Chapter 50
သူမ ဝမ်းနည်းနေသောခံစားချက်များကို မျိုသိပ်ပြီး ဆက်ပြောလိုက်သည်။
"ဒီလေ့ကျင့်ခန်းစာအုပ်တွေကို...သမီးသူငယ်ချင်းတစ်ယောက်က ပေးထားတာပါ...သူကတအားကို စိတ်ရင်းကောင်းပြီးတော့...သမီးကိုဒါတွေအားလုံးကို ပြီီးအောင် လုပ်စေချင်နေတာ...ဒါပေမဲ့ သမီးက ဒါတွေအကုန်လုံး ပြီးအောင်လုပ်နိုင်မှာမဟုတ်ဘူးလေ...တခြားကလေးတွေလည်း ဒါတွေလုပ်နိုင်တယ်ဆိုရင် သမီးသူတို့ကို တချို့တဝက်မျှပေးလို့ရပါတယ်....."
ကျန်းရှောင်မန်လေးသည် ပစ္စည်းကောင်းများကို အမြဲတမ်းမျှဝေလိုစိတ် ရှိခဲ့သည်ပင်။
ဆရာထန်က ဒီမှာကလေးတွေအတွက် စာအုပ်တွေအများကြီးမရှိကြောင်း တစ်ကြိမ်ထက်မကပြောခဲ့ပြီး ကျန်းရှောင်မန် အကုန်လုံးကိုမှတ်မိခဲ့လေသည်။
"လိမ္မာလိုက်တဲ့ကလေးလေး..."
ဆရာထန် သူမခေါင်းလေးကို ပွတ်ပေးလိုက်ကာ သူမလေးအတွက် စာအုပ်အနည်းငယ်ကို ရွေးပေးလိုက်၏။
"သမီး ဒီစာအုပ်တွေ ဖတ်လို့ရတယ်.. နားမလည်ဘူးဆိုရင်တောင် အဆင်ပြေပါတယ်... ဒါတွေထဲက သမီးစိတ်ဝင်စားတာတစ်ခုခုရှိရင် ဆရာ့ကိုလာမေးလို့ရတယ်နော်...."
ကျန်းရှောင်မန် ပျော်ရွှင်စွာပင် ထွက်သွားလေသည်။
အရင်က ဆရာထန် သူမကို အပေးအယူအကြောင်း သင်ပေးခဲ့ဖူး၏။ ၎င်း၏အဓိပ္ပါယ်ကို သူမသိပ်နားမလည်သေးသော်လည်း ယခုတွင် နည်းနည်းလောက် ပိုပြီး နားလည်လာသလိုခံစားမိသည်။
ဆိုတော့...ဒါကအပေးအယူပေါ့...တစ်စုံတစ်ခုကို ပေးလိုက်ပြီး တစ်စုံတစ်ခုပြန်ရတာလေ...
သူမက ယွီချင်းရှီကို ပစ္စည်းကောင်းလေးတွေ ပေးခဲ့ပြီး ယွီချင်းရှီကလည်း သူမကို ပစ္စည်းကောင်းလေးပြန်ပေးလာသည်။
သူမတို့က တကယ်ကို သူငယ်ချင်းကောင်းလေးတွေပဲ...
ထိုအခိုက်အတန့်တွင် ကျန်းရှောင်မန် ယွီချင်းရှီကို သူမ၏အကောင်းဆုံးသူငယ်ချင်းအနေဖြင့် သတ်မှတ်လိုက်တော့၏။
သို့သော်ငြား ယွီချင်းရှီလေးခမျာ ထိုနံပါတ်တစ်နေရာကို ကြာကြာမထိန်းနိုင်ရှာခဲ့။ ကျန်းရှောင်မန် ကျောင်းမှအိမ်သို့ပြန်ရောက်လာချိန်တွင် ယွီချင်းရှီ သူမဆီရေးသည့်စာကို အချိန်ပေး၍ဖတ်လိုက်ပြီးနောက် နံပါတ်တစ်နေရာကို စနစ်ဖြစ်သူကပြန်လည်ရယူသွားခဲ့သည်။
စနစ်...စနစ်လေးတကယ်ကို ရင်ထဲထိသွား၏။
ယွီချင်းရှီက သူမကိုစာအုပ်တွေအများကြီးပေးခဲ့ပြီး သူမလည်း ဝမ်းသာခဲ့ပါသည်။
ဒါပေမဲ့ ဘာလို့လဲ...ဘာကြောင့်များလဲ...သူတို့နှစ်ယောက်စလုံးက ကလေးတွေလေ...ဒါပေမဲ့ သူက စာရေးဖို့အတွက် ဖျင်ယင်းကို သုံးစရာမလိုဘူး...
သူမ တကယ် ဝန်မခံချင်သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဤနေရာတွင် တခြားဘယ်သူမှ မရှိသည်ပင်။ ထို့ကြောင့် သူမဆက်ပြောနိုင်သည်။
တကယ်တော့ သူမဖျင်ယင်းနဲ့စာရေးတာတောင် စနစ်ရဲ့အကူအညီနဲ့ရေးထားတာလေ...
သူမကိုယ်သူမ အရမ်းတော်ပြီး မိုက်နေပြီဟုထင်ခဲ့သည်။
သူမသူငယ်ချင်း ယွီချင်းရှီက သူမထက်တောင် ပိုတော်ပြီး ပိုမိုက်နေတာ ဖြစ်နိုင်ရဲ့လား...
ဤသည်က ကျန်းရှောင်မန်လေးအား မယုံနိုင်လောက်အောင် ရှုံးနိမ့်သွားသလိုခံစားရစေ၏။
တကယ်တမ်းပြောရလျှင် ကျန်းရှောင်မန် သူမကိုယ်သူမ ယွီချင်းရှီထက် ပိုတော်သည်ဟုထင်ခဲ့သည်ပင်။
သူက တော်တဲ့ကလေးတစ်ယောက် ဖြစ်လို့ရသော်လည်း သူကသူမထက်ပိုတော်နေလျှင် သူမမပျော်တော့ပေ။ ဤသည်ကား သူမ၏ ပိုင်နက်ဖြစ်လေသည်။
သူမနံပါတ်တစ် ဖြစ်ရမယ်...နံပါတ်တစ်ဖြစ်ကိုဖြစ်ရမယ်...
စနစ်ရဲ့ကိုယ်ပိုင်ဝန်ခံချက်အရ သူမက ရွာထဲတွင် အတော်ဆုံးကလေးဖြစ်သည်။ စနစ်ကသူမကို အမြဲတမ်းထိုကဲ့သို့ပြောလေသည်။
ကျန်းရှောင်မန် နားမလည်နိုင်ဘဲ တစ်ညလုံးတွေးမှိုင်နေခဲ့၏။
ကျန်းဟွေ့မိန် ရှောင်မန်လေး ထူးဆန်းနေသည်ဟု ခံစားရပြီး ကျောင်းမှာတစ်ခုခု ဖြစ်လာခဲ့သည်ဟုထင်မိသည်။
ဖြစ်နိုင်တာက သူမအဲ့မှာ ပြဿနာတချို့တလေရှာခဲ့တာ မဟုတ်ရင် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာပဲနေမယ်...
သူမ မေးလိုက်ချိန်တွင် ကျန်းရှောင်မန်ကဘာမှပြန်မဖြေဘဲ သူမဘာသာသူမ တစ်ယောက်တည်း ဆက်ပြီးသုန်မှုန်နေလေ၏။
ညစာစားချိန်တွင်တောင်မှ နည်းနည်းသာစားပြီး သူမအခန်းထဲသို့ ပြန်ဝင်သွားသည်။
စနစ်က သူမကိုနှစ်သိမ့်ကာ ပြောလိုက်၏။
"ပိုင်ရှင်...ယွီချင်းရှီက မင်းထက်စောပြီး ကျောင်းတက်ခဲ့တာလေ... သူက စကားလုံးတွေ ပိုသိတာ ပုံမှန်ပဲပေါ့..."
ဉာဏ်ရည်ဆိုသည်ကား ဖွံ့ဖြိုးတိုးတက်လာဖို့ လိုအပ်သည့် အရာဖြစ်လေသည်။ ယွီချင်းရှီ ဦးနှောက်၏ ဖွံ့ဖြိုးတိုးတက်မှုက သိသိသာသာကို သူမထက်ရှေ့ရောက်နေတာဖြစ်၏။
ပြီးတော့ စနစ်က သူမကို ဒီနားတဝိုက်မှာ အတော်ဆုံးကလေးလို့ပြောနေကြပေမဲ့ .....အဲ့ဒါက သူမကိုချော့ဖို့သက်သက်ပဲမဟုတ်ဘူးလား...
စနစ်ရဲ့ သူမအပေါ်နားလည်မှုအရဆိုပါက ထိုကဲ့သို့ သူမ၏ပါးစပ်ကို ပြားကပ်နေအောင်စေ့ထားပြီဆိုလျှင် သူမ သေချာပေါက် စငိုတော့မှာဖြစ်လေသည်။
သူက သူမကို ဒီတိုင်း ချော့ချင်ရုံသာဖြစ်၏။ သို့ပေမဲ့ စနစ်လည်း ကျန်းရှောင်မန်ကို အတော်လေးလျော့တွက်သွားမိလေသည်။
သူမက အလွယ်တကူ အရူးလုပ်လို့ရသည့် ခပ်နုံနုံကလေးတစ်ယောက်မဟုတ်တော့ပေ။
သူပြောတဲ့ ယွီချင်းရှီက သူမထက် ပိုတော် ပိုမိုက်ပြီး သူမထက်လည်း ကျောင်းစောပြီးတက်ထားတာဆိုတာက ဘာအဓိပ္ပါယ်လဲ...
ကျန်းရှောင်မန် ရုတ်တရက် သဘောပေါက်သွားခဲ့၏။
ဝူး...ဝူး...ဝူးးး...စနစ်မှာ တခြားသူငယ်ချင်းလေးတွေရှိနေတာပဲ...သူကသူမကို သဘောမကျတော့ဘူး...သူမကို မချစ်တော့ဘူး...
သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့ပြီး စက္ကန့်အနည်းငယ်မျှသာရှိသေးချိန်တွင် သူမ၏မျက်လုံးများထဲမှ မျက်ရည်ဥများကျလာတော့သည်။
ကျန်းရှောင်မန်လေး စငိုပါပြီ။
သူမက အတော်ဆုံးကလေးမဟုတ်တော့ပေ။၎င်းက ရုပ်ဆိုးတယ်ဟု အပြောခံရတာထက်တောင်ပိုဝမ်းနည်းစေ၏။
စနစ်လေးခမျာ ရွေးချယ်စရာမရှိဘဲပြောလိုက်ရသည်။
"ပိုင်ရှင်ရယ်...ဉာဏ်ရည်က ဖွံဖြိုးလာနိုင်ပါတယ်..မင်းက အငယ်လေးရှိသေးတာ...အဲ့ဒါက မင်းမှာဖွံ့ဖြိုးဖို့အလားအလာ အများကြီးရှိသေးတယ်ဆိုတဲ့ သဘောပဲလေ...မင်းကြိုးကြိုးစားစားလုပ်နေသရွေ့...ယွီချင်းရှီထက် ပိုတော်လာမှာပါ...."
"ဘယ်လိုကြိုးစားပြီးလုပ်ရမှာလဲ...."
"အမ်း...မင်းဝီရိယရှိရှိနဲ့ ဆရာထန်ဆီကနေ ဆက်သင်လို့ရတယ်...ကြိုးကြိုးစားစားနဲ့ကောင်းကောင်းသင်ယူ...နေ့တိုင်းတိုးတက်အောင်လုပ်...အဲ့လိုဆို သေချာပေါက် ပိုတော်လာလိမ့်မယ်....."
ဆိုတော့ ဒီလိုကိုး...
ကျန်းရှောင်မန်လေး နားလည်သွား၏။
သူမ စကားလုံးအသစ်တွေပိုသိနေသရွေ့ ယွီချင်းရှီထက်ပိုတော်နေမှာ ဖြစ်သည်။