိတ်အပြစ်တင်ခံရမှုက သူ့အပေါ်ကျလာတော့မည်မဟုတ်ပေ။


ရှန်းချွမ်ကလည်း ရှားယန်ကို အမှန်အတိုင်းသာပြောစေချင်လေသည်။


ရှားယန်က ပြောရန်အရေး နှေးကွေးနေ၏။ "ငါ...ငါ...."


"မင်းအမှန်အတိုင်းမပြောနိုင်ရင် ပြီးခဲ့တာကိုပြန်ကြည့်ရအောင်၊ ငါတို့မော်နီတာကနေစစ်ကြည့်ကြမယ်..." 

ရှောက်မင်က အေးစက်စက်စကားသံဖြင့် ကြားဖြတ်ပြောလိုက်သည်။


ရှားယန် နောက်ဆုတ်သွားလေ၏။ သူ့မျက်နှာက တဖန်ပြောင်းလဲသွားပြန်ပြီး မျက်လွှာချကာ အံကြိတ်ထားလိုက်လေသည်။ 


"အားလုံးကငါမှားတာပါ၊ အစက ငါကျူးထုန်ကိုတောင်းပန်ချင်ခဲ့တာ၊ နောက်ဆုံးတခေါက် ငါ့မိသားစုရဲ့ညစာစားပွဲတုန်းက..."


"မင်းရဲ့ညစာစားပွဲက ကိစ္စကိုဘယ်သူမှမမေးဘူး..." 

ကျူးထုန်က ချက်ချင်းပင် စကားလမ်းကြောင်းကို အမှန်ပြန်တင်ပေးလိုက်သည်။ 


"ငါမင်းကိုထပ်မေးမယ်၊ မင်းလဲသွားတဲ့အချိန်က ငါမင်းကိုထိလိုက်လား..."


ရှားယန်: "..."


"ရှားယန်၊ ပြောလေ..."


"ဘာဖြစ်ခဲ့တာလဲ..."


မေးခွန်းမေးနေသံများက သူတို့ပတ်လည်တွင် တဖြည်းဖြည်းကျယ်လာခဲ့သည်။ ရှားယန်က အောက်နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်လိုက်ပြီး အသံတိုးတိုးဖြင့်ပြောလာလေ၏။ 

"မဟုတ်ပါဘူး၊ ငါသတိမထားမိလို့..."


"ယန်ယန်၊ ရှင်းအောင်ပြောလိုက်၊ သူ့ကိုကြောက်စရာမလိုဘူး၊ မင်းမလဲသွားခင်က သူမင်းကို တစ်ခုခုလုပ်လိုက်သေးလား..." 

ရှန်းချွမ် ရှားယန်၏ပုခုံးကို အားဖြင့်ဆွဲကိုင်လိုက်သည်။


ရှားယန်က သူ့အား ဒေါသထွက်နေသောမျက်လုံးများဖြင့်ကြည့်လိုက်၏။ 


"ရှန်းချွမ်၊ ငါတကယ် သတိမထားမိလို့ဖြစ်သွားတာ၊ မင်းက ငါထိခိုက်သွားတာကိုမြင်လို့ အထင်လွဲသွားတယ်ဆိုတာတော့ ငါသိပါတယ်၊ ဒါပေမဲ့ မင်းကျူးထုန်ကို လက်မပါလိုက်သင့်ဘူး..."


ရှန်းချွမ်၏ပုံစံမှာ ကောင်းကင်ကြီးကသူ့အပေါ်ကို ပြိုကျလာသလိုပင်။


ရုတ်တရက် ရှောက်မင်လက်မောင်းကို အားမရှိစွာမှီနေရသောကျူးထုန်က နှာရှုံ့လိုက်ပြီး အထင်သေးသလိုအသံဖြင့် ပြောလိုက်လေသည်။


"ရှားယန်၊ မင်းက တုန့်ထင်တောင်ပေါ်က ပိလော့ချွမ်လား..."


_____



Note: 



ပိလော့ချွမ် - "လက်ဖက်စိမ်းလက်ဖက်ရည်" ရဲ့ စကားလိမ်ပါ။ မျက်နှာနှစ်ဖက်နဲ့လူလို့လည်း သုံးပါတယ်။ ကျူးထုန်က ရှားယန်ကို 'အရည်အသွေးမြင့်လက်ဖက်စိမ်း လက်ဖက်ရည်' လို့ တည့်ကြီးခေါ်လိုက်တာပါ။



🤒