Chapter 19
Viewers 2k

🤒အခန်း ၁၉

[အထူးတာဝန်များ]




ရှောက်မင်၏ ပျော်ရွှင်နေသော ခံစားချက်က ကြာရှည်မခံပေ။ သူ၏ထိုင်ခုံဖော်က ပြောစရာစကားမဲ့နေပြီး သူ့အား ကြောင်တောင်တောင်လေး စိုက်ကြည့်နေသည်အား မြင်လိုက်ချိန်တွင် သူက ခါးသီးသောမျက်နှာဖြင့် မတ်မတ်ထိုင်ပြီး ပြောလိုက်ရ၏။


“မင်း ဘယ်မေးခွန်းကို နားမလည်တာလဲ.....”


ကျူးထုန် : “.......”


သူက တိတ်တဆိတ်ပင် သင်္ချာမေးခွန်းစာရွက်အား တွန်းပို့လိုက်သည်။


၎င်းက function ပုစ္ဆာ ဖြစ်သည်။ အလျား၏ vector ကို ပေးထားပြီး Angle a ၏ sine တန်ဖိုးကို ရှာခိုင်းခြင်းပင်။


ရှောက်မင်က မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။


“ငါ့ကို မင်းရဲ့ အကြမ်းစာရွက် ယူပေး....”


ကျူးထုန်က သူ၏စကားအတိုင်း သူ့ကို အကြမ်းစာရွက်ကို ပေးလာသည်။


ရှောက်မင်က ဘောပင်ကို ယူလိုက်ပြီး ပုစ္ဆာတွက်ရမည့် အဆင့်များအား စတင်ရေးလိုက်သည်။


သူ၏လက်ချောင်းများက ရှည်ပြီးသွယ်ကာ ကွေးလိုက်သည့်အချိန်၌ သူ၏အရိုးအဆစ်များက ပို၍ ထင်ရှားလာသည်။


ကျူးထုန်က ၎င်းအား မနေနိုင်ဘဲ နှစ်ကြိမ်မျှ ကြည့်မိလိုက်ပြီး ရှောက်မင်က ခေါင်းစဉ်ကို စတင် ရှင်းပြချိန်မှ အကြမ်းစာရွက်အား ပြန်ကြည့်လိုက်သည်။


ရှောက်မင်၏‌စကား‌ပြောသံက အသံအနေအထား မမှန်သော်လည်း သူ၏ပုစ္ဆာဖြေရှင်းပုံက နည်းစနစ်ကျသည်။ အကြမ်းစာရွက်တွင် သူ အဆင့်တစ်ခုကို ချရေးချိန်တိုင်း သူက ရပ်ပြီး ထိုအဆင့်အား အသေးစိတ်ကျကျ ရှင်းပြသည်။


ကျူးထုန်က ပုစ္ဆာ‌ဖြေရှင်းရန် သူ၏အဆင့်အတိုင်း လိုက်လုပ်သည်။ သူ၏အတွေးများက တဖြည်းဖြည်း ရှင်းလာပြီး သူ၏မျက်နှာထက်တွင် တဖြည်းဖြည်းနားလည်လာသည့် အရိပ်အယောင်လေး ပေါ်ထွက်လာသည်။


ပုစ္ဆာကို ဖြေရှင်းပြီးနောက် ရှောက်မင်က သူ၏ဘောပင်ကို ချပြီး ပြောလိုက်သည်။ 


“အဲ့ဒါကို ကိုယ့်ဘာကိုယ် ဖြေရှင်းကြည့်....”


ကျူးထုန်က ခေါင်းညိတ်ပြပြီး အကြမ်းစာရွက်အား ပြန်ဆွဲယူလိုက်သည်။ ‌သူက ရှောက်မင်ရေးထားသည့် စာမျက်နှာအား လှန်လိုက်ပြီး စာမျက်နှာအသစ်၌ ပုစ္ဆာအား ပြန်တွက်လိုက်သည်။


“ကောင်းတယ်...ကောင်းကောင်းဖြေရှင်းနိုင်တာပဲ...”


“.......”


ကျူးထုန်က ခေါင်းကို စောင်းလိုက်ချိန်တွင် သူ၏ထိုင်ခုံဖော်က ခေါင်းကို လက်နှင့်ထောက်ကာ ပျင်းရိခြင်းစွက်သောအပြုံးဖြင့် သူ ပုစ္ဆာတွက်နေသည်အား ကြည့်နေခြင်းကို မြင်လိုက်ရသည်။


ကျူးထုန်က တစ်ခုခုပြီးမြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်လုံးများက အရောင်တောက်ပနေသည်။


ရှောက်မင်က ဝန်ခံလာသည်။


“မင်းက အဓိကမှတ်ရမယ့် အချက်ကို မှတ်မိတယ်..ဒါပေမဲ့ မင်းက အဲဒါကို ဘယ်လိုသုံးရမှန်း မသိတာပဲ....”


ကျူးထုန် မေးလိုက်သည်။


“ဒါဆို ငါ ဘာလုပ်ရမလဲ....”


ရှောက်မင် : “မေးခွန်းတွေ ပိုတွက်ကြည့်...ပိုပြီး လေ့ကျင့်ပေါ့...အခုလိုမျိုးတစ်ခုခုလေ....”


ကျူးထုန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။


“ကျေးဇူးတင်ပါတယ်.....”


သူ၏သဘောထားက ခိုင်မာနေပြီး သူ၏မျက်လုံးများက လေးနက်နေသည့်အတွက် ရှောက်မင် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။


“မင်းက စာလုပ်ရတာ အရမ်းကြိုက်တာပဲ....အရင်ကကော ဒီလိုလုပ်ဖူးလား.....”


ကျူးထုန်က မြန်မြန်ဆန်ဆန် ပြန်ဖြေလာသည်။


“ငါ ကျောင်းမှာဆိုရင်တော့ တစ်ခါတရံစာလုပ်ပါတယ်....ဒါပေမဲ့ ဆေးရုံမှာတော့ လုပ်ဖြစ်တာရှားတယ်.....”


သူ၏အရင်ကျောင်းတွင် အတန်းတစ်ခုလုံးက ချမ်းသာသည့် ဒုတိယမျိုးဆက် ကျောင်းသားများနှင့် ပြည့်နေသည်။ သူက အတန်းပြီးနောက် အိမ်စာပင် မလုပ်ပေ။


ဆေးရုံတွင် သူ့ကို လာကြည့်သည့် လူဆယ်ယောက်တွင် ဆယ့်တစ်ယောက်က သူ့ကို ကောင်းကောင်းအနားယူဖို့ ပြောကြလိမ့်မည်။


ပညာရေးအရည်အချင်း...အဲဒါက ဘာလဲ...။


ဘယ်သူကမှ ဂရုမစိုက်ပေ။


ထို့ကြောင့် ယခုအချိန်တွင် သူက ဆုံးရှုံးသွားသည့် အချိန်များအတွက် ပြန်အစားထိုးရန် အားလုံးကို ပြန်လေ့လာရမည် ဖြစ်သည်။


သူက ခံစားချက်ပါပါဖြင်ွ သက်ပြင်းချလိုက်သော်လည်း သူ့ထိုင်ခုံဖော်၏ မျက်လုံးများက နက်မှောင်သွားသည်အား သတိမပြုမိလိုက်ပေ။


သူက ကျောင်းမှာ ရံဖန်ရံခါ စာလုပ်ပေမဲ့ ဆေးရုံတော့မှာ လုပ်တာ ရှားတယ်လား...။


အိမ်မှာကရော....။


ထိုအချက်က ကျူးထုန်အနေဖြင့် အချိန်အများစုအား အိမ်ထက် ဆေးရုံတွင် ကုန်ဆုံးခဲ့ကြောင်း ဖော်ပြနေသည်။


ရက်အနည်းငယ်ကြာအောင် လေ့လာကြည့်ရုံဖြင့် ကျူးထုန်၏ စာကြိုးစားမှုက အတုအယောင်မဟုတ်သည်ကို သူ သိ၏။ သို့သော်လည်း သူ၏စာမေးပွဲရလဒ်က အကောင်းဆုံး၌ အဆင့်နိမ့်ကျနေသည်မှာလည်း အမှန်ပင်။


ယင်းက သူ၏ကျန်းမာရေးပြဿနာကြောင့် ဆိုလျှင် အဓိပ္ပာယ်ရှိသည်။


ဘယ်လောက်တောင် သနားစရာကောင်းတဲ့ ကောင်လေးလဲ...။


အပြင်ပန်းအားဖြင့် ရှောက်မင်က ပြုံးနေသေးသည်။


“မစိုးရိမ်ပါနဲ့... အနာဂါတ်ကျရင် မင်း မဖြေရှင်းနိုင်တဲ့ မေးခွန်းတွေ ရှိလာမှာ မဟုတ်တော့ဘူး....”


မင်းသာ ပြင်းပြင်းထန်ထန် ကြိုးစားနေမယ်ဆိုရင်...အဆင့်တွေအကြောင်း စိုးရိမ်ဖို့ မလိုတော့ဘူး....။


ကျူးထုန် : “.......”


သူ ကျောင်းစတက်ကတည်းက ပထမရက်အနည်းငယ်အတွင်း သူ၏စားပွဲပေါ်၌ စုပုံထားသည့် ဘာသာရပ်မျိုးစုံ၏ မေးခွန်းစာရွက်များကို တစ်ချက် ကြည့်လိုက်သည်။


သူ ယင်းတို့အားလုံးကို ပြီးအောင် မဖြေနိုင်ပေ။


အတန်းပြီးသွားသောအခါ အတန်းဆင်းခေါင်းလောင်းသံ မြည်သည်နှင့် စာသင်ခန်းက စတင်ပြီး ဆူညံလာသည်။


ကျူးထုန်က လုံးဝ စိတ်အနှောင့်အယှက် မဖြစ်ပေ။ သူက စနစ်မျက်နှာပြင်ပေါ်ရှိ နှစ်သက်မှုနှုန်း တဖြည်းဖြည်း တိုးလာသည်အား ကြည့်နေပြီးနောက် အကြမ်းစာရွက်ပေါ်ရှိ သူတွက်ထားသော သင်္ချာပုစ္ဆာများအား ကြည့်လိုက်သည်။ သူ ရုတ်တရက် စာလုပ်ရန် ပို၍ပင် စိတ်အားထက်သန်လာသည်။


သိုပေမဲ့ ထိုအခြေအနေကို ကြာရှည်စွာ ထိန်းသိမ်းမထားနိုင်ခဲ့ပေ။ ခဏအကြာတွင် သူ အနည်းငယ် စိတ်ဓာတ်ကျလာသည်။


နှစ်သက်မှုပြဘားတန်းက ထပ်တိုးမလာတော့၍ပေ။


ဘာလို့လဲ....။


ကျူးထုန် သူ့စိတ်ထဲတွင် မေးခွန်းထုတ်လိုက်မိသည်။


စနစ်က ကူကယ်ရာမဲ့စွာ ဖြေပေးလာ၏။


“ဖြစ်နိုင်တာက နှစ်သက်မှုက ကန့်သတ်ချက်ရောက်သွားလို့ နေမှာပေါ့...”


ကျူးထုန်က အံ့ဩသွားသည်။


“ကန့်သတ်ချက်ပြည့်သွားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ...”


“ငါ မင်းကို ဥပမာတစ်ခုပေးမယ်...”


စနစ်က ဆက်ပြောလိုက်သည်။


“လရောင်ဖြူလေးက သင်္ချာမှာ ၁၅၀ ရတယ်ဆိုတာ မင်းသိတာ ပထမဆုံးဆိုရင်...မင်း ဘယ်လိုခံစားရမလဲ...”


ကျူးထုန်က ခဏအကြာ တွေးတောပြီး ဖြေလိုက်သည်။


“အံ့ဩတာလား....”


စနစ် 666 : “ဒါဆို လရောင်ဖြူလေးက သင်္ချာစာမေးပွဲတိုင်းမှာ အမြဲ ၁၅၀ ရမယ်ဆိုရင် မင်း ဘယ်လိုခံစားရလဲ....”


ကျူးထုန် : “.......”


ဘာတွေးရမှာလဲ...။


ကျင့်သားရသွားတာလား။


ပုံမှန်ပဲ ဖြစ်သွားတာလား...။


ကျူးထုန်က မှင်သက်ပြီး အတန်ကြာအောင် စကားပြောစရာမဲ့သွားပြီးနောက် ပြောလိုက်သည်။


“ဒါဆို ...မင်း ဆိုလိုတာက..အဲဒါက အသစ်အဆန်း မဟုတ်တော့ဘူးပေါ့....”


စနစ် : “.....”


အဲဒါက မင်း ပိုပြီး နားလည်လာဖို့အတွက်ပဲ မဟုတ်ဘူးလား...။


ကျူးထုန်က ရပ်တန့်နေသော နှစ်သက်မှုပြဘားတန်းအား ကြည့်လိုက်သည်။


ဒါဆို နှစ်သက်မှုနှုန်း တိုးမလာတော့တာက ရှောက်မင်က သူ့ရဲ့ စာလေ့လာတဲ့အ‌ပေါ်သဘောထားကို နားလည်သွားလို့ ထူးထူးခြားခြားအနေနဲ့ မခံစားရတော့တာလား...။


သူ့အတွက် ခက်ခက်ခဲခဲ စာကြည့်ရတာက သဘာဝပဲလို့ ရှောက်မင်က တွေးနေတာလား...။


ဒါဆို ငါ အခု ဘာလုပ်သင့်လဲ...။


စနစ်က ပြန်ဖြေလာသည်။


“မင်း အခြားနည်းလမ်းပဲ ရှာရတော့မှာပေါ့...”


ကျူးထုန် : 'ဘယ်လို...'


စနစ် : 'လရောင်ဖြူလေးအကြောင်း ပိုသိချင်တယ်လို့ မင်း‌ပဲပြောခဲ့တာလေ ...'


ကျူးထုန် : “.......”


သူက စာလုပ်ခြင်းနှင့် အလုပ်ရှုပ်နေသည့်အတွက် ထိုအကြောင်းကို မေ့သွားသည်မှာ ကြာပြီဖြစ်သည်။


စာလုပ်တာနှင့် နှစ်သက်မှု အပြည့်ရလိမ့်မယ်လို့ သူဘာလို့ ထင်ခဲ့မိတာပါလိမ့်....။


ကျူးထုန်က သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ကြောင်တက်တက်ဖြင့် အချိန်ယူ စဉ်းစားနေမိသည်။


ဒီတာဝန်က တကယ်ကို ခက်တာပဲ...။


ရုတ်တရက် ငြင်သာသည့်အသံတစ်ခုက ထွက်လာ၏။ အရှေ့ထိုင်ခုံရှိ ထျန်မန်က ထျန်နွမ်ကို ဖြတ်ပြီး သူမ၏ထိုင်ခုံဆီသို့ ပြန်လာသည့်အခါ အနောက်ဘက်စားပွဲရှိ သပ်သပ်ရပ်ရပ် စီထားသော စာအုပ်များကို တိုက်မိသွားခြင်း ဖြစ်သည်။ သင်္ချာဖတ်စာအုပ်တစ်အုပ်က စာအုပ်ပုံထဲမှ လျှောကျပြီး စားပွဲထောင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။


ကျူးထုန် ငုံ့ကြည့်လိုက်ချိန်တွင် စာအုပ်က သူ့ခြေရင်း၌ ပြုတ်ကျနေ၏။


မည်သူ့အပိုင်ဖြစ်သည်ကို မသိပါဘဲ ကျူးထုန်က မသိစိတ်အရ စာအုပ်ကို ငုံ့ကာကောက်လိုက်သည်။ သူက သူ၏စားပွဲခုံ locker ထဲမှ ပိုးသတ်ဆေးဗူးကို ထုတ်လိုက်ပြီး ဖတ်စာအုပ်ကြမ်းပြင်နဲ့ထိသွားသည့် နေရာအား ဖြန်းလိုက်သည်။ သူက ၎င်းကို သန့်ရှင်းရန် ဂရုတစိုက်နှင့် အသေးစိတ်ကျကျ လှုပ်ရှားပြီး တစ်သျှူးနှင့် သုတ်လိုက်၏။


ရှောက်မင်မှာ ကျူးထုန်က သူ၏ဖတ်စာအုပ်အား ရတနာတစ်ခုပမာ အမြတ်တနိုး ကိုင်တွယ်နေသည်အား စောင့်ကြည့်နေလိုက်သည်။သူက ရှုပ်ထွေးနေသော မျက်လုံးတို့ဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။


“ငါ မင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောလို့ရမလား...”


ကျူးထုန်က သုတ်လိုက်သည့် စာအုပ်အား သူ၏စာအုပ်ပုံပေါ် တင်လိုက်ပြီး ခေါင်းကို လှည့်ကာ မေးလိုက်သည်။


“ဘာကိုလဲ.....”


ရှောက်မင်က ပြောလာ၏။


“မင်းက ငါ့ ဖတ်စာအုပ်ကို သုတ်ပေးနေတာလေ....”


ကျူးထုန် : “.......”


သူက ရှောက်မင်ကို ကြည့်ပြီးနောက် မျက်နှာပေါ်တွင် ရှုပ်ထွေးနေဟန်ဖြင့် သူ လက်မလွတ်ရသေးသည့် ဖတ်စာအုပ်အား ကြည့်လိုက်သည်။


ရှောက်မင်က မျက်ခုံးပင့်ပြီး ပြောလာသည်။


“စာလုပ်တာက မင်းရဲ့ဦးနှောက်ကို အရည်ပျော်သွားစေတာလား....မင်း စိတ်လွတ်သွားပြီလား....”


ကျူးထုန် : “.....”


သူက စာအုပ်ကို လျက်မြန်စွာ ချလိုက်ပြီး ပြောလိုက်သည်။


“တောင်းပန်ပါတယ်.....”


မည်သူကမှ ပိုးသတ်ဆေး၏ စူးရှရှအနံ့ကို မကြိုက်ကြပေ။ သူက အနံ့မရှိသော အရည်ဖြင့် ထပ်သုတ်ရန် စဉ်းစားနေချိန်တွင် ရှောက်မင်က စာအုပ်အား ပြန်ယူသွားပြီ ဖြစ်ပြီး ပြောလာသည်။


“မင်း စာလေ့လာရတာကို ကြိုက်ရင်လည်း အလွန်အကျွံ မလုပ်နဲ့လေ...စာလုပ်တာနဲ့ အနားယူတာ ညီမျှဖို့က ပိုအရေးကြီးတယ် ....”


“......”


“ငါတို့ အတူအပြင်ထွက်စားကြရင်ကော..."


ရှောက်မင်က ထိုင်နေရာမှ ထလိုက်သည်။ ထို့နောက် သူက လော့ရှိုးအား ကျောင်းပြင်ပစားသောက်ဆိုင်တွင် စားပွဲတစ်ခု ကြိုတင်ယူထားရန် ပြောလိုက်၏။


စွပ်ပြုတ်ပူပူလေးရောင်းသည့် စားသောက်ဆိုင်၌ မတော်တဆ ဆုံပြီးနောက် သူတို့ ရံဖန်ရံခါ အတူတူ စားဖြစ်ကြသည်။


ကျူးထုန်က ခဏကြာအောင် ရပ်တန့်သွားပြီးနောက် ပြတ်ပြတ်သာသား ခေါင်းညိတ်ပြလိုက်သည်။ သူ၏တုံ့ပြန်မှုက ကြန့်ကြာနေသည့်အတွက် ရှောက်မင် မပြုံးဘဲ မနေနိုင်ပေ။


တကယ်လို့ မင်းသာ ဒီလိုမျိုး စာဆက်လုပ်နေမယ်ဆိုရင် တကယ်ကြီးတုံးအသွားနိုင်တယ်...။


လော့ရှိုးက 'လောင်ယန်၏စားသောက်ဆိုင်' ဟု ခေါ်သော စားသောက်ဆိုင်အား ကြိုတင်မှာယူလိုက်ပြီး ကျူးထုန်က ရှောက်မင်နှင့် စားသောက်ဆိုင်အတွင်းသို့ ဝင်လာသည်ကို မြင်ချိန်တွင် အံ့ဩမနေတော့ပေ။


ရှောက်မင် လျှောက်လာသည်ွအခါ လော့ရှိုးမှ သူတို့အား အထွန့်တက်လာသည်။


“ဒီအသစ်ဖွင့်တဲ့ဆိုင်က တကယ်ကို လူစည်တယ်....ငါသာ တစ်မိနစ်လောက် နောက်ကျမယ်ဆိုရင် ထိုင်ခုံ မရှိလောက်တော့ဘူး...."


ရှောက်မင်က သူ့အား လေးလေးနက်နက် ပြုမူပြီး ပြောလိုက်သည်။


“ကောင်းပြီ....မင်းက အံ့ဩစရာကောင်းတာပဲ...ငါ မင်းကို 'ထိုင်ခံလုယူသူ' ဆိုပြီး ခေါင်းစဉ် တပ်ပေးမယ်လေ...”


လော့ရှိုး : “......"


ကျူးထုန်၏နှုတ်ခမ်းမှ အပြုံးအနည်းငယ် ပေါ်ထွက်လာ၏။


“မင်း ဘာစားချင်လဲ....”


ရှောက်မင်က သူ့အား မီနူးကို ကမ်းပေးလာသည်။


“ဟမ်...”


ခဏလောက် ကြည့်ပြီးနောက် ကျူးထုန်က ဝက်သားနှပ်နှင့် တို့ဖူးထမင်းကြော်ကို မှာလိုက်၏။


ထမင်းစားပွဲ၌ လော့ရှိုးက ရုတ်တရက် ပြောလာသည်။


“စကားမစပ်...မင်ကော...မနက်ဖြန်ပိတ်ရက်အတွက် မင်းရဲ့အစီအစဉ်က ဘာလဲ.....”


ရှောက်မင်က စားနေရင်း ပေါ့ပေါ့ပါးပါး ပြောလာ၏။


“အချိန်ပိုင်းအလုပ်....”


သူ၏ အချိန်ဇယားက ပိတ်ရက်တိုင်း ကြပ်နေသည့်အတွက် လော့ရှိုးက မအံ့ဩသွားပေ။ သူက ခေါင်းကို လှည့်ပြီး ပြောလိုက်သည်။


“မင်းကော ဘယ်လိုလဲ.....”


ကျူးထုန် : “ငါ......”


'Host....ဒါက အခွင့်အရေးပဲ...'


ကျူးထုန် စကားပြောရန် ပြင်လိုက်စဉ်တွင် စနစ်က ရုတ်တရက် သူ၏ခေါင်းထဲတွင် အသံထွက်လာ၏။


'ဘာ အခွင့်အရေးလဲ....'


'ဒါပေါ့ ...လရောင်ဖြူလေးရဲ့အကြောင်းကို သိရဖို့ အခွင့်အရေးပဲလေ.....'


“........”


ဟုတ်ပါသည်။ မနက်ဖြန်က ပိတ်ရက်ပင်။ အတန်းဖော်များအကြား အခြေခံကျကျ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန် အကောင်းဆုံးအချိန်ပင်။


ကျူးထုန်က ရှောက်မင်အား လှည့်ကြည့်လိုက်သည်။


“မင်း.....”


သူက ရှောက်မင်အား သူ မည်သည့်နေရာတွင် အလုပ်လုပ်သည်ကို မေးချင်သော်လည်း ရုတ်တရက် လူအနည်းငယ်က စားပွဲအလွတ်များသို့ ဝင်ထိုင်လာကြ၏။


“တစ်ယောက်ယောက်ရဲ့ နို့လက်ဖက်ရည်ဆိုင်ကတော့ ပိတ်ရတော့မယ်...သူတို့မှာ စားဖို့ ဘယ်လိုလုပ် ပိုက်ဆံရှိသေးတာလဲ...ငါတို့စုထားတာတွေရှိတာပဲမလား သနားစရာညီအစ်ကိုလေးကို ကူညီလိုက်ရင်ရော...”


ရှောက်မင်နှင့် အနီးဆုံးလူက သူ့ကိုယ်သူ နှစ်ထောင်းအားရနေဟန်ရှိ၏။



🤒