Chapter 13
Viewers 2k

🤒အခန်း ၁၃




ပေါ်တင်အလှောင်ခံလိုက်ရသောကြောင့် ရှားယန်၏မျက်နှာက ဖြူဆုတ်သွားလေသည်။


ကျူးထုန်ကမူ ဆက်ပြောနေလေ၏။ 


"မင်းရေညှိကိုနင်းမိပြီးချော်လဲသွားတာ၊ သူများတွေအထင်လွဲတာမခံချင်ရင် အစတည်းကပြောလိုက်ပါလား၊ 'ငါကတမင်လုပ်တာမဟုတ်ပါဘူး' လို့ ဘာလို့ပြောနေသေးတာလဲ၊ အဓိပ္ပါယ်နှစ်ခွထွက်သွားစေတဲ့စကားမျိုးကိုလေ.."


ရှန်းချွမ်ကမူ အစတည်းက အထင်လွဲနေခဲ့ခြင်းဖြစ်လေသည်။ သို့သော် သူထိုးလိုက်ပြီးမှ ရှားယန်ကပြောလာခဲ့သည်။ ရှင်းရှင်းပြောရပါက အချိန်မီသာဖြေရှင်းနိုင်ခဲ့လျှင် ကျူးထုန်လည်း နံရံတွင်အဖိခံလိုက်ရမည်မဟုတ်ပေ။


အခြေအနေက ရုတ်တရက်ပြောင်းပြန်ဖြစ်သွားသောကြောင့် ရပ်ကြည့်နေသည့်လူများထံမှ ကျွတ်စီစီအသံများထွက်လာခဲ့သည်။


ဆိုတော့ ကျူးထုန်က ရှားယန်ကိုအနိုင်ကျင့်ပြီးလဲသွားအောင်လုပ်လိုက်တာမဟုတ်ဘူးပေါ့။


ပြီးတော့ ရှန်းချွမ်ကလည်း စဥ်းတောင်မစဥ်းစားဘဲ လူကိုရိုက်လိုက်တယ်ပေါ့။


ပြီးတော့ သူလည်းသွေးအန်သွားတယ်ပေါ့။


ရှိသမျှမျက်လုံးများက ရှားယန်နှင့်ရှန်းချွမ်အပေါ်ကို ကျလာလေသည်။


ရှားယန်က ရှောက်မင်ကို လှမ်းကြည့်ပြီး သူ့ကိုယ်သူကာကွယ်ချင်စိတ်က အလိုလိုပေါ်လာလေသည်။ 


"ငါက..."


"အဲဒီလိုဆိုရင်တောင်..." 

ရုတ်တရက် ရှန်းချွမ်က လေသံကိုမြှင့်ကာပြောလာလေသည်။ 

"သူချော်လဲသွားတာကိုတောင် မင်းသူ့ကိုမထူပေးဘူးလား၊ မင်းမှာ သနားတတ်တဲ့စိတ်တောင်ရှိရဲ့လား..."


ဤသို့ရုတ်တရက်ပေါ်လာသော စွပ်စွဲချက်ကြောင့် ရှားယန်၏ရှင်းပြချက်မှာလည်း ရုတ်ချည်း တိမ်မြုပ်သွားရလေ၏။


"..."


သူကား တိတ်တဆိတ်ပင် လက်ချောင်းများကိုကျစ်နေအောင်ဆုပ်ထားမိပြီး ရှန်းချွမ်ကြောင့် ဒေါသထွက်ကာ သေသွားတော့မည်ဟုပင်ထင်လာရလေသည်။


အစက ရှားယန်ဘက်မှ ကျူးထုန်ကိုအပြစ်တင်ခဲ့သောကြောင့် ရှန်းချွမ်က လှုပ်ရှားခဲ့သည်။ သို့ထိတိုင် ရှားယန်က ယခုလိုပစ်မှတ်ထားခံနေရပြန်သည့်အခါ သူသည်းခံ၍မရတော့ပေ။


သူ ဤကျောင်းကိုပြောင်းလာတည်းက ရှားယန်ကိုသဘောကျနေခဲ့သည်။


ရှားယန်က သူ့ကိုပြန်ကြိုက်မှာမဟုတ်မှန်းသိနေလင့်ကစား သူကမူ ရှားယန်ကိုကာကွယ်ပေးချင်နေဆဲ။


ကျူးထုန်မှာ ထိုသို့သော သန့်စင်သည့်မေတ္တာနှင့်တုံးအမှုကြောင့် စိတ်လှုပ်ရှားလုနီးပါးဖြစ်သွားရပြီး ပြောစရာစကားပင်ရှာမရဖြစ်သွားလေသည်။ ဤကိစ္စတွင် ရှားယန်ဘက်မှမှားသွားခဲ့သည်ကို သက်သေပြပြီးသားဖြစ်နေပြီး ရှန်းချွမ်ကမူ ယခုအချိန်အထိ ထိုသူကိုကာကွယ်ပေးနေဆဲပင်။


'ဒါက ဇာတ်လိုက်ရဲ့အရှိန်အဝါများလား'


ကျူးထုန်ပင် စကားမပြောရသေးခင် ဖြစ်သမျှအလုံးစုံကို အဖြေရနှင့်ပြီးသောလော့ရှိုးက နှာမှုတ်ပြီးရှေ့ထွက်လာလေသည်။ 


"သနားတတ်တဲ့စိတ်ဆိုပါလား၊ မင်းလူမမာတစ်ယောက်ကို နံရံနဲ့ဆောင့်မိပြီးသွေးအန်အောင်ထိုးလိုက်တုန်းကရော သနားတတ်တဲ့စိတ်ရှိခဲ့လို့လား..."


ရှန်းချွမ်မျက်နှာက အရောင်ပြောင်းသွားလေသည်။ 


"ငါကတော့အဲဒီသဘောမဟုတ်...."


သူက အားပင်မသုံးလိုက်ရကြောင်းပြောချင်နေခဲ့သည်။ သို့ထိတိုင် ကြမ်းပြင်ပေါ်မှ "သွေးစက်" များကမူ လူတိုင်းရှေ့တွင် သက်သေခံနေလေ၏။ လုပ်ပြီးသွားသည့်ကိစ္စကို ပြင်ပြောနေလည်း အသုံးမဝင်တော့ချေ။


ကျူးထုန်က ချောင်းထပ်ဆိုးလာပြီး အနည်းငယ်နာကျင်နေသေး၏။ ရင်နင့်ဖွယ်ရာ အားနည်းဖျော့တော့သောချောင်းဆိုးသံက တန်းခွဲနှစ်နှင့်သုံးမှကျောင်းသားများ၏ အရှက်ကွဲမှုထဲကို မီးစာထပ်ထည့်လိုက်သလိုပင်။


ရှန်းချွမ်: "....."


သူကား မျက်မှောင်ကြုတ်ကာ ကျူးထုန်ကိုအံ့ဩသလိုကြည့်လိုက်လေသည်။ 

'ဒီလူက ဘာလို့ဒီလောက်တောင် ယုတ်မာရတာလဲ'


ကျူးထုန်သာ သူ့အတွေးကိုသိနိုင်လျှင် ယခုလိုတုံ့ပြန်လာလိမ့်မည်။

'ဆောရီး'


သူ သတိမထားမိလိုက်လို့ပါ။


ကြည့်နေသူများက ပို၍ပင်များလာသော်လည်း လေထုလမ်းကြောင်းကမူ လုံးဝပြောင်းလဲသွားခဲ့သည်။


"ဒါဆို ကျူးထုန်က ရှန်းချွမ်ဆီကနေ အကြောင်းမရှိအထိုးခံလိုက်ရတာပေါ့၊ သနားစရာကောင်းလိုက်တာ၊ စိတ်မကောင်းစရာပဲ..."


"ကျူးထုန်အထိုးခံနေရတာတောင် ရှားယန်ကမရှင်းပြဘူးလား၊ သူဘာတွေစဥ်းစားနေတာလဲ..."


"မင်းမှာ ရှန်းချွမ်ကိုရှင်းပြဖို့အချိန်မရှိလိုက်တာမလား၊ ရှန်းချွမ်က ရှေ့နောက်မကြည့်ဘဲ အရမ်းလုပ်တတ်တယ်၊ ပြီးတော့ သူလက်မြှောက်လိုက်တာနဲ့ တခြားသူတွေ ဖျောင်းဖျတဲ့စကားကိုလည်း နားမထောင်တော့ဘူးလေ..." 


ကျောင်းသားတစ်ယောက်က ရှားယန်ကို ခပ်တိုးတိုးရှင်းပြလာလေသည်။


ထိုစကားမျိုးကိုကြားလိုက်ရသည့်အခါ ရှားယန်ဘေးတွင်ရပ်နေသော အထက်တန်းကျောင်းသားတစ်ယောက်က အေးစက်စက်ဖြင့် လူတိုင်းကြားရအောင်ပြောလာခဲ့လေသည်။ 


"ဟက်၊ ကျူးထုန်က သူ့ကိုထိခိုက်အောင်လုပ်ဖို့ ဘယ်တုန်းကမှမရည်ရွယ်ခဲ့ဘူးဆိုတာရှင်းပြဖို့ သူ့မှာအခွင့်အရေးအပြည့်ရှိတယ်၊ ပြီးတော့ ဟုတ်တယ်၊ သူ့မှာရှင်းပြမဲ့ "အချိန်" ဆိုတာမရှိခဲ့ဘူး၊ ရှားယန်က သူဦးစားပေးရမယ့်အရာကို ကောင်းကောင်းသိတယ်လေ..."


"......"


ပထမနှစ်ကျောင်းသားများအားလုံး တမဟုတ်ချင်း ဆွံ့အကုန်ကြလေ၏။


ရှားယန်မှာ ခေါင်းငုံ့ရင်း သူ့ဘေးပတ်လည်မှ ပေါက်ပေါက်ဖောက်နေသလိုစကားသံများကိုနားထောင်နေပြီး သူ့မျက်နှာက ဖြူလိုက်စိမ်းလိုက်ဖြစ်နေလေသည်။


'ဘယ်လိုလုပ် ဒီလိုတွေဖြစ်ကုန်ရတာလဲ'


ကျူးထုန် ကုန်းရွှေအထက်တန်းစီရင်စုကိုပြောင်းလာခဲ့သည့်အချိန်လေးမှာပင် အချို့အရာများက စတင်ပြီး အထိန်းအကွပ်မဲ့လာခဲ့ပုံရသည်။


ရှားယန်က မျက်မှောင်ကြုတ်လိုက်သော်လည်း ယခုချက်ချင်းလုပ်ရမည့်အရာကိုမမေ့သေးချေ။


သူကား စိတ်အခြေအနေကိုထိန်းညှိလိုက်ပြီး အရှေ့ကိုတိုးကာ ရှောက်မင်လက်ထဲမှကျူးထုန်ကိုတချက်ခန့်ကြည့်ကာ တောင်းပန်ပြီးဆေးရုံပို့ပေးရန်ပြင်၏။ သို့သော် သူဘာမှမလုပ်ရသေးမှာပင် ကျူးထုန်ကိုတွဲပေးထားသော ရှောက်မင်က နှောင့်ယှက်ပစ်လိုက်သည်။


"ရပြီလား၊ ရရင်ဆေးရုံသွားကြမယ်..." 


ထိုသူက စိတ်မရှည်တော့သည့်မျက်နှာဖြင့် ဘုဆတ်ဆတ်ပြောလိုက်လေ၏။ ထိုစကားများက ကျူးထုန်ကိုရည်ညွှန်းပြီးပြောလိုက်ခြင်းဆိုသော်လည်း မျက်နှာထားကမူ ထိုသို့မဟုတ်ပေ။


ရုတ်တရက် အနားကပ်လာသောရှားယန်မှာ ၎င်းဒေါသကသူ့ထံဦးတည်နေသည်ကိုသိလိုက်၍ နေရာတွင်ပင် တခဏခန့်အေးခဲသွားခဲ့လေသည်။


ကျူးထုန်က သူ့လက်ပေါ်တွင် ခဏမျှအနားယူနေကာ ချောင်းဟန့်ပြီး သွားနိုင်ပြီဖြစ်ကြောင်းအချက်ပြလိုက်သည်။ သူကား ကြိုးစားပြီးမတ်မတ်ရပ်လိုက်ရင်းပြောလိုက်လေသည်။ 


"ငါ ပါးစပ်ဆေးချင်သေးတယ်..."


'ငါ့ပါးစပ်မှာသွေးနံ့တွေနံနေတာ ရွံစရာကြီး'


"....."


ရှောက်မင်က သူ့ကိုစိတ်ရှုပ်သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး လိုတရအိတ်လို အိတ်ကပ်ထဲမှ ပါးစပ်ဆေးရည်ပုလင်းလေးတစ်လုံးကိုထုတ်လိုက်သည်။


သူပလုတ်ကျင်းပြီးသည်နှင့် ထိုင်ခုံတွဲဖက်နှစ်ယောက်တို့မှာ အတူတကွလှည့်ထွက်သွားကြလေတော့၏။


ထိုအခိုက် ရှန်းချွမ်က နေရာတွင်ပင် အူတိအူကြောင်ဖြင့်မေးလိုက်လေသည်။ 


"မင်းတို့က သွားကြတော့မှာလား..."


ရှောက်မင်က အေးစက်စက်ပင်တုံ့ပြန်လိုက်၏။ 


"စိတ်မပူနဲ့၊ ငါကဒီကိစ္စကို ဒီအတိုင်းပြီးသွားခွင့်မပေးပါဘူး..."


ရှန်းချွမ်: "......"


သူအံကြိတ်ပြီးဆက်ပြောလိုက်သည်။


 "ရှားယန်လည်းဒဏ်ရာရသွားတာကို မင်းလည်းမြင်တာပဲ၊ မင်းသိပါတယ်..."


'သူ မင်းကိုသဘောကျနေတယ်ဆိုတာကို'


သူ ရှားယန်ကို ဖျတ်ခနဲကြည့်လိုက်မိပြီး မပြောတော့ပေ။


ရှောက်မင်က ထပ်ပြီးခေါင်းလှည့်သွားပြန်သည်။ ရှားယန်ကမူ မျက်လုံးထဲရှိ မျှော်လင့်ချက်အလင်းစက်လေးများဖြင့် သူ့ကိုကြည့်နေလေ၏။


မထင်မှတ်ဘဲ ရှောက်မင်က စိန်ခေါ်လိုက်သလိုမျိုး မျက်ခုံးပင့်လိုက်သည်။ 


"သူ့ကိုဒဏ်ရာရအောင်လုပ်လိုက်တာငါလား..."


ရှန်းချွမ်: "မင်း..."


ရှောက်မင်က တုတ်တုတ်ပင်မလှုပ်ဘဲ သူ့စကားကိုဆက်လေသည်။ 


"ဒီလိုအခြေအနေမှာ တကယ်တမ်းလုပ်ရမှာ ဘာလဲ.." 

ပြောပြီးသည့်နောက် သူတို့ကိုလျစ်လျူရှုပြီး ထွက်သွားလေတော့သည်။


ရှားယန်က မယုံကြည်နိုင်သလိုမျိုး ရှောက်မင်၏ထွက်သွားသောကျောပြင်ကိုကြည့်နေရင်း တောင့်တင်းစွာဖြင့်ရပ်နေမိလေသည်။


ဘယ်လိုလုပ်များ ရှောက်မင်က ဒီလိုစကားမျိုးကိုပြောထွက်နိုင်ရတာလဲ။ ဒါကိုကြည့်ရင် ရှားယန်ဘက်ကပဲ စိတ်ကူးယဥ်နေတယ်ဆိုတာ ရှင်းသွားပြီမလား။ ရှားယန် ဒဏ်ရာရတာ မရတာတွေ သူဂရုမစိုက်ဘူး။


မတိုင်ခင်အချိန်များကလည်း ရှောက်မင်ဘက်က သူ့ကိုငြင်းခဲ့ဖူးသည့်တိုင် အခြားသူများရှေ့တွင် အရှက်ရသွားစေသည်အထိ တစ်ခါမှမဖြစ်ခဲ့ပေ။


'ကျူးထုန်ကြောင့်လား' ရှားယန်က သူ့အတွေးနှင့်သူ အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်မိလေသည်။


ချော်လဲသွားသည့်ဒဏ်ရာက အလွန်အမင်းနာကျင်ရသည်အထိမဟုတ်စေကာမူ ယခုတော့ ထပ်ပြီးနာကျင်လာရပြီ။


သူကား နံဘေးမှ စာနာသနားနေသော သို့မဟုတ် လှောင်ပြောင်နေသောမျက်လုံးများကို သည်းမခံနိုင်တော့လေရာ ဒူးခေါင်းမှဒဏ်ရာကိုအံကြိတ်ခံပြီး လှည့်ထွက်လာခဲ့လေသည်။


အစကမူ ရှန်းချွမ်က သူ့နောက်မှအမီလိုက်ချင်နေသော်လည်း "အချိန်မီလေး" ရောက်လာသော ကာယဆရာက သူ့ကိုတားလိုက်သည်။


အမှတ် ၁ အလယ်တန်းကျောင်း၏စာကြည့်တိုက်အောက်ထပ်တွင် ပထမနှစ်အတန်းပိုင်ဆရာ လုရှီးမန်မှာ အပေါ်ထပ်မှဆင်းလာရုံရှိသေးသည်။ သူမမှာ စာကြည့်တိုက်၏ ခေါင်မိုးထပ်ကိုပြေးတက်တော့မည့် ရှားယန်နှင့်တိုက်မိလေ၏။


သူမက မသိစိတ်အရတားပြီးမေးလိုက်လေသည်။ 

"ရှားယန်၊ မင်းကဘာလို့ဒီနေရာမှာရှိနေရတာလဲ..."


'အခုအချိန်က တန်းခွဲ ၁ မှာ ကာယအချိန်မလား'


ရှားယန် ရပ်သွားပြီး လုရှီးမန်ကိုမော့ကြည့်လိုက်သည်။ သူ့မျက်လုံးများက တမဟုတ်ချင်းနီရဲလာလေ၏။


လုရှီးမန်မှာ မှင်သက်သွားကာ ညင်သာသည့်အသံဖြင့်မေးလိုက်လေသည်။ 

"ဘာဖြစ်လာတာလဲ၊ ဘာဖြစ်လို့လဲ..."


ရှားယန်မှာ သူမ အတန်းထဲမှကျောင်းပြောင်းကျောင်းသားတစ်ယောက်ပင်။ သူဤကျောင်းကိုပြောင်းလာချိန်က ရှားမိသားစုက ရှားယန်ကို ကျောင်းတွင်ဂရုစိုက်ပေးရန် လူကိုယ်တိုင်အထူးတလည်တောင်းဆိုထားခဲ့ကြသည်။


ဤကျောင်းသားသာ ကျောင်းတွင်အနိုင်ကျင့်ခံနေရပါက သူမ ရှားမိသားစုကိုဘယ်လိုရှင်းပြရပါမည်နည်း။


ရှားယန်မပြောရသေးခင် လုရှီမးန်အိတ်ထဲမှဖုန်းကမြည်လာခဲ့သည်။ ဖုန်းကိုင်လိုက်ချိန်မှာပင် သူမမျက်နှာက ရုတ်ချည်းဖြူဆုတ်သွားရတော့၏။


ကျောင်းဂိတ်ဝတွင် ရှောက်မင်က ကျူးထုန်ကို ကျောင်းအပြင်သို့ဦးဆောင်ခေါ်သွားပေးနေသည်။


ကျူးထုန်က တစ်ခုခုကိုသဘောပေါက်သွားပြီး ရှောက်မင်ကိုတားလိုက်သည်။ 


"ငါတို့ဆေးရုံအထိသွားဖို့မလိုပါဘူး၊ ကျောင်းဆေးပေးခန်းကိုပဲသွားရအောင်..."


ရှောက်မင်က သူ့ကိုကြည့်ပြီးတုံ့ပြန်လာသည်။ 

"မင်းသွေးအန်ထားတာတောင် ဆေးရုံမသွားတော့ဘူးလား၊ အတွင်းပိုင်းမှာထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ..."


ကျူးထုန်: "မဟုတ်ဘူး၊ အရမ်းကြီးစိုးရိမ်စရာမရှိပါဘူး၊ အနားယူလိုက်ရင်ရပါပြီ..."


"...."


သူ့မျက်နှာက ယုံကြည်စိတ်ချနေသည့်ပုံစံပေါ်နေ၍ ရှောက်မင်မှာ သိချင်စိတ်ဖြစ်လာရသည်။ 


"ဘယ်လိုသိတာလဲ၊ ခုနက မင်းသွေးအန်ထားတာနော်..."


ကျူးထုန်: "....."


အဲဒါတင်မကဘူး။ ပုံမှန်လိုတောင်ဖြစ်နေပြီ။


သို့သော်လည်း ထိုသူက ငြိမ်နေပြီး ဘယ်လိုရှင်းပြရမှန်းမသိသည့်ပုံစံက ပိုဆိုးသွားစေခဲ့သည်။


သူ့မျက်နှာထားကိုမြင်ပြီး ရှောက်မင် အံ့ဩသွားလေ၏။ 

'ဆိုတော့ သူကအရင်ကလည်း သွေးအန်ခဲ့ဖူးတယ်ပေါ့'


သူ့ဘက်ကအသံတိတ်နေသည့်အခါ ရှောက်မင်က ဆက်မပြောရန်မသင့်တော့ဟုယူဆလိုက်သည်။ 


"ဆေးရုံကိုသွားပြီးစစ်ဆေးကြည့်တာပိုကောင်းမယ်၊ ပိုစိတ်ချရတာပေါ့၊ ကျောင်းအားကစားကော်မတီအဖွဲ့ဝင်အနေနဲ့ ကာယအချိန်မှာ မင်းဒဏ်ရာရသွားရင် ငါ့မှာတာဝန်ရှိတယ်..."


ကျူးထုန်: "......"


'ငါသာ ကာယအချိန်မှာဒဏ်ရာရရင် တကယ်တာဝန်ရှိတာကဆရာ ဒါမှမဟုတ် ကြီးကြပ်သူပဲဖြစ်မှာပေါ့၊ ဘာကိစ္စရုတ်တရက်ကြီး မင်းမှာတာဝန်ရှိသွားတာလဲ'


ကျူးထုန်မှာ စိတ်ထဲမှတဆင့် ရှောက်မင်ကို အထွန့်တက်နေရင်း မနေနိုင်တော့ဘဲပြုံးလိုက်မိသည်။ ဆေးပေးခန်းသွားမည့်အစား ဆေးရုံသွားမည့်ကိစ္စကို အထွန့်မတက်နေတော့ပေ။


ဆေးရုံမှာလည်း မဝေးလှသောကြောင့် နောက်ဆုံးတွင်မကွာခြားလှပေ။


ဆေးရုံတွင်စာရင်းသွင်းလိုက်ကြပြီးသည့်အခါ နှစ်ယောက်သားက ဆေးရုံ၏ကော်ရစ်တာတွင်ထိုင်ရင်း သူတို့အလှည့်ကိုစောင့်နေလိုက်ကြသည်။ ကျူးထုန်ကို X-ray စမ်းသပ်ရန်အတွက် စာရင်းသွင်းထားခဲ့ခြင်းဖြစ်လေ၏။


ဘယ်သူမှစကားမပြောဖြစ်ကြ။


ရှောက်မင်က ရှစ်ဝမ်ရှူထံဖုန်းခေါ်ပြီး ခွင့်တောင်းပြီးသည့်နောက် ငိုင်နေမိလေသည်။


ကျူးထုန်မှာ ရှောက်မင်က တစ်ကိုယ်ကောင်းဆန်ပြီး အမြင်ကောင်းရချင်၍လား သူ့ကိုပြန်ဆန်းစစ်နေသည်လား သို့မဟုတ် အခြားတစ်စုံတစ်ရာကို ကြံစည်နေခြင်းလား မသိတော့ပါချေ။


ကျူးထုန်က စိတ်ထဲရှိစနစ်ကို မေးလိုက်သည်။


'ရှားယန်က လူတိုင်းသဘောကျတာခံရတဲ့ ဇာတ်လိုက် shou ဆိုတာသေချာတယ်နော်'


စနစ်ကလည်း ချက်ချင်းပြန်ဖြေလာသည်။ 

'သေချာတယ်'


ကျူးထုန်: "......"


သူ့မှာ ပိုပြီးပင် နားမလည်နိုင်ဖြစ်လာရလေသည်။


'မင်း...မင်းကဇာတ်လိုက်ကို ကြုံရာရွေးနေကျလား'


ဇာတ်လိုက်အနေနှင့် အခြေခံလူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားလေးတော့ ကောင်းသင့်တယ်မလား။


သူက ရှားယန်ကိုဝေဖန်နေခြင်းမဟုတ်သော်လည်း ယနေ့ ရှားယန်ကရှန်းချွမ်အရှေ့တွင် လက်ဖက်စိမ်းလက်ဖက်ရည်ပုံစံသရုပ်ဆောင်ပြလိုက်သောကြောင့် သူ့မျက်လုံးထဲတွင် ရှားယန်ကိုကြင်နာတတ်ပြီး အပြစ်ကင်းသည့် shou ပုံစံဖြင့် မြင်ကြည့်၍မရတော့ပေ။


ထူးဆန်းစွာဖြင့် ထိုမေးခွန်းမေးလိုက်ပြီးသည့်အခါ စနစ်ကအကြာကြီးတိတ်ဆိတ်သွားခဲ့သည်။


စနစ်တောင် သူ့ကိုအဖြေပြန်မပေးရဲလို့ရှက်သွားတာများလား။


"ဘာတွေတွေးနေတာလဲ..."


လူတစ်ယောက်က သူ့လက်ကို အသာထိလာသည်။ ထိုသူက ကျူးထုန် ဘာတွေးနေသည်ကို မသိသူရှောက်မင်ပင် ။ သူ အရပ်ရှည်သည့်ဆယ်ကျော်သက်ကလေးအား လှည့်ကြည့်လိုက်၏။


ရှောက်မင်မှာ သူ့အကြည့်တို့က စက်ရုပ်ပမာ ဦးတည်ရာမဲ့စွာဖြင့် ငေးမောနေသည်ကို တွေ့သွားသည်။


"ဘာဖြစ်လို့လဲ.."


ကျူးထုန်က မျက်တောင်လေးခတ်ကာခေါင်းယမ်းပြသည်။ 

"ဘာမှမဖြစ်ပါဘူး..."


ရှောက်မင်: "....."


သူ၏တုံ့ပြန်ပုံက စက်ရုပ်ပမာ ရိုးသားလွန်းနေသည်။


သူ မနေနိုင်တော့ဘဲ ပြုံးလိုက်မိလေ၏။ 


"မင်း...မင်းဘေစင်နားမှာ လူတွေကိုအော်လိုက်တုန်းက အရမ်းတက်ကြွနေခဲ့တာပါ၊ အခု ငါ့ရှေ့မှာကျတော့ ဘာလို့ငြိမ်နေတာလဲ..."


ကျူးထုန်မှာ တစ်နေ့တွင် လူတစ်ယောက်က သူ့ကို "တက်ကြွလွန်းတယ်" ဆိုသောစကားလုံးမျိုးဖြင့် ညွှန်းဆိုလာလိမ့်မည်ဟုမထင်ထားခဲ့ချေ။ သူ့မျက်နှာပေါ်တွင် ထူးဆန်းသွားသည့်အရိပ်အယောင်လေးက ပေါ်လာခဲ့သည်။ 


"ငါကအဲဒီလိုမဟုတ်..."


ရှောက်မင်: "ငါသိပါတယ်၊ မင်းက မင်းကိုယ်မင်းအတွက် အတိုက်အခံလုပ်ပြီးရှင်းပြပေးနေတယ်ဆိုတာ..."


"...."


"မင်းနဲ့ရှားယန်တို့က အရင်တည်းက သိခဲ့ကြတာလား..." 

ရှောက်မင်က ပုံမှန်အသံဖြင့်သာမေးလာခဲ့၏။


ကျူးထုန်က ပြောနေသည်ကိုရပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

 "ကြာခဲ့ပါပြီ၊ ရှားမိသားစုက ညစာစားပွဲလုပ်တော့ ငါ့အဖေကငါ့ကိုခေါ်သွားပေးခဲ့တာ..."


မနေ့ညက သူလူဆိုးများထံမှ အဝိုင်းခံလိုက်ရချိန် အန်ကယ်လျိုကသူ့အားလာကြိုသည်ကိုတွေ့သည့်အခါ ရှောက်မင်က အံ့အားသင့်သွားပြီး မျက်နှာကအနည်းငယ်ဖြူရော်သွားခဲ့သည်။ ထိုအချိန်၌ ရှောက်မင်က သူ့မိသားစုနောက်ခံကို ခန့်မှန်းမိသွားလောက်ပြီဟု ကျူးထုန်သိလိုက်သည်။


မိသားစုနောက်ခံက အတန်းဖော်များကြားတွင် ကြီးမားသောသက်ရောက်မှုဖြစ်လာမည်ဟု ကျူးထုန်မထင်ထားမိခဲ့ပေ။


သူ့မိသားစုအကြောင်းကို အခြားသူများထံ တမင်ရည်ရွယ်ပြီးမပြောခဲ့သလို ဖုံးကွယ်ထားခြင်းလည်းမရှိခဲ့ပေ။


ယနေ့ "ပါးရိုက်နားကိုက်" ကိစ္စအပြီး သူနှင့်ကျူးထုန်အကြားမှ ဆက်ဆံရေးအရ ရှောက်မင်တွင် အထင်မလွဲစရာမရှိသင့်ပေ။


ရှောက်မင်က အလေးအနက်ခေါင်းညိတ်ပြလိုက်ပြီး မည်သည့်မေးခွန်းကိုမှထပ်မမေးတော့ပေ။


ကော်ရစ်တာတွင် တိတ်ဆိတ်သွားခဲ့သည်။


ကျူးထုန်က အချိန်ကိုကြည့်ကာ စမ်းသပ်ခန်းကိုလှမ်းကြည့်လိုက်သည်။ ထို့နောက် မတ်တပ်ရပ်လိုက်၏။ 


"ငါသွားကြည့်လိုက်ဦးမယ်၊ တကယ်လို့..."


"မင်းလက်ထဲမှာနံပါတ်ရှိတယ်လေ၊ မင်းအလှည့်ရောက်ရင် မင်းနာမည်ကိုခေါ်လိမ့်မယ်.."


"...."


မတ်တပ်ရပ်နေသည့်ကျူးထုန်မှာ တဖန်ပြန်ထိုင်လိုက်ရပြန်၏။


ရှောက်မင်က သူ့ကို စချင်နေသလိုမျက်လုံးဖြင့်ကြည့်လိုက်သည်။ 

"အလျင်လိုနေတာလား..."


ကျူးထုန်: "နေ့လည်ခင်း အတန်းရှိသေးတယ်လေ..."


"....."


ပုံမှန်တွင် ကျောင်းမှ အောင်အောင်မြင်မြင် "လွတ်မြောက်" လာသောကျောင်းသားတိုင်း တော်တော်နှင့်မပြန်ရအောင်ကြိုးစားတတ်ကြသည်။ ရှောက်မင်မှာ ယင်းနှင့်ဆန့်ကျင်ဘက်ကို ယခုမှပင် ပထမဆုံးအကြိမ်ကြုံကြိုက်လိုက်ရလေ၏။


သူကား မျက်လုံးထဲတွင် အံ့ဩသွားသည့်အရိပ်အယောင်လေးဖျတ်ခနဲလက်သွားပြီး မေးလိုက်လေသည်။ 


"အတန်းကိုပြန်ချင်နေတာလား၊ ဘာလို့လဲ..."


ကျူးထုန်က တလောကလုံးတွင် အသိသာဆုံးဖြစ်သောအဖြေကိုပေးလိုက်လေ၏။ 


"စာမေးပွဲဖြေရတော့မယ်၊ ငါနားမလည်သေးတာတွေအများကြီးပဲ..."


"....."


ရှောက်မင် စိတ်ရှုပ်ထွေးသွားရသည်။


ကျူးထုန်၏ အလေးအနက်ဖြစ်နေပုံရသောမျက်နှာကိုကြည့်ခြင်းအားဖြင့် သူ့အဆင့်များကိုစိတ်ပူနေသည်မှာ သေချာသလောက်ပင်။ ရှောက်မင်က ရုတ်တရက်ထရယ်လေ၏။ 


"မင်းကတကယ်ပဲ စာသင်ဖို့ဒီနေရာကိုလာတာပေါ့၊ မင်းစာလေ့လာရတာကို ဒီလောက်တောင်ကြိုက်တာလား.."


ကျူးထုန်: "....."


'ဘာလို့လဲဆိုတော့ မင်းရဲ့နှစ်သက်မှုကိုရဖို့က အဆင့်ကောင်းဖို့လိုတယ်လေ'


အထက်ပါအတိုင်းပြောလိုက်မည့်အစား သူက ရိုးရိုးသားသားသာပြန်ဖြေလိုက်လေသည်။ 


"ငါကကျောင်းသားဆိုမှတော့ ငါ့အလုပ်က ကောင်းကောင်းမွန်မွန် စာလေ့လာဖို့ပဲပေါ့..."


ရှောက်မင်: "....."


'မင်းစာကြိုးချင်တာဆိုရင် ဘာလို့ဒီနေရာကိုလာနေသေးလဲ၊ A မြို့မှာလည်း အဆင့်ကောင်းအောင်လုပ်လို့ရတာပဲ၊ ဒါပေမဲ့ စာလေ့လာဖို့အတွက်မဟုတ်ဘူးဆိုရင် ဘာလို့ကုန်းရွှေစီရင်စုကိုလာမှာလဲ'


ကျူးထုန် အခုလေးတင် ရှားယန်ကိုပြောလိုက်သည့်စကားအားပြန်တွေးမိလိုက်သည့်အခါ ရှောက်မင် ပြုံးလိုက်မိသည်။


မည်သို့ပင်ဖြစ်စေ၊ ကျူးထုန်က စိတ်ဝင်စားစရာကောင်းသည့်ကောင်လေးဖြစ်နေ၏။


အပြင်ပန်းတွင်မူ နားလည်မှုနှင့်လက်ခံပေးလိုက်သည်။ 


"ဒါပေါ့၊ မင်းစာကြိုးစားသင့်တာပေါ့.."


'ဂုဏ်ယူပါတယ်၊ လရောင်ဖြူလေးရဲ့နှစ်သက်မှုကို ငါးရာခိုင်နှုန်းရရှိသွားပါပြီ၊ လက်ရှိနှစ်သက်မှုကဆယ်ရာခိုင်နှုန်းပါ'


စိတ်ထဲရှိအသံတစ်သံက ဝုန်းခနဲထွက်လာသည့်အခါ ကျူးထုန်၏မျက်လုံးများက ခဏတွင်းချင်း လင်းလက်သွားခဲ့သည်။


စာကြိုးစားတာက လရောင်ဖြူလေးသူ့ကို ပိုသဘောကျလာလာအောင်တကယ်လုပ်နိုင်တာပဲ။



🤒