Chapter 17
Viewers 3k

🤒အခန်း ၁၇

 [ရလဒ်များ]




သူ့စိတ်ထဲတွင် ထိုကဲ့သို့ လေးလံသော အတွေးနှင့်အတူ ယွမ်ရှောင်ကျိုး ရှားယန်ကို တိုက်ရိုက်ပင် မေးလိုက်သည်။


“ဒီကျူးထုန်...မင်း သူ့ကို သိတယ်ဆို....”


ရှားယန်က အံ့ဩသွားပြီး ပြန်ဖြေလိုက်သည်။


“သူ့မိသားစုနဲ့ ငါ့မိသားစုက စီးပွားရေးကိစ္စ တွဲလုပ်ဖူးတယ်...ငါတို့တွေ ပွဲတစ်ခုမှာ တစ်ကြိမ်ပဲ တွေ့ဖူးတာ...”


ယွမ်ရှောင်ကျိုးက အံ့ဩသွားသည်။ 


“တစ်ကြိမ်ပဲလား....”


“ဟုတ်တယ်...သူက ကျန်းမာရေး မကောင်းဘူး...ဒါကြောင့်မို့ ဦးလေးကျူးက လူမှုရေးပွဲတွေဆို ခေါ်သွားတာ ရှားတယ်...သူက ပုံမှန်ဆို အပြင်မထွက်ဘူး....အခု ဘာလို့ ဦးလေးကျူးက သူ့ကိုအပြင်ထွက်ခွင့်ပေးလိုက်လဲ မသိဘူး ...”


သူ့အကြည့်တို့က စိုးရိမ်မှုနှင့် ရှုပ်ထွေးမှုတို့ရောယှက်နေသည်။


ယွမ်ရှောင်ကျိုးက ရုတ်တရက် ရယ်ရင်းတွေးလိုက်၏။

ဒါက ဘယ်မှာ နားလည်ခက်လို့လဲ...။


ကျူးထုန်က ကျန်းမာရေးချူချာသည့်အတွက် မကြာခဏဆေးရုံသွားရသူပင်။ သူက ခြေလက်မကောင်းသူပမာ အချိန်မရွေးပြုတ်ကျပြီး သေသွားနိုင်သူဖြစ်၏။ ထို့အပြင် သူ့ဖခင်က အေမြို့အဝေးရှိ မြို့ငယ်လေးသို့ သူ့အားပို့လိုက်သည်။ ဖြစ်နိုင်ချေအရ သူက ရှင်သန်နိုင်ဖို့ရာ သူ့ကိုယ်သူရပ်တည်နေရသည့် မွေးစားသားသာဖြစ်နိုင်သည်။


အိမ်တွင် ပစ်ပယ်ခံထားရသည့်ကလေးဆိုသည်မှာ သေချာ၏။


ယခင်က သူ မထိသင့်သူတစ်ယောက်ကို သွားရှုပ်မိမည်အား စိုးရိမ်နေခဲ့ရသည်။ ယခုမူ အစိုးရိမ်လွန်နေခြင်း သက်သက်သာဖြစ်နေခဲ့သည်။


ရက်ပေါင်းများစွာ ကြာသွားပြီဖြစ်သော်လည်း ကျူးထုန်အပေါ် သူလုပ်ခိုင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သူကမှ သူ့ဆီ မရောက်လာခဲ့ပေ။


အကယ်၍ တစ်စုံတစ်ယောက်က ယင်းနှင့်ပတ်သက်၍ စုံစမ်းလိုလျှင်လည်း သူလွှတ်လိုက်သည့် လူမိုက်များက သူလာအခေါ်ကို ရဲစခန်းတွင်စောင့်နေကြဆဲဖြစ်သည်။ သူတို့က လုံးဝ ဝန်ခံလိမ့်မည်မဟုတ်ပေ။


သူကျူးထုန်ကို မနှောင့်ယှက်သရွေ့ ဘာကိုမှစိုးရိမ်နေရာမလိုပါချေ။


ထိုကဲ့သို့ တွေးပြီးနောက် သူက ရှားယန်ကို ကြည့်လိုက်သည်။


ရှားယန်က သူ့ကို ကျောပေးထားပြီး ပြတင်းပေါက်နား၌ ထိုင်နေသော ရှောက်မင်အား ကြည့်နေခြင်းပေ။


ရှားယန်မှာ အငြင်းခံလိုက်ရသော်လည်း ရှောက်မင်ကို လက်လွှတ်ရန် တွန့်ဆုတ်နေဆဲဖြစ်သည်။


ယွမ်ရှောင်ကျိုး၏ မျက်လုံးများက နက်မှောင်သွားပြီး ရှောက်မင် ငါးစွပ်ပြုတ် စားနေသည်ကို ကြည့်ရင်း အံကြိတ်လိုက်သည်။


ရှောက်မင်...မင်းတော့ သေပြီပဲ...


-----------------------------


သို့ပေမဲ့လည်း အစားအသောက်ကိုသာ စိတ်ရောက်နေကြသော လူသုံး‌ယောက်မှာ ပြတင်းပေါက်နားမှ လူနှစ်ယောက် ဖြတ်သွားသည်ကို မမြင်လိုက်ကြပေ။


ထမင်းစားပြီး စားသောက်ဆိုင်မှ ထွက်လာချိန်တွင် ကျူးထုန် ခံစားချက်ကောင်းနေ၏။


သူက စနစ်ပေါ်ရှိ တိုးတက်မှုပြဇယားကို ကြည့်လိုက်သည်။ နှစ်သက်မှုတန်ဖိုးက ၁ ရာခိုင်နှုန်း တိုးလာသည်။ သူ နားမလည်သော်လည်း အံ့ဩသွားရသည်။


အဲဒါက ၁ ရာခိုင်နှုန်းပဲ ရှိသေးပေမဲ့ ခြင်ရဲ့ခြေထောက်က ဘယ်လောက်ပဲ သေးနေပါစေ သူတို့ဟာ အသားပဲလေ။


သူ၏စိတ်ခံစားချက်အားလုံးက မျက်နှာတွင် ပေါ်နေသည်။ မူလက နွမ်းလျနေသူမှာ ရုတ်ချည်း ပျော်ရွှင်သည့် စိတ်အခြေအနေသို့ ပြောင်းသွားသဖြင့် ရှောက်မင် အလွန်အံ့ဩသွား၏။


သူ အားလျော့ပုံပေါ်နေတာက စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်လို့ မဟုတ်ဘဲ ဗိုက်ဆာနေလို့များလား....။


---------------------------


စာမေးပွဲ ဒုတိယနေ့တွင် ကျူးထုန် ကောင်းမွန်စွာ ဖြေနိုင်ခဲ့သည်။


ခံစားချက်ကောင်းနေသည့်အတွက် စာမေးပွဲပြီးနောက် လူလည်း နွမ်းလျမနေပေ။


အင်္ဂလိပ်စာ ဖြေပြီးနောက် သူ ထိုင်ခုံများကို ပြန်စီပြီး ထွက်လာခဲ့သည်။ သူ့အရှေ့ခုံမှာ လူများမှာ သူတို့၏အဖြေများကို ဆွေးနွေးနေဆဲဖြစ်သည်။


သူတို့က ရှောက်မင်၏ မေးခွန်းစာရွက်အား အဖြေမှန်အဖြစ် ယူဆကာ သူတို့၏ အင်္ဂလိပ်ရမှတ်များကို ခန့်မှန်းနေကြသည်။ 


သို့သော်လည်း ကျူးထုန်က အဖြေကို စိတ်မဝင်စားပေ။ သူက လူအုပ်ကြားထဲမှ ဖြတ်ကာ ပြုံးနေသောလူများကို ကြည့်လိုက်သည်။


ရှောက်မင်၏ မေးခွန်းစာရွက်များက လူအများ၏ လက်ထဲတွင် ရောက်နေပြီး တွန့်ကြေ ညစ်ပတ်နေသော်လည်း စိတ်မဆိုးပေ။ ပတ်ပတ်လည်ရှိ လူများက ဆူညံနေသော်လည်း သူက တည်ငြိမ်နေဆဲဖြစ်၏။


သူ တစ်ချိန်လုံးပြုံးနေတာ မျက်နှာက တောင့်တင်းမနေဘူးလား...။


ကျူးထုန် အံ့ဩနေမိသည်။


ရှောက်မင်က လူတိုင်းအ‌ပေါ်ကို သဘောထား အတူတူ ထားပုံရ၏။


စနစ် : “မင်း သူ့ဆီကနေ သင်ယူသင့်တယ်….”


ကျူးထုန် : “.....”


မဟုတ်ဘူး…မဖြစ်နိုင်ဘူး။


သူ ထိုကဲ့သို့သော အပြုံးတုမျိုးကို အတုမခိုးနိုင်ပေ။


သူက အချိန်ကြာမြင့်စွာ တစ်ယောက်တည်း နေလာခဲ့ခြင်း ဖြစ်သည်။ သူ့အမွှာညီမလေးကဲ့သို့ အထူးလူများနှင့် မျက်နှာချင်းဆိုင်ချိန်မှလွဲ၍ မရင်းနှီးသော လူများနှင့် ရင်ဆိုင်ရချိန်တွင် သူ၏မျက်နှာအမူအရာကို မည်သို့ ပြုလုပ်ရမည် မသိပေ။


ထို့ကြောင့်ပင် အချိန်အများစု၌ သူ၏မျက်နှာက တည်နေခြင်း ဖြစ်သည်။


သူငေးကြောင်နေချိန်၌ လူအများက သူ့အားကြည့်လာကြသည်။


၎င်းက ထင်ေယာင်ထင်မှားဖြစ်ခြင်းဟုတ်မဟုတ် မသိသော်လည်း ကျူးထုန်မှာ ရှောင်မင် သူ့ကို ကြည့်နေသည်ဟု ခံစားရသည်။ ထို့နောက်.. သူ၏နှုတ်ခမ်းကလည်း တဖြည်းဖြည်း ကွေးတက်သွားပုံပင်...။


သူက ငါ့ကို နှုတ်ဆက်နေတာလား...။


ထိုသို့ ခံစားမိပြီးနောက် ကျူးထုန်က ခေါင်းညိတ်ပြပြီး အကြည့်လွှဲလိုက်သည်။


နောက်တစ်နေ့တွင် အစမ်းစာမေးပွဲအတွက် အင်္ဂလိပ်အဖြေလွှာစာရွက်အား အဆင့်သတ်မှတ်ပြီးပြီ ဖြစ်သည်။


အင်္ဂလိပ်စာအတန်းမစခင် စာသင်ခန်းအတွင်း လူတိုင်းက အဆင့်များအကြောင်း ဆွေးနွေးနေကြသည်။ 


“ငါ အဖြေတွေကို တိုက်ကြည့်ပြီးပြီ...ဒါပေမဲ့ ငါ မှား/မှန်မေးခွန်းမှာ အမှားတွေ အများကြီး ဖြေထားတယ်...ငါ အင်္ဂလိပ်စာ မရဘူး....”


“ဒီ‌တစ်ခေါက် နားထောင်ရတာက ပိုခက်တယ်...မရင်းနှီးတဲ့ စကားလုံးတွေ အများကြီး နဲ့ စကားပြောတာကလည်း အရမ်းမြန်တာပဲ...ငါ အားလုံးကိုတောင် နားမလည်လိုက်ဘူး....”


“အဆင်ပြေတယ်....ဘာမှမဖြစ်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီး‌ဘူးလေ....”


ဆွေးနွေးမှု အလယ်တွင် အင်္ဂလိပ်ဆရာမက ဝင်လာခဲ့သည်။ သူမက ချစ်စရာကောင်းသော အပြုံးကို ပန်ဆင်ထားပြီး သူမ၏ပါးပြင်ကလည်း အနည်းငယ် နီမြန်းနေသည်။


“ဒီတစ်ခေါက် စာမေးပွဲက မလွယ်ဘူး...ဒါပေမဲ့ အဆင့်တွေက မဆိုးကြပါဘူး...”


အင်္ဂလိပ်ဆရာမက စကားကို ဖြတ်ချလိုက်သည်။


သူမ၏လက်ထဲ၌ အဖြေလွှာစာရွက်များ ကိုင်ထားရင်း သူမက စာသင်ခန်း၏ အနောက်ဘက်အတန်းရှိ လူနှစ်ယောက်ကို ကြည့်လိုက်သည်။ 


“ဒီအင်္ဂလိပ်စာမေးပွဲမှာ ငါတို့အခန်းက အမှတ် ၁၄၀ အထက် ရတဲ့လူက ၇ ယောက်ရှိတယ်...တစ်ယောက်က အမှတ်ပြည့်...တစ်ယောက်က ၁၄၉...နောက်တစ်ယောက်က ၁၄၈...မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့်မို့လို့ ဒီအခန်းရဲ့ အင်္ဂလိပ် ပျမ်းမျှရမှတ်က အားလုံးထဲမှာ ပထမဆုံးနေရာကို ရသွားတယ်....”


သူမ စကားပြောပြီးပြီးချင်း စာသင်ခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။


အားလုံးထဲမှာ ပထမနေရာ...။


သူတို့က ဒုတိယနှစ်ရဲ့ ပထမတစ်ဖြတ် စာမေးပွဲတောင် မဖြေရသေးဘူးလေ...။


ဘယ်သူလဲ...။


လူတိုင်းက ဆရာမ ပြောလာမည်ကို စောင့်လိုက်ကြသည်။


အင်္ဂလိပ်ဆရာမက ပြောလာသည်။


“ကျူးထုန်...မင်းရဲ့အဖြေစာရွက်ကို လာယူပါ...ဂုဏ်ယူပါတယ်....မင်း ၁၄၉ မှတ် ရတယ်....”


“ဟမ်.....”


“ကျူးထုန်...”


“တကယ်ကြီး သူလား...”


“သူ့ရဲ့အမှတ်က အဲ့လောက်များလား...”


အမှတ်အပြည့်ရမည့်လူက ရှောက်မင်ဖြစ်သည်ကို သူတို့ လက်ခံထားပြီးဖြစ်သည်။


ကျူးထုန်က သူ၏ အမြဲတမ်း တည်ငြိမ်နေသော အတန်းဖော်ကို တစ်ချက်ကြည့်လိုက်ပြီး စင်ပေါ်သို့ တက်ကာ သူ၏အဖြေစာရွက်ကို သွားယူလိုက်သည်။


အင်္ဂလိပ်ဆရာမက အပြုံးနှင့် ပြောလာသည်။


“မင်းက စာစီစာကုံးမှာ အမှတ်နှုတ်ခံလိုက်ရတာ...နောက်စာမေးပွဲကျရင် ပိုကောင်းတဲ့ သဒ္ဒါတွေကို သုံးဖို့ မ‌မေ့နဲ့နော်....စာကြောင်းဖွဲ့ပုံက အရမ်းအရေးကြီးတယ်...”


ကျူးထုန်က ခေါင်းညိတ်ပြပြီး သူ၏ထိုင်ခုံဆီ ပြန်လာခဲ့သည်။


အင်္ဂလိပ်ဆရာမက အခြားသူများ၏ အဖြေစာရွက်များကို ဆက်လက်ဝေပေးခဲ့သည်။


သို့သော်လည်း မည်သူကမှ အမှတ်များကို ဂရုမစိုက်‌ချေ။


ကျူးထုန်က သူ၏ထိုင်ခုံကို ပြန်ရောက်ရောက်ချင်း သူ့ဘေးနားတွင် ထိုင်သည့်လူများက ဝိုင်းထားလိုက်ကြသည်။


“ကျူးထုန်....ငါ မင်းရဲ့အ‌ဖြေစာရွက်ကို ကြည့်လို့ရမလား...”


“ဝိုး...တကယ်ကို ၁၄၉ ပဲ...အံ့ဩစရာ မကောင်းဘူးလား....”


“ငါ့အထင် မင်းက ငါတို့အတန်းထဲမှာ အဆင့်နှစ် ရမယ်ထင်တယ်.....”


“တာ့ကော...ကျေးဇူးပြု၍ ငါ့ကို ကူညီပါဦး...အနာဂတ်မှာ ငါ့ရဲ့ အင်္ဂလိပ်သတ်ပုံအတွက် မင်းကို အားကိုးမယ်နော်...”


ကျူးထုန် : “...”


သူတို့က ပိုပြီး စိတ်အားထက်သန်လေလေ ကျူးထုန်က ရှောက်မင်အား ပိုလေးစားလာလေလေ ဖြစ်သည်။ သူ အခု ရှောက်မင်ကို ထဲထဲဝင်ဝင် နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ဤကဲ့သို့ ဆူညံတတ်သည့် အတန်းဖော်များနှင့် ရင်ဆိုင်ရသည့်အခါ သူ အမှန်တကယ်ပင် သူတို့ကို မည်သို့ ကိုင်တွယ်ရမည်မှန်း မသိပေ။


သူက ဆက်ပြီး ပြုံးမပြနိုင်ပဲ ရှက်ရွံ့စွာဖြင့်သာ ပြောလိုက်ရ၏။


“မဟုတ်ဘူး....ငါက စာနတ်ဘုရား မဟုတ်ပါဘူး...အဲ့လိုမျိုး မဟုတ်ဘဲ ငါ့ရဲ့ အင်္ဂလိပ်စာက အခြားဘာသာတွေနဲ့ယှဥ်ရင် နည်းနည်းလေး ပိုကောင်းတာပဲ ရှိတာပဲ.....”


“ဝူး...ဝူး...ဝူးးးးးးး.....”


ကျူးထုန် : “....”


သူက ရှင်းရှင်းလင်းလင်း မဖော်ပြလိုက်မိဘူးဟုတွေးကာ ထပ်ရှင်းပြလိုက်သည်။ 


“အဲဒါက နည်းနည်းလေးပဲ ကောင်းတာ မဟုတ်ပါဘူး....တော်တော် ကောင်းတာလို့ပြောရမယ်...ငါ တခြားဘာသာတွေမှာ မဖြေနိုင်ဘူးလေ....”


“ငါ မြင်တယ်....မင်းရဲ့ သင်္ချာရမှတ်ကလည်း ၁၄၀ ပဲမလား....ဟုတ်တယ်မလား....ငါ နားလည်ပါတယ်....”


“မင်းက သိပ္ပံမှာ ၂၇၀ မကျော်ဘူး...ဟုတ်လား...အဲဒါက အံ့ဩစရာ ကောင်းတုန်းပဲလေ...”


“ဟုတ်တယ်....စစ်မှန်တဲ့ စာနတ်ဘုရားတွေက နိမ့်ချတတ်တယ်...လောင်လုက သင်္ချာစာမေးပွဲမှာ ၁၃၈ မှတ် တစ်ကြိမ် ရဘူးတယ်....ပြီးတော့ သူပြောတာက သူ ကောင်းကောင်း မဖြေနိုင်ဘူးတဲ့လေ....”


“....”


အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူးထုန်က ဆက်ပြောလိုက်သည်။


“တိုက်ဆိုင်လိုက်တာ....ငါက သင်္ချာမှာ ၃၈ မှတ်ပဲ ရလောက်မှာ...”


အခြားသူများ : “......”


“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....မင်းရဲ့ အင်္ဂလိပ်စာအမှတ်က အရမ်းကောင်းတယ်လေ....သင်္ချာမှာ ဘယ်လိုလုပ် ၃၈ မှတ်ပဲ ရမှာလဲ.....”


“ဘော့စ်ရေ...မင်း အရမ်းတော်တာပဲ....”


“ရလဒ်က ထွက်တောင်မထွက်သေးဘူး....မင်း ဘယ်လောက်ရလဲဆိုတာ ဘယ်လိုလုပ် သိတာလဲ.....မင်းက ဟာသလုပ်နေတာပဲ....”


သူတို့က မယုံကြောင်းကို ရှင်းပြနေကြသည်။ သူ၏အရှေ့မှ ကောင်လေးလုကျစ်ယွီက ရုတ်တရက် လှည့်လာပြီး ကျူးထုန်အား ကြည့်ကာ မေးလာသည်။


“မင်း မင်းရဲ့အမှတ်ကို ကိုယ်တိုင် မြင်ခဲ့လို့လား....”


“ဟင့်အင်း....”


ကျူးထုန်က ပြန်ဖြေလိုက်သည်။


ဒါပေမဲ့ သူ အမှတ်ပေါင်းကြည့်ခဲ့သည်။


လုကျစ်ယွီက သူ ဟာသပြောနေသည်ဟု ထင်သွားပြီး “အိုး....”ဟု မထူးခြားနားပြောကာ ပြန်လှည့်သွားသည်။


ကျူးထုန် : “.....”


သူ ပြောနေတာက အမှန်ပဲလေ...ဘာလို့ တစ်ယောက်မှ မယုံကြတာလဲ...။


အမှန်တော့ ယုံတဲ့သူ တစ်ယောက်ရှိသည်။


စာမေးပွဲပြီးသွားပြီးနောက် ရှောက်မင်က ကျူးထုန်၏ အဖြေစာရွက် တစ်ချက် ကြည့်လိုက်သေးသည်။ သူ မေးခွန်းမည်မျှမှန်သည်ကို သူ မသိသော်လည်း မေးခွန်းတစ်ဝက်က အမှားများဖြင့် ပြည့်နေတာ ဖြစ်သည်။


သို့သော်လည်း ထိုအရာက ကျောင်းအတွင်း ကျူးထုန်၏ အံ့ဩစရာကောင်းသည့် အမှတ်အကြောင်း ပျံ့နှံ့သွားမှု၌ အကျိုးမသက်ရောက်ပေ။


ရုံးခန်းတွင် အတန်းဒါရိုက်တာ ယန်ချန် မနက်စာစားပြီးနောက် ပြန်လာချိန်တွင် အင်္ဂလိပ်ဆရာမက အဖြေစာရွက်များ ခွဲထုတ်နေသည်ကို တွေ့လိုက်၏။


အင်္ဂလိပ်စာ၌ ကျူးထုန်၏ အမြင့်ဆုံးရမှတ် ၁၄၉မှတ်ကို တွေ့ပြီးနောက် သူ လူမှန်လေးကို ရွေးမိပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။


ကျူးထုန်က တကယ်ပင် သင်ယူလိုစိတ်ရှိပြီး ကြိုးစားသည့် လူလိမ္မာလေး ဖြစ်သည်။ သူက ရှောက်မင်ပြီးနောက် သူတို့ကျောင်း၏ နောက်ထပ် မျှော်လင့်ချက် ကြယ်ပွင့်လေးပင်။


သို့သော်လည်း အခြားဘာသာရပ် အမှတ်များ ထွက်လာပြီးနောက် ယန်ချန် ကြက်သေသေသွားရသည်။


ကျူးထုန် တရုတ်စာ : ၉၃ မှတ်...


“....”


ကိစ္စမရှိဘူး...အားနည်းချက် တစ်ခု နှစ်ခု ရှိတာက သဘာဝပဲလေ...။


သင်္ချာအမှတ်များ ထွက်လာသည်။


ကျူးထုန် : ၃၈မှတ်....


ယန်ချန် ထပ်ပြီး မျက်လုံးပြူးသွားသည်။


နောက်ဆုံး ဘာသာရပ်ဖြစ်သည့် ဘက်စုံသိပ္ပံ၏ အမှတ်များ ထွက်လာသည်။


ရူပဗေဒ : ၄၁ မှတ်


ဇီဝဗေဒ : ၃၃ မှတ်


ဓာတုဗေဒ : ၅၀ မှတ်


စုစုပေါင်း ရမှတ် : ၄၀၁ မှတ်


အဆင့် : ၂၁၈


အတန်းဒါရိုက်တာမှာ လုံးဝ ရူးသွားပြီ ဖြစ်သည်။


သူ၏ မျှော်လင့်ချက် ကြယ်ပွင့်လေးက ထွက်သွားခဲ့‌ချေပြီ။


----------------------


ညနေပိုင်း ပထမပိုင်း စာလေ့လာချိန်တွင် ရှစ်ဝမ်ရှုက အတန်း ၃မှ ကျောင်းသားများကို စီစဉ်ပေးထားခဲ့ပြီး ကျူးထုန်အား ရုံးခန်းသို့ တစ်ယောက်တည်း ခေါ်ခဲ့သည်။


ဆရာ၏ စားပွဲခုံသေးသေးလေးပေါ်တွင် အဖြေလွှာစာရွက် ခြောက်ရွက်အား သေသပ်စွာ ချထားသည်။


အမှတ်တွေက အရမ်းကို မတူလို့...လူတစ်ယောက်တည်းရဲ့ အမှတ်လို့တောင် မထင်ရဘူး...။


အဖြေလွှာစာရွက်ပေါ်တွင် တရုတ်စာ နှင့် အင်္ဂလိပ်စာမှ လွဲ၍ သူက မေးခွန်းတစ်ဝက် မှန်အောင်ပင် မဖြေနိုင်ခဲ့ပေ။ ထိုအထဲတွင် အမှန်ရွေးမေးခွန်းများလည်း ပါဝင်သည်။


ထို့ပြင် သင်္ချာစာမေးပွဲ၌ ခက်ခဲသည့် မေးခွန်းအားလုံးအတွက် အဖြေက ဗလာပင်။


မေးခွန်းအများစုကို မဖြေထားသော်လည်း ဖြေထားသည့် မေးခွန်းများက အားလုံး မှန်သည်။


ရှစ်ဝမ်ရှုက စာသင်သည်မှာ ဆယ်နှစ်ကြာပြီ ဖြစ်ပြီး ထိုကဲ့သို့ အဖြေစာရွက်မျိုးနှင့် မကြုံ‌တွေ့ခဲ့ဖူးပေ။ သူ ကျူးထုန်အား ရှုပ်ထွေးနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။


“ငါ မင်းကို မေးမယ်...မင်း သင်္ချာနဲ့ သိပ္ပံကို မကြိုက်ဘူးလား...”


မဟုတ်ရင် သူက ဘာလို့ အင်္ဂလိပ်စာနဲ့ တရုတ်စာကို အပြည့် ဖြေခဲ့ပြီးမှ သင်္ချာနဲ့ သိပ္ပံကို တစ်ဝက်ပဲ ဖြေပြီး အလွတ် ချန်ထားခဲ့တာလဲ...။


ကျူးထုန်က သူ၏အဖြေစာရွက်အား တစ်ချက်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။ 


“မဟုတ်ပါဘူး.....”


ထိုဘာသာရပ်နှစ်ခုက ခက်သော်လည်း သူ သူတို့ကို မကြိုက်တာ မဟုတ်ပေ။


ရှစ်ဝမ်ရှု : “....”


သူ ရိုးရိုးသားသား ကြည့်နေပြီး ရှစ်ဝမ်ရှုက ဆက်ပြောလာသည်။


“ဒါဆို မင်း တစ်ယောက်ယောက်နဲ့ သဘောတူထားတာလား...စာမေးပွဲမှာ အမှတ်ဘယ်လောက်ရဖို့ သဘောတူထားတာလဲ...ဒါကြောင့်မို့ မင်း အားလုံးပြီးအောင် မဖြေခဲ့တာလား...”


ထိုအကြောင်းကို အင်္ဂလိပ်ဆရာမက သူအား ပြောလာခြင်း ဖြစ်သည်။


သူမ၏ကျောင်းသားက အမှန်တကယ်ပင် သူ၏အမှတ်ကို ထိန်းထားနိုင်သည့် ထိပ်တန်းကျောင်းသားတစ်ယောက်ဟူ၍ သူမကပြောလာပြီး ပူးပေါင်းလုပ်ဆောင်ရန် အကြုံပြုလာခဲ့သည်။


ရှစ်ဝမ်ရှုက အင်္ဂလိပ်ဆရာမ ဤကဲ့သို့သော အကြံဉာဏ်မျိုး ဘယ်ကရလာသည်ကို မသိသော်ငြား သူလည်း ယုံကြည်ခဲ့သည်။


မဟုတ်ပါက...ကျူးထုန်၏ ထူးဆန်းသည့် အဖြေစာရွက်ကို မည်သို့ ရှင်းပြရမည်လဲ...။


သို့သော်လည်း ကျူးထုန်က ခေါင်းကို ထပ်မံ ခါပြလာသည်။


“အဲလိုမဟုတ်ပါဘူး ...”


ရှစ်ဝမ်ရှု : “.....”


သူ ဤကျောင်းသားနှင့် ပြောဆိုဆက်သွယ်နိုင်ရန် သူ့အတွက် နည်းနည်းခက်ခဲသည်ဟု ခံစားမိသွားသည်။


“ဟုတ်ပြီ...”


ရှစ်ဝမ်ရှုက သူ၏နဖူးကို ပွတ်သပ်ပြီး ပြောလိုက်သည်။


“ဆရာ...မင်းကို အပြစ်မတင်ပါဘူး...မင်း မဖြေနိုင်တဲ့ မေးခွန်းရှိရင်တောင် မင်း အမှန်ရွေး မေးခွန်းကိုတော့ ပြီးအောင်ဖြေဖို့ ကြိုးစားရမယ်လေ...ဒါမှ မင်း အမှတ်ကောင်းကောင်း ရမှာလေ....”


“.......”


ကျူးထုန်က ဤသဘောတရားကို သဘောမတူသကဲ့သို့ အတန်ကြာအောင် တိတ်သွားသည်။ သူက တိတ်ဆိတ်ငြိမ်သက်စွာ တွေးတောပြီး ခေါင်းမော့ကာ ပြောလိုက်သည်။ 


“ကျွန်တော့်အဖိုးက ကျွန်တော့်ကို ပြောတယ် ...မင်း မသေချာဘူးဆိုရင် လွယ်လွယ်နဲ့ ကောက်ချက်မချနဲ့တဲ့....”


ကျူးထုန်၏စိတ်ထဲတွင် ဤစည်းမျဉ်းကို စာမေးပွဲဖြေသည့်တိုင်အောင် ကိုင်စွဲထားခြင်း ဖြစ်သည်။


ရှစ်ဝမ်ရှု : “....”


------------------------------------------



AN/ * သေးငယ်တဲ့ ကံကြမ္မာကလည်း ကံဇာတာတစ်ခုပါပဲ


🤒