Chapter 18
Viewers 3k

🤒အခန်း ၁၈




တခဏမျှ ရှစ်ဝမ်ရှုမှာ ကျူးထုန်အား အနှီနိယာမကို သူ့အဖိုးက အဘယ်ကြောင့် သင်ပေးရသလဲဟု မေးရမည်လား ၊ သင်ပေးသူက အဘယ်ကြောင့် အဖေမဟုတ်ဘဲ အဖိုးဖြစ်နေရသည်လဲဟု မေးရမည်လား မသိတော့ပါချေ။


သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြောလိုက်သည်။


“ဟုတ်တယ်...မင်းရဲ့အဖိုး ပြောတာ မှန်တယ်...ဒါပေမဲ့ မင်းကို ဘဝရဲ့နိယာမအကြောင်း သင်ပေးခဲ့တာကို...စာမေးပွဲမှာတော့ မသုံးရဘူးလေ....”


ကျူးထုန်က အံ့ဩစွာ မေးလာသည်။


“ဘာဖြစ်လို့လဲ....”


ရှစ်ဝမ်ရှု : “.....”


“ဘာကြောင့်လဲဆိုတော့ မင်းက အခုမှ အထက်တန်းကျောင်းသားပဲ ရှိသေးတာလေ...အထက်တန်းကျောင်းသားတစ်ယောက် စာမေးပွဲဖြေတဲ့အချိန် လုပ်သင့်တာက အမှတ်ကောင်းကောင်းရဖို့ ဖြစ်နိုင်ချေရှိသမျှအားလုံး ဖြေရမယ်....ဒါမှ ကောလိပ်ဝင်ခွင့် စာမေးပွဲပြီးရင် မင်း ရွေးချယ်စရာ များများရမှာပေါ့....”


ကျူးထုန်က ‌ခတ္တမျှရပ်လိုက်သော်လည်း သူ၏ဆရာကို နားမလည်သလို ကြည့်နေဆဲဖြစ်သည်။


“ဒါဆို ကျွန်တော် ရတဲ့ အဆင့်တွေက ကျွန်တော့်ကိုယ်ပိုင်မဟုတ်တော့ဘူးလေ...”


သူက ကောလိပ်ဝင်ခွင့် စာမေးပွဲအဆင့်များကို ဂရုမစိုက်ပေ။ သူ တက်ချင်သည့် မည်သည့်တက္ကသိုလ်ကိုမဆို အမှတ်‌ကောင်းကောင်းမရလည်း သူ တက်နိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် တက်ရောက်ရန် အမှတ်မြင့်မြင့်ရရန် လိုအပ်သော တက္ကသိုလ်များအတွက် သူက ဂရုစိုက်စရာ မလိုပေ။


ထို့ကြောင့် အမှတ်ကောင်းကောင်းရရန် ကံကို အားကိုးရသည့် နည်းလမ်းအား သူ နားမလည်ပေ။


ရှစ်ဝမ်ရှု၏ ခံစားချက်က အလွန်အမင်း ရှုပ်ထွေးသွားခဲ့သည်။ ထင်ရှားသည်က ကျူးထုန်က ရိုးရှင်းသော်လည်း ခေါင်းမာသည့်ကျောင်းသားမျိုးဖြစ်သည်။


သူ၏နဖူးကို ကူကယ်ရာမဲ့စွာ ပွတ်သပ်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ 


“ဟုတ်ပြီ...လောလောတယ်တော့ ဒါကို မဆွေးနွေးပဲနေကြစို့...ဒီလိုလုပ်လိုက်ကြမယ်လေ...တကယ်လို့ မင်းက မေးခွန်းကို ဖြေနိုင်မယ်လို့ ထင်တယ်...ပြီးတော့ မင်းကလည်း ဖြေတယ်...ဟုတ်တယ်ဟုတ်...."


ကျူးထုန်က ခေါင်းညိတ်ပြ၏။


“ဟုတ်တယ်....”


ရှစ်ဝမ်ရှု : “ဒါဆို မင်း အဆင့်တွေကောင်းချင်လား...”


ကျူးထုန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာသည်။


“ဟုတ်ကဲ့....”


ကြည့်ရသည်မှာ ရှစ်ဝမ်ရှုက သူ့ကို ဦးဆောင်နိုင်သွားပုံ ရသည်။ သူက ပြုံးပြီး ဆက်ပြောလာ၏ ။


“ဒါဆို... ငါ မင်းရဲ့ခုံကို ပြန်ပြောင်းပေးမယ်ဆိုရင် မင်း ရှောက်မင်နဲ့ စားပွဲအတူတူ ထိုင်ချင်သေးလား....”


ကျူးထုန်၏ အင်္ဂလိပ်စာရမှတ်က အရမ်းကောင်းပြီး တရုတ်စာက မဆိုးပေ။ ဤအရာက သူ့တွင် သင်ယူရန်အတွက် အခြေခံရှိကြောင်း ပြနေသည်။


သူသာ စာကောင်းကောင်း လေ့လာနိုင်မယ်ဆို ကျူးထုန်ရဲ့ အဆင့်တွေကျမှာ စိုးရိမ်စရာ မလိုတော့ဘူး...။


မထင်မှတ်စွာပင် သူ ပြောပြီးပြီးချင်း ကျူးထုန်၏ မျက်လုံးထဲမှ အလင်းရောင်လေးက သာမန်မျက်စိနှင့် မြင်နိုင်လောက်အောင်ပင် ပျောက်ကွယ်သွားခဲ့သည်။


“ရှောက်မင်နဲ့ စားပွဲအတူတူလား....”


ရှစ်ဝမ်ရှု ပြန်ဖြေလိုက်သည်။ 


“ဟုတ်တယ်....."


ကျူးထုန်က မေးလာသည်။


“ဘာလို့လဲ.....”


“......”


အကြောင်းပြချက်ရာချီက ရှိကိုရှိရဦးမည်လား။


ရှစ်ဝမ်ရှု ပြောလိုက်သည်။


“မင်း ကျောင်းစတက်တော့ သူနဲ့ထိုင်ခုံဖော် ဖြစ်ချင်တာမလား...သူက အဆင့်တွေ ကောင်းတယ်...ပြီးတော့ မင်း နားမလည်ရင် သူ့ကို အကြံဉာဏ်တောင်းလို့ရတယ်လေ....”


ကျူးထုန်က တိတ်ဆိတ်သွားသည်။


ရှစ်ဝမ်ရှုက ယွမ်ရှောင်ကျိုး ထပ်မံ ဒုက္ခပေးလာမည်အား သူစိုးရိမ်နေသည်ဟု ထင်သွားခဲ့သည်။ ထို့ကြောင့် သူက ထိုကိစ္စအား ဂရုစိုက်ပြီး သူ့အား နှစ်သိမ့်ပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။ သူ ဘာကိုမှ မပြောရသေးမီ ကျူးထုန်က ခေါင်းမော့ပြီး ပြောလာခဲ့သည်။


“ကျွန်တော် လဲလို့ရလား...ကျွန်တော့်အရှေ့မှာ ထိုင်တဲ့ ကောင်လေးက ဒီနှစ်မှာ ဒုတိယ ရတယ်လို့ တခြားသူတွေက ပြောတယ်....ကျွန်တော် သူ့ကို အကြံဉာဏ် တောင်းလိုက်ပါ့မယ်....”


“မင်းရဲ့အရှေ့ကဆိုတော့...လုကျစ်ယွီလား..."


ရှစ်ဝမ်ရှု လန့်ဖြတ်သွားပြီး ပြုံးကာ ပြောလိုက်သည်။ 


“သူ့ရဲ့ အဆင့်တွေက ကောင်းပါတယ်..ဒါပေမဲ့ သူက....”


ကျူးထုန် : “?”


လုကျစ်ယွီက ဘာလုပ်ထားလို့လဲ...


ရှစ်ဝမ်ရှုက မျက်လွှာချလိုက်ပြီး ခေတ္တမှ တုန့်ဆိုင်းသွားကာ ဘာကိုမှ ပြောမလာ‌ပေ။


သူက ကျူးထုန်ကို ပြန်ကြည့်လိုက်ပြီးနောက် ပြောလာသည်။


“မင်း ရှောက်မင်ရဲ့ ထိုင်ခုံဖော် မဖြစ်ချင်ဘူးလား.....”


“အဲလိုမဟုတ်ဘူး...."


ကျူးထုန်က သူ၏ခေါင်းကို ခါပြလာသည်။


ရှစ်ဝမ်ရှု : “ဒါဆိုရင်.....”


“ဘာဖြစ်လို့လဲဆိုရင် သူက ကျွန်တော့်ရဲ့ ထိုင်ခုံဖော် ဖြစ်ချင်ပုံ မရလို့....”


“.....”


ရှစ်ဝမ်ရှု မေးလိုက်သည်။


“မင်း ဘယ်လိုသိတာလဲ....”


“ကျွန်တော်....”


ကျူးထုန်က ရုတ်တရက် စကားပြောစရာ ပျောက်သွားခဲ့သည်။


မကြာခင်က နှစ်သက်မှု တဟုန်ထိုးကျသွားတဲ့အကြောင်း သူ ဘယ်လို ရှင်းပြရမလဲ....။


သူ မဝံ့မရဲလေး ပြောလိုက်သည်။


“ကျွန်တော် ခန့်မှန်းလိုက်တာ....”


ရှစ်ဝမ်ရှုက အတန်ကြာ အံ့အားသင့်သွားပြီး ပို၍ ကြင်ကြင်နာနာ ပြုံးကာ ပြောလာသည် 


“မင်း မသေချာရင် ကောက်ချက်ချ မစောနဲ့လေ....”


ကျူးထုန် : “.....”


ဒါက ကျောက်တုံးကို မပြီး သူကိုယ်တိုင် သူ့ခြေထောက်ပေါ် ပစ်ချလိုက်တာနဲ့ အတူတူပဲမလား....။



-----------------------------------------


စာသင်ခန်းထဲတွင် ရှောက်မင်က ပြတင်းပေါက်ကို မှီနေပြီး သူ၏ဖုန်းကို ငုံ့ကြည့်နေခဲ့သည်။ မျက်နှာပြင်ပေါ်တွင် အမည်မသိလူတစ်ယောက်ဆီမှ စာတိုတစ်ခု ရောက်နေသည်။


<->'မင်းက ဘဝအတွေ့အကြုံ ကြွယ်ဝတဲ့အတွက် မင်း ဘာလုပ်ရမယ် မလုပ်ရဘူးဆိုတာ မင်း ခွဲခြားနိုင်မှာပါ....မင်း မြို့တော်အေကို အနှေးနဲ့အမြန် ပြန်လာရလိမ့်မယ်...ဒါကမှ မင်းရဲ့ တကယ့်အိမ်ပဲ....'


ရှောက်မင်က ဝီချက်မှစာအား အမူအရာကင်းမဲ့စွာ ကြည့်နေပြီး သူ၏မျက်လုံးများက အေးစက်မှုနှင့် ပြည့်နှက်နေသည်။


သူ့ကိုဆယ်နှစ်ကျော်တောင် စွန့်ပစ်ထားတုန်းကတော့ အဲဒီ့လူက ဘာလုပ်နေခဲ့တာလဲ။


ပြီးတော့ အဲ့လူက သူ့ကို 'အိမ်' အကြောင်း ပြောရဲသေးတယ်...။


သူ စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ သူ ဤကဲ့သို့ နံပါတ်စိမ်းမည်မျှကို အမည်ပျက်သွင်းထားပြီးကြောင်းပင် မသိတော့ချေ။ သူ စာတိုအား ပြတ်ပြတ်သားသားပင် ဖျက်လိုက်ပြီး သူ၏ဖုန်းကို ပိတ်လိုက်သည်။


ဖုန်းမျက်နှာပြင်အား ပိတ်လိုက်သည်နှင့် ဘေးမှနေ၍ အရိပ်တစ်ခု ကျရောက်လာသည်။


အရိပ်ပိုင်ရှင်မှာ ပိန်ပြီး အရပ်ရှည်ကာ သူ၏ချောမောသော မျက်နှာမှာလည်း ဖြူဖျော့နေပြီး နေမကောင်း ဖြစ်နေပုံ‌ပင်။


နောက်ခံအလင်းရောင်ကြောင့် သူ၏မျက်နှာထက်တွင် အရိပ်တို့ ဖုံးကွယ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ပြန်ဟပ်မှုအချို့က သူ့အား ထူးထူးခြားခြား တောက်ပစွာ လွှမ်းခြုံထားသည်။


ရှောက်မင်က ကြောင်အသွားရင်း သူ့အမူအရာကို ပြင်ရန်သတိရသွား၏။ သူက ခေါင်းကို မော့ပြီး ဖော်ရွေသောအပြုံးကို ဖော်ပြကာ မေးလိုက်သည်။


“ဘာကိစ္စရှိလို့လဲ....."


ကျူးထုန် သူ့ကို အနည်းငယ် တောင့်တင်းသော အမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် တည်ငြိမ်ဟန်ဆောင်ပြီး မေးလိုက်သည်။


“ရှစ်လောင်ရှီးက ငါ့ကို ငါ့ရဲ့ထိုင်ခုံကို ပြန်ရွေ့လို့ရမလားလို့ မေးခိုင်းလိုက်လို့....”


ရှောက်မင်က အတန်ကြာအောင် မင်သက်နေခဲ့သည်။ သို့သော်လည်း သူ လျင်မြန်စွာ စိတ်တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်သည် 


“အိုး...မင်း ငါ့အကူအညီ လိုလို့လား....”


သူ၏အပြုအမူက လုံးဝ တည်ငြိမ်ပြီး ပုံမှန်ပေ။ ကျူးထုန်သာလျှင် အံ့ဩသွားရသည်။


“မင်း ဘာလို့ ဘာမှမမေးတာလဲ....”


ရှောက်မင်က သာမန်ကာလျှံကာ ပြောလာသည်။


“အိုး...ဘာလို့လဲ...”


“......”


ကျူးထုန်က အမှန်အတိုင်း ဖြေလာသည်။


“စာလေ့လာဖို့အတွက်....."


ရှောက်မင်က ထပ်ပြီး ပြုံးပြလာသည်။


“ဟုတ်ပြီ...ငါ နားလည်ပြီ..."


ကျူးထုန် : “.......”


ယင်းကို အဘယ်ကြောင့် ဝတ္တရားအရ ဆက်ဆံနေရသလို ခံစားနရေသည်လဲ။

ထိုအရာက သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။


ရှောက်မင်က ထပ်ပြောလာသည်။


“ငါ့ အကူအညီလိုလား...”


ကျူးထုန်က အာရုံပြန်စုရန် မျက်တောင်ခတ်လိုက်ပြီး ပြောလိုက်သည်။


“မလိုပါဘူး...ငါ လုပ်နိုင်...."


သူ စကားပြော၍ မပြီးသေးမှီမှာပင် ရှောက်မင်က လှုပ်ရှားပြီးဖြစ်သည်။


စာသင်ခန်းထဲတွင် ကျူးထုန်က စာသင်ခန်းသို့ ပြန်လာခဲ့သော်လည်း သူ၏ထိုင်ခုံကိုသူ မသွားသည့်အတွက် စပ်စုခံနေရသည်။


ကျူးထုန်၏ လိပ်နှင့်တူသော အရှိန်ကြောင့် အာရုံစိုက်မှုကို ဆွဲဆောင်မည့်အစား သူတို့အတွက် တတ်နိုင်သမျှ မြန်မြန်ပြီးဆုံးအောင် အတူလုပ်ဆောင်သည်က အကောင်းဆုံးဖြစ်၏။


ကျူးထုန်မှာ စာအုပ်ပုံကြောင့် သည်းမခံနိုင်အောင် လေးနေသည့် သူ၏စားပွဲအား ရှောက်မင်က လက်တစ်ဖက်တည်းဖြင့် လွယ်ကူစွာ ရွှေ့သွားသည်အား ကြည့်နေမိသည်။ စားပွဲပေါ်ရှိ စာအုပ်မှာလည်း သပ်ရပ်နေဆဲဖြစ်ပြီး လှုပ်ခတ်သွားမှု မရှိပေ။


ရှောက်မင်က ပြောလာသည်။ 


“ထိုင်ခုံကို ကိုယ့်ဘာကိုယ် သယ်လိုက်...”


“....”


စားပွဲခြေထောက်နှင့်ကြမ်း ပွတ်တိုက်မိသည့်အသံကြောင့် မူလကခိုးကြောင်ခိုးဝှက်ကြည့်နေကြသူများက ပေါ်တင်ပင်ကြည့်လာကြသည်။


ရက်အတန်ကြာ ခွဲခွာနေသည့် စားပွဲများက ပြန်လည်ပေါင်းထုတ်သွားကြသည်။


သေချာပေါက်ပင် ထိုအကြောင်းက ဖိုရမ်ပေါ် ရောက်သွား၏။


[သက်သေအမှတ် ၁၏ အစီရင်ခံစာ: ကျူးထုန်ရဲ့ ထိုင်ခုံက ပြန်ပြောင်းသွားပြီ...]


[သက်သေအမှတ် ၂၏ အစီရင်ခံစာ:ကျူးထုန်ရဲ့စားပွဲကို စာနတ်ဘုရားက ကူရွှေ့ပေးခဲ့တာ..။]


[သေစမ်း။ ခုက ဘာအခြေအနေကြီးလဲ...။ကျူးထုန်က နတ်ဆိုးအုပ်စုကို ပြန်တိုက်ထုတ်တော့မှာလား...။]


[စားပွဲကို စာနတ်ဘုရားက ရွှေ့ပေးတယ်ဆိုတာကို အဓိကပြောချင်မဟုတ်ဘူးမလား...။သူ့ရဲ့ရွေးချယ်မှုကို သွယ်ဝိုက်ပြီးပြောချင်နေတာမလား။]


[ဘာရွေးချယ်မှုလဲ...။ကျူးထုန်ကို ရွေးချယ်တာလား...]


[ငါလည်း စာနတ်ဘုရား ဘာတွေးနေလဲ မသိတော့ဘူး...။ရှားယန်က သူ့ကို အသည်းအသန် လိုက်ပေမဲ့ သူက တုပ်တုပ်တောင်မလှုပ်ခဲ့ဘူး...။အဲ့အစား သူက အားနည်းပြီးအဆင်မကောင်းတဲ့သူအပေါ် ကြွေကျသွားသေးတယ်။]


လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောင်းတွင်းရှိ ရှားယန်ပရိတ်သတ်များက “ဘေစင်”မှ မတော်တဆမှုကြောင့် ကျူးထုန်အား မကျေနပ်ခဲ့ကြပေ။ဤအချိန်တွင် ဒုတိယနှစ် ကျောင်းသားအချို့က ပို့စ်အသစ် တင်ပြီး ပြန်တိုက်ခိုက်ရန်မစောင့်နိုင်ကြတော့ပေ။


[အိုး...ကြက်ချဥ်စပ်က မြန်မြန်ကြီး ခုန်ထွက်သွားပြီလား...။အဆင့်မကောင်းဘူးဆိုတာ ဘာကိုဆိုလိုတာလဲ...။မင်းတို့ ကျူးထုန်ရဲ့ အဖြေလွှာ စာရွက်ကို မြင်ဖူးလို့လား...။သူရေးထားတာ အားလုံးမှန်ပေမယ့် သူက ကွက်လပ်တွေအများကြီး ချန်ခဲ့တာလေ...။သူက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ...]


[မင်း ဝတ္ထုတွေ အဖတ်များနေပြီ။ သူက ဘာလို့ ရည်ရွယ်ချက်ရှိရှိ စာမေးပွဲကို အကျခံရမှာလဲ...။ငါကတော့ သူက စာမေးပွဲကျရင် မျက်နှာပျက်မှာ စိုးလို့ သူဖြေနိုင်တဲ့ မေးခွန်းတွေကိုပဲ သီးသန့်ဖြေခဲ့တာလို့ ထင်တာပဲ...။သူက ထိပ်တန်းကျောင်းသားတစ်ယောက်လို ဟန်ဆောင်ချင်လို့ နေမှာပေါ့...။]


[ဟန်ဆောင်တယ်လား...။သူ့ရဲ့ အင်္ဂလိပ်စာအမှတ်က ၁၄၉ မှတ်နော်....။သူက အနာဂါတ်မှာ ဘာသာပြန်တဲ့သူတောင် ဖြစ်ချင် ဖြစ်လာမှာ...။အဲ့တာက လမ်းမပေါ်မှာ တောင်းစားနေရနိုင်တဲ့ လူအချို့ထက်တော့ သာသေးတယ်...။]


ဖိုရမ်ပေါ်ရှိ လေထုက တင်းမာနေသည်။ နှစ်ဖက်စလုံးက ငြင်းခုံနေကြသည်။


ဤအတောအတွင်း စာသင်ခန်းထဲတွင် ကျူးထုန်က မေးခွန်းများ‌ လေ့ကျင့်ခြင်းကို စွဲလန်းနေပြီး သူ၏ မပြည့်စုံသေးသည့် ရည်ရွယ်ချက်ဖြစ်သည့် ထိုင်ခုံပြန်ရွှေ့ရေးအား ပြင်းပြင်းထန်ထန် အကောင်အထည် ဖော်နေခဲ့သည်။


မကြာမီတွင် သူ၏ဦးနှောက်က အစမ်းစာမေးပွဲတွင်း သင်္ချာပုစ္ဆာတစ်ပုဒ်ကြောင့် တုံးအသွားခဲ့သည်။


သူ ၎င်းကို မတွက်နိုင်ပေ။


စနစ်က ပြောလာ၏။


[လရောင်ဖြူလေးကို မေးလိုက်]


ကျူးထုန်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။


[မလုပ်နိုင်ဘူး]


System 666 : “ဘာလို့လဲ....ဒါက မင်းရဲ့ ထက်သန်တဲ့ စာလေ့လာလိုစိတ်ကို ပြဖို့ အခွင့်ကောင်းပဲမလား....”


ကျူးထုန် : “.......”


အမှန်တကယ်တွင် သူ မမေးချင်တာ မဟုတ်ပေ။ သူက ရလဒ်ပြောင်းပြန်ဖြစ်သွားမည်ကို စိုးရွံ့ခြင်း ဖြစ်သည်။


စားပွဲခုံ ပြန်ရွှေ့ပြီးနောက် သူနှင့် ရှောက်မင် စကားတစ်လုံးမှ မပြောရသေးပေ။


ရှောက်မင် စိတ်အခြေအနေမကောင်းဟု သူ အလိုလို ခံစားမိနေသည်။ အဘယ့်ကြောင့်ဆိုသော် သူက စိတ်အေးလက်အေး ရှိနေသကဲ့သို့ တစ်ချိန်လုံး မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေ၍ပင်။ ရှောက်မင်၏ သဘောထားက သူ့အား ခုံရွှေ့ရန် ကူညီစဉ်က ကောင်းနေသေးသော်လည်း ယခုတော့ မဟုတ်တော့သည်မှာ သိသာနေပေသည်။


သူက ကျူးထုန် ရုတ်တရက် ခုံကို ပြန်ရွှေ့လိုက်လို့ စိတ်ဆိုးသွားတာလား....။


သို့သော်လည်း သူ၏နှစ်သက်မှုနှုန်းကမူ မကျသွားသဖြင့် ကျူးထုန်ကို နားမလည်နိုင်ဖြစ်စေသည်။


ထိုမေးခွန်းများက သူ၏စိတ်ထဲတွင် ပေါက်ကွဲနေပြီး သူက သတိလက်လွတ်ဖြင့် သူ၏ ထိုင်ခုံဖော်အား ခေါင်းအသာငဲ့ကာ ကြည့်မိသည်။


ရှောက်မင်က လက်ရှိတွင် မျက်လွှာချထားလျက်ရှိသည်။ သူ၏ မျက်တောင်များက ထူထဲပြီး သူ၏သုံးဖက်မြင် မျက်နှာသွင်ပြင်မှာ ဂရိရုပ်ထု၏ဘေးဖက်မျက်နှာတစ်ခုကဲ့သို့ ပြီးပြည့်စုံလွန်းသည်။


ဒီလိုမျက်နှာမျိုးကြောင့် ရှားယန်တစ်ယောက် ဘားတွင် မြင်မြင်ချင်း ချစ်မိသွားသည်မှာ အံ့ဩစရာ မရှိတော့ပေ။


သူ တွေးနေစဉ်မှာပင် မစ္စတာလရောင်ဖြူလေး၏ နှုတ်ခမ်းက တဖြည်းဖြည်း ကွေးတက်လာသည်ကို သူ ရုတ်တရက် သတိထားမိလိုက်သည်။


ကျူးထုန်၏ အချက်ပေးခေါင်းလောင်းသံ မြည်လာပြီး သူက အဝေးကိုအကြည့်လွှဲလိုက်ရာ လူငယ်လေးက လှည့်ကြည့်လာသည်။


ရှောက်မင်က လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်ထားသည်။ သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုနှင့်အတူ ကျီစားလိုသည့် အကြည့်ဖြင့်ကြည့်လာသည်။


“လူတစ်‌ယောက်က အခြားတစ်ယောက်ကို အချိန်အကြာကြီး စိုက်ကြည့်နေရင် ဘာအဓိပ္ပာယ်လဲဆိုတာ မင်းသိလား...”


ကျူးထုန်က မသိစိတ်အရ သူ့အလိုလို ပြန်မေးလိုက်မိသည်။


“အဲဒါက ဘာကို ဆိုလိုတာလဲ.....”


ရှောက်မင်၏အပြုံးက ပိုမိုကြီးလာပြီး ပြောလာသည်။


“အဲဒါက သူက သူစိုက်ကြည့်နေတဲ့လူအကြောင်း စိတ်ကူးယဉ်ပြီးတွေးနေတယ်လို့ ဆိုလိုတာပဲ....”


ကျူးထုန် : “......”


“သူ့ကို ကြည့်မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်....”


ကျူးထုန် သူ၏စကားများလုံး ချေဖျက်နိုင်ရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ ထို့နောက် သူက အလျင်အမြန် ပြောလိုက်သည်။


“မစိုးရိမ်ပါနဲ့....ငါက နှစ်ခုစလုံး မဟုတ်ပါဘူး...ငါ မင်းကို စိုက်ကြည့်နေတာက ငါ နားမလည်တာလေး မင်းကို မေးချင်လို့ပါ....”


ရှောက်မင် : “.......”


သူက ရိုးရှင်းစွာ ငြင်းဆိုလာသည်ကို မြင်လိုက်ရသဖြင့် ရှောက်မင်က သူ့ကို ယုံကြည်ရန် ရွေးချယ်လိုက်သည်။ သူက မျက်ခုံးကိုချလိုက်ရင်း ပြောသည်။


“အာ...စိတ်မကောင်းစရာပဲ....”


ကျူးထုန် : “........”


ဘာက စိတ်မကောင်းစရာလဲ....။


ဘာပဲဖြစ်ဖြစ် သူ နားလည်မှုမလွဲသရွေ့ အဆင်ပြေပါတယ်။


သူက ဘေးဘက်ကို တစ်ချက်ကြည့်ပြီး ဆက်လက် ရှင်းပြလိုက်သည်။


“ငါ တကယ်မင်းကို မနှောင့်ယှက်ချင်ပါဘူး.... အစက ငါအတန်းဖော်လုကျစ်ယွီကို အကြံဉာဏ် တောင်းချင်ခဲ့တာ.....ဒါပေမဲ့ ရှစ်လောင်ရှီးက သူက မသင့်တော်ဘူးတဲ့....ဒါကြောင့် ငါ့ကို ဒီမှာထိုင်ဖို့ ပြောခဲ့တာ...”


သူ ပြောပြီးပြီးချင်း လုကျစ်ယွီက မည်သည့်အတွက်ကြောင့် မသင့်တော်သည်လဲဟု ရှစ်လောင်ရှီးအား မေးရန် မေ့သွားခြင်းအား သတိရသွားသည်။ 


ရှောက်မင်က သူ၏လက်မောင်းကို မှီ၍ ပျင်းရိစွာ မေးလာသည်။


“အိုး...ဒါဆို ငါက ဘီးပိုလေးပေါ့....”


ကျူးထုန် : “???”


ဘာလို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှောက်မင်က ဘီးအပိုဖြစ်သွားရပြန်တာလဲ။


သူက မျက်နှာထားအားတင်းထားပြီး ဒေါသထွက်သည့်အမူအရာလည်းရှိနေလေသည်။


သူက ဘာ‌အကြောင်း ပြောနေတာလဲ...။ငါတို့က အကြောင်းအရာ တစ်ခုတည်းကို ပြောနေတာရော ဟုတ်ရဲ့လား...။


ရှောက်မင်က သူ၏အချိန်အားလုံးကို ကျူးထုန်၏ရှင်းပြရန်ကြိုးစားအားထုတ်မှုအပေါ်တွင် ကျေနပ်စွာ သုံး၍နေသည်။


ကျူးထုန်က သူ ပြန်ရွှေ့လာရသည့် ရည်ရွယ်ချက်ကို မည်သည့်အတွက်ကြောင့် ရှင်းပြနေသည်အား သူမသိသော်လည်း သူက ကျူးထုန် ခုံပြန်ရွှေ့လာခြင်းကြောင့် စိတ်ဆိုးမနေပါချေ။


သူ၏ထိုင်ခုံဖော်က သူ့အပေါ်၌ စိတ်ဝင်စားစရာကောင်းသည့် နားလည်မှုလွဲခြင်းအချို့ ရှိနေပုံပင်။


ထိုအခိုက်အတန့်လေး၌ သူက စစ်မှန်စွာ ပြုံးနေခဲ့သည်။ စာတိုကြောင့်ဖြစ်ပေါ်လာရသည့် သူ၏ ရူးသွပ်သော ခံစားချက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။


ကျူးထုန်က သူ၏စကားကြောင့် အာရုံလွှဲခံလိုက်ရသည့်အတွက် အတန်ကြာ တိတ်ဆိတ်နေသည်။ ထို့နောက် ခေါင်းစဉ်ပြောင်းရန် ကြိုးစားလာသည်။


“အတိုချုံးရရင် ငါ မင်းအကြောင်း အဲ့လို ရူးရူးနှမ်းနှမ်း အတွေးတွေ မတွေးပါဘူး....မင်း မလုပ်....မလုပ်....”


ဟင်း...ငါ ဘာကြောင့် ထပ်ရှင်းပြဖို့ ကြိုးစားနေတာလဲ...။ဘာအသုံးဝင်လို့လဲ.....။


ကျူးထုန် ထိုအကြောင်းကို တွေးလိုက်စဥ် ရှောက်မင်၏ အမူအရာက နောက်ဆုံးတွင် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။


ရှောက်မင်က ရုတ်တရက် ခါးသီးသောမျက်နှာနှင့် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။


“မင်းက အဲ့လောက်အလေးအနက်ထားပြောနေတော့ ငါ့ကတုနှိုင်းမဲ့ဆွဲဆောင်မှုရှိတယ်ဆိုတာနဲ့ပတ်သက်ပြီး သံသယဝင်လာပြီ၊ ဝမ်းနည်းလိုက်တာ"


“ဂုဏ်ယူပါတယ်... လရောင်ဖြူလေးရဲ့ နှစ်သက်မှု ၃ ရာခိုင်နှုန်းရရှိပါတယ်။ လက်ရှိ နှစ်သက်မှုရာနှုန်းက ၁၄ ရာခိုင်နှုန်းပါ...”


ကျူးထုန် : “......"


သူ၏ခေါင်းထဲရှိ စနစ်မှ သတိပေးသံကို နားထောင်ရင်း သူ့ထိုင်ခုံဖော်၏ အသက်ရှူမှားလောက်သည့် သရုပ်ဆောင်မှုကို ကြည့်နေမိသည်။


ကျူးထုန်တွင်လည်း ထူးမခြားနားပင် နတ်ဆိုးဥာဥ်လေး ရှိပါ၏။


'အိုး....ငါ မင်းကို ယုံတယ်....'


'မထင်ထားဘူး...မင်းက ဇာတ်လမ်းတွဲဘုရင်မပဲကို...'



------------------------------------------

🤒