အပိုင်း ၅၁
Viewers 14k

Chapter 51


သူမ အံကြိတ်ကာ ရှုံးနိမ့်ကြောင်းဝန်ခံရန်ငြင်းဆိုခဲ့သည်။ 


နောက်တစ်နေ့တွင် သူမ ဆရာထန်ဆီပြေးကာ

ရှင်းဟွအဘိဓာန်က ဘာလဲဟုသွားမေး၏။


ဆရာထန် အတော်လေး အံ့အားသင့်သွားလေသည် ။


ဤကလေးမလေးက သင်ယူဖို့စိတ်အားထက်သန်ပြီး  များစွာသောအရာတွေကို ဆရာတောင်မပါဘဲ သူမဘာသာနားလည်ကြောင်း သူသိပါ၏။ သို့ပေမဲ့ ယခုလိုအသက်ငယ်ငယ်နဲ့ ရှင်းဟွအဘိဓာန်ကို သိဖို့အတွက်ကား အမှန်ပင်  သူမ၏သက်တူရွယ်တူများထက် အနည်းငယ်မြန်လွန်းစွာ ရှေ့ပြေးနေသည်ပင်။ 


မကြာမီတွင် ဆရာထန် ရှင်းဟွအဘိဓာန်ဟောင်းတစ်အုပ်ကို တွေ့သွားပြီး သူမကိုပေးလိုက်သည်။


"အထဲမှာ စကားလုံးတွေ အများကြီး ပါတယ်...

သမီးတစ်ခုခုမသိတာရှိရင် စုတ်ချက်တွေဒါမှမဟုတ် ဖျင်ယင်းပေါ် အခြေခံပြီး ရှာလို့ရတယ်... ဆရာသမီးကို ဘယ်လိုလုပ်ရမလဲဆိုတာ အရင်သင်ပေးမယ်...."


ကျန်းရှောင်မန်လေးက အလွန်ဉာဏ်ကောင်းကာ မှီငြမ်းစာအုပ်ကို ဘယ်လိုအသုံးပြုရမလဲဆိုသည်ကို လျင်မြန်စွာ သင်ယူတတ်မြောက်သွားခဲ့၏။


ဆရာထန်ကို ကျေးဇူးတင်ပြီးနောက် ကျန်းရှောင်မန် အိမ်ကို ရွှင်မြူးစွာ ပြန်လာခဲ့လေသည်။


ရွာရှိပညာရေးအရင်းအမြစ်တွေက အရမ်းကို နွမ်းပါးလှ၏။ မှီငြမ်းစာအုပ်များစွာတို့သည့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်လေသည်။ သူမရခဲ့သည့် ရှင်းဟွအဘိဓာန်က အတော်လေးအိုဟောင်းနေပြီး မပါတော့သည့်စာမျက်နှာအချို့လည်းရှိ၏။ သို့ပေမဲ့ ကျန်းရှောင်မန် အလွန်အမင်းဝမ်းသာနေဆဲဖြစ်ပြီး သူမထိုစာအုပ်ကို အများကြီးမြတ်နိုးတန်ဖိုးထားလေသည်။ 


စာလုံးတွေပိုပြီးသိလာတဲ့အချိန်ကျ စာတစ်စောင်ရေးပစ်ဦးမှာ...


တစ်ချိန်တည်းတွင် ယွီဝမ်ချန်း မိုင်းတွင်းကနေ အိမ် ပြန်ရောက်လာ၏။ သူကားပေါ်ကဆင်းရုံရှိပြီး အိမ်ထဲမဝင်ရသေးခင်တွင် အဝေးက တံခါးပေါက်မှာ သူ့သားခေါင်းလေး ပြူထွက်နေသည်ကိုတွေ့လိုက်ရသည်။ 


ယွီချင်းရှီ သူ့ကို တံခါးဝတွင်စောင့်နေခဲ့သည်မှာ ကြာလှပြီဖြစ်၏။


သူ၏ခြေလက်ပုတိုလေးများဖြင့် ပြေးလာပြီး စကားတစ်ခွန်းမှမပြောဘဲ ယွီဝမ်ချန်း၏ရှေ့တွင် မြဲမြဲရပ်လိုက်သည်။ ခေါင်းလေးကိုသာစောင်း၍ သူ့အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။


သူ၏ လေးလေးနက်နက်ဟန် မျက်နှာသေးသေးလေးတွင် ဘာအမူအရာမှ ရှိမနေဆဲဖြစ်သော်လည်း သူ့အမူအရာက ပုံမှန်လိုမျိုး ခုခံကာကွယ်လိုမှုများရှိမနေခဲ့။ အနည်းငယ်မျှော်လင့်နေပုံရ၏။


ယွီဝမ်ချန်း အံ့အားသင့်သွားလေသည် ။ကလေးကိုကောက်ချီပြီး မေးလိုက်၏။

"အဖေ့ကို လွမ်းနေတာလား "


သူ့သားဖြစ်ဖို့ ထိုက်တန်ပါပေတယ်...အဖေနဲ့သားက စိတ်ချင်းဆက်နွယ်နေပြီးတော့

သူသားက အဖေဖြစ်သူကို ချစ်နေတုန်းပဲ...


ယွီဝမ်ချန်း သက်ပြင်းတောင်ချမပြီးသေးခင်မှာ ယွီချင်းရှီက ခေါင်းယမ်းပြလာမယ်လို့ ဘယ်သူကထင်ပါ့မလဲ။


"..."

ယွီဝမ်ချန်း သူ့စိတ်ကိုအမြန်ထိန်းပြီး ထပ်မေးလိုက်၏။

"ဘာ​ဖြစ်လို့လဲ...."


ယွီချင်းရှီ ခဏလောက် တုံ့ဆိုင်းနေပေမဲ့ နောက်ဆုံးတွင် ထုတ်ပြောလိုက်သည်။

သူအကြာကြီးစောင့်နေခဲ့ရတာက သူအဖေဆီကနေ ကျန်းရှောင်မန် ဘယ်လိုမျက်နှာပျက်သွားပြီး ဆက်မရယ်နိုင်တော့တဲ့အကြောင်း ကြားရဖို့ပဲမဟုတ်ဘူးလား...


သူ့ကလဲ့စားချေချင်တာ...


"ကျန်းရှောင်မန်....."

ယွီချင်းရှီ စကားလုံးသုံးလုံးကိုသာ ခြောက်ကပ်ကပ်ပြောလာ၏။


ယွီဝမ်ချန်း အနည်းငယ် မနာလိုဖြစ်သွားလေသည်။ သူ့သားက ကျန်းရှောင်မန်ကိုပဲ သတိရပြီး အဖေဖြစ်သူကိုတော့သတိမရချေ။


သို့ပေသိ သူဝမ်းသာနေတုန်းပင်။


ထိုအကြောင်းကို တွေးပြီးနောက် ယွီဝမ်ချန် သူ့ကို မေးကြည့်လိုက်၏။

"သူလက်ဆောင်ရပြီးတဲ့နောက် ပျော်နေလားဆိုတာကို သားသိချင်တာလား....."


တကယ်တမ်းကျတော့ လက်ဆောင်ပြင်ပေးကြသည့် လူတွေက အမြဲလိုလို ထိုလက်ဆောင်ကို ကြိုက်မကြိုက်သိချင်ကြသည်ပင်။


ယွီချင်းရှီက ခဏလောက်တုံ့ဆိုင်းနေပြီးနောက်

ခေါင်းညိတ်ပြလာသည်။


"မပူပါနဲ့ ..."

ယွီဝမ်ချန် သူ့သား၏ခေါင်းလေးကို ပွတ်ပေးလိုက်၏။

"သူ တအားပျော်နေတာ...."


ယွီချင်းရှီ အလွန်အမင်းအံ့ဩသွားပြီး မယုံနိုင်စွာဖြင့် သူ့အဖေကိုကြည့်လိုက်မိသည်။


သူမှားပြီးများကြားမိတာလား...

အဲ့ကောင်မလေးက ဘာကိုပျော်နေရတာလဲ...


သူသားလေး၏မျက်နှာက မှင်တက်နေပုံရ၏။

ယွီဝမ်ချန်းက ၎င်းကရယ်စရာကောင်းသည်ဟုတွေးကာ ဆက်ပြောလိုက်သည်။

"အမှန်ပဲ... သူက သားဘယ်တော့ပြန်လာဆော့မှာလဲလို့လည်း မေးလိုက်သေးတယ်...ရှောင်မန်ကလည်း သားကို အများကြီးသဘောကျနေတာ...ပြီးတော့ သားသူ့ကိုပေးတဲ့လက်ဆောင်တွေကိုလည်း ကြိုက်တယ်... သားတို့နှစ်ယောက်က သေချာပေါက် သူငယ်ချင်းကောင်းတွေဖြစ်လာမှာ....."


ယွီချင်းရှီက မှင်တက်မိနေဆဲဖြစ်ပြီး မတွေးနိုင်သေးချေ။


ထို့နောက်တွင် သူ စိတ်ဆိုးသွားပြီး တစ်ညလုံးဘာမှမစားခဲ့။ 


အဲဒီ ကျန်းရှောင်မန်က တကယ်ကို ထူးဆန်းလွန်းတယ်...


ကမ္ဘာပေါ်မှာ ဘယ်ကလေးကများ ကျောင်းသွားရတာနဲ့အိမ်စာလုပ်ရတာကို ကြိုက်လို့လဲ...ကျန်းရှောင်မန်တစ်​ယောက်ပဲ ရှိတယ်...


သူမက ကျောင်းသွားရတာကို အရမ်းပျော်စရာကောင်းတဲ့အရာထင်နေတာလေ...အဲ့တော့  အဲ့ဒီစာအုပ်တွေတွေကို ကြိုက်တော့မှာပေါ့...


သူအတွက်မှားသွားတာပဲ...


ဒါပေမဲ့ နောက်တစ်ခါဆိုရင်...သူတူညီတဲ့အမှားတစ်ခုကို ထပ်လုပ်မှာမဟုတ်ဘူး...


ယွီချင်းရှီ တဖန်ပြန်ပြီး တက်ကြွလာခဲ့၏။


ယွီချင်းရှီ တစ်ခုခုပြောဖို့ မစဥ်းစားရခင်လေးမှာပင် ကျန်းရှောင်မန်က သူ့ထက်မြန်မြန် လှုပ်ရှားလာခဲ့ပြီး သူမဆီမှ နောက်ထပ်စာတစ်စောင် ရောက်လာလေသည်။ 


စာထဲတွင် ကျန်းရှောင်မန်က သူမဒီနေ့စကားလုံးအရေအတွက် ဘယ်လောက် လေ့လာခဲ့ကြောင်းနှင့် ရှင်းဟွအဘိဓာန် အသုံးပြုနည်းကိုလည်း သင်ယူနေကြောင်း ပြောထား၏။သူမက ယခင်ကထက် ပိုတော်လာပြီဖြစ်သည်။