Chapter 34
Viewers 5k

🤒အခန်း ၃၄




ဘာလို့ သူ့အရှေ့မှာဝင်ရပ်တာလဲ။


ရှောက်မင်မှာ ၎င်းမေးခွန်းကို အားကစားကွင်းမှာတည်းကမေးချင်နေခဲ့ခြင်းဖြစ်၏။ ထိုစဥ်က ယွမ်ရှောင်ကျိုးမှာ အရူးတစ်ယောက်ပမာ ပြေးလာခဲ့ခြင်းပင်။ သူ့မျက်နှာပေါ်မှရက်စက်ကြမ်းကြုတ်မှုက ကြည့်နေသူများကိုကြောက်ရွံ့စေပြီး တတ်နိုင်သမျှနောက်ဆုတ်သွားစေလိမ့်မည်။


ထိုသူတစ်ယောက်တည်းကသာ သူ့အရှေ့မှ အပြေးအလွှားဝင်ကာလိုက်ခြင်းဖြစ်သည်။


သူ့အရှေ့တွင် ပိန်ပါးလှသည့်ကောင်လေးတစ်ယောက်ကရပ်နေခဲ့သည်။ ထိုသူမှာ အားနည်းရုံမက ထိခိုက်လွယ်သည်အထိလည်း အားနည်းသေးသည်။


ကံကောင်း၍ သူ၏အလိုအလျောက်တုံ့ပြန်နိုင်ခဲ့မှုက ထိုသူအားကာကွယ်ပေးနိုင်ခဲ့သည်။


ထိုသူက ရှောက်မင်၏နှလုံးသားကိုလှုပ်ခတ်စေခဲ့သော်လည်း သံသယများကိုပါကြီးထွားလာစေခဲ့သည်။


'ဒီလူငယ်လေးက သူငယ်ချင်းတိုင်းရှေ့မှာ မတွေဝေဘဲရပ်တည်ပေးနိုင်တာလား' 

ရှောက်မင် အတွေးစီးကြောင်းထဲတွင်မျောပါနေပြီး ကျူးထုန်၏မျက်လုံးတို့ကို တည့်တည့်ကြည့်နေမိသည်။


ကျူးထုန်အတွက်တော့ ရှောက်မင်၏ မျက်နှာသေဖြင့်ပြောလာသည့်စကားမှာ မထင်မှတ်ထားသည့်အရာဖြစ်နေခဲ့သည်။


သူကား တဒင်္ဂမျှအေးခဲနေခဲ့ပြီး ထိုစဥ်က အဖြစ်အပျက်တို့ကိုပြန်စဥ်းစားကြည့်လိုက်ကာ ရိုးရိုးသားသားပင်ပြန်ဖြေလိုက်လေသည်။ 


"သူကမင်းအနောက်ကိုလိုက်လာတာလေ..."


ရှောက်မင်: "ဟင်..."


ကျူးထုန်က ဆက်ပြောလိုက်လေ၏။ 


"ပြီးတော့ သူကငါ့ကိုဆိုမထိရဲဘူးလေ..."


ရှောက်မင်: "....."


တကယ်တမ်း၌ ကျူးထုန်က ယွမ်ရှောင်ကျိုး၏ စိတ်လိုက်မာန်ပါလှုပ်ရှားမှုအပေါ်တွင် လောင်းကြေးထပ်လိုက်ခြင်းသာ။ အကြောင်းပြချက်ပေးစရာမရှိတော့၍ ဒေါသထွက်လာရလျှင်ပင် သူအစတည်းကကြောက်နေခဲ့ရသည့်အရာကို အလိုလိုကြောက်ရွံ့လာဦးမည်ပင်။


ယွမ်ရှောင်ကျိုးမျက်လုံးထဲတွင်တော့ သူ့ကို ယခုအခြေအနေအထိရောက်အောင်တွန်းပို့ခဲ့သူမှာ သူကိုယ်တိုင်လည်းမဟုတ်သလို ရှောက်မင်လည်းမဟုတ်ဘဲ ကျုးထုန်နှင့် သူ့အနောက်မှ ခန့်မှန်းရခက်သောကျူးမိသားစုဖြစ်နေလေသည်။ သူလမ်းဆုံးရောက်သွားခဲ့လျှင်ပင် သူ၏ရုတ်တရက်ဆန်သော စွန့်စားမှုက ယွမ်ရှောင်ကျိုးကို အခြေအနေမှရှောင်လွှဲရန်ကြိုးစားခိုင်းသလိုဖြစ်သွားစေပြီး ပိုမိုဆိုးရွားသွားစေလိမ့်မည်။


ကျူးထုန်က ထပ်ဖြည့်ပြောလိုက်သေး၏။ 


"အဲဒါကြောင့် ငါမင်းအရှေ့မှာဝင်ရပ်လိုက်တာ၊ သူ့ကိုတားနိုင်အောင်လို့လေ..."


ရှောက်မင်မှာတော့ ဆွံ့အနေဆဲ။ သူ့စိတ်ထဲတွင် လှပသောစိတ်ကူးယဥ်မှုလေးအနည်းငယ်ကိုခံစားခဲ့ရသော်လည်း 'ဖောက်' ခနဲကွဲကြေသွားခဲ့သည်။


သူကဘာသောက်အဓိပ္ပါယ်မရှိတာတွေကို မျှော်နေလင့်နေမိသေးတာလဲ။


ရှောက်မင် နှာခေါင်းမှတဆင့် လေကိုမှုတ်ထုတ်လိုက်သည်။ သူ့အသံက ထူးဆန်းနေခဲ့၏။ 


"ဒီတော့ သူကမင်းကိုတွေ့ရင် သူ့ကိုယ်သူထိန်းသိမ်းလိမ့်မယ်ဆိုတဲ့ဖြစ်နိုင်ခြေအပေါ်ကို လောင်းကြေးထပ်လိုက်တာပေါ့..."


ကျူးထုန် ခေါင်းညိတ်ပြလိုက်သည်။ 

"ငါတော့ အဲဒီဖြစ်နိုင်ခြေက အရမ်းမြင့်သွားပြီလို့ထင်တယ်..."


"......"


ရှောက်မင်မှာ ဘာပြောရမှန်းပင်မသိတော့ပေ။ ယွမ်ရှောင်ကျိုးက ထောက်ချွန်ကို သူ့ခေါင်းပေါ်တည့်တည့်သို့ ချိန်ထားခဲ့မှန်း သူသိနေခဲ့သည်ဟုသာ ကျူးထုန်ကို သတိပေးချင်ခဲ့ခြင်းဖြစ်သည်။ ယွမ်မျိုးရိုးကောင်အားနည်းနေ၍သာ ပစ်မှတ်လွဲသွားခဲ့ရခြင်းပင်။


သို့ရာတွင် ရှောက်မင်က ထုတ်မပြောခဲ့ဘဲ ထိုင်ခုံဖော်လေးကိုသာ ခေါင်းမှခြေဖျားအထိ အကြာကြီးကြည့်နေခဲ့လေသည်။


ကျူးထုန်မှာ အူကြောင်ကြောင်ဖြစ်သွားပြီး ရှောက်မင်၏ပူလောင်နေသောအကြည့်ကိုအာရုံခံမိလိုက်သည်။ သူကား ခေါင်းမော့လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်လေ၏။ 

"ဘာဖြစ်လို့လဲ..."


'ငါ့ကိုယ်ပေါ်မှာထူးဆန်းတာရှိနေလို့များလား'


ရှောက်မင် အချိန်တခဏမျှတိတ်ဆိတ်နေပြီးမှပြောလိုက်သည်။ 

"မင်းကအရမ်းကြည့်ကောင်းတာပဲဆိုတာ ကိုယ်ရုတ်တရက်သဘောပေါက်သွားတာ..."


"......"


"မင်းကိုယ်ပေါ်က အစိတ်အပိုင်းတိုင်းက ကြည့်ကောင်းတယ်..."


သူ့ခါးလေးက ပျော့ပျောင်းသေးသွယ်သည်။ အတော်လေးပိန်သော်လည်း သူ့လက်မောင်းထဲတွင်ဖက်ထားလိုက်ပါက မယုံနိုင်လောက်အောင် ကောင်းနေလိမ့်မည်။


ကျူးထုန်: "...."


'ဒီလူ တကယ်ပဲ ဘာကိုပြောချင်နေတာလဲ'


ရှောက်မင်ကပြုံးရင်းခေါင်းမော့လိုက်ပြီး အနောက်ကိုမှီချကာ တီးတိုးဆိုလာလေသည်။ 


"မင်းသာကိုယ့်ကိုတကယ်ဂရုစိုက်ပေးတာဆိုရင် ကိုယ်လက်ခံပေးမိမလားပဲ..."


"!!"


အံ့ဩရလွန်း၍ ကျူးထုန်မှာ မျက်လုံးပြူးသွားရသည်။


ရှောက်မင်က အရှက်မရှိဘဲဆက်ပြောလေ၏။ 


"အကြာကြီးစောင့်လိုက်ရပြီးမှ မင်းကကိုယ့်ကို ကိုယ်တို့ဆက်ဆံရေးနဲ့ပတ်သက်ပြီး အထင်မှားစရာဖြစ်နေတယ်လို့ခံစားရလောက်ပေမဲ့ ကိုယ်ကတော့..."


လက်ခံနိုင်ပါတယ်။


သို့သော်လည်း မပြောရသေးခင်မှာပင် သူ့ပါးစပ်ကို အမြန်ပိတ်လိုက်နိုင်ခဲ့သည်။


ကျူးထုန်ကသူ့အား မယုံကြည်နိုင်သလိုကြည့်နေလေ၏။ 


"ယွမ်ရှောင်ကျိုးက ပေါက်ကရတွေပြောသွားတာပါ၊ ငါက...."


ရှောက်မင်မျက်လုံးလေးများက လခြမ်းလေးနှယ်ကွေးညွတ်သွားခဲ့သည်။


သူစကားမှားသွားမှန်းသိလိုက်သည်နှင့် အပူလှိုင်းလုံးကြီးက သူ့ဦးနှောက်ထဲကိုဝင်မွှေသွားခဲ့သည်။ ကျူးထုန်က ချက်ချင်းလက်ပြန်ရုတ်လိုက်ပြီး လက်ချောင်းငါးချောင်းလုံးက ရှက်ရမ်းရမ်းနေ၍ သူ့ကိုမထိနှင့်ဆိုသည့်သဘောဖြင့် ကျုံ့ဝင်နေလေသည်။


သူ့လက်ဖဝါးများက ရေနွေးပူလောင်ထားသလိုပင်။


သူ့မှာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလိုက်ရသည်။ 


"ငါ...မင်း..."


စကားလေးတစ်ခွန်းပြောထွက်ရန် အကြိမ်ကြိမ်ကျရှုံးသွားပြီးသည့်နောက် ကျူးထုန် တဖက်လှည့်လိုက်ပြီး တိတ်တဆိတ်နေလိုက်သည်။


ရှောက်မင် သူ့ကိုဘယ်လိုထင်သွားမလဲ။


သေချာသည်မှာ ဤထိုင်ခုံဖော်က သူ၏ကြင်နာမှုကိုကျေးဇူးတင်နေလိမ့်မည်။


ရှောက်မင်က သူ၏နီရဲနေသောနားရွက်လေးများကိုကြည့်နေလေသည်။ သူ့တုံ့ပြန်ချက်ကြောင့် အနည်းငယ်မှင်သက်သွားခဲ့သည့်တိုင် သူ့ဘက်သို့မှီရင်းမေးလာခဲ့လေသည်။ 


"စိတ်ဆိုးသွားတာလား..."


ကျူးထုန်: "....."


ကျူးထုန် အသက်ကိုခပ်ပြင်းပြင်းရှူလိုက်သည်။ စိတ်အခြေအနေကိုထိန်းညှိလိုက်ပြီး ထိုသူကိုသည်းမခံနိုင်တော့သည့်ပုံစံဖြင့်ကြည့်လိုက်သည်။ 


"ငါပြောချင်တာက ငါကအဲဒီသဘောနဲ့ပြောတာမဟုတ်ဘူးလို့၊ ဒီတော့ မင်းငါ့ကိုမယုံရင် ဒီတိုင်းထားလိုက်တော့၊ ငါ့ကိုဒီလိုမျိုး လာစမ်းမနေနဲ့..."


'စမ်းသပ်တယ်တဲ့လား။ ငါကသူ့ကိုစမ်းသပ်နေတယ်လို့ထင်နေတာလား'


ရှောက်မင်က ခေတ္တမျှရပ်သွားကာ ရုတ်ချည်းပြုံးလိုက်ကာ ပေါ့ပါးသည့်လေသံဖြင့်တုံ့ပြန်လိုက်သည်။ 


"ကိုယ်ကစတာပါ၊ နောက်မဖြစ်စေရပါဘူး..."


ကျူးထုန်က သူ့ကို သံသယအပြည့်ဖြင့်ကြည့်လာသည်။


ရှောက်မင်က ပိုပြီးရိုးသားစွာဖြင့်ကတိပေးလိုက်၏။ 


"ကျိန်ပြောပါတယ်ကွာ..."


ကျူးထုန်က နှစ်သက်မှုပြဘားတန်းကို ဖျတ်ခနဲကြည့်လိုက်သည်။ မည်သည့်ပြောင်းလဲမှုကိုမှမတွေ့ရပေ။


နောက်နေတာပဲဖြစ်ရမယ်။


အရပ်ပိုပုသောလူငယ်လေးက ရှောက်မင်ကိုခဏမျှကြည့်နေကာ နောက်ဆုံး၌ပြောလိုက်လေသည်။ 


"ငါမင်းကို ဒီတစ်ခါတော့ယုံပေးလိုက်မယ်..."


"ဒီတစ်ခါ" 

ဆိုသည့်နေရာတွင် သူ့အသံကိုဖိပြောလိုက်သည်။


ရှောက်မင်က ပြုံးပြပြီး တစ်ခွန်းတည်းသာပြောလိုက်လေ၏။ 

"ဟုတ်ပါပြီဗျာ..."


ပြီးနောက် ကျူးထုန်ကခေါင်းမော့ပြီး အစမ်းမေးခွန်းများကိုဆက်ဖြေပေးနေလေသည်။


နားရွက်ပေါ်မှ နီမြန်းနေမှုမှာ အလျှင်အမြန်လျော့ပါးသွားခဲ့သည်။ အလျင်လိုစရာမရှိတော့၍ မေးခွန်းများအပေါ်တွင်အာရုံစိုက်ထားနိုင်ခဲ့သည်။


ရှောက်မင်က စိတ်ထဲမှတွေးလိုက်လေသည်။ 

"အလွယ်လေးနဲ့ အရူးလုပ်ခံလိုက်ရတာပဲ'


သူကား ခေါင်းကိုအသာမော့ကာ တံတောင်ဖြင့်မေးကိုထောက်ထားရင်း စိတ်လက်ပေါ့ပါးနေပုံရလေ၏။


လက်တွေ့၌ သူ့စိတ်ကမငြိမ်ပါချေ။ သူ့စကားက ပရောပရည်လုပ်ချင်သည့်သဘောကိုဆောင်မှန်း သူကောင်းကောင်းသိသည်။ သူနောက်နေခဲ့ခြင်းမဟုတ်ပေ။


ကျူးထုန်က သူ့လုပ်ရပ်၏နောက်ကွယ်မှအကြောင်းအရင်းကိုရှင်းပြခဲ့ချိန်တွင် ထိုသူက ရှောက်မင်ကိုသဘောကျနေသည့်တိုင်ဝန်မခံချင်သည့်ပုံစံကို ရှောက်မင်မြင်လိုက်ရသောကြောင့် ဂျပုလေးကို စနောက်ပြီးပြန်ခွာလိုက်ရခြင်းသာဖြစ်သည်။


သူ့ဘက်မှ ပြန်လည်သင့်မြတ်ရန်မညှိနှိုင်းဘဲမနေနိုင်ပေ။


ရှောက်မင် သူ့နှလုံးသားအောက်ခြေမှ ပြုံးလိုက်မိလေသည်။


 'လူသားတွေက အပြောနဲ့အလုပ်မညီကြဘူး၊ လူတိုင်းအတူတူပဲ၊ ငါရောပဲ'


လူတစ်ယောက်က သူ့ကို တဖက်သတ်သဘောကျနေသည်ဟု သူ့ဘက်မှသံသယဝင်နိုင်ပြီး ငြင်းလည်းငြင်းပယ်နိုင်သည်။ သို့ရာတွင် ငြင်းလိုက်ပြီးပါကလည်း အခြားတစ်ယောက်ကိုပြန်လိုက်ရနိုင်သည်။


သို့သော် သူ့အပေါ် ၌ စစ်မှန်သည့်ခံစားချက်ရှိနေသူများလည်းရှိလေသည်။ သူကား ထိုသူတို့အပေါ်အလိုက်အထိုက်ဆက်ဆံပေးနေခဲ့ရသည်။ မဟုတ်ပါက သူစိတ်ပေါ့ပါးရမည်မဟုတ်ပေ။


ဘာလို့ကျူးထုန်က အခွင့်ထူးခံလူသားလေးဖြစ်လာရတာလဲ။


ပုစ္ဆာတွက်နေသောကျူးထုန်တစ်ယောက် ထပ်ပြီးအခက်တွေ့နေရပြန်သည်ထင်သည်။ မျက်မှောင်အသာကျုံ့ထားလေ၏။ စိတ်ရှုပ်ထွေးနေ၍ မျက်ခုံးတို့ကကုပ်ဝင်နေသော်လည်း ပုစ္ဆာမှနေပြီး ဘယ်အရာမှသူ့အာရုံကိုမဆွဲခေါ်သွားနိုင်သလိုမျိုး မျက်လုံးတို့က အပြည့်အဝအာရုံစူးစိုက်ထားလေသည်။


စနစ်မှာတော့ နှစ်သက်မှုပြဘားတန်းကရုတ်တရက်ထောင်တက်သွားပြီး host ကိုသတိပေးမည်ပြုစဥ် အခုလေးတင် တက်လာသည့် နှစ်သက်မှုရာခိုင်နှုန်းက ချက်ချင်းပြန်ကျသွားပြန်သည်။


စနစ်: "....."


လရောင်ဖြူလေးက တကယ်ကို အပြောင်းအလဲမြန်တဲ့လူမျိုးပဲ။


ကျူးထုန်မှာ ရှောက်မင်က အချိန်တိုအတွင်းပြောင်းလဲသွားခဲ့သည်ကိုပင် မသိလိုက်ပေ။



ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်ပြီးသည့်အခါ ကျူးထုန်စားပွဲကိုရှင်းလင်းလိုက်ပြီးနောက် မသိစိတ်အလျောက် ရှောက်မင်ကိုလှည့်ကြည့်မိသွားခဲ့သည်။ 


လွန်ခဲ့သောနှစ်ရက်က ကျူးထုန်၏ခြေထောက်မှာ လမ်းလျှောက်သည့်အခါတိုင်း အဆင်မပြေဖြစ်နေခဲ့ပြီး သူကျောင်းမှထွက်ကာ လမ်းကူးချိန်တိုင်း ရှောက်မင်မှသူ့အား အမြဲတမ်းလိုလို အဖော်လုပ်ပေးခဲ့သည်။ သူက တစ်ခုခုပြောရန်လုပ်ပြီးမှ သူ့ခြေထောက်ကသက်သာသွားခဲ့ပြီဖြစ်ကြောင်း သတိရသွားခဲ့သည်။ 


သူ့နှလုံးသားထဲ၌ ရှင်းပြရခက်သောဆုံးရှုံးမှုတစ်ခုကိုခံစားလိုက်ရသည်။ 


သူနှုတ်ဆက်ပြီးသွားတော့မည့်အချိန်၌ သူ့ထိုင်ခုံဖော်ကလည်းထရပ်လာခဲ့သည်။ 


ရှောက်မင်က ဘောပင်အဖုံးကိုဖုံးကာ ဘောပင်အိတ်ထဲသို့ပြန်ထည့်လိုက်၏။ ထို့နောက် ကျူးထုန်ကိုကြည့်ကာပြောလာခဲ့လေသည်။ 


"ပြီးပြီလား၊ သွားကြမယ်လေ..." 


ကျူးထုန်: "ငါ့ခြေထောက်ကသက်...." 


ရှောက်မင်ကသူ့အား ကျွမ်းကျင်စွာဖြင့်ကူတွဲပေးလာပြီး ကျူးထုန်၏စကားကို လုံးဝလျစ်လျူရှုထားလေသည်။ 


"....." 


စက်ဘီးကိုစာသင်ဆောင်တွင် ရပ်ထားခြင်းဖြစ်သည်။ 


စက်ဘီးနောက်ခုံတွင်ထိုင်လိုက်သည့်အချိန်၌ ကျူးထုန်မှာ တဒင်္ဂမျှတွန့်ဆုတ်နေခဲ့သေးသည်။ ကျောင်းသွားရာလမ်းကိုကြည့်နေရင်း အလွန်ဝေးကွာနေသလိုခံစားလိုက်ရလေ၏။ ပြီးနောက် သူက သေချာထိုင်လိုက်လေသည်။ 


"ဒါဆိုလည်း ငါအရင်သွားနှင့်တော့မယ်..." 


လော့ရှိုးက သူတို့ကိုနှုတ်ဆက်ပြီး အဆောင်သွားသည့်လမ်းဘက်ကိုလှည့်သွားခဲ့သည်။ 


ရှောက်မင်ကခေါင်းညိတ်ပြသည်။ အဝတ်အစားများက သူ့ခါးပေါ်တွင်ကပ်နေသလိုပင်။ သူ့နှုတ်ခမ်းတို့က တိတ်တဆိတ်ကော့တက်သွားခဲ့သည်။ 


စက်ဘီးလေးမှာ ကျောင်းဂိတ်မှထွက်လာပြီး လမ်းတဖက်ကိုဖြတ်ကူးကာ ဦးလေးလျိုကားရပ်ထားသောလမ်းမဘေးသို့ နီးကပ်လာခဲ့၏။ ကျူးထုန်က ယခင်အတိုင်း သူ့လက်ကိုအရင်လွှတ်လိုက်ပြီး ခုန်ဆင်းရန်ပြင်ရင်း တီးတိုးပြောလိုက်လေ၏။ 


"ကျေးဇူး..." 


ကျေးဇူးတင်စကားပင် ပြီးအောင်မပြောရသေးမှီ လမ်းမဘေးသို့ရောက်သည်နှင့် စက်ဘီးလေးက အရှိန်ဖြင့်ဆွဲကွေ့ခံလိုက်ရသည်။ 


ကျူးထုန်မှာ ဟန်ချက်ပျက်သွားကာ ခဏတွင်းချင်းလက်ချောင်းများကို ခပ်တင်းတင်းဆုပ်လိုက်ရမည့်အစား ရှောက်မင်၏ခါးကိုကျစ်နေအောင်ဖက်ထားလိုက်မိသည်။ သူ့အသံတွင် စိတ်ရှုပ်ထွေးမှုများနှင့်ထိတ်လန့်မှုတို့ ရောနှောနေလေ၏။ 


"ဘယ်သွားမလို့လဲ..." 


ရောက်နေပြီကို။ 


သူ့ထက်အရပ်ပုသောလူငယ်လေး၏ဆုပ်ကိုင်မှုမှတဆင့် အနွေးဓာတ်လှိုင်းလေးက ပျံ့နှံ့လာပြီး ရှောက်မင်မှာ စိတ်လိုလက်ရပြုံးလိုက်မိသည်။ သူက ခေါင်းပင်မလှည့်တော့ဘဲ လူမိုက်အသံဖြင့်ပြောလိုက်လေသည်။ 


"ကိုယ်မင်းကို တစ်နေရာခေါ်သွားပေးမယ်..." 


ကျူးထုန်: "....." 


ဒါဆို ဘယ်သွားကြမှာလဲ။ 


စက်ဘီးက ရုတ်တရက် အရှိန်မြန်လာလေသည်။ ကျူးထုန်မှာ ရှောက်မင်၏ခါးကိုဆက်ကိုင်ထားရင်း သူ့ကိုယ်သူထိန်းထားရ၏။ သူ့ခေါင်းအားဘေးဘီကိုလှည့်ရင်း ဖြတ်သွားနေသောလူအုပ်ကြီးကိုလိုက်ကြည့်နေလိုက်သည်။ 


ဗြုန်းစားကြီး လမ်းကြောင်းပြောင်းသွားခြင်းက ကျူးထုန်ကိုတင်မက ကျူးထုန်ကိုရပ်စောင့်နေခဲ့သော ဦးလေးလျိုကိုပါကြောက်လန့်သွားစေခဲ့သည်မှာ အသိသာကြီးပင်။ သူ၏သခင်လေးက "ပြန်ပေးဆွဲခံလိုက်ရ" မှန်းသိလိုက်သည်နှင့် ဦးလေးလျိုက ကားထဲသို့ချက်ချင်းဝင်ကာ ကားဖြင့်အနောက်မှလိုက်လာလေသည်။

ရှောက်မင်မှာ တစ်ခုခုကိုသတိထားမိသွားပုံရပြီး ကားလုံးဝ ဝင်မရသည့်လမ်းကျဥ်းလေးထဲသို့ နင်းသွားလိုက်သည်။ 


ဦးလေးလျိုမှာ လမ်းကြားအဝင်ဝ၌ကားရပ်လိုက်၏။ ကားပြတင်းမှန်မှာ အောက်သို့ကျလာကာ ဦးလေးလျို၏ကြံရာမရဖြစ်စွာဖြင့် အော်ခေါ်နေသောမျက်နှာကပေါ်လာခဲ့လေသည်။ 


"သခင်လေး..." 


ကျူးထုန်မှာ ရှောက်မင် ဘာလုပ်ချင်နေမှန်းမသိသောကြောင့် ဦးလေးလျိုဘက်သို့လှည့်အော်လိုက်ရသည်။ 


"ရတယ်၊ ဦးလေးလျို၊ အရင်ပြန်နှင့်လိုက်..." 


ဦးလေးလျို: "....." 


ရှောက်မင်: "ဖွီး..." 


သူကား အရှေ့တွင်စက်ဘီးနင်းရင်းရယ်နေပြီးနောက် ပြောလိုက်လေသည်။ 


"ရတယ်ဆိုတာကို မင်းကဘယ်လိုသိတာလဲ၊ ကိုယ်မင်းကိုပြန်ပေးဆွဲပြီးရောင်းစားလိုက်မှာကို မကြောက်ဘူးလား..." 


ကျူးထုန်ကသူ့အားဖက်ထားရင်း ပြန်ဖြေလိုက်သည်။ 


"မင်းငါ့ကိုရောင်းစားမယ်ဆိုတာကတော့မဖြစ်နိုင်ဘူး၊ ငါ့ကို ဘယ်သူမှဝယ်နိုင်မှာမဟုတ်ဘူး..." 


ရှောက်မင်: "...." 


ခေတ္တမျှငြိမ်သွားပြီးနောက် ကျူးထုန်က အစောပိုင်းကမေးခွန်းကိုသာပြန်မေးလိုက်သည်။ 


"ဒီတော့ ငါတို့ ဘယ်သွားကြမှာလဲ..." 


ရှောက်မင်က နောက်ထပ်ကွေ့လိုက်ပြန်ကာ ပြန်မဖြေပေ။ 


"သေချာကိုင်ထားနော်၊ မကြာခင် ကိုယ်တို့သွားမယ့်နေရာရောက်တော့မယ်..." 


ပြောလိုက်သော်လည်း အမှန်အတိုင်းတော့မဟုတ်။ 


လှေကားတစ်ခု၏လက်ရမ်းအစွန်တွင် စက်ဘီးလေးက ထိုးရပ်သွားခဲ့သည်။ 


"ရောက်ပြီ..." 


"....." 


စက်ဘီးရပ်သွားသည့်အခါ ကျူးထုန်လည်း အနောက်ခုံမှဆင်းလိုက်လေသည်။ 


သူခြေချလိုက်သည်နှင့် မြို့ပြ၏အလင်းရောင်တို့ပုံရိပ်ထင်နေသော ကြည်လင်နေသည့်ရေကန်တစ်ကန်ကိုတွေ့လိုက်ရလေသည်။ မဝေးလှသည့်တစ်ဖက်ခြမ်းမှ တံတားတစ်စင်းကလည်း အပေါ်ယံရေမျက်နှာပြင်တွင် အရိပ်ထင်နေခဲ့၏။ အလင်းရောင်အစက်အပြောက်လေးများမှာ ဝေဝါးနေပြီး မျက်စိကျိန်းစေလေသည်။ ကြယ်ရောင်စုံကောင်းကင်ယံလိုပင်။ တည်ငြိမ်အေးချမ်းသော လှပမှုရှိသည်။


ကုန်းရွှေစီရင်စုမှာ တမြို့လုံးကိုဖြတ်ပြီးစီးဆင်းနေသော ကုန်းရွှေမြစ်ကိုစွဲကာ အမည်ပေးထားခဲ့ခြင်းဖြစ်လေ၏။ 


ကျူးထုန်မှာ ဤနေရာတွင်မြစ်ရှိနေမှန်းသိသော်လည်း တစ်ခါမှမရောက်ဖူးခဲ့ပေ။ ယနေ့တော့ ရှောက်မင်ကသူ့အား မြစ်ရှိသည့်နေရာသို့ခေါ်လာပေးခဲ့သည်။ 


သူကား ရှောက်မင်ဘက်သို့ခေါင်းလှည့်လိုက်ပြီး လှေကားလက်ရမ်းဘက်သို့ပြေးသွားလိုက်သည်။ လှေကားလက်ရမ်းအစွန်တွင်ရပ်ကြည့်လိုက်သည့်အခါ မြစ်၏ရှုခင်းကပို၍ပြတ်သားလာလေ၏။ 


ရေမျက်နှာပြင်ကား တလက်လက်တောက်ပနေပြီး မြစ်ကမ်းနံဘေးမှအလင်းရောင်ကြောင့် ပုံရိပ်တို့ကအလင်းပြန်နေခဲ့သည်။ ယင်းက ကမ္ဘာမြေ၏ အညစ်အကြေးများနှင့် အစွန်အထင်းတို့ကင်းစင်ရာ သီးခြားလောကတစ်ခုနှင့်ပင်တူနေသည်။ 


ကျူးထုန်မှာ အံ့အားသင့်နေရသည်။ 


ရှောက်မင်က စက်ဘီးကိုခပ်ဝေးဝေးတွင်ထားလိုက်ပြီး သူ့ထံသို့လျှောက်လာကာ ညင်သာစွာဖြင့်ဆိုလေသည်။ 


"မင်းကျောင်းပြောင်းလာခဲ့တာကြာပြီဆိုပေမယ့် စီရင်စုရဲ့ထင်ရှားတဲ့နေရာကို လာဖို့အချိန်မရှိခဲ့ဘူးလေ.." 


ကျူးထုန်ကသူ့ကိုကြည့်ကာ ခပ်တိုးတိုးပြောလိုက်လေသည်။ 

"မင်းဘယ်လိုသိ..." 


ရှောက်မင်၏စကားကမှန်သည်။ သူကား ကျောင်းတွင်သာပိတ်မိနေခဲ့ပြီး စာကျက်ရသည့်နေရာက သူ၏ဟိုတယ်ခန်းဖြစ်နေခဲ့သောကြောင့် ဤနေရာကိုတစ်ခါမှမလာခဲ့ဖူးပေ။ အရင်အပတ်က ရှောက်မင်၏နို့လက်ဖက်ရည်ဆိုင်ကိုသွားလည်ခြင်းတစ်ခုတည်းကသာ ချွင်းချက်ဖြစ်လေသည်။ 


ရှောက်မင်ကဆက်ပြောလာခဲ့၏။ 


"ကိုယ်တို့စီရင်စုကသေးပေမဲ့ ညရှုခင်းကတော့မဆိုးပါဘူး..." 


ကျူးထုန်က မြစ်အလယ်တွင် နီယွန်မီးများဝန်းရံနေသောမြစ်ပြင်ကျယ်ကြီးကိုကြည့်ကာ သဘောတူသလို ခေါင်းညိတ်ပြလိုက်မိသည်။ 



"ဟုတ်တယ်.." 



🤒