Chapter 22
Viewers 3k

🤒အခန်း ၂၂

[စိုးရိမ်ပူပန်မှု]





“အဲဒါက ရှောက်မင်နဲ့ ကျူးထုန်မလား.....”


အခြားကျောင်းသားများက သူ့ကို သဘောကျနှစ်သက်ပြီး ချီးကျူးနေကြခြင်းကို ရှားယန် နှစ်ခြိုက်သည်။သို့သော်ငြားလည်း ရုတ်တရက် ထိုအမည်နှစ်ခု ပေါ်လာခြင်းက သူ့အာရုံကို ချက်ချင်း ဆွဲဆောင်သွားလေသည်။


“သေစမ်း...တကယ်ကြီး သူတို့ပဲ....”


“သူတို့က ကျောင်းအပြင်ဘက်ကို ဘာသွားလုပ်ကြတာလဲ....သူတို့ တိတ်တိတ်လေး ခိုးချိန်းတွေ့ကြတာလား...ဒါမှမဟုတ် အခြားတစ်ခုခုလား....”


ရုတ်တရက် မျက်လုံးအစုံလိုက် အနည်းငယ်က ရှားယန်ကို လှည့်ကြည့်လာကြသည်။


‌ရှားယန်က ရှောက်မင်ကို အသည်းအသန် ပိုးပန်းခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း ရှောက်မင်က သူ့ကို ဤကဲ့သို့ မဆက်ဆံပေးခဲ့ပေ။


ပတ်ဝန်းကျင်က အတော်လေး မှောင်နေသဖြင့် ရှားယန် လက်သီးဆုပ်လိုက်ခြင်းကို မည်သူကမှ မမြင်လိုက်ကြချေ။


သို့သော်လည်း သူ့ဘေးမှ တစ်စုံတစ်ယောက်က သူ့အမူအရာ မကောင်းသည်ကို မြင်သွားပြီး ချက်ချင်း မေးလာသည်။


“ဘာ မဟုတ်တမ်းတရားတွေ လျှောက်ခန့်မှန်းနေကြတာလဲ...အဲ့လိုမဖြစ်နိုင်ပါဘူး...ဒီနေ့ ယွမ်ရှောင်ကျိုးက ရှောက်မင်ကို ဒုက္ခပေးဖို့ ရှာနေတယ်လို့ ငါကြားခဲ့တယ်....ပြီးတော့ သူတို့ စားသောက်ဆိုင်မှာ ရန်ဖြစ်ကြတယ်တဲ့...ငါကတော့ သူတို့နှစ်ယောက် ဆေးရုံက ပြန်လာတယ်လို့ ထင်တာပဲ...”


“ဆေးရုံ.....”


ရှားယန်၏ အမူအရာက ချက်ချင်း တင်းမာသွားသည်။


“ရှောက်မင် ဒဏ်ရာရခဲ့တာလား....”


“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.....”


‌လူငယ်လေးက သရော်လာသည်။


“မစိုးရိမ်ပါနဲ့.....ယန်ယန်...ဒဏ်ရာရသွားတဲ့လူက ယွမ်ရှောင်ကျိုးပဲ...ပြီးတော့ အခု သူ အဆင်ပြေနေပါပြီ...ဒါပေမဲ့ သူတစ်ယောက်ပဲ ဆေးရုံသွားဖို့လိုတာတော့မဟုတ်ဘူး...ကျူးထုန်ကောပဲ...ငါကြားတာတော့ သူ့ခြေကျင်းဝတ် အဆစ်လွဲသွားတယ်ဆိုလားပဲ.....”


“အဆစ်လွဲသွားတယ်....ဘာလို့လဲ ...”


“အင်း...ဘာလို့လဲဆိုတာကိုတော့ ငါလည်း သေသေချာချာ မသိဘူး....”


“အာ...ဒါဆို ရှောက်မင် သူနဲ့ ဆေးရုံကို လိုက်သွားပေးတာက ကျူးထုန်ကလိုက်ပေးစေချင်တာကြောင့်များလား...”


အပြင်ဘက်တွင် စက်ဘီးက ရှုပ်ထွေးနေသော အဆောက်အဦးများကို လှည့်ပတ်ကာထွက်သွားသည့်အတွက် ထပ်မမြင်ရတော့ပေ။ ရှားယန် ကျေနပ်စေရန် တစ်စုံတစ်ယောက်က လှောင်ပြောင်ကာ ပြောလိုက်၏။


“သနားသွားလို့ ဖြစ်မှာပေါ့...ကျူးထုန်ရဲ့ အထိခိုက်မခံနိုင်တဲ့ ခန္ဓာကိုယ်ကို ကြည့်လိုက်လေ....ကျောင်းစဖွင့်တာတောင် ဘယ်လောက်ကြာသေးလို့လဲ...သူက ဆေးရုံ နောက်တစ်ခေါက် သွားရပြန်ပြီ...”


“မှန်တယ်...မသိတဲ့လူဆိုရင် သူ့ကို ချမ်းသာတဲ့မိသားစုက သခင်မလေးလို့ ထင်ကြမှာပဲ....”


“ဟေး....ငါတို့ကျောင်းကို ချမ်းသာတဲ့လူက ဘာလို့လာတက်မှာလဲ...."


ခေတ္တမျှရပ်တန့်သွားပြီးနောက် သူတို့က ရှားယန်ကို လှည့်ကြည့်လာကြသည်။


ရှားယန်ကလည်း ချမ်းသာတဲ့ မိသားစုကပဲမလား...။ဒါပေမဲ့ သူက ရှောက်မင်ကို လိုက်ဖို့ ပြောင်းလာခဲ့တာလေ...။


အခု ကျူးထုန်က ရှောက်မင်ရဲ့ ထိုင်ခုံဖော် ပြန်ဖြစ်သွားပြန်ပြီ...။


ထိုလူမှာ ရှားယန်ကို နှစ်သိမ့်ချင်ခဲ့သော်လည်း ဤကဲ့သို့ အဆင်မပြေသည့်အချက်နှင့် ကြုံတွေ့ရသည့်အခါ မည်သို့ ပြုလုပ်ရမည်မသိတော့ပေ။


အထူးသဖြင့် ရှောက်မင်က ရှားယန်ကို ဂရုမစိုက်ကြောင်း လူတိုင်းက သိနေသောကြောင့် ဖြစ်သည်။


ထို့အပြင် ရှောက်မင်က ကျူးထုန်နှင့်အတူ ညစာစားပြီး ဆေးရုံကို လိုက်သွားသည်ကလည်း အမှန်ပင်...။


သူတို့ကြောင့် ကွာခြားချက်မှာ ဤကဲ့သို့ သိသာသွားသည်။


ရှားယန် အံကြိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှုလိုက်ရ၏။ သူက သူ့ကိုယ်သူ တည်ငြိမ်စေရန် တွန်းအားပေးလိုက်သည်။


“အဲ့လို မပြောပါနဲ့...ကျူးထုန်က ကျန်းမာရေးမကောင်းဘူး...ပြီးတော့ ရှောက်မင်ကလည်း သူ့ကို ဂရုစိုက်တယ်....ဘယ်လိုပဲဖြစ်ဖြစ်...အတန်းက စနေပြီ...ငါတို့ မြန်မြန် ပြန်သင့်ပြီ....”


“ဟုတ်တယ်..ဟုတ်တယ်..မင်း‌ပြောတာမှန်တယ်...”


“သွားကြစို့....”


တစ်ယောက်ယောက်က ခေါင်းစ‌ဉ် အလျင်အမြန်ပြောင်းလိုက်‌သောကြောင့် သူတို့အားလုံး အထက်တန်းစာသင်ဆောင်ဘက်သို့ ဦးတည်လိုက်ကြသည်။


သူ့အတန်းဖော်များနှင့်အတူ သူ လမ်းလျှောက်လာရင်း ရှားယန်က ခေါင်းကို အနည်းငယ်ငုံ့ထားကာ အမျိုးမျိုးသော အတွေးများ သူ့စိတ်ထဲတွင် ပေါက်ဖွားလာနေ၏။


ကျူးထုန်က သူ့ကို အထူးတလည် တိုက်ခိုက်ဖို့များ ရောက်လာတာလား...။ ဘာလို့ ငါ့စိတ်‌အခြေအနေကောင်းတဲ့အချိန်မှာ အမြဲတမ်း ထွက်လာပြီး ဖျက်ဆီးနေရတာလဲ...။


ကျူးထုန် ပေါ်လာပြီးကတည်းကစပြီး ကျောင်းရှိလူတိုင်းက သူ့အကြောင်း ပြောနေကြသည်။


သူက ကျန်းမာရေးမကောင်းသလို အဆင့်လည်း မကောင်းပေ...။သူ့မှာ ကောင်းသည့်အရာဟူ၍ ဘာများရှိသည်လဲ...။


ရှားယန် စိတ်အခြေအနေမကောင်းတော့ပေ။


စာသင်ခန်းသို့ ပြန်ရောက်‌သည်နှင့် သူ့ဖုန်းကို ဖွင့်လိုက်ရာ ဝီချက်စ်မှ စာတစ်စောင် လက်ခံရရှိလိုက်သည်။ သူ စိတ်မရှည်စွာ ဖွင့်ကြည့်လိုက်ချိန်တွင် ၄င်းက ယွမ်ရှောင်ကျိုးထံမှ ဖြစ်နေသည်။ သူ၏ ကနဦး တုံ့ပြန်မှုမှာ သူ့ဖုန်းကို တိုက်ရိုက် ပိတ်လိုက်ရန်တွေးလိုက်ခြင်းဖြစ်သည်။


သို့‌သော် သူ့လက်ချောင်းများက ရပ်တန့်သွားခဲ့သည်။


---------------------

ဒုတိယနှစ် စာသင်ဆောင်အတွင်းတွင် ရှောက်မင်က ကျူးထုန်အား စာသင်ခန်းသို့ ပြန်ပို့ပေးပြီးနောက် ဆရာ့ရုံးခန်းသို့ ထွက်သွားခဲ့သည်။


ကျောင်းအပြင်ဘက်၌ ရန်ဖြစ်ပြီးသည့်အခါ အကျိုးဆက်ကို ရင်ဆိုင်ရုံကလွဲ၍ သူ့တွင် ရွေးချယ်စရာ မရှိပေ။


သို့သော်လည်း ယွမ်ရှောင်ကျိုး၏ နာမည်ဆိုးနှင့် ရှောက်မင်၏ ရိုးရိုးသားသား ဝန်ခံမှုကြောင့် (သူ၏ အဆင့်ကောင်းခြင်းကို ထပ်ပေါင်းလိုက်လျှင် ) သူက ပြစ်ဒဏ် အကြီးကြီး ပေးခြင်းမှ အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည်။ သူက သူ၏အမှားများအတွက် ဝန်ခံစာတစ်စောင် ရေးပေးရန်သာ လိုအပ်သည်။


အတန်း (၃)၏ စာသင်ခန်းထဲတွင် ကျူးထုန်က သူ့အ‌တန်းဖော်များထံမှ ဂရုစိုက်ခြင်းကို ခံနေရသည်။ အဘယ်ကြောင့်ဆိုသော် သူ ဆေးရုံသွားခဲ့သည်ဟု ဝန်ခံလိုက်ခြင်းကြောင့် ဖြစ်သည်။


“ကျူးထုန်...မင်းရဲ့ခြေထောက် ဘယ်လိုနေသေးလဲ....နာသေးလား.....”


“ရောင်ရမ်းနေတာပဲ...မနာအောင် ဘယ်လိုလုပ်ပေးရမလဲ....”


“ယွမ်ရှောင်ကျိုး အရမ်းလွန်သွားပြီ....”


“ကျောင်းက သူ့ကို ဘာကြောင့် မထုတ်လိုက်ကြသေးတာလဲ...”


ကျူးထုန်က သူတို့ ယွမ်ရှောင်ကျိုးကို စတင် အပြစ်တင်ပြောဆိုနေကြစဉ်တွင် တိတ်တဆိတ်သာ နားထောင်နေခဲ့သည်။ သူ့စိတ်ထဲတွင်မူ ရှုပ်ထွေးနေ၏။


သူ့ခြေကျင်းဝတ် အဆစ်လွဲသွားခြင်းမှာ သူ၏ တုံးအသောအမှားကြောင့်ပင် ဖြစ်သည်။ တစ်ယောက်ယောက်ကို ကန်ရန် ကြိုးစားခဲ့ခြင်းပင်။ သူ အခြားသူများကို လူတစ်ယောက်၏ဂုဏ်သိက္ခာကို မဆုံးရှုံးရစေဘဲ အမှန်တရားကို မည်သို့ပြောပြရမည်မှန်း မသိတော့ပေ။


မိန်းကလေးများနှင့် ရင်ဆိုင်ရသောအခါတွင် သူ့အသံကို ကြိုးစား လျော့ပြီး ပြောလိုက်သည်။


“အဆင်ပြေပါတယ်...မင်းတို့စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....”


မိန်းကလေးများ၏ မျက်လုံးများထဲတွင် 'သနားစရာကောင်းပြီး အားနည်းသည့် အလှလေး ' အဖြစ် တံဆိပ်ခတ်နှိပ်ခံလိုက်ရသည်ကိုမူ သူမသိနိုင်တော့ချေ။ သူ၏ တုန်တုန်ယင်ယင် အသံတိုးတိုးလေးကို ကြားလိုက်ရချိန်တွင် မိန်းကလေးများ၏ ကာကွယ်လိုသော ဗီဇက တဟုန်ထိုး တိုးထွက်လာသည်။ သူတို့၏ အကြည့်များက ပို၍ပင် ချစ်မြတ်နိုးများ တိုးလာသည်။


သူက ကျောင်းပြောင်းပြောင်းချင်းမှာပဲ ပစ်မှတ် ဖြစ်သွားခဲ့တယ်...။


သူ အရင်ကလည်း သွေးအန်ခဲ့ရတယ်မလား...။အခု သူ့ခြေကျင်းဝတ်က အဆစ်လွဲသွားပြန်ပြီ...။


အဲ့ခွေး ယွမ်ရှောင်ကျိုးက တရားခံပဲ...။


သူ[ကျူးထုန်]က အရမ်းသနားစရာ ကောင်းတာပဲ...။


ကျူးထုန်မှာ စိတ်မဖတ်တတ်သော်လည်း မိန်းကလေးများ၏ ဦးနှောက်ထဲတွင် မည်ကဲ့သို့ လွဲချော်သောအတွေးများအား ပုံဖော်နေသည်ကိုတော့ သူခန့်မှန်းနိုင်သေးသည်။


“‌ဒါပေမဲ့ ရှောက်မင်က အဲ့အချိန်တုန်းက မင်းနဲ့ အတူ ရှိ‌နေတာ မဟုတ်ဘူးလား...သူက တိုက်ခိုက်တာ အရမ်းတော်တယ်လေ..မင်း ဘယ်လို ထိခိုက်လာတာလဲ....”


ကောင်းပြီ...။ဘယ်လိုလဲဆိုတော့ ငါ ကိုယ့်ဘာကိုယ် ခြေထောက်ကို အဆစ်လွဲစေလိုက်တာလေ...။


ကျူးထုန်က စိတ်ထဲတွင် ညည်းညူနေမိ၏။ သို့သော်လည်း သူ ရုတ်တရက် တခုခုကို သဘောပေါက်သွားပြီး ခေါင်းမော့ကာ မေးလိုက်သည်။


“ရှောက်မင် တိုက်ခိုက်တာ အရမ်းကောင်းတယ်ဆိုတာ မင်း ဘယ်လိုလုပ် သိတာလဲ....”


သူ မေးလိုက်ချိန်တွင် ထျန်နွမ်က အတန်ကြာအောင် အေးခဲသွားပြီး ပြန်ဖြေလိုက်သည်။


“အဲဒါက အားလုံးသိကြတာပဲ မဟုတ်ဘူးလား....”


ကျူးထုန် : “?”


“ကျူးထုန်က ကျောင်းပြောင်းကျောင်းသားလေ...နင် မသိတာ ပုံမှန်ပါပဲ...ကောင်းပြီ...ငါ နင့်ကို ပြောပြမယ်....”


မိန်းကလေးတစ်ယောက်က ရှင်းပြလာခဲ့သည်။


“တကယ်တော့ နင် ကျောင်းမပြောင်းလာခင်ကတည်းက ရှောက်မင်က ယွမ်ရှောင်ကျိုးကြောင့် ခဏခဏ ဒုက္ခရောက်ခဲ့တယ်....အဲ့ဂြိုလ်ကောင်က ရှောက်မင်ကို ကျောင်းထဲမှာကော ကျောင်းအပြင်မှာပါ နှောင့်ယှက်တယ်လေ....ဒါပေမဲ့ ယွမ်ရှောင်ကျိုးက ရှောက်မင်နဲ့ ယှဉ်လိုက်ရင် အရှုံးသမားပဲ...ပြီးတော့....သူက သူ့ကို တစ်ခါမှတောင် မနိုင်ဘူးလေ....နောက်ကျတော့....အဲ့ဂြိုလ်ကောင်က လက်တုံ့ပြန်ဖို့ ရှောက်မင်ရဲ့ ထိုင်ခုံဖော်တွေကို ပစ်မှတ်ထားတော့တာပဲ.....”


“ပြီးတော့ ရှောက်မင်က ဂျူနီယာအထက်တန်းတုန်းကလည်း အဲဒီလူမိုက်ကောင်တွေကို ရိုက်ခဲ့သေးတယ်လို့ ကြားဖူးတယ်...အဲဒီ့တုန်းက သူကကျောင်းတွင်းအနိုင်ကျင့်သူဆိုပြီးတော့ ကောလဟာလတွေ ပြန့်နေတာရော...ငါလည်း ဟုတ်မဟုတ်တော့မသိဘူး...ဒါကြောင့် အတင်းအဖျင်းလို့ပဲမှတ်ကြ...”


“........”


ကျူးထုန်မှာ စားသောက်ဆိုင်တွင် ရှောက်မင် သူ့ကို ပြောခဲ့သည့်အရာအား ရုတ်တရက် မှတ်မိသွားသည်။


သူ့ပထွေးကို သူကိုယ်တိုင် ထောင်ထဲပို့ခဲ့ကြောင်း ပြောခဲ့ခြင်းပေ။


သူ ဘာကို ဆိုလိုတာလဲ...။


ထျန်နွမ်က သူ မည်သည့်အရာကို တွေးနေကြောင်း မသိပေ။ သူမ၏ စပ်စုလိုစိတ်က သူမကို လွှမ်းမိုးသွားခဲ့သည်။ 


“စကားမစပ်...နင်လည်း ဒီနေ့ စားသောက်ဆိုင်မှာ ရှိနေတယ်မလား...ရှောက်မင် တိုက်ခိုက်တာကို နင် မြင်ခဲ့လား...သူက ကောလာဟလတွေထဲကလိုပဲ သန်မာလား....”


ကျူးထုန်က တစ်ယောက်ယောက်ကို ရိုက်နေသည့်အချိန် ရှောက်မင်၏တည်ငြိမ်နေမှုအား ပြန်တွေးလိုက်သည်။ သူ ခေါင်းညိတ်ပြီး ပြောလိုက်သည်။


“သူက အရမ်း သန်မာတယ် ....”


မိန်းကလေးများထဲမှ တစ်ယောက်က အံ့အားသင့်စွာ ပြောလာသည်။


“ဒါဆို သူက....”


ထျန်နွမ်က မေးလာသည်။


“ဒါဆို နင် ဘယ်လိုလုပ် ဒဏ်ရာရလာတာလဲ....သူတို့ လူအများကြီး ခေါ်လာလို့လား....”


သူတို့ နားလည်မှု ထပ်မံ လွဲသွားမည်အား ကြောက်သဖြင့် ကျူးထုန်က ရှင်းပြလိုက်သည်။


“ငါ.....”


“ငါ့ရဲ့ထိုင်ခုံဖော်ကို ကောင်းကောင်း မကာကွယ်နိုင်လို့ သူဒဏ်ရာ ရသွားတာ...ငါ အဲဒါကို ပြန်သုံးသပ်ပြီးပြီ....”


အသံတစ်ခုက ကျူးထုန်၏ ညာဘက်မှ ထွက်ပေါ်လာသည်။ ထို့နောက် သူက ကျူးထုန်ကို လှည့်ကြည့်လာ၏။ သူ ထိုအကြည့်ကို ရှောင်လိုက်သည်။ သူမသိလိုက်မှီမှာပင် စကားပြောလိုက်သူက သူ့ဘေးတွင် ထိုင်နေပြီ ဖြစ်သည်။


ရှောက်မင်က သူ့မေးစေ့ကို လက်ဖြင့် ထောက်ထားပြီး မိန်းကလေးများကို ကြည့်ရင်း နှစ်လိုဖွယ်အပြုံးဖြင့် ပြောလာသည်။


“ငါ နောက်တစ်ကြိမ် ပိုပြီး ဂရုစိုက်လိုက်ပါ့မယ်....ကျယ်ကျဲ...ကျေးဇူးပြပြီးတော့ ငါ့ကို လွှတ်ပေးပါ....”


ကျူးထုန် : “.....”


မိန်းကလေးများ : “......”


လူတိုင်းက သူ့ထံတွင် အဖမ်းခံလိုက်ရသည်။ ထျန်နွမ်က ပထမဆုံး သူမ၏အာရုံကို ပြန်ရလာခြင်း ဖြစ်သည်။


“နင်က ငါ့ထက် တစ်နှစ်ကြီးတာကို ငါ့ကို ကျယ်ကျဲလို့ ခေါ်နေတယ်... ဘယ်လိုတောင် မျက်နှာပြောင်တာလဲ....”


ရှောက်မင်က ဖြူစင်စွာ ပြန်ဖြေလာ၏။


“ဒါပေမဲ့ ငါ နင့်ကို မေ့မေ့လို့ ခေါ်ရင် အန်ချင်စရာကောင်းတယ်လို့ မခံစားရဘူးလား....”


လူတိုင်း : “.....”


အခြားလူတွေလိုပဲ ငါတို့နာမည်ကို ခေါ်လို့မရဘူးလား။


အိုး...ဒီမှာ ခေါ်ဖို့က လူတွေများလွန်းနေတာ‌ပဲ...။


ထျန်နွမ်က တောင့်တင်းနေသည့်မျက်နှာဖြင့် ပြောလိုက်သည်။


“ငါ့ကို အတန်းခေါင်းဆောင်လို့ပဲခေါ်.....”


ရှောက်မင်က လွယ်လွယ်ကူကူ သဘောတူလာ၏။


“ကောင်းပါပြီ...အတန်းခေါင်းဆောင်......”


လေထုက အတန်ကြာအောင် အေးခဲသွားပြီး မည်သူကမှ မရယ်မောနိုင်ကြချေ။ တစ်ယောက်‌က စတင်ပြီး ရယ်လိုက်ချိန်တွင်မှ သူတို့လည်း လိုက်ပြီး ရယ်လိုက်ကြရသည်။


ရယ်ပြီး စကားအနည်းငယ် ပြောပြီးနောက် အတန်းခေါင်းလောင်း မြည်လာပြီး သူတို့ဘေးမှ လူများလည်း လူစု ခွဲသွားကြသည်။


ကျူးထုန်က သူ့ကို ခေါင်းလှည့်ကာ ကြည့်နေဆဲဖြစ်သည်။


ရှောက်မင်က သူ့ထိုင်ခုံပေါ်သို့ ပျင်းရိရိ အမူအရာဖြင့် မှီချလိုက်၏။ သူက ‌ခေါင်းကို ကျူးထုန်ဘက် ဦးတည်လိုက်ကာ သူ့အကြည့်များက ကျူးထုန်၏ ဒဏ်ရာရနေသော ခြေထောက်များအပေါ် ကျရောက်နေသည်။


“မင်းရဲ့ ခြေကျင်းဝတ် ဘယ်လိုနေသေးလဲ...နာနေတုန်းပဲလား.....”


ကျူးထုန် ခေါင်းခါပြလိုက်သည်။


“ငါ မလှုပ်ရှားနိုင်လောက်တဲ့အထိတော့ မနာတော့ပါဘူး....”


ကောင်းပြီ...သူက ရိုးသားပြီး တစ်ခါတည်းနဲ့ နာခံတတ်တာပဲ...။


ရှောက်မင်က ပြုံးပြီး ပြောလာသည်။


“နောက်ကျရင် ဆေးလိမ်းဖို့ မမေ့နဲ့နော်....”


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။


ကိုယ်ပိုင်စာကြည့်ချိန်အတန်းတွင် ကျူးထုန်က အနည်းငယ် စိတ်ပျက်နေသည်။


စာသင်ခန်းထဲတွင် လူအချို့က မေးခွန်းများ လေ့ကျင့်ရင်း အလုပ်များနေကြပြီး မှတ်စုများ ရေးနေကြသည်။ အချို့က ခေါင်းငုံ့ပြီး ဖုန်းဆော့နေကြကာ အချို့က အသံတိုးတိုးလေးနှင့် မနားတမ်း စကားပြောနေကြသည်။


စာသင်ခန်းက တိတ်ဆိတ်မနေပေ။


ကျူးထုန်က ရူပဗေဒ ပုစ္ဆာတွက်ရန် ကြိုးစားနေသည်။ ဆယ်မိနစ်ကြာပြီးနောက် သူ၏ အတင်းအကြပ် တွန်းအားပေးသည့် နည်းလမ်းက အကြမ်းစာရွက်ပေါ်တွင် လျှောက်ခြစ်ရေးခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့သည်။


သူ ခေါင်းကို လှည့်ပြီး ရှောက်မင်အား မကြည့်ဘဲ မ‌နေနိုင်တော့ပေ။ 


ရှောက်မင်က ခေါင်းငုံ့ပြီး သူ့ဖုန်းအား ကြည့်နေခြင်း ဖြစ်သည်။ မျက်နှာပြင်ပေါ်မှ အလင်းရောင်က သူ့မျက်နှာပေါ် ရောင်ပြန်ဟပ်နေပြီး သူ့အမူအရာကို မှိန်ဖျော့သွားစေသည်။


သူ ဘာကြည့်နေတာလဲ...။


၎င်းက ယွမ်ရှောင်ကျိုး ပြောခဲ့သည့် သူ့အမေ၏ နို့လက်ဖက်ရည်ဆိုင်နှင့် တစ်ခုခု ပတ်သက်နေမည်ဟု ကျူးထုန် ခန့်မှန်းလိုက်သည်။ သူ့ဘောပင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် သူ မနေနိုင်ဘဲ မေးလိုက်သည်။


“မင်းအိမ်မှာ တစ်ခုခု ဖြစ်နေလို့လား....”


စကားပြောပြီးနောက် မလွယ်ကူသည်ကို သူ သိသွားသည်။ ရှောက်မင်က သူ့ကို ဝင်စွက်ဖက်လွန်းသည်ဟု ထင်သွားမည်ကို သူ ကြောက်သည်။


သို့သော်လည်း နို့လက်ဖက်ရည်ဆိုင်သေးသေးလေးအတွက် အစီရင်ခံပြီး စစ်ဆေးခံရသည့် ကိစ္စက မလွယ်ကူပေ။


ဆေးရုံတွင်တွင် စစ်ဆေးခြင်းတို့နှင့် အလုပ်များနေသည့်အတွက် မေးရန် အချိန်မရှိခဲ့ပေ။


အကယ်၍ တိုင်ကြားချက်သာ အောင်မြင်သွားပါလျှင် ရှောက်မင်၏ နို့လက်ဖက်ရည်ဆိုင်မှာ ပိတ်သိမ်းလိုက်ရမည် ဖြစ်သည်။ သူတို့ကို တမင်ချောက်ချပြီး တိုင်ကြားခံရခြင်းဖြစ်သော်လည်း ဖြေရှင်းချက် ထုတ်ပြီးသည့်နောက်ပိုင်းတွင်ပင် သူတို့အလုပ်ပေါ် အကျိူသက်ရောက်မှုက ရှိနေနိုင်သေးသည်။


ကျူးထုန် စိတ်ပူနေမိသည်။


ရှောက်မင်က ကျူးထုန်၏ နူးညံ့သိမ်မွေ့သော မေးခွန်းကို ကြားလျှင် ခေါင်းကို မော့ကြည့်လာသည်။ သူ့မျက်နှာပေါ်မှ စိုးရိမ်ပူပန်မှုက အလွယ်တကူ မြင်နိုင်သည်။ ဤအရာက သူ့နှုတ်ခမ်း၏ ထောင့်များကို မသိစိတ်အရ ကွေးညွှတ်သွားစေသည်။


“အမ်...မင်း ငါ့ကို စိုးရိမ်နေတာလား....”


ကျူးထုန်က ထိုမျှားကို အမိမခံခဲ့ပေ။ ရှောက်မင် အဆင်ပြေသည်ကို မြင်လိုက်ရချိန်တွင် အရပ်ရှည်သည့်လူငယ်လေးက ဟန်ဆောင် ပြုံးနေခြင်းဖြစ်မည်ကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။


ရှောက်မင်၏ 'အခက်အခဲများ'ကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရပြီးနောက် ကျူးထုန်က သူ၏ပုံပန်းသွင်ပြင်ဖြင့် လှည့်စားခြင်းကို မခံ‌တော့ပေ။ သူက မေးခွန်းကို လျစ်လျူရှုလိုက်ပြီး ထိုအစား မေးလိုက်သည်။


“မင်း မင်းရဲ့အမေကို ဖုန်းခေါ်မေးကြည့်ပါလား....”


ရှောက်မင်က အတန်ကြာအောင် ရပ်တန့်သွားသည်။ သူ့အမူအရာက လုံးဝ လေးနက်နေသော်လည်း ခေတ္တမျှသာ ဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးရှိနေဆဲ ဖြစ်ပြီး ပြောလာသည်။


“တကယ်တော့...ငါ ခေါ်ပြီးပြီ....”


ကျူးထုန် : “?”


မင်း ဘယ်အချိန်တုန်းက ခေါ်လိုက်တာလဲ...။


ရှောက်မင် : “ဒါပေမဲ့ ငါ့အမေက ငါ့ကို အဆင်ပြေတယ်လို့ပဲ ပြောလာတယ်....”


ကျူးထုန်က စကားမပြောမီ အချိန်အတော်ကြာ ယူလိုက်ရသည်။ သို့သော်လည်း ရှောက်မင်က သူ့ကိုဖြတ်တောက်လိုက်၏။


“သူ ငါ့ကို လိမ်နေတယ်ဆိုတာ ငါ သိတယ်...ဒါပေမဲ့ ငါ လုပ်နိုင်တာ ဘာမှမရှိဘူးလေ... အခု‌လောလောဆယ်တော့ ဥပဒေနဲ့ သက်ဆိုင်ရာဌာနတွေကို ယုံကြည်ရမှာပဲ....ငါ့အမေနဲ့ ငါက ဘာမှမမှားတာ သိသွားရင် ငါတို့အပေါ် သံသယကင်းသွားလိမ့်မယ်....”


ကျူးထုန်က အတန်ကြာအောင် မှင်သက်နေမိသည်။


ရှောက်မင်၏စကားများက သူ့ကိုယ်သူ ခုခံကာကွယ်နေခြင်းဖြစ်သော်ငြား သူပြောသည်မှာ မှန်၏။ သူတို့က အထက်တန်းကျောင်းသားများသာ ဖြစ်သည်။


ဒါဆို ရှောက်မင်က စာကြိုးစားလုပ်ရင်း ခက်ခက်ခဲခဲ တိုက်ခိုက်နေရတာလား...။


သူ၏အောင်မြင်မှုများမှာ အရွယ်ရောက်ပြီး သူ့ဘဝနောက်ပိုင်း၌ တစ်ခုခုလုပ်ခဲ့၍ဖြစ်ကြောင်း ကျူးထုန် သိသည်။


ဤရှောက်မင်က အရွယ်မရောက်သေးသော အထက်တန်းကျောင်းသားလေးသာ ဖြစ်သည်။


အခုလိုအခြေအနေမှာ သူ ဘာလုပ်နိုင်မှာလဲ...။


ကျူးထုန်က ခေါင်းငုံ့ပြီး မျက်လွှာချလိုက်သည်။


သူ့ဘေး၌ ထိုင်နေသော ရှောက်မင်က သူ့သရုပ်ဆောင်အရည်အချင်းအား အစွမ်းကုန် အသုံးပြုနေသည်။ သူက နောက်ထပ် စကားများကို ပြင်ဆင်ထားသေးသော်လည်း သူ့ထိုင်ခုံဖော်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။


သူလှည့်ကြည့်လိုက်ချိန်တွင် ကျူးထုန်က ခေါင်းငုံ့ပြီး မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသည်။ သူ့ကို ကြည့်ရသည်မှာ အတွေးလွန်နေပုံ ပေါ်သည်။


ရှောက်မင် လန့်ဖျပ်သွားသည်။သခင်ငယ်လေးကျူးကို အလွယ်တကူ လိမ်ညာလို့ရသည်အား သူ တကယ်ပင် မယုံကြည်နိုင်ချေ။


သို့သော်လည်း သူ၏အံ့ဩရမှုက ခဏတာပင်။ အတွေးနစ်နေသည့် ကျူးထုန်က ရုတ်တရက် ခေါင်းမော့ပြီး သူ့အား ခိုင်မာနေသော မျက်လုံးများဖြင့် ကြည့်လာသည်။


“ကောင်းပြီ...မင်းရဲ့ဆိုင်က ပြန်အဆင်ပြေသွားမှာပါ....”


ရှောက်မင် : “.........”


ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန် ပြီးဆုံးပြီးနောက် ဦးလေးလျှိုအား မတွေ့ခင်အချိန်အထိ ရှောက်မင်က ကျူးထုန်ကို သူ့စက်ဘီးနှင့် လိုက်စီးရန် တွန်းအားပေးခဲ့သည်။


လူမိုက်များကို ရှောင်ရှားရန်အတွက် ကျူးထုန်က ဦးလေးလျှိုအား ကားကို ကျောင်းအနောက်ဘက် လမ်းဆုံတွင် ရပ်ထားရန် တောင်းဆိုခဲ့သည်။


ကျူးထုန်က ဦးလေးလျှိုအား ရန်ပွဲကြောင့် ခြေထောက်ဒဏ်ရာရခဲ့ကြောင်း မပြောရဲပေ။ မည်သို့ပင်ဆိုစေကာမူ မတိုင်ခင်က သူ ကျိုးခြင်း ၊ အဆစ်လွဲခြင်းများ ဖြစ်ခဲ့သည်။


လမ်းဖြတ်ကူးချိန်တွင် ရှောက်မင်က ခေါင်းကိုလှည့်ပြီး မေးလာသည်။


“မင်း စနေ၊တနင်္ဂနွေ အပြင်မထွက်မှာ သေချာလား...”


သူ့အနောက်တွင် ကျူးထုန်က သူ့ခါးမှ အင်္ကျီစကို ဆုပ်ကိုင်ထားပြီး အခိုင်အမာ ပြောလာသည်။


“ငါ မသွားဘူး...ငါ မနက်ဖြန်တစ်ရက် နားမှာ....”


ရှောက်မင်မှာ ကျူးထုန် လိမ်ပြောနေသည်ကို အလွယ်တကူသိလိုက်သည်။ သို့သော်လည်း သူက ပြုံးရုံသာ ပြုံးပြီး တွန်းအားမပေးခဲ့ချေ။ ထိုအစား သူက ပြောလိုက်သည်။ 


“ဟုတ်ပြီ...မင်းလိုရင် ငါ့ကို ခေါ်လိုက်....”


သူတို့အချင်းချင်း မနေ့က အချက်အလက်များ လဲလှယ်ခဲ့ကြသည်။


ရှောက်မင်က ထိုသို့တွေးလိုက်ပြီး ကျူးထုန်ကို ဦးလေးလျှို၏ ကူညီမှုဖြင့် လမ်းဘေးရှိကားထဲသို့ ဂရုတစိုက်ပို့ပေးလိုက်သည်။


ကားတံခါးပိတ်ပြီးပြီးချင်း သူ ထျန်နွမ်ထံ စာတစ်စောင် ပို့လိုက်သည်။


[အတန်းခေါင်းဆောင်...ရှောက်မင်ရဲ့ နို့လက်ဖက်ရည်ဆိုင်က ဘယ်နေရာမှာလဲဆိုတာ နင် သိလား....]


-----------------------------


စာရေးသူမှာ ပြောစရာ ရှိပါတယ် : 



ရှောက်မင် : ငါ့ရဲ့မိန်းမလေး သူ့ကိုယ်သူ ငါ့တံခါးဝအထိ လာအပ်တာကို စောင့်နေတယ်....


🤒