Chapter 15
Viewers 2k

🤒အခန်း ၁၅

[ခက်ခဲမှု]



တောင်းပန်တာကို လက်မခံဘူး။


အပြစ်ခံယူတာကိုပဲ လက်ခံမယ်။


သူ၏ အကြင်နာကင်းမဲ့စွာ ငြင်းဆန်မှုက ရုံးခန်းအား စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားစေသည်။


ဘေးဘက်ကို ချထားသည့် လုရှီးမန်၏လက်က တင်းတင်းကြပ်ကြပ် ဆုပ်သွားခဲ့သည်။ သူမက အသက်ပြင်းပြင်း ရှူလိုက်ကာ သူမ၏မျက်နှာပေါ် အပြုံးတစ်ပွင့် တင်လိုက်ပြီး ကျူးထုန်၏လက်ကို ဆွဲရန် လက်ကို ဆန့်ထုတ်လာခဲ့သည်။


“ကျောင်းသားကျူးထုန်...”


ကျူးထုန်က သူ၏လက်ကို ငုံ့ကြည့်ကာ သူမကိုကြည့်ပြီး ပြောလိုက်သည်။


“လုလောင်ရှီး...ကျွန်တော့်ကို မထိတာ ပိုကောင်းပါတယ်...ကျွန်တော်က ကျန်းမာရေးမကောင်းဘူးတော့... ကျွန်တော့်ကို ဖြေးဖြေးလေး ကိုင်လိုက်ရင်တောင်မှ ကျွန်တော် သွေးထပ်အန်သွားနိုင်လို့...”


“.....”


လုရှီးမန် ချက်ချင်း အံ့ကြိတ်လိုက်မိသည်။


အဲဒါက စောစောက သူမပြောခဲ့သလို သူမကို ပြန်ပြောလိုက်တာပဲမလား...။


သူမ ဘယ်တုန်းကမှ ယခုကဲ့သို့ ကိုင်တွယ်ရ ခက်ခဲသည့်ကျောင်းသားနှင့် မတွေ့ဆုံခဲ့ဖူးချေ။ သူမ၏မျက်နှာကို နူးညံ့ချိုသာသည့်အမူအရာ သုံးကြိမ်မျှ ပြုလုပ်ပြီးနောက် သူမ၏မျက်နှာပေးက တဖြည်းဖြည်း အေးစက်လာခဲ့သည်။


“ကျူးထုန်...မင်း ခွင့်လွတ်ပေးသင့်တယ်...ကျောင်းသားတစ်ယောက်ရဲ့ ပြစ်မှုမှတ်တမ်းက သူ့အပေါ် ဘယ်လောက်သက်ရောက်သလဲဆိုတာ မင်း သိလား...ဒါက...တသက်လုံးအတွက် အစွန်းအထင်းပဲ...အကုန်လုံးက တစ်ကျောင်းတည်းအတူတူပဲလေ...မင်း လုပ်လို့မရ...”


“ဟင့်အင်း...”


ကျူးထုန်က မထူးခြားသလို ပြောလိုက်သည်။ 


“ပြစ်မှုမှတ်တမ်းက သူ့‌အပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာ ကျွန်တော် မသိဘူး....နံရံ‌ပေါ်ကို ပစ်ပေါက်ခံလိုက်ရတဲ့ ကျွန်တော့်ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်သလဲဆိုတာပဲ ကျွန်တော်သိတယ်...”


လုရှီးမန် : “သူ...သူက မင်း ကျန်းမာရေးမကောင်းဘူးဆိုတာကို မသိဘူးလေ... ရည်ရွယ်ချက်ရှိရှိ မင်းကို လုပ်ခဲ့တာမှ မဟုတ်ဘဲ...”


ကျူးထုန် : “သွေးအန်တာက သူ့ကို ဒီလိုကြီးလေးတဲ့ပြစ်ဒဏ်မျိုး ခံစားရစေမယ်လို့ ကျွန်တော် မသိဘူး....ပြီးတော့...ကျွန်တော်လည်း အဲလိုဖြစ်ပါစေလို့ ရည်ရွယ်ပြီး သွေးအန်ခဲ့တာမဟုတ်ဘူး....”


“မင်း....”


လုရှီးမန်၏မျက်နှာက ရုတ်တရက် မဲမှောင်သွားခဲ့သည်။


ကျူးထုန် သူ၏စိတ်ထဲတွင် လှောင်ရယ်လိုက်သည်။


အဲဒါက ရည်ရွယ်ပြီးလုပ်တာ မဟုတ်ဘူးဆို ။ ဟုတ်တယ်မလား...။


ရှန်းချွမ်က မသိခဲ့ဘူးဆိုရင်လည်း အပြစ်ရှိစိတ်လေးတော့ ခံစားသင့်တာပေါ့။


သူ့ကို ကိုယ်ကျင့်တရားပျက်နေတဲ့သူဖြစ်အောင် လုပ်နေကြတာပဲမလား။


မေ့လို့...သူ့မှာ ပျက်အောင်လုပ်စရာ ကိုယ်ကျင့်တရား မရှိဘူးပဲ...။


လုရှီးမန် ပြောစရာစကား မဲ့နေသည်ကိုမြင်သည့်အခါ ကျူးထုန်က ထပ်ပြီး ပြောလိုက်သည်။


“တကယ်လို့ လုလောင်ရှီးမှာ ပြောစရာမရှိတော့ရင် ကျွန်တော် အတန်းကို ပြန်ပါတော့မယ်....”


“ဒါဆို မင်း ဘာကို လိုချင်တာလဲ....” 


လုရှီးမန်က ရုတ်တရက်‌ မေးလာသည်။


ကျူးထုန် ခဏမျှ ရပ်တန့်သွား၏။


လုရှီးမန်က သူ့ကိုကြည့်ပြီး ပြောလာသည်။


“ရှန်းချွမ်ရဲ့ အပြစ်ပေးမှုကို ဖယ်ရှားပေးဖို့ ဘယ်လိုအခြေအနေမျိုးဆို မင်း သဘောတူမှာလဲ...”


ကျူးထုန် : “......”


ဒါက ကိုယ်ရေးကိုယ်တာ အပေးအယူလုပ်နေတာများလား။


ရှစ်ဝမ်ရှုက မျက်မှောင်ကြုတ်လိုက်ပြီး 


“လုလောင်ရှီး...မင်း ဘာကို ဆိုလိုတာလဲ...”


လုရှီးမန်က သူ့ကို လျစ်လျူရှုထားပြီး သူမ၏မျက်နှာတွင် ဂုဏ်ယူသည့်အကြည့်ဖြင့် ကျူးထုန်ကိုသာ စိုက်ကြည့်နေခဲ့သည်။


“မင်း ဘာပဲလိုချင်လိုချင်..ကိစ္စမရှိပါဘူး...ဆရာမက မင်းကျေနပ်အောင် သူ့ကို အကောင်းဆုံး လုပ်ခိုင်းမှာပါ...မင်း...သဘောတူမယ်ဆိုရင်ပေါ့...”


ရှန်းချွမ်၏မိသားစုနောက်ခံက အလွန်ကောင်းသည်။ ကျူးထုန် ဘယ်လိုအခြေအနေမျိုးကိုမဆို တောင်းဆိုပါစေ ကိစ္စမရှိပေ။ သူ လိုက်လျောပေးနိုင်၏။


ထို့အပြင် ရှားမိသားစုလည်း ရှိသေးသည်။


ရှားယန်က စဉ်းစားချင့်ချိန်တတ်ပြီး နာခံတတ်သည့်ကလေးပင်။သူမသာ ရှားယန်ကို ပြောလိုက်ပါက ရှားမိသားစုဘက်က ကူညီမည်မှာ မလွဲပါချေ။ 


ထို့အပြင် အမှတ် ၁ အလယ်တန်းကျောင်း၌ ရှားယန်၏ မိသားစုနောက်ခံအား လျှို့ဝှက်မထားပေ။အကယ်၍ ကျူးထုန်သာ ထက်မြက်သူဖြစ်ပါက သူ မကြာခင်မှာပင် ယင်းကို လက်ခံလိမ့်မည်။


ယုံကြည်ချက်အပြည့် ရှိနေသော်လည်း သူမဘေးနား၌ ရပ်နေသော ရှားယန်က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်ကိုမူ သူမ မသိလိုက်ပေ။


သူက တမင်တကာ လုရှီးမန်ကို သတိပေးလိုက်သည်။


“လုလောင်ရှီး...”


“ကျွန်တော် ဆရာမကို စိတ်ပျက်စေမိမှာ စိုးရွံ့ပါတယ်...”


ကျူးထုန်က ပြောလိုက်သည်။

“ကျွန်တော်က ဘာမှ မချို့တဲ့နေပါဘူး...ဒါပေမဲ့ အကြင်နာတရားတော့ မရှိဘူး...တကယ်လို့ လုလောင်ရှီးက ကျောင်းရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် သူ့ကို‌ ကျောင်းအုပ်ဆီ သွားခိုင်းပြီး ကျွန်တော်တို့ အဲ့အကြောင်းကို ပြောကြတာပေါ့... ကျွန်တော် အတန်းပြန်ပြီး စာလုပ်မှာကို ခင်များ ထပ်ပြီး နှောင့်နှေးအောင်လုပ်နေရင် ကျောင်းအုပ်ကြီးကို ဆုံးဖြတ်ပေးဖို့ ပြောရုံပဲရှိတော့တယ်...”


“....”


လုရှီးမန်က သူ့ ထိုမျှခေါင်းမာလိမ့်မည်ဟု မထင်ထားသောကြောင့် ခဏမျှ ကြက်သေသေသွားခဲ့သည်။


ကျူးထုန်က ခေါင်းလှည့်ကာ ရှစ်ဝမ်ရှုကို ကြည့်လိုက်သည်။ လုရှီးမန်အပေါ် ရန်လိုသည့်သဘောထားနှင့် မတူစွာ ရှစ်ဝမ်ရှုအပေါ် ယဉ်ကျေးပြီး စစ်မှန်သည့် သဘောထားဖြင့် သူကဆိုလိုက်သည်။


“‌ကျွန်တော် တောင်းပန်ပါတယ် ရှစ်လောင်ရှီး...ဆရာ့ကို ဒုက္ခပေးမိပါပြီ...”


ရှစ်ဝမ်ရှုက ကျူးထုန် အပေးအယူအား သဘောတူလိုက်မည်ကို စိုးရိမ်နေပြီး ကျူးထုန်နှင့် အကြိမ်ပေါင်းများစွာ စကားပြောချင်နေခဲ့သည်။


ရလဒ်အနေဖြင့် သူက အစကနေ အဆုံးအထိ လုံးဝ ပြောစရာစကား မရှိနေပေ။


ကျူးထုန်တွင် အားနည်းသည့် ခန္ဓာကိုယ်ရှိသော်လည်း သူ၏အတွင်းစိတ်ကမူ ပျော့ညံ့မနေပါချေ။


သူ စိတ်သက်သာရစွာ ခေါင်းညိတ်လိုက်သည်။


“ပြဿနာမရှိပါဘူး...မစိုးရိမ်ပါနဲ့...အတန်းကိုပြန်တော့...ဆရာ ဒီမှာ ခဏလောက် နေခဲ့ဦးမယ်...”


ကျူးထုန်က ခေါင်းညိတ်ပြီး ရှားယန်အား တစ်ချက်ကြည့်ကာ ထွက်သွားလိုက်သည်။


သူ့ကို ကြည့်လာသည်ကို မြင်သောအခါ ရှားယန်၏ ဦးရေပြားမှာ ထုံကျင်သွားခဲ့သည်။


အခြားသူများက ကျူးထုန်၏မိသားစုအကြောင်း မသိသော်လည်း သူက သိသည်။


လုရှီးမန်က ဤကဲ့သို့ တုံးအလှသည့် နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


ကျူးထုန်ကို ပစ္စည်းတွေနဲ့ ဆွဲဆောင်ချင်တာလား...။အဲဒါက ကိုယ့်ဘာသာကိုယ် အရှက်ခွဲနေတာပဲမလား...။


သူ နှာခေါင်းရှုံ့လိုက်သည်။


သူ ဒီနေ့ လိုက်မလာခဲ့သင့်ဘူး...။


လူသုံးယောက်မှာ ရုံးခန်းထဲတွင် ကြောင်အနေတုန်းဖြစ်ပြီး ရှစ်ဝမ်ရှုက စာသင်ရန် စာအုပ်ကို ယူလိုက်ကာဖြင့် ပြောသည်။


“လုလောင်ရှီးပြန်သင့်ပါပြီ...အပြစ်ပေးတာကို လျှော်ပေးဖို့ မေးနေမယ့်အစား ဆရာမရဲ့ ကျောင်းသားတွေကို အမှားမလုပ်မိအောင် သင်ကြားရာမှာ ပိုအားထုတ်သင့်တယ်...”


ထိုကဲ့သို့ ပြောပြီးသည်နှင့် သူ ရုံးခန်းမှ ထွက်လာခဲ့လိုက်သည်။


လုရှီးမန်နှင့် ကျောင်းသား နှစ်ယောက်လည်း ရုံးခန်းမှ ထွက်သွားခဲ့သည်။


ရှန်းချွမ်က ငေးငိုင်ပြီး စိတ်ရှုပ်ထွေးနေဆဲဖြစ်ကာ ရှားယန်မှာလည်း ဒေါသထွက်နေခဲ့၏။


လုရှီးမန်၏ လက်သည်းပုံစံအသစ်က သူမ၏ လက်ဖဝါးထဲသို့ စူးဝင်လုနီးပါး ဖြစ်နေသည်။


ကျူးထုန်က သူ၏ထိုင်ခုံကို ပြန်လာပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


အနိုင်ကျင့်ခံရခြင်းမှကာကွယ်ရန် ဇာတ်လိုက်ဘေးရှိ လူများ၏ တွေးခေါ်နိုင်စွမ်းက ကျိုးကြောင်းဆီလျော်မှု ရှိမနေချေ။


ဇာတ်လိုက်ဘေးမှလူများ သူ့အားကာကွယ်ရန် အစွမ်းကုန်ကြိုးစားကြလိမ့်မည်။ ယင်းက ဇာတ်လိုက်အတွက် ကောင်းသော်ငြား သူ့လို အမြောက်စာ ဇာတ်ကောင်အတွက်မူ အန္တရာယ်တစ်ခုဖြစ်နေ၏။


သူ ကုန်းရွှေစီရင်စု နံပါတ်(၁) အလယ်တန်းကျောင်းကို လွန်ခဲ့သည့် ရက်အနည်းကမှ ရောက်လာခဲ့ခြင်းဖြစ်ပြီး ပြဿနာ‌က‌မူ ဆက်တိုက်သူ့အား လာရှာနေခဲ့၏။ ရှားယန်ကျောင်းပြောင်းလာပြီးနောက် လွန်ခဲ့သောခြောက်လအတောအတွင်း ရှောက်မင် မည်သို့မည်ပုံကျော်ဖြတ်လာသလဲ သိချင်မိသည်။


ရှားယန်က အထက်တန်းပထမနှစ် ဒုတိယနှစ်ဝက်မှ ကျောင်းပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ဤကျောင်းက ပြောင်းရွှေ့လို့ရသည့် ကျောင်းမဟုတ်သော်လည်း ရှားယန်ပြောင်းလာသည့် ယခင်ကျောင်းမှာ ဤကျောင်းဘေးတွင်ရှိသည်။ 


သူက ကြည့်ကောင်းပြီး အဆင့်ကောင်းကာ မိသားစုနောက်ခံကောင်းကောင်းလည်း ရှိသည်။ သူက အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ရေပန်းစားပြီး ရှောက်မင်ကို လိုက်ပိုးရာတွင် ပေါ်ပေါ်ထင်ထင်ပင် လိုက်ပိုးခဲ့သည်။


အခြားသူများ၏ မျက်လုံးထဲတွင် ‌ရှားယန်၏ သဘောကျခြင်းကို ခံရသော ရှောက်မင်က လူအများစု၏ မနာလို အားကျစရာ ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့သည်။


သို့သော်လည်း ကိုယ်မကြိုက်သည့် လူတစ်ယောက်က လူတိုင်းသိစေမည့် ပိုးပန်ခြင်းကို ပြုလုပ်သည်က စိတ်ဒုက္ခရောက်စေသည်ကိုတော့ ကျူးထုန် နားလည်၏။


အထူးသဖြင့် ဇာတ်လိုက်ရောင်ဝါရှိနေသည့်လူထံမှ သဘောကျခံရခြင်းပင်။


ရှားယန်က သူ၏ စိတ်အားထက်သန်မှုကို ဖော်ပြရန်သာ အာရုံစိုက်ထားပြီး ထိုသို့ပြုလုပ်ခြင်းက ရှောက်မင်ဆီသို့ ပြဿနာပေါင်းများစွာ ရောက်လာစေသည်ကို မသိချေ။


မူလတွင် ရှောက်မင်၌ ကောင်းမွန်ပြီး သာယာလှပသော ဘဝလေး ရှိသည်။ ကျေးဇူးတင်စရာကောင်းစွာဖြင့် ဤကဲ့သို့ အေးချမ်းမှုက အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့သည်။


ယင်းက တကယ်ကိုပင် လရောင်ဖြူလေးဖြစ်ရခြင်း၏ သောကပင် ဖြစ်ချေ၏။


ရှောက်မင်က ကျူးထုန် ထိုင်ခုံ၌ ဝင်ထိုင်လိုက်ချိန်ကတည်းက သူ၏မျက်လုံးထောင့်မှတစ်ဆင့် အာရုံစိုက်နေခဲ့ခြင်း ဖြစ်သည်။


ခဏမျှကြာအောင် တိတ်တဆိတ် ‌စောင့်ကြည့်ပြီးသည့်နောက် သူ ထပ်မံ သည်းမခံနိုင်တော့ပေ။


သူက ခေါင်းကိုလှည့်ကာ အရပ်ပုသည့်ဆယ်ကျော်သက်လေးကို လှမ်းကြည့်ပြီး 'ဘာပြောချင်လို့လဲ'ဟု မေးမည့်အချိန်တွင် စာနာမှုအပြည့်ဖြစ်နေသည့် မျက်လုံးအား မြင်လိုက်ရသည်။


ရှောက်မင် : “.......”

'ဘယ်သူက ဘယ်သူ့ကို သနားနေတာလဲ...'


ပိန်လွန်းလို့ သွေးအန်သည်အထိအရိုက်ခံရပြီး ဆေးရုံရောက်သွားတဲ့ လူက အခြားသူတွေကို စာနာထောက်ထားဖို့ အားအင်တွေ ဘယ်ကနေ ရလာတာလဲ...။


သူက ခေါင်းကို လက်ဖြင့်ထောက်ထားပြီး ကျူးထုန်ကို ကြည့်နေခြင်း ဖြစ်သည်။ သူ တစ်ခုခု ပြောချင်သည့်တိုင် ရုတ်တရက် သူတို့နှစ်ယောက်ကြား အကွာအဝေးက နည်းနည်းဝေးနေသည်ကို သတိထားမိသွားသည်။


တစ်ခုံနှင့်တစ်ခုကြား လူသွားလမ်းခြားနေတယ်။


အကယ်၍ သူ တိုးတိုးလေး ပြောလျှင် ကျူးထုန် ကြားနိုင်လိမ့်မည်မဟုတ်ပေ။ သူ အသံကို မလျှော့ပြန်လျှင်လည်း လူတိုင်းက သူ့စကားကို ကြားသွားနိုင်သည်။


သူက ခဏမျှ ရပ်သွားပြီး စကားမပြောလိုက်ပေ။


'ကျူးထုန်၏ခုံက သူ့ဘေးတွင် ရှိနေလျှင် ပိုအဆင်ပြေလိမ့်မည်'ဟုရှောက်မင် တွေးမိသွားသည်။


သူ့အတွေးကိုသူ သတိပြုမိချိန်တွင် ရှောက်မင် တုန်လှုပ်သွားရသည်။


ကျူးထုန်က သူ့ကြောင့် ထိုင်ခုံကို အဝေးကို ရွှေ့သွားရတာလေ...။


အဲဒါကလည်း သူက ထိုင်ခုံဖော် မလိုချင်၍ပင်...။


အခု ငါ...အဲဒါကို နောင်တရနေတာလား...။


သူ သူ့ကိုယ်သူ တိတ်တဆိတ် လှောင်ရယ်လိုက်သည်။ ရူတ်တရက် အဘယ်ကြောင့် ရယ်လိုက်မိသည်ကို သူကိုယ်တိုင်လည်း မသိတော့ပါချေ။


သို့သော်လည်း ကျူးထုန် သူ၏ အပြုံးကြောင့် ထိတ်လန့်သွားသည့်အခါ သူ့ကိုယ်သူအသိပြန်ကပ်လိုက်ပြီး မျက်ဝန်းတို့က ခံစားချက်မဲ့သွားပြန်၏။


သို့သော်လည်း အစောပိုင်းက မြင်ကွင်းမှာ အမိဖမ်းခံလိုက်ရပြီး အားလုံး အေးခဲသွားကြသည်။ 


တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်ပြီး အချို့မိန်းကလေးများ တိတ်တဆိတ်ဖွဲ့ထားသည့် အဖွဲ့ငယ်လေးထဲ့သို့ ပို့လိုက်သည်။


[ကြည့်ကြပါဦး...နှစ်ယောက်သားကြားမှာ တစ်ခုခုတော့ ရှိနိုင်တယ်...]


[ငါ ဘာဖြစ်နေလဲဆိုတာ ပြောပြမယ်...“သူတို့”က အာဏာနဲ့ သဝန်တိုမှုကို အားပြိုင်နေတာပဲ...ဟုတ်တယ်မလား...ဒါပေမယ့် ကံကောင်းချင်တော့...ငါတို့ရဲ့ အတန်းဖော်အသစ်လေးက အနိုင်ရသွားတယ်လေ...]


[ဒါပေမယ့် ကျူးထုန်ရဲ့ထိုင်ခုံက ပြန်မရွှေ့ရသေးဘူးလေ...အတန်းခြားပြီး ကလူ၏မြူ၏လုပ်တာက ဘယ်လိုတောင် ထူးဆန်းလိုက်တာလဲ...]


[စာလေ့လာရေးနတ်ဘုရား...မင်း ဒီလိုမျိုး ခေါင်းကို လက်နဲ့ထောက်ထားပြီးတော့ပဲ ကျူးထုန်ကို ကြည့်တတ်တာလား...အခြားသူတွေရဲ့ စားပွဲတွေကို မင်းရဲ့ခြေတံရှည်တွေနဲ့ ပိတ်ထားမိနေပြီ...]


[ငါတကယ် သူတို့နှစ်ယောက်အတွက် ထိုင်ခုံကို ရွေ့ပေးလိုက်ချင်တယ်...]


ကျူးထုန်က စာသင်ခန်းအတွင်း ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားခြင်းကို သတိထားမိလိုက်သည်။


သူ မျက်ခုံးပင့်လိုက်ပြီး မသိစိတ်၏ စေ့ဆော်မှုအရ လှည့်ပတ်ကြည့်လိုက်မိသည်။


သူ ရုတ်ရုတ်သဲသဲဖြစ်သည်ကို မမြင်ရသော်လည်း ခိုးကြောင်ခိုးဝှက် ကြည့်နေကြသည့် မျက်လုံးများကိုမူ သတိပြုမိလိုက်သည်။ အတန်းဖော်များ၏ တလက်လက်တောက်ပနေသော မျက်လုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူ နားမလည်ပေ။ 


“????”


သူ မတုံ့ပြန်နိုင်သေးမှီမှာပင် ထိုလူများက လျင်မြန်စွာ အဝေးကို အကြည့်လွှဲလိုက်ကြပြန်သည်။


မကြာမီတွင် ရှစ်ဝမ်ရှုက အတန်းထဲသို့ ဝင်လာခဲ့သည်။


ကျူးထုန်က လျင်မြန်စွာ ဖတ်စာအုပ်ကို ထုတ်လိုက်ပြီး အတန်းကို အာရုံစိုက်လိုက်၏။


ရှောက်မင်က သူ့ကို ရံဖန်ရံခါ စိုက်ကြည့်နေဆဲ ဖြစ်ပြီး ကျူးထုန်၏လေးနက်သော မျက်နှာကို မြင်သောအခါ သူ စိတ်ဝင်တစား တွေးလိုက်မိသည်။


သူက တကယ်ကို စာလုပ်ရတာ ကြိုက်တာလား...။


အစမ်း စာမေးပွဲက မကြာမှီ ကျင်းပတော့မည် ဖြစ်သည်။ ထိုစာမေးပွဲက အရေးကြီးသည့်စာမေးပွဲ မဟုတ်သောကြောင့် အတန်းပိုင်.ဆရာမှလွဲ၍ အခြားဆရာများက အလေးအနက် မထားကြပေ။ စာသင်နှစ်ကလည်း အစပဲရှိသေးသည်။ ကျောင်းသားများသည်လည်း သူတို့၏ ယခင်စာသင်နှစ်၏ ဗဟုသုတများ အပြည့်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် စာသင်ချိန်အပြီး၌ ကျောင်းသားများအား အိမ်စာများ မပေးခြင်း ဖြစ်သည်။


သို့သော်လည်း သခင်ငယ်လေးအ‌နေနှင့်ကတော့ ထိုအခြေအနေက ခက်ခဲနေဆဲဖြစ်သည်။ သူက အပိုလမ်းညွှန်မှုမရှိဘဲ သူ့ကိုယ်တိုင်သာ လေ့လာနိုင်သည်။


သူက ဓာတုဗေဒ ညီမျှခြင်းကို ညတိုင်း ကျက်မှတ်ခဲ့ပြီး ရလဒ်အနေဖြင့် မနက်ခင်း အင်္ဂလိပ်ချိန်၌ အိပ်ငိုက်နေခဲ့သည်။


အင်္ဂလိပ်ဆရာမက အခုမှစသင်သည့် အသက်ငယ်ငယ် အမျိုးသမီး ဆရာမဖြစ်သည်။ သူမက စာသင်ချိန်၌ အတန်းတစ်တန်းချင်းဆီကို လမ်းပတ်လျှောက်ရခြင်းကို ကြိုက်သည်။ အခုလည်း သူမက ကျူးထုန်၏ ခုံဆီသို့ လမ်းလျှောက်လာသည်။


သူမက ကျူးထုန်၏ခေါင်းက စားပွဲထက်တွင်ရှိနေပြီး လက်နှစ်ဖက်ကမူ ငါးမျှားနေသကဲ့သို့ စားပွဲခုံကို တိုက်မိနေသည်ကို စောင့်ကြည့်နေပြီး ရုတ်တရက် သူ၏စားပွဲထောင့်စွန်းကို သူမလက်ဖြင့် ပုတ်လိုက်သည်။


ကျူးထုန်က ခေါက်သံတိုးတိုးကြောင့် နိုးလာခဲ့သည်။


သူက ဘေးရှိ အရိပ်ကို မော့ကြည့်လိုက်သည်။


သူ၏မျက်လုံးများက အိပ်ချင်နေဆဲဖြစ်ပြီး အမူအရာမှာ ပျင်းရိနေကာ မနက်ခင်း၌ သမ်းထားသောကြောင့် သူ၏မျက်လုံးထောင့်၌ မျက်ရည်စများ ရှိနေသည်။ သူက သူအိပ်နေသည်ကို နှောင့်ယှက်လိုက်သည့် လူကို ဗလာသက်သက် နှင့် ဖြူစင်စွာ ကြည့်နေခဲ့သည်။


မသိနားမလည်သည့် သားရဲငယ်လေးတစ်ကောင်လိုပင်...။


အင်္ဂလိပ်ဆရာမငယ်လေးက သူ၏ချစ်စရာကောင်းသည့် အကြည့်ကြောင့် ဖမ်းစားခံလိုက်ရသည်။ သူမက သူ့ကို နှိုးလိုက်ရသည့်အတွက် အပြစ်ရှိစိတ်ကိုပင် အနည်းငယ် ခံစားလိုက်ရသည်။


သူမ မနေနိုင်ဘဲ ပြုံးမိလိုက်သည်။သို့သော်လည်း သူမက ဆရာမတစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ပြောလိုက်သည်။


“ကျောင်းသား...စာပိုဒ်ရဲ့ ပထမဆုံးအပိုဒ်ကို ဖတ်လိုက်...”


ကျူးထုန်က အခုမှ နိုးလာသည်ဖြစ်ပြီး သူ၏မျက်လုံးများက ရီဝေနေတုန်း ဖြစ်သည်။ သူ၏အပြုအမူက နှေးကွေးနေသော်လည်း ဖတ်စာအုပ်ကို ကောက်ကိုင်လိုက်ပြီး ကြည့်ကာ ရေရွတ်လိုက်သည်။


“အိုး...ကောင်းပြီ...”


ထိုအကြည့်က ပတ်ပတ်လည်ရှိလူများအား ရယ်မောသွားစေခဲ့သည်။


ရှောက်မင်ကလည်း ခေါင်းငုံ့ကာ နှုတ်ခမ်းကို မကွေးဘဲ ‌မနေနိုင်တော့ချေ။သူက သူ့ကို ကူညီရန် လုပ်နေချိန်တွင် ကျူးထုန်က စာစဆိုနေပြီဖြဖြစ်သည်။


အသံထွက်မှန်မှန်နှင့် ကျွမ်းကျင်စွာ ရွတ်ဖတ်လာ၏။


သူက စာပိုဒ်အရှည်ကြီးကို တခဏပင်မနားဘဲ ဖတ်သွားပြီး သူ၏ပျင်းရိသံစွက်နေသောအသံကို စာသင်ခန်းတစ်ခန်းလုံး ရှင်းရှင်းလင်းလင်း ကြားနေရသည်။


ကျူးထုန်က စာပိုဒ်အရှည်ကို ကျွမ်းကျွမ်းကျင်ကျင် ရွတ်ဖတ်ပြီးနောက် ကျောင်းသားများ အံ့အားသင့်သွားကြသည်။


ကျူးထုန်က ပုန်းကွယ်နေသည့် ပါရမီရှင်များ ဖြစ်နေမလား...။


ကျောင်းစတတ်တုန်းက သူ့ကို ရှောင်းမင်နဲ့ စားပွဲခုံအတူတူ ထိုင်ခိုင်းရတဲ့ အကြောင်းအရင်းက စာလေ့လာဖို့အတွက် ဖြစ်လောက်မလား...။


အင်္ဂလိပ်ဆရာမလည်း အံ့ဩသွားခဲ့သည်။ သူမက ပြုံးပြီး ပြောလိုက်သည်။


“စာဖတ်သွားတာ ကောင်းတယ်...ဒါပေမယ့်လည်း ငါတို့ ဒီနေ့သင်နေတာက အဲ့စာပိူဒ်မဟုတ်ဘူး...”


ကျူးထုန် : “......”


“ဖူးးး”


“ဟား...ဟား...”


သူမ၏မှတ်ချက်က လူတိုင်းအား တသောသော ရယ်မောသွားစေသည်။


“ကောင်းပြီ...ထိုင်တော့...” 


အင်္ဂလိပ်ဆရာမက သူ့အား နှစ်သိမ့်ပေးလိုက်ပြီး အခြားသူများကို ပြောလိုက်သည်။ 


“မနက်ခင်းက အိပ်ငိုက်ဖို့လွယ်တယ်...ဒါကြောင့် တတ်တတ်ကြွကြွနေကြ...”


ထို့နောက် သူမက စကားပြောရင်း စင်ပေါ်သို့ လျှောက်သွားခဲ့သည်။


ကျူးထုန်က သူ၏ဘဝအဘိဓာန်တွင် အရှက်ရသည် ဟူသော စကားလုံးကို ပထမဆုံးအကြိမ် ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။ သူ ဤကဲ့သို့ အရှက်ကွဲခြင်းက လရောင်ဖြူလေး၏နှစ်သက်မှုကို ထိခိုက်စေမည် စိုးရိမ်သည့်အတွက် ဘေးဘက်ကို မသိစိတ်အရ လှည့်ကြည့်မိသွားသည်။


ရှောက်မင်ကလည်း သူ့အား ကြည့်နေပြီး သူ သူ့ကို ကြည့်လာသည်ကို မြင်သောအခါ ပြုံးပြီး ပြောလာခဲ့သည်။


“မင်း စာဖတ်သွားတာ အရမ်းကောင်းတယ်...”


ကျူးထုန် “......”


...ချီးပဲ....


သူ ဒါကို သူ၏မှတ်ဉာဏ်ထဲကနေ ဖယ်ထုတ်လိုက်လို့ရမလား...။


ရက်အနည်းငယ် ကြာပြီးနောက် ကျောင်းက အစမ်းစာမေးပွဲ ကျင်းပခဲ့သည်။


ပထမဆုံး စာမေးပွဲက သင်္ချာ ဖြစ်သည်။


ရက်အတန်ကြာ မဆုတ်မနစ် ကြိုးစားအားထုတ်ပြီးနောက် ကျူးထုန်က စာလေ့လာခြင်း၌ အောင်မြင်မှုအချို့ ရလိုက်သည်ဟု ခံစားခဲ့ရသည်။


သူ့ရဲ့တာဝန်တွေအတွက် သူ့ရဲ့တန်ဖိုးကို ကြယ်ပွင့်အဆင့်တွေနဲ့ သက်သေပြရမယ်....။


သူက ဘောပင်အား ယုံကြည်ချက်ရှိစွာ ကောက်ကိုင်ပြီး သူ၏နာမည်နှင့် အတန်းကို ဖြည့်လိုက်ကာ ပထမဆုံး မေးခွန်းကို ဖတ်လိုက်သည်။


ထို့နောက် ဘောပင်က ရပ်တန့်သွားလေသည်။


“......”



...................….....................................................



စာရေးသူမှာ ပြောစရာရှိပါတယ် : 



ထုန်ထုန် အမှတ်ဘယ်‌လောက် ရမလဲဆိုတာ ခန့်မှန်းကြည့်ကြမလား


🤒