Chapter 49
ယွီချင်းရှီက တုံ့ဆိုင်းမနေဘဲ သူ့အဖေကို အားလုံးပေးလိုက်သည်။သူက သူ့အားလေးနက်သည့်အမူအရာဖြင့် ဖွင့်မကြည့်ရန်ပြောလာ၏။ ကျန်းရှောင်မန်ထိုဟာများကို လက်ခံရရှိသည့်အချိန်ဖြစ်လာမည့် သူမ၏မျက်နှာကို သေသေချာချာ အကဲခတ်ခဲ့ဖို့လည်း မှာလိုက်သေးသည်။
ယွီဝမ်ချန်းအနေဖြင့် သဘာဝအတိုင်းပင် ကလေးတွေ၏ပေါင်းသင်းဆက်ဆံရေးကို များစွာဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ထို့ကြောင့် သူ့သားပြောတာကို သဘောတူလိုက်ပြီး သူ့အားထပ်တလဲလဲ ကတိပေးလိုက်သည်။
ယွီဝမ်ချန်းက ရက်အနည်းငယ်အကြာတွင် ထွက်ခွာသွားခဲ့လေသည်။
မိုင်းတွင်းဆီသို့သွားသည့် ဖြတ်လမ်းက ရွာကိုဖြတ်မသွားရပေ။
ရွာထဲရှိလမ်းကပိုကောင်းသော်လည်း ထိုနေရာကိုဖြတ်ဖို့အချိန်ပိုယူရလေသည်။ အသစ်ဖွင့်ထားသည့် ဖုန်လမ်းက ဖုန်ထူပြီး သွားလာရခက်သော်လည်း ခြုံကြည့်ပါက အချိန်ကုန်သက်သာ၏။
သို့ပေမဲ့ သူ့သားလေး၏စာကြောင့် ယွီဝမ်ချန်းက ထိုစာကိုပို့ပေးရန်အတွက် တမင်တကာစောစောထလိုက်သည်။
ကျန်းရှောင်မန်က ယွီဝမ်ချန်တွေးထားတာထက်ပင် စောစောထနေ၏။
သူရောက်သွားချိန်တွင် ကျန်းရှောင်မန်က သူမ၏ကျောင်းလွယ်အိတ်ပေါက်စလေးကို လွယ်ကာ အပြင်ထွက်ဖို့ပြင်နေသည်။
ယခု သူမကကျောင်းသွားတတ်သွားပြီဖြစ်၍
ဘွားဘွားလိုက်ပို့စရာမလိုတော့ချေ။
ယွီဝမ်ချန်းကို မြင်လိုက်သည်နှင့် ရှောင်မန်၏မျက်လုံးလေးများ တောက်ပလာပြီး သူ့ဆီသို့ ပျော်ရွှင်စွာပြေးသွားလိုက်သည်။ သူမ သူ့နောက်သို့တစ်ချက်ကြည့်လိုက်ရာတွင် ယွီချင်းရှီကို မတွေ့ရသဖြင့် အနည်းငယ်ဆုံးရှုံးသွားသလို မခံစားရဘဲမနေနိုင်ခဲ့။
ထို့နောက် သူမကမေးလိုက်လေ၏။
"ဦးဦးယွီ...ဦးလေးကိုထပ်လာရှာတာလား...
ဦးလေးက အိမ်ပြန်မလာတော့ဘူး...သူတို့ကအကုန်လုံးမိုင်းတွင်းမှာပဲနေကြတာ..."
"မဟုတ်ဘူး... ဦးဦးက သမီးကိုလာရှာတာ..."
ဒီကလေးမလေးက အမြဲတမ်း တက်ကြွမှုအပြည့်နဲ့ စကားပြောတာကလည်း ရွှင်ပျနေတာပဲ...
ယွီဝမ်ချန်း သူမ၏မျက်နှာဝိုင်းဝိုင်းလေးကို မညစ်ဘဲမနေနိုင်ခဲ့။ထို့နောက် ယွီချင်ရှစ် သူမကိုပေးလိုက်သည့်ဟာကို ထုတ်ယူလိုက်သည်။
"ဒီဟာက ဦးဦးရဲ့သားဆီက သမီးအတွက်ပေးလိုက်တဲ့ဟာ...သမီးဖွင့်ကြည့်...."
အထဲရှိအရာများက လေးလံပြီး ထိုဟာကို ယွီဝမ်ချန်း လမ်းမှာအစောကတည်းက ခံစားမိပြီးဖြစ်၏။
ကြည့်ရသည်မှာ စာအုပ်အိတ်တစ်အိတ်ဖြစ်ပုံရသည်။
ဒါတွေကို ကျန်းရှောင်မန်ဆီ ပေးတာက သူ့သားအတွက် ဘာအဓိပ္ပါယ်မှန်း သူ့တကယ်နားမလည်ပေ။
"ဝိုးးး..."
ကျန်းရှောင်မန် ထိုဟာကိုဖွင့်ကြည့်လိုက်၍ စာအုပ်များကိုမြင်သောအခါ အံအားသင့်သွားပြီး သူမ ပီတိဖြာသွား၏။
"စာအုပ်တွေ အများကြီးပဲ ..."
ကျန်းရှောင်မန် အိတ်ကိုခက်ခက်ခဲခဲကိုင်ထားနေရသည်။ ထိုဟာက နည်းနည်းတော့လေး၏။သို့ပေမဲ့ သူမလေး၏မျက်နှာထက်ရှိ အပြုံးကတော့ သိသိသာသာကို အလွန်ပျော်နေခဲ့သည်။
သူမက စိတ်လှုပ်ရှားစွာဖြင် ပြောလိုက်၏။
"ကောင်းတယ်...ကောင်းတယ်...ဆရာထန်က အရင်ရက်ကမှ ပြောနေသေးတာ...ကျောင်းမှာလေ့ကျင့်ခန်းစာအုပ်တွေ လုံလုံလောက်လောက် မရှိဘူးဆိုပြီးတော့လေ ...ပထမတန်းကလေးတွေရောဒါတွေ လုပ်လို့ရလားဟင်..."
"ရလောက်ပါတယ်... "
ယွီဝမ်ချန်လည်း အံ့အားသင့်နေခဲ့သည်။
သူသားလေးက ဒီလိုကြင်နာတတ်ပြီး စေတနာကောင်းသည့်ကလေးဖြစ်နေသည်မှာ တကယ်ကို အံဩစရာပင်။
ဒါက တကယ်ကို ထူးဆန်းလှ၏။ သူနဲ့တူပုံလည်း မရပေ။
ဒါက တကယ်သူ့သားလား...
ကျန်းရှောင်မန်လေး အရမ်းပင်ပျော်နေသည်။
သူမက အိတ်အလေးကြီးကို ဆက်ကိုင်ထားပြီး လွတ်ပေးဖို့ရာ ငြင်းဆန်နေ၏။
သူမ၏ကျေးဇူးတင်စိတ်ကို ပြသရန် ယွီချင်ရှစ် ဆီသို့စာပြန်ရေးချင်သော်လည်း ယွီဝမ်ချန်တွင် တခြားအရေးကြီးသည့် လုပ်စရာများရှိနေပြီး သူမကိုမစောင့်ပေးနိုင်ချေ။
မတတ်သာစွာဖြင့် ကျန်းရှောင်မန်လည်း ရွေးချယ်စရာမရှိပဲ သူ့ကို သွားခွင့်ပြုလိုက်ရသည်။
ကိစ္စမရှိပါချေ၊ သူမကိုယ်သူမ ပို့လို့ရသေးသည်ပင်။
ယွီချင်းရှီက အမှန်ကိုသဘောကောင်းလှ၏။သူတကယ်ကြီး သူမကို စာအုပ်တွေအများကြီးပေးလာခဲ့သည်။ ဤသည်ကား ပထမဆုံးအကြိမ် သူမစာအုပ်တွေအများကြီး မြင်ဖူးခြင်းဖြစ်၏။
ဤအတိုင်းသာဆို သူမဤစာအုပ်များကို ရွာထဲရှိကလေးများနှင့် မျှဝေလို့ရပြီဖြစ်လေသည်။
သူမ ရွာကို သူနောက်တစ်ကြိမ်ထပ်ပြီး လာကစားဖို့မျှော်လင့်မိသည်။ သူမ သူ့ကိုပျော်စရာကောင်းသည့် နေရာတစ်ခုခုကို ခေါ်သွားပြီး အလွန်မမေ့နိုင်စရာ အတွေ့အကြုံတစ်ခု ပေးမှာဖြစ်၏။
ကျန်းရှောင်မန်လေးသည်ကား ကျေးဇူးတင်စိတ်အပြည့်ရှိ၍နေလေသည်။
သူမ လေ့ကျင့်ခန်းစာအုပ်များကို ကျောင်းသို့ယူကာ ဆရာထန်အားပြလိုက်၏။ သူက ကလေးတွေလုပ်နိုင်သည့် တချို့တလေကိုရွေးချယ်လိုက်ပြီး လက်ဖြင့်မိတ္တူကူးရန် ကြံရွယ်လိုက်ကာ ကျန်းရှောင်မန်လေးကို အိမ်ပြန်နားခိုင်းလိုက်သည်။
"ရှောင်မန်... သမီးဦးလေးက သမီးအတွက် ဒီလေ့ကျင့်ခန်းစာအုပ်တွေ ဝယ်ခဲ့တာလား..."
ဆရာထန်က ထိုစာအုပ်များကို အမြန်အကြမ်းဖျင်းကြည့်ပြီးပြီဖြစ်၏။ ယုတ္တိရှိရှိတွေးခေါ်ရသည့် လေ့ကျင့်ခန်းတွေအများကြီးပါသလို ကလေးများအတွက် အင်္ဂလိပ်စာလေ့ကျင့်ခန်း အချို့လည်းပါလေသည်။
ထိုဟာများသည့် ရွာရှိကလေးအတွက် မူလတန်း ဖတ်စာအုပ်များမဟုတ်ပေ။ သူတို့၏အဆင့်ထက် ကျော်လွန်နေ၏။
ကလေးများအဓိကလုပ်သည့်အရာသည် ယဥ်ကျေးမှုဆိုင်ရာလေ့ကျင့်ခန်းများဖြစ်ပြီး သူတို့၏အဆင့်များတိုးလာခြင်းက အရေးကြီးသည့်အရာဖြစ်လေသည်။
ကျန်းရှောင်မန် သူမခေါင်းကိုခါလိုက်၏။
"မဟုတ်ဘူး...ဦးလေးကအိမ်ပြန်မလာတာ ကြာပြီ...သူက မိုင်းတွင်းမှာ အလုပ်လုပ်နေတာ...တစ်ခါတစ်လေ အိမ်နားကဖြတ်သွားရရင်တောင်မှ သူကဝင်မလာဘူး...သမီးသူ့ကိုတအားလွမ်းတယ်...."
ဦးလေးအကြောင်းပြောရင်း ကျန်းရှောင်မန် သူ့ကိုမနေနိုင်ဘဲ လွမ်းမိပြန်သည်။