Chapter 16
Viewers 2k

🤒အခန်း ၁၆



ကျူးထုန်က စာမေးပွဲတွင် ပထမဆုံးသောအမှန်ရွေးမေးခွန်း၌ပင် စတင်အခက်တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။


သူက လက်တစ်ဖက်တွင် မေးခွန်းစာရွက်ကို ကိုင်ပြီး အခြားတစ်ဖက်တွင် ဘောပင်ကို ကိုင်ထားသည်။ ဘောပင်၏ထိပ်ဖျားက အကြမ်းစာရွက်၏ ဘယ်ဘက်ထိပ်၌ ထောက်မိသွားပြီး မှင်မည်းတစ်စက် ဖြစ်သွားသည်။


“....”


သူ ယင်းကို မဖြေတတ်ပေ...။


ကိစ္စမရှိဘူး...ငါ ဒီမေးခွန်းကို ကျော်ပြီး နောက်မေးခွန်းကို ဖြေလို့ရသားပဲ...။


စာမေးပွဲအတွက် ပထမဆုံး စည်းမျဉ်းမှာ 'အချိန်ပုပ်မည်ကိုရှောင်ရှားရန်အတွက် မသိနားမလည်သော မေးခွန်းကို ချန်ထားခဲ့ပြီး ကိုယ်သိသည့် နောက်မေးခွန်းကို ပထမဆုံး ဖြေရန်'ပင်။


ကျူးထုန်က ထိုစည်းမျဉ်းကို လိုက်နာပြီး မေးခွန်းများ ဆက်လက်ဖြေဆိုရန် လုပ်လိုက်သည်။


စာမေးပွဲအတွင်း မေးခွန်းစာရွက် လှန်သည့်အသံ ၊ စာရွက်ပေါ် ဘောပင်ရေးခြစ်သည့်အသံနှင့်အတူ စာသင်ခန်းက ပုံမှန်ထက်ပို၍ တိတ်ဆိတ်နေသည်။


ရှောက်မင်က စာမေးပွဲစာရွက်တစ်ခုလုံးကို အပြီးသတ်ရန် နာရီဝက်ကျော်ကြာအောင်အချိန်ယူဖြေဆိုပြီးချိန်၌ ပျင်းပျင်းရိရိဖြင့် သူ၏ဘောပင်ကို လှည့်နေခဲ့သည်။


အကြိုအစမ်းစာမေးပွဲသာ ဖြစ်သောကြောင့် သတ်မှတ်ချက်များက ပုံမှန်မရှိပေ။ ထိုင်ခုံများကိုလည်း စာမေးပွဲ အဆင့်သတ်မှတ်ချက်အရ တန်းစီထားခြင်း မဟုတ်ပေ။ ထိုင်ခုံဖော်များကြားတွင် အနည်းငယ်သာ ဝေးသည်။


ရှောက်မင်က သူ၏ခေါင်းကို ဖြည်းဖြည်းချင်း စောင်းလိုက်ချိန်တွင် သူ၏ “ထိုင်ခုံဖော်ဟောင်းလေး”က ခေါင်းကိုငုံ့ပြီး ကြိုးကြိုးစားစား စဉ်းစားနေသည်ကို တွေ့လိုက်ရ၏။ သူ၏လှပသော မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေသည်။


သူ၏ဘေးရှိ အကြမ်းစာရွက်ပေါ်တွင် အများအပြား တွက်ချက်ထားသည်များ ရှိသော်လည်း အဖြေစာရွက်ပေါ်ရှိ အဖြေများကမူ ပြန့်ကျဲပြီး ကျိုးတိုးကျဲတဲ ဖြစ်နေသည်။


သူ၏ပုံစံကို ကြည့်ရသည်မှာ ပြဿနာအကြီးကြီးနှင့် ရုန်းကန်နေရပုံ ပေါ်ပြီး အထူးသဖြင့် စိတ်သောကရောက်နေပုံ ရသည်။


အခြားသူများ စိတ်သောကရောက်သည့်အခါ သူတို့၏ခေါင်းကို ကုတ်ခြင်း ၊ ဘောပင်ထိပ်ကို ကိုက်ခြင်းများ ပြုလုပ်ကြသည်။ အချို့သူများမူ စိတ်နှလုံးငြိမ်းအေးစေရန် လက်ကို ပွတ်သပ်ကြမည် ဖြစ်သည်။


သို့သော်လည်း ကျူးထုန်က ကွဲပြားသည်။


သူက သူ၏နှုတ်ခမ်းကိုသာ အစားထိုး ကိုက်၏။


သူ၏အောက်နှုတ်ခမ်းကို သွားဖြင့် ကိုက်ပြီး မေးခွန်းများကို ဖတ်ရင်း အလွန်အမင်း စိတ်ဒုက္ဒရောက်နေသည့် အကြည့်ကို ဖော်ထုတ်ထားသည်။


ရှောင်မင်က ဘေးတစ်ဖက်မှ ကြည့်ရင်း သူ၏နှုတ်ခမ်းကို ဖြည်းညင်းစွာ စုဝိုင်းလိုက်သည်။


သင်္ချာစာမေးပွဲ ဖြေပြီးသည်နှင့် ရှောက်မင် အိပ်မပျော်သွားသည်မှာ ရှားသည်။ ထိုအစား သူက သူ၏ထိုင်ခုံဖော်ဟောင်း မေးခွန်းဖြေရန်အတွက် ဦးနှောက်ကို အပြင်းအထန် အလုပ်လုပ်ပေးနေသည်အား ကြည့်နေခဲ့သည်။


စာမေးပွဲ ဖြေပြီးသွားသည့်နောက် ပတ်ပတ်လည်ရှိ လူတိုင်းက သူတို့၏အဖြေများအား ဆွေးနွေးရင်း အလုပ်များနေကြသည်။ ကျူးထုန်ကမူ သူ၏ အကြမ်းစာအုပ်ကို မှင်သေသေဖြင့် ကိုင်ထားသည်။


စာမေးပွဲအတွက် ဒုတိယစည်းမျဉ်းမှာ မေးခွန်းအားလုံး ဖြေဆိုပြီးသွားသည့်အခါ အခြားသူများနှင့် အဖြေမမျှဝေရန် ဖြစ်သည်။ ဤစည်းမျဉ်းက စာညံ့သည့်လူများအတွက် အလွန်အရေးကြီးသည်။ 


ထိပ်ဆုံးကျောင်းသား‌တွေရဲ့အဖြေကို ဘယ်တော့မှ မမေးနဲ့....။


ဘာကြောင့်လဲဆိုရင် အဲဒါက ခံစားချက်ကို မလွဲမသွေ မြေကြီးပေါ်ကို ရိုက်ချပစ်လိုက်နိုင်လို့ပဲ...။


စာ‌မေးပွဲအပြီး ဆူညံ့နေသည့် စာသင်ခန်းအတွင်း တိတ်ဆိတ်နေသည့် ကျောင်းသားက လှပသည့်မြင်ကွင်းလေး ဖြစ်လာသည်။


သူ၏တည်ငြိမ်သည့် အမူအရာကို မြင်ပြီး လူ‌အများစုက မှတ်ချက်ပေးကြသည်။


“ကျူးထုန်က ထိပ်တန်းကျောင်းသားအစစ်ပဲ...ဟုတ်တယ်မလား...ဒါကြောင့်မို့ စာမေးပွဲပြီးတာတောင် တည်ငြိမ်နေတာပဲ...”


“အဲဒါက ထိုက်တောင်လို တည်ငြိမ်နေတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက် ပုံစံပဲ....”


“ငါတော့ စာနတ်ဘုရားနဲ့ ကျူးထုန်က တကယ်ကို ချောတယ်လို့သာ ပြောချင်တယ်....”


“ကျစ်..ကျစ်...အတူတူ ငေးမောနေရတာ အရမ်းကောင်းတာပဲ...”


“.......”


ကျူးထုန်က အခြားသူများ၏ ကောက်ချက်ချသံကို မကြားနိုင်ပေ။


သူက သူ့ကိုယ်သူ စိတ်ထဲတွင် သက်သာရာရအောင် ပြုလုပ်နေသည်။


အဆင်ပြေတယ်....ငါ သင်္ချာ မဖြေနိုင်ရင်တောင် အခြားဘာသာတွေ ရှိသေးတာပဲ....။


သင်္ချာက သူ့ကို စိတ်ဓာတ်ကျအောင် လုပ်လိုက်ပေမယ့် နေ့လည်ပိုင်းဖြေရမယ့် ဘက်စုံသိပ္ပံက သူ့ကို လူသားတစ်ယောက်လို ပြန်ဖြစ်စေလိမ့်မယ်...။


တစ်ခါတစ်ရံ ဘဝမှာ ယုံကြည်မှု လွန်ကဲနေလို့ မရ‌ဘူးလေ...။


စာမေးပွဲပြီးနောက် သူ စာသင်ခန်းမှ တိုက်ရိုက်ထွက်လာခဲ့သည်။


ရှောက်မင်က အဖြေမှန်ကို မေးနေကြသည့် ကျောင်းသားများဖြင့် ဝန်းရံခံထားရသည်။ သူ မော့ကြည့်လိုက်သည့်အခါ စာသင်ခန်း၏ အနောက်ဘက်တံခါး၌ ပုံရိပ်လေး ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရသည်။


သူ့ကို ကြည့်ရုံဖြင့်ပင် သူ၏ နှလုံးသားအတွင်းထဲမှ သနားကြင်နာမှုက လှိုက်တက်လာ၏။


----------------------------


ကျောင်းအပြင်ဘက်လမ်းပေါ်တွင် တစ်နေ့လုံး စာနှင့် လုံးပန်းနေရသည့် ကျောင်းသားများက ထမင်းစားရန် တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။


လော့ရှိုးလည်း ရှောင်းမင်နောက်မှ ကျောင်းတံခါးဂိတ်သို့ ထွက်လာခဲ့သည်။သူက လမ်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


“မင်ကော....ငါတို့ ဒီနေ့ ဘယ်မှာ သွားစားကြမလဲ....ပေါ်ကျိုက်‌ ခေါက်ဆွဲဆိုင် ဆိုရင်ကော ဘယ်လိုလဲ....”


ရှောက်မင်က ပြန်မဖြေပေ။


သူက ကျောင်းတံခါးကို ကြည့်နေသည်။ ရှင်းရှင်းလင်းလင်း ပြောရမည်ဆိုလျှင် အနည်းငယ် စိတ်ပူနေသည်။ ထို့နောက် လမ်းတစ်ဖက်ခြမ်းရှိ သန့်သန့်ရှင်းရှင်း နှင့် ကောင်းကောင်းမွန်မွန် တန်ဆာဆင်ထားသော ဆိုင်မျက်နှာစာကို ကြည့်ကာ သူ ပြောလိုက်သည်။


“စွပ်ပြုတ်ပူပူလေးနဲ့ ထမင်းစားရအောင်....”


“စွပ်ပြုတ်ပူပူလေးနဲ့ ထမင်းက ‌စားလို့‌ ကောင်းလို့လား...”


ရှောက်မင်က သူ့ကို လျစ်လျှူရှုထားပြီး လမ်းကူးနေပြီဖြစ်သည်။


လော့ရှိုး : “........”


သူ အင်တင်တင်ဖြင့် နောက်မှ လိုက်သွားခဲ့ရသည်။


သူတို့နှစ်ယောက် ဆိုင်ကို ရောက်သောအခါ လော့ရှိုးက ကောင်တာအထက်တွင် ချိတ်ထားသော မီနူးကို တစ်ချက်ကြည့်ပြီး ချက်ချင်းပင် စိတ်မဝင်စားသည့် အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။


“ဒီမှာ ငါးစွပ်ပြုတ် ရတာလား....”


ကောင်တာစာရေးက ချက်ချင်းပင် ပြုံးပြီး 


“ဟုတ်ကဲ့...ကျွန်တော်တို့ဆီမှာ ငါးစွပ်ပြုတ်...ဝက်အသားလွှာစွပ်ပြုတ်...ငါးချဉ်...ဘဲသွေးစွပ်ပြုတ်တို့ ရပါတယ်...”


လော့ရှိုးက သူ၏ခေါင်းကို လှည့်ပြီး ပြောလိုက်သည်။


“မင်ကော...ငါတို့...ခဏ....အဲဒါက...”


ထို့နောက် သူ ရှောက်မင် ကြည့်နေသည့်နေရာကို လိုက်ကြည့်လိုက်လျှင် ရင်းနှီးနေသည့် တစ်စုံတစ်ယောက်ကို တွေ့လိုက်ရသည်။


စားသောက်ဆိုင်၏ထောင့် ပြတင်းပေါက်အနားတွင် လူတစ်ယောက်က ငြိမ်သက်စွာ ထိုင်နေခဲ့သည်။


လော့ရှိုးက ပြောင်ပြောင်တင်းတင်းပင် စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။


“အဲဒါက ကျူးထုန် မဟုတ်ဘူးလား...ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ...သူလည်း ဒီမှာပဲ....”


ရှောက်မင် : “သွားပြီး မှာလိုက်....”


ထို့နောက် သူက လော့ရှိုးကို ချန်ထားခဲ့ပြီး ကျက်သရေရှိစွာ စားနေသည့် ကျူးထုန်ရှိရာ ထောင့်ဘက်သို့ ဖြောင့်ဖြောင့်တန်းတန်းပင် လျှောက်လာခဲ့လိုက်သည်။


သူက လက်တစ်ဖက်တွင် တူကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ဇွန်းကို ကိုင်ထားသည်။


ထမင်းနှင့်အတူ စွပ်ပြုတ်ပူပူလေးအား ပါးစပ်ထဲသို့ သွင်းနေခဲ့သည်။


“ အတန်းဖော်လေးက ဒီမှာပဲ....တစ်စားပွဲထဲအတူထိုင်လို့ရလား ....”


ရင်းနှီးနေသည့် အသံ ထွက်ပေါ်လာပြီး ကျူးထုန်၏လက်သည်လည်း တုန်သွားကာ ဟင်းရည် ဖိတ်လုနီးပါး ဖြစ်သွားခဲ့သည်။


သူက အံ့ဩစွာ မော့ကြည့်လိုက်မိသည်။


အာ....သူ တကယ်ပဲ သူရဲ့စိတ်ခံစားချက်ကို ဖုံးမကွယ်နိုင်ဘူးပဲ...။


ရှောက်မင်က သူ၏မျက်လုံးထဲမှ သိသိသာသာ အံ့ဩသွားမှုကို မြင်လိုက်ရသည်။ ချစ်စရာကောင်းသော အပြုံးနှင့်အတူ သူ ထပ်မေးလိုက်သည်။


“ထိုင်လို့ရလား.....”


ကျူးထုန် : “.....”


ဘုရားသခင်က ဒီလူက သူမတွေ့ချင်ဆုံးလူဆိုတာ သိနေပုံပဲ။


စာမေးပွဲ နှစ်ကြိမ်ဖြေပြီးနောက် သူ တကယ် အတည်ပြုလိုက်ပြီဖြစ်သည်။


သူရဲ့တာဝန်...နှစ်သက်မှုရာနှုန်း...အားလုံး လေထဲ အငွေ့သာပျံသွားလိုက်တော့...။


သို့သော်လည်း သူ့အနေဖြင့် လောလောဆယ် ထုတ်မပြောနိုင်သေးပေ။ သူ ယဉ်ကျေးပျူငှာစွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။


“ရတယ်လေ....ထိုင်ပါ...”


ရှောက်မင် ချက်ချင်းပင် ထိုင်ချလိုက်သည်။


ကျူးထုန်က ရှောက်မင် တမင်တကာ သူ၏အနီးတွင် ထိုင်လိမ့်မည်ဟု မတွေးထားပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ ဘေးပတ်ပတ်လည်တွင် ထိုင်ခုံအလွတ် အများကြီး ရှိသောကြောင့် ဖြစ်သည်။


သူ ထိုင်ပြီးနောက် ကျူးထုန်က အံ့ဩဟန် မရှိဘဲ နွမ်းနယ်နေသော အကြည့်ဖြင့် ဆက်လက် စားသောက်နေခဲ့သည်။ 


ရှောက်မင်က သူ၏ဖုန်းကို ထုတ်လိုက်ပြီး မေးလိုက်သည်။


“ဘာဖြစ်လို့လဲ....စိတ်အခြေအနေ မကောင်းဘူးလား....”


ကျူးထုန်က ပြန်ဖြေ၏။


“မဟုတ်ဘူး....”


ရှောက်မင်က သူ့အတွင်းစိတ်အမှန်အား သိနေကာ အနာကိုဒုတ်နဲ့ထိုးလိုက်သည်။


“စာမေးပွဲ ဖြေနိုင်လား...”


ကျူးထုန် : “.....”


ရှောက်မင်က ပြုံးပြီး သူ့အား နှစ်သိမ့်ရန် ကြိုးစားလာခဲ့သည်။


“ဒါက စာမေးပွဲလေး တစ်ခုပါပဲ....အရေးကြီးတဲ့ စာမေးပွဲ မဟုတ်ပါဘူး....တကယ်လို့ မင်း ဒီတစ်ကြိမ် မအောင်ရင်လည်း နောက်တစ်ကြိမ်ကျ ပိုကြိုးစားလိုက်ပေါ့....စိတ်ဓာတ်ကျမနေပါနဲ့....”


ယင်းက အသုံးဝင်ပြီး မှန်ကန်သည့် ဆေးအညွှန်းပင် ဖြစ်သည်။


ကျူးထုန်က စွပ်ပြုတ်ကို ခပ်ရင်း ရပ်သွားသည်။


“မင်း တကယ်ပဲ အဲ့လို ထင်တာလား...”


ရှောက်မင် : “ဒါပေါ့....”


“သူက အဲ့လိုပဲ ထင်မှာပေါ့...”


အသံတစ်သံက ရှောင်းမင်အား ကြားဖြတ်လာခဲ့သည်။ 


“သူက စာမေးပွဲ‌ဖြေပြီးတိုင်း အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ် အမြဲရတာလေ...သူက ငါတို့လို စာမရတဲ့သူတွေ ခံစားရတဲ့ ခံစားချက်မျိုးကို ခံစားဖူးမှာ မဟုတ်ဘူး...သူက ယဉ်ကျေးမှုအရ ပြောရုံပဲ...သူ ပြောတာတွေကို ယုံမနေနဲ့...”


လော့ရှိုးက အော်ဒါမှာပြီးနောက် ရောက်လာခဲ့သည်။


ရှောက်မင် : “....”


ကျူးထုန် : “.....”


လေထုက အတန်ကြာအောင် အေးခဲသွားသည်။


လော့ရှိုးက ရယ်ပြီး ပြောလာသည်။


“အတန်းဖော်ကျူးထုန် တိုက်ဆိုင်လိုက်တာ....”


ကျူးထုန် : “.....”


လော့ရှိုး : “.....”


လော့ရှိုးက သူ ခွဲခြားဆက်ဆံခံလိုက်ရသည်ဟု ခံစားမိသွားသည်။ သို့သော်လည်း သူ၏ အစောပိုင်း စကားများကို တုံ့ပြန်သည့်အနေဖြင့် ကျူးထုန်က အင်တင်တင်ဖြင့် ခေါင်းညိတ်ပြလာသည်ကို မြင်လိုက်ရ၏။


လော့ရှိုးက သူ ဒုက္ခရောက်ပြီဟု ခံစားမိလိုက်သည်။


နေပါဦး...ရှောက်မင်က စောစောက ငါ့ကို ချန်ထားခဲ့တာက သူတို့နှစ်ယောက် စကားဝိုင်းကို မနှောင့်ယှက်စေချင်လို့ မဟုတ်လား...။


ဒါပေမဲ့ ငါလည်း စားရဦးမယ်လေ...အာ....။


ကျူးထုန်က သူ့တွင် ရှိနေသည့် မျှော်လင့်ချက်သေးသေးလေးက ပျောက်ကွယ်သွားပြန်ပြီဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူ ခေါင်းကို ငုံ့ပြီး အစား ဆက်စားလိုက်သည်။


လော့ရှိုးက ရှောက်မင်၏ဘေးတွင် ထိုင်နေတာဖြစ်ပြီး သူ၏ပန်းကန်လုံးကို ကြည့်ကာ အံ့သြတကြီး ပြောလာသည်။ 


“အဲဒါက မင်းရဲ့ ညစာလား....”


ရှောက်မင်ကလည်း ကျူးထုန်၏ ပန်းကန်လုံးထဲမှ အစားအစာကို သတိပြုမိသည်။


စွပ်ပြုတ်ပူပူ‌လေး တစ်ခွက် နှင့် ထမင်း ဖြစ်သည်။ ဟင်းလျာနှစ်ခုလုံးက ပေါ့ရွတ်ပြီး အရသာရှိပုံ မရပေ။


ကျူးထုန်က လန့်ဖျတ်သွားပြီး သူ၏ခေါင်းကို မော့ကာ ပြောလိုက်သည်။


“ဒါဆို မင်းဒီကိုလာတုန်း စားကြည့်ပါလား...”


လော့ရှိုး : “......”


သူ ပြောစရာစကား မဲ့သွားရ၏။


“အတန်းဖော် မင်းရဲ့ ငါးစွပ်ပြုတ်....”


စာပွဲထိုးလေးက အချိန်ကိုက် လာချပေးပြီး လော့ရှိုးကလည်း လူလိမ္မာတစ်ယောက်လို စားပွဲထိုးအား ဟင်းပွဲ ချကူလိုက်သည်။ ထို့နောက် သူ ကျူးထုန်ကို ကြည့်လိုက်သည်။


သူက ကျောင်းပြောင်းကျောင်းသားလေးအား အရိပ်အမြွက် ပေးလိုက်သည်။


“ဒါကမှ ဘဝပဲ....ဟင်းခတ်အမွှေးအကြိုင်ကမှ ဘဝပဲ....”


“ငါတို့က တစ်စားပွဲထဲ ထိုင်နေကြမှတော့ အတူတူ စားကြရအောင်လေ....ငါတို့ရဲ့ ဟင်းကို မြည်းကြည့်လေ...”


ကျူးထုန် : “.......”


သူက ရုတ်တရက် သူ၏အရှေ့ရှိ ဆီအပြည့်ထည့်ချက်ထားသော အစပ်အိုးကို ကြည့်လိုက်မိသည်။ သူ၏သဘောထားကို စကားတစ်လုံးတည်းဖြင့် နိဂုံးချုပ်နိုင်သည်။


အစာအိမ်ရောဂါ...။


အစပ်အနံ့က သူ၏လည်ချောင်းထဲ ဝင်ရောက်လာပြီး သူ၏ခေါင်းကို စောင်းငဲ့ကာ ချောင်းနှစ်ကြိမ် ဆိုးလိုက်ရ၏။


ရှောက်မင် : “.....”


သူက တိတ်တဆိတ်ပင် ငါးစွပ်ပြုတ်အား လော့ရှိုးဘက်သို့ တွန်းပို့ပြီး ပြောလိုက်သည် 


“တခြားစားပွဲမှာ သွားစားလိုက်.....”


“မလိုပါဘူး...”


လော့ရှိုးက ဖြစ်ပျက်သွားသည်အား မပူပန်ရသေးမီပင် ကျူးထုန်က ပြောလာသည်။


“ငါ...ငါ ပြီးပြီ..ငါ ခဏနေ စားလို့ ပြီးတော့မှာ...”


“......”


ရှောက်မင်က ကူကယ်ရာမဲ့စွာဖြင့် သဘောတူဟန် ခေါင်းညိတ်ပြလိုက်ရသည်။


သုံးယောက်လုံး ငြိမ်သက်စွာ စားသောက်နေကြသည်။


လူနှစ်ယောက် ဆိုင်အပြင်မှ ဖြတ်သွားသည်အား မည်သူကမှ သတိမထားမိလိုက်ကြပေ။


“ဒီတစ်ပတ် ငါနဲ့အတူ ငါ့မိသားစုရဲ့ ပြိုင်ကွင်းကို သွားရင်ရော ဘယ်လိုလဲ...ငါ မင်းကို မြင်းစီးဖို့ ခေါ်သွားမယ်လေ...”


ဆံပင်ကောက်ကောက်နှင့် ကောင်လေးတစ်‌ယောက်‌ နောက်သို့ အရပ်ရှည်ရှည် လူငယ်လေးက လိုက်သွားခဲ့သည်။ အရပ်ရှည်ရှည် လူငယ်လေးက သူ၏ဧည့်ဝတ်ပျူငှာမှုကို ဖော်ပြသည့်အတွက် သူ့ကိုယ်သူ လူကြီးလူကောင်းဟု တွေးထင်နေခဲ့သည်။


“ကျေးဇူးတင်ပါတယ် ကျိူးကော...ဒါပေမဲ့ ငါ ငါရဲ့မိဘကို ဒီတစ်ပတ် အိမ်ပြန်လာဖို့ သဘောတူပြီးပြီ...ဒါကြောင့်မို့ ငါ မသွားနိုင်လောက်ဘူး....”


အရပ်ရှည်သည့် လူငယ်လေးက သဘာဝကျစွာပင် ယွမ်ရှောင်ကျိုး ဖြစ်သည်။


သူက ရှားယန်အား ကျောင်းပေါက်ဝ၌ စောင့်နေခဲ့ပြီး ထမင်းတစ်နပ် စားဖို့ရန်ပင် အဆင်မပြေ ဖြစ်နေခဲ့သည်။


ယွမ်ရှောင်ကျိုး သူ့ကို စိတ်အနှောင့်အယှက်မပေးအောင် မတားနိုင်သော်လည်း အခုအချိန်တွင်မူ သူ လုပ်နိုင်သည့်အရာ မရှိပေ။


ယွမ်ရှောင်ကျိုးလို လူမျိုးအတွက် သူ့ကို မစော်ကားခြင်းက ပိုကောင်းပါသည်။


သူက ပေါ်ပေါ်ထင်ထင် နည်းလမ်းအချို့ကို မသုံးရဲ့သလို နောက်ကွယ်မှနေ၍ လှည့်ကွက်များသုံးလည်း သတ္တိ မရှိပါချေ။


သူက အခုအချိန်တွင် ကျူးထုန်၏ ကိစ္စကြောင့် ကျောင်းတွင် ဝေဖန်ခံနေရသည်။ လုလောင်ရှီးက သူ့အား သူ၏“မတော်တဆ”ဟူသော စကားလုံးအတွက် ကူညီဖြေရှင်းပေးခဲ့သော်လည်း လူအများစုက သူ့အား မေးခွန်းထုတ်နေကြဆဲ ဖြစ်သည်။


“ရှားယန်က တကယ် မရည်ရွယ်ဘဲ ပြောလိုက်တာလား...”


“ဒါက မတော်တဆဆို...ဘာကြောင့် ကျူးထုန်အရိုက်ခံရတဲ့အချိန်....ဒါမှမဟုတ် ကျူးထုန်က သူ့ကို မေးတဲ့အချိန်တုန်းက ဘာလို့ မရှင်းပြရတာလဲ....”


“တကယ်တော့ ငါ အဲဒီတုန်းက မြင်လိုက်ရတယ်..အဲဒီအချိန်တုန်းက ကျူးထုန်လှည့်ပြီး ထွက်သွားခဲ့တာ...အဲဒါကြောင့် သူက ရှားယန် ပြုတ်ကျတာကို မမြင်လိုက်ရဘူးလေ....ဒါက သူက သူ့ကို ဘာကြောင့် မကူညီရသလဲဆိုတဲ့ အကြောင်းအရင်းပဲ.....”


“....”


တူညီသည့် စကားများကို ကိုယ်ပိုင်ကွန်ရက်များစွာတွင် ပြောဆိုနေကြသည်။


သူ၏အကြောင်းကို ပြောနေကြသည့် လူအများအပြား ရှိသော်လည်း သူ့အား ထိုကဲ့သို့ မေးခွန်းထုတ်မည့်သူ မရှိပေ။


ယွမ်ရှောင်ကျိုးက သူ့အား ယခု နှောင့်ယှက်နေသည်။


ရှားယန်ထံမှ ပြတ်ပြတ်သားသား ထပ်ကာထပ်ကာ ငြင်းဆိုခံရပြီးသော်လည်း သူက အနားကပ်နေဆဲ ဖြစ်သည်။


ထိုသို့သာ ဆက်ဖြစ်နေပါက ရှားယန်မှာ သူ အမှတ်(၁)အလယ်တန်းကျောင်း၌ မနေနိုင်တော့ဟု ခံစားမိနေသည်။


သူအားဆုပ်ကိုင်ရန် ဆန့်ထုတ်လာသော ယွမ်ရှောင်ကျိုး၏ လက်ကို တိတ်တဆိတ် ရှောင်ရှားပြီး သူ၏ဖိတ်ခေါ်မှုကို ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။


ယွမ်ရှောင်ကျိုးက သူ၏ငြင်းဆိုမှုကို ဂရုမစိုက်ပေ။


အခုလောလောဆယ်တော့ သူ စိတ်ရှည်ရှည်ထားရမယ်...။


ရှားယန်က တစ်ယောက်ယောက်အား လိုက်နေသည်ဟု သူ ပထမဆုံး ကြားလိုက်ရစဥ်က ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။ လှည့်ပတ်မေးကြည့်ပြီးနောက် ရှောက်မင်က ကျူးထုန် သွေးအန်သွားသည့်အတွက် ရှားယန်အား လူမြင်ကွင်း၌ ငြင်းခဲ့ကြောင်း တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။


ရှောက်မင်က သူ၏သဘောထားအား ရှင်းရှင်းလင်းလင်း ပြထားရာ ရှားယန်ကလည်း ထိုသူ့ကို စိတ်ပျက်သွားမှာ သေချာပါသည်။


သူသာ ရှားယန်၏ဒေါသကို ဖြေဖျောက်ပေးလိုက်မည်ဆိုလျှင် မည်သူက သူ့အတွက် ပိုသင့်တော်သည်ကို သိသွားမည် ဖြစ်သည်။


ရှောက်မင်၏အမေက မြို့၏ရင်ပြင်၌ နို့လက်ဖက်ရည်ဆိုင် ဖွင့်ထားသည်ကို သူ မှတ်မိသေးသည်။ 


သူက စဉ်းစားနေရင်း သူ၏ဘေးမှ လမ်းလျှောက်နေသည့်လူက ရုတ်တရက် ရပ်သွားခဲ့သည်။ ရှားယန်ကို ကြည့်ရင်း ယွမ်ရှောင်ကျိုး၏ မျက်နှာက လုံးဝ ပြောင်းသွားပြီး သူ၏အကြည့်နောက် လိုက်ကြည့်လိုက်သည်။


သူတို့၏ဘေးနားမှ စားသောက်ဆိုင်တစ်ခု၌ လူသုံးယောက်က ပြတင်းပေါက်ဘေးနားရှိ စားပွဲနားမှာ ထိုင်နေကြပြီး ငါးစွပ်ပြုတ်အား ပျော်ပျော်ရွှင်ရွှင်နှင့် စားနေကြသည်။


ရှောက်မင်၏ဘေး၌ ထိုင်နေသည့်လူကိုမြင်ပြီး ယွမ်ရှောင်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။


ကျူးထုန်....


ထိုနေ့က ကျူးထုန်ကို သင်ခန်း‌စာပေးဖို့အတွက် သူ ခေါ်လာသည့် လူများက ရဲစခန်း၌ ရှိနေဆဲဖြစ်ပြီး သူ မထုတ်ပေးရသေးပေ...။


သူက ဘယ်ကသောက်ကောင်လဲဟ။




🤒