Chapter 35
Viewers 5k

🤒အခန်း ၃၅




သူ၏ပျော်ရွှင်နေမှုက စကားလုံးများနှင့်ပင်မလုံလောက်ပေ။ ရှောက်မင်က ကျူးထုန်ပြုံးနေသည်ကိုမြင်ပြီး သူ့နှလုံးသားလေးက တစ်နည်းနည်းဖြင့်လှုပ်ရှားသွားသလိုခံစားလိုက်ရသည်။ သူကား တိတ်ဆိတ်သောပတ်ဝန်းကျင်လေးကိုနှောင့်ယှက်မိမည်စိုးရိမ်သည့်အလား သူ့ဘက်သို့မှီလာကာ တိုးလျသည့်အသံဖြင့်ပြောလာလေ၏။ 


"ဒါက ကျွန်တော်မျိုးရဲ့တောင်းပန်မှုလေးပါ၊ သခင်လေးကျူး စိတ်ကျေနပ်ရဲ့လားဗျ..." 


ကျူးထုန်: "ဟမ်..." 


'ဘာကိုတောင်းပန်တာလဲ' 


ရှောက်မင်က အကြည့်ကိုသူ့ထံမှမခွာသေးပေ။ 

"မင်းကိုယ့်ကို ဒီတစ်ညလုံးစကားမပြောသေးဘူးလေ.." 


ကျူးထုန်မှာ မသိစိတ်အလျောက်ငြင်းလိုက်မိလေသည်။ 

"ငါကဘယ်လိုလုပ်...." 


သို့သော်လည်း အမှန်ပင်ဖြစ်နေသောကြောင့် ပြောနေရာမှရပ်လိုက်မိလေ၏။ တကယ်လည်း သူ့ဘက်မှ ရှောက်မင်ကို တစ်ညလုံးစကားမပြောဖြစ်ခဲ့ပေ။ 


"အဲဒါက...." 

ကျူးထုန်မှာ အကြောင်းပြချက်ကို ကြိုးစားပြီးရှာဖွေနေရရှာသည်။

"ဒီနေ့ည ငါ့မှာလုပ်စရာအိမ်စာတွေများနေလို့ပါ၊ အဲဒါကြောင့် ငါအတွေးများနေတာ.." 


ပြီးတော့ ဘာဆိုင်လို့တောင်းပန်ရတာလဲ။ 


ရှောက်မင်က နားလည်ရခက်သည့်မေးခွန်းကိုသာမေးလာခဲ့သည်။

"မင်းကိုယ့်ကိုဘာမေးခွန်းမှလည်းမမေးခဲ့ဘူးလေ.." 


"....." 


အဲဒါက ဘာလို့လဲဆိုတော့ အိမ်စာတွေက တစ်ပုဒ်မှမခက်လို့ပေါ့။ 


သူကား မျက်တောင်လေးခတ်ကာ အူတိအူကြောင်ဖြစ်နေရာမှ ရုတ်တရက်ခန့်မှန်းမိလိုက်သည်။ 

"မင်းက ငါမင်းကိုစိတ်ဆိုးနေတယ်လို့ထင်နေတာလား..." 


ရှောက်မင်က မျက်ခုံးပင့်ကာ သူ့ကိုပြန်ကြည့်နေလေ၏။ 


ကျူးထုန်က အဖြေကိုအတိအကျပေးလိုက်သည်။ 

"ငါစိတ်မဆိုးပါဘူး..." 


ရှောက်မင်: "မင်း...." 


"မင်းငါ့ကိုဘာပြောချင်နေတာလဲပဲ ငါမသိတာ..." 


"....." 


ကျူးထုန်မှာ ရှောက်မင်ကထိရှလွယ်နေသည်ဟုထင်လိုက်သည်။ နေ့လည်ခင်းတစ်ချိန်လေး စကားမပြောခဲ့မိသည်ကိုပင် သူ့အားသံသယဝင်နေလေပြီ။ သူကစိတ်ဆိုးနေသည်ဟုထင်ပြီး ချော့ချင်၍ မြစ်ကိုပင်ခေါ်လာခဲ့သေးသည်။ 


သူကား ခေါင်းကိုလှည့်ကာ ရှောက်မင်မျက်လုံးကိုတည့်တည့်ကြည့်လိုက်သည်။ သူ့အမူအရာက အနည်းငယ်ပိုကာလေးနက်လာခဲ့၏။ 


"ငါမင်းကို မကောင်းတာပြောမိရင် မင်းငါ့ကိုအထင်လွဲသွားမှာစိုးရိမ်နေခဲ့တာ၊ ဘာသဘောမှမဟုတ်ဘူး၊ မင်းကငါ့သူငယ်ချင်း၊ ငါမင်းကိုကာကွယ်ပေးချင်လို့ ယွမ်ရှောင်ကျိုးကို ပညာပေးခဲ့တာ၊ သူကငါ့ကိုလည်းရန်ရှာထားသေးတယ်လေ..." 


သူ ယွမ်ရှောင်ကျိုးကို ပညာပေးရန်လူငှားခဲ့စဥ်က နှစ်သက်မှုရာခိုင်နှုန်းတိုးသွားမည့်အပေါ်ကို မစဥ်းစားခဲ့မိပေ။ ထို့ကြောင့် အလွန်ယုံကြည်ချက်ရှိသည့်အသံဖြင့် ပြောခဲ့ခြင်းဖြစ်သည်။ သူမလိမ်ခဲ့ပေ။ 


ကျူးထုန်က ဆက်ပြောလိုက်သည်။ 


"မင်းကိုသဘောကျတဲ့သူတွေအများကြီးပဲဆိုတာ ငါသိပါတယ်၊ ပြီးတော့ မင်းအပေါ် မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချဥ်းကပ်လာတဲ့သူတွေလည်းရှိမှာပဲ၊ ဒါပေမဲ့ မင်းကိုကူညီနေတဲ့လူတိုင်းမှာ အဲလိုရည်ရွယ်ချက်ရှိတယ်လို့ မဆိုလိုဘူးလေ၊ မင်းအပေါ် ကို ရိုးရိုးသားသားချဥ်းကပ်လာတဲ့သူတွေလည်း ရှိလိမ့်မယ်၊ အဲဒါကြောင့် ယွမ်ရှောင်ကျိုးပြောသမျှတွေကိုခေါင်းထဲထည့်နေစရာမလိုဘူး..." 


ရှောက်မင်၏မျက်လုံးတို့မှာ ဖြည်းဖြည်းချင်းဝိုင်းစက်သွားခဲ့သည်။ 


ကျူးထုန်က စကားကိုခဏရပ်လိုက်သည်။ စကားပြောသည့်အသံထဲတွင် တွန့်ဆုတ်မှုတို့လွှမ်းခြုံထားလေ၏။ 


"မင်းငါပြောတာကို နားလည်လား..."


သူ့ကိုစိတ်ဆိုးနေသည်ဟုထင်ပြီး ကျူးထုန်ကို ဤနေရာခေါ်လာခဲ့သည့်ရှောက်မင်မှာ ငြိမ်ကျသွားတော့သည်။ တစ်မိနစ်ကြာသည်အထိ အတွေးနက်နေပြီးမှ သူ့နှုတ်ခမ်းထက်တွင် အပြုံးရေးရေးခန့်ပေါ်လာခဲ့၏။ သူက ကျူးထုန်နားရှိရာသို့ကပ်ကာ တိုးညင်းစွာဖြင့်ပြောလာခဲ့လေသည်။ 


"ဒါကို အရေးကြီးတယ်လို့ထင်လား၊ အနာဂတ်မှာ ကိုယ့်ဘဝက ပိုကောင်းလာမှာလား..." 


ကျူးထုန်က အခိုင်အမာယုံကြည်ထားသည့်အတိုင်း ခေါင်းညိတ်ပြလိုက်သည်။ 


"ဒါပေါ့..." 


ရှောက်မင်၏အဆုံးသတ်ကိုမသိရလျှင်ပင် ထိုသူ၏ လက်ရှိပညာအရည်အချင်းအရဆိုပါက အနာဂတ်တွင် ရှောက်မင်က အောင်မြင်မည်ကို သူသိထားလေ၏။ 


ရှောက်မင်က သူ၏ ယုံကြည်ချက်အပြည့်ဖြင့်မျက်လုံးများကိုကြည့်နေသော်လည်း ကျူးထုန် အခိုင်အမာယုံကြည်နေရသည့်အကြောင်းအရင်းကို မရှင်းပြတတ်ပေ။ 


ဤပုဂ္ဂိုလ်လေးက သူ့ထက်ပင်ပိုပြီး ယုံကြည်မှုရှိနေသေးသည်။ 


သူ ကျူးထုန်၏စကားများကို မငြင်းပယ်မိဘဲ ပြုံးလိုက်လေသည်။ 


"အင်းပါ၊ ကိုယ်နားလည်ပါပြီ..." 


ကျူးထုန်မှာ စိတ်ပေါ့ပါးသွားရသောကြောင့် သက်ပြင်းချလိုက်မိချေ၏။ 


'ဒါနဲ့၊ နောင်ကျရင် ရှောက်မင်ကငါ့ကိုမယုံလို့ဆိုပြီး မစမ်းသပ်သင့်တော့ဘူးမလား' သူကား ကိုယ့်အတွေးနှင့်ကိုယ်ပင် မြစ်ဘက်ကိုပြန်လှည့်ကြည့်လိုက်၏။ 


ကုန်းရွှေစီရင်စု၏ညရှုခင်းလေးက တကယ်ကိုလှပပါသည်။ 


ထိုအခိုက်မှာပင် ရှောက်မင်က တဖန်လှည့်လာပြန်သည်။ မျက်လုံးထဲတွင်မူ ကျီစယ်လိုမှုများဖြင့်ပြည့်နေလေ၏။ 


"အခုရော၊ မင်းကိုယ့်ကိုဘာပြောသင့်လဲဆိုတာသိလား၊ မင်းအခုထိကြောက်နေတုန်းပဲလား.." 


ကျူးထုန်: "...." 


ဒီလူက မတော်တဆ သူ့သေတွင်းကို သူဟာသူတူးမိသွားတာလား။ 


သူလည်း ဘာပြောရမှန်းမသိတော့ပေ။ 


သို့သော်လည်း ရှောက်မင်ကလှည့်သွားပြီး စက်ဘီးကို နောက်တစ်ခါဆွဲလှည့်လိုက်ပြန်သည်။ ကျူးထုန်ထံမှအဖြေကိုပင် မစောင့်နေတော့ပေ။ 


"ဟုတ်ပါပြီ၊ ကိုယ်မင်းကိုမစတော့ဘူး၊ အခုသွားရအောင်..." 


ကျူးထုန်က ပြန်မေးလိုက်လေ၏။ 

"အခုရော ငါတို့ဘယ်သွားဦးမှာလဲ.." 


"ကိုယ်ကမင်းကို မြစ်ကြည့်လို့ရအောင်ခေါ်လာပေးတာပါ၊ ဒီနားမှာ ခဏတဖြုတ်လည်း စက်ဘီးစီးရင်းပေါ့..." 


ကျူးထုန်၏မျက်လုံးများက တမဟုတ်ချင်း တောက်ပသွားခဲ့ပြီး လိမ်လိမ်မာမာဖြင့်ထိုင်ချလိုက်သည်။ 


ရှောက်မင်က သူငြိမ်အောင်ထိုင်ပြီးသည်အထိစောင့်နေကာ လှည့်သွားပြီးမေးလာလေသည်။ 


"မင်းအရင်ကရော မြစ်ကမ်းနားကိုရောက်ဖူးလား..." 


ကျူးထုန်ကခေါင်းယမ်းပြပြီးပြန်ဖြေသည်။ 


"မရောက်ဖူးဘူး၊ ငါအရင်က အပြင်ကိုသိပ်မထွက်ဖြစ်ဘူးလေ..." 


ရှောက်မင်က ကျူးထုန်၏ကျန်းမာရေးအခြေအနေကိုသတိရသွားသည်။ စက်ဘီးလက်ကိုင်မှလက်များပင်တင်းကျပ်သွားရပြီး သူ့အား ညင်သာစွာဖြင့်သတိပေးလာခဲ့၏။ 


"ဒါဆိုလည်း မင်း လေစိမ်းတိုက်တာမခံသင့်ဘူး၊ အဲဒါမှအအေးမမိမှာ..." 


ကျူးထုန်က လက်ခံသလိုခေါင်းညိတ်ပြပြီး ထိုင်ခုံဖက်လေး၏ခါးပေါ်မှ အင်္ကျီကိုဆွဲလိုက်သည်။ 


ညအချိန်ဆိုလျှင် မြစ်အနီးအနားမှလမ်းမပေါ်၌ ဖြတ်သွားသူအများအပြားမရှိပေ။ အေးချမ်းနေသည့်အချိန်လေးအတွင်း စက်ဘီးလေးတစ်စီးမှာ မြစ်ဘေး၌ ဖြည်းဖြည်းချင်းရွေ့နေခဲ့သည်။ 


ကြယ်ရောင်စုံသောညနှင့် ညနေခင်းလေအေးများကြားဝယ် လူငယ်လေးနှစ်ယောက်က ညရှုခင်းကို တိတ်ဆိတ်စွာဖြင့်ခံစားနေခဲ့ကြ၏။ ကျူးထုန်ကခေါင်းမော့ကာ သွားသည့်လမ်းလေးအတိုင်းကြည့်နေခဲ့သော်လည်း ညလေအေးက သူ့ခန္ဓာကိုယ်ကို အေးစိမ့်စေသလိုခံစားလာရသည်။ သူက ရှောက်မင်ကျောတွင် ခေါင်းကိုကပ်ထားရင်း ဤအခိုက်အတန့်လေးတွင် ရှောက်မင်က မှီခိုချင်စရာကောင်းသည်ဟုပင်  ခံစားလိုက်ရလေသည်။ 


စက်ဘီးလေးက လူနှစ်ယောက်ကို မြစ်တလျှောက်တင်ဆောင်လာခဲ့၏။ ကျူးထုန်၏ဟိုတယ်ကိုပြန်ပို့ပေးသည့်အခါ ရှောက်မင်ငှားနေသည့်အိမ်ကိုဖြတ်လာခဲ့ရသည်။ အရပ်ရှည်ရှည်နှင့်လူငယ်လေးက တစ်ချက်ခန့်နောက်လှည့်ကြည့်ပြီးနောက် အတွေးတစ်ခုဝင်လာခဲ့သည်။ 


'ကျူးထုန်ကို ပြန်ပြောင်းလာခိုင်းရင်ကောင်းမလား'


စက်ဘီးကား ဟိုတယ်၏လှေကားရင်းတွင် ရပ်သွားခဲ့သည်။ ကျူးထုန် စက်ဘီးအနောက်ခုံမှဆင်းလိုက်သည့်အခါ ခြေထောက်တို့က အနည်းငယ်တောင့်တင်းနေလေ၏။ ယင်းမှာ ပုံမှန်ထိုင်နေကျအတိုင်းထိုင်ရမည့်အစား ဟိုတယ်ပြန်ရောက်သည်အထိ ဘေးတစောင်းထိုင်လိုက်လာခဲ့မိသောကြောင့်ပင်။


ခြေထောက်ကို တွဲလောင်းချထားရန်မှာ အားအများအပြားမသုံးရသော်လည်း ထိုပုံစံအတိုင်း အချိန်အကြာကြီးထိန်းထားရသည့်အခါ ခြေချစရာနေရာမရှိသောကြောင့် သက်သောင့်သက်သာမဖြစ်တော့ပေ။


အချိန်ကြာလာသည်နှင့်အမျှ သူ့ခြေထောက်ထုံလာသည်မှာ ပုံမှန်ပင်။


ရှောက်မင်က တစ်ချက်ကြည့်ရုံဖြင့် သူ့အဖြစ်ကိုနားလည်သွားပြီး ပြုံးလိုက်လေသည်။ 


"သွားမယ်၊ ကိုယ်မင်းကိုလိုက်ပို့ပေးမယ်..."


ကျူးထုန်ကငြင်းလိုက်၏။ 

"မပို့နဲ့တော့၊ နောက်ကျနေပြီ..."


"သွားမယ်..."


ရှောက်မင်က လက်ကို သူ့ကျောပေါ်သို့ဖွဖွလေးတင်ကာ သူ့အားမှီထားစေလေသည်။


ကျူးထုန်: "....."


လမ်းမလျှောက်တတ်သည့်ကလေးတစ်ယောက်ကို စောင့်ရှောက်ပေးနေသလိုပင်။


ရွေးစရာမရှိတော့သည့်အဆုံး ကျူးထုန်မှာ ဟိုတယ်၏နားနေခန်းအထိ ရှောက်မင်လိုက်ပို့ပေးသည်ကိုခွင့်ပြုပေးလိုက်ရသည်။


ခန်းမကား တိတ်ဆိတ်နေလေသည်။ အရှေ့ခုံတွင်ထိုင်ကာအလုပ်လုပ်နေသော အမျိုးသမီးတစ်ယောက်မှလွဲ၍ မည်သူမှမရှိပေ။ ဓာတ်လှေကားပင် လူလွတ်နေခဲ့သည်။


သူတို့ကား ကျူးထုန်နေသည့်အထပ်အထိသွားခဲ့ကြ၏။ လျှောက်လမ်းမှာလည်းဆိတ်ငြိမ်နေပြီး အအေးဓာတ်အနည်းငယ်လွှမ်းခြုံထားကာ ခပ်မှိန်မှိန်အလင်းက နေရာအချို့ကိုသာ ကျရောက်နေလေသည်။ လူငယ်လေးနှစ်ယောက်၏ခြေသံက တိုးတစ်ခါကျယ်တစ်လှည့်ဖြင့် ပဲ့တင်ထပ်နေခဲ့၏။


စိတ်ခြောက်ချားစရာအခြေအနေမျိုးကို ဝါသနာထုံသူတစ်ယောက်သာဆိုပါက ဤနေရာတွင် သဘာဝလွန်ဖြစ်ရပ်တစ်ခုကို မုချမလွဲဖန်တီးနိုင်လိမ့်မည်။


ရှောက်မင်ကား တစ်စုံတစ်ခုက သူ့အသိစိတ်ကို လှမ်းပုတ်လိုက်သလိုခံစားလိုက်ရသည်။ သူက ခေါင်းငုံ့ကာ ကျူးထုန်ကိုကြည့်လိုက်၏။ 


"မင်း ဟိုတယ်မှာပဲနေနေတာလား..."


ကျူးထုန်မှာ လှေကားမှ အပေါ်တက်လာသည့်တလျှောက်လုံးလမ်းလျှောက်လာခဲ့ရသည်။ လက်ရှိတွင် သူ့ခြေထောက်နှင့်ခြေဖဝါးတို့ကိုလှုပ်ရှားပြီးသည့်နောက် အဆင်မပြေဖြစ်ခြင်းမျိုးမရှိတော့ပေ။


သူပြန်ဖြေလိုက်သည်။ 

"အတော်လေးအဆင်ပြေပါတယ်၊ ငါကနေရာနဲ့ပတ်သက်ရင် ဂျီးမများပါဘူး..."


လူနာခန်းတွင်တစ်နှစ်ပတ်လုံးနေခဲ့ရသည့် လူအနေဖြင့် သန့်ရှင်းသည့်နေရာဆိုလျှင် သူနေတတ်ပါသည်။


ရှောက်မင်: "...."


ဒါပေမဲ့ ငှားနေတဲ့အိမ်က ကျောင်းနဲ့နီးတယ်လေ။


သူကား ကျူးထုန်ကိုဖြောင်းဖျစည်းရုံးနိုင်မည့်အကြောင်းပြချက်တစ်ခုကို အမှတ်မထင်တွေ့ရှိသွားခဲ့ပြီး ပြောတော့မည့်အချိန်မှာပင် ဖုန်းမြည်သံတစ်သံက ကြားဖြတ်ဝင်လာခဲ့လေသည်။


"..."


ကျူးထုန်က ကတ်ကိုထုတ်ကာ တံခါးအားဖွင့်တော့မည့်အချိန်၌ အိတ်ကပ်ထဲရှိဖုန်းက ရုတ်ချည်းမြည်လာခဲ့သည်။ သူကား ဖုန်းကိုတစ်ချက်ကြည့်ကာ ရှောက်မင်ကိုအားနာသလိုကြည့်လိုက်ပြီး ခေါင်းငုံ့ကာ ဖုန်းဖြေလိုက်သည်။ 


"ဟယ်လို..."


"ကျူးထုန်လား၊ အတန်းပြီးသွားပြီလား..."


ကြည်လင်ပြတ်သားသော အမျိုးသမီးတစ်ယောက်၏အသံက ဖုန်းထဲမှပေါ်လာခဲ့သည်။ တိတ်ဆိတ်သောလျှောက်လမ်းပေါ်တွင်ဖြစ်နေ၍ ကျူးထုန်က ဖုန်းကိုစပီကာမဖွင့်ထားလျှင်ပင် ရှောက်မင်မှာ အတိုင်းသားကြားနေရလေသည်။


ကျူးထုန်ကပြန်ဖြေလိုက်၏။


တဖက်ကအသံက ပို၍ပင်ဝမ်းသာသွားသလိုပင်။ 


"မင်း အဒေါ်တို့မြို့ကိုပြောင်းလာတယ်လို့ကြားတယ်၊ အဒေါ်မင်းကို ဖုန်းခေါ်ချင်နေခဲ့တာကြာလှပြီ၊ ဒါပေမဲ့ မင်းအနားယူနေတာကို နှောင့်ယှက်မိမှာစိုးရိမ်လို့ မခေါ်ခဲ့တာ၊ အခုရော နေကောင်းသွားပြီလား၊ ဘယ်မှာနေလဲ၊ ကျောင်းအသစ်မှာရောပျော်ရဲ့လား၊ ပိတ်ရက်ရောက်ရင် အိမ်မှာထမင်းလာစားလေ၊ အဒေါ်မင်းအတွက် အရသာရှိတာတွေချက်ထားပေးမယ်..."


"....."


သူ့အဒေါ်က အသက်ပင်မရှူဘဲ မေးခွန်းများကိုသာတရစပ်မေးနေလေ၏။


ဖုန်းပြောနေသူမှာ ကျူးထုန်အမေ၏ဝမ်းကွဲတော်စပ်သူ။ အမေဘက်မှအဘိုး၏ ညီမဖြစ်သူသမီးပင်။


အမေဘက်မှအဘိုးတွင် သမီးအရင်းဟူ၍ သူ့အမေတစ်ယောက်တည်းသာရှိခဲ့သည်။ အခြားဆွေမျိုးများနှင့် မျိုးဆက်များလည်းရှိခဲ့လေ၏။ ထိုအထဲမှ အမေဖြစ်သူ၏ဝမ်းကွဲကသာ အတိတ်တွင် သူမနှင့်ဆက်ဆံရေးကောင်းခဲ့သူဖြစ်လေသည်။


သူမကို "ပြောင်းယီ" ဟုခေါ်ရလောက်သည်အထိ မရင်းနှီးသည့်အပြင် သူမအတွက်လည်း နားဝင်ဆိုးစေသောကြောင့် ကျူးထုန်ကသူမကို ကလေးအရွယ်တည်းက "ရှောင်းယီ" ဟုသာခေါ်ခဲ့လေသည်။


ကျူးထုန်မှာ သူမနှင့်စကားပြောရမည့်အဖြစ်ကို အကြောက်ဆုံးပင်။ သူမ၏ကြင်နာမှုနှင့် ပွင့်လင်းသောစိတ်အားထက်သန်မှုက သူ့အား အနိုင်ကျင့်နေသလို ခံစားရတတ်သည်။


သူကား တခဏမျှငြိမ်နေလိုက်ပြီးနောက် တောင့်တင်းနေသောအသံဖြင့်ပြောလိုက်ရလေသည်။ 


"မလိုတော့ပါဘူး အဒေါ်ရယ်၊ ပိတ်ရက်လည်း ကျွန်တော်အချိန်မရပါဘူး၊ အဲဒါကြောင့် အိမ်ကိုလာလည်ဖြစ်မှာမဟုတ်ဘူး၊ ကျွန်တော်အခုဟိုတယ်မှာနေတယ်၊ အားလုံးအဆင်ပြေ..."


"ဟိုတယ်မှာနေတယ် ဟုတ်လား၊ မင်းကဟိုတယ်မှာ ဘယ်လိုနေနိုင်မှာလဲ..." 

တဖက်က တဒင်္ဂမျှကြက်သေသေသွားခဲ့ကာ ဆက်ပြောလာလေသည်။ 

"ကျူးရှောင်ရှန်းက စီစဥ်ပေးထားတာလား၊ သူကအားကိုးရမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ၊ ဘယ်လိုတာဝန်မဲ့တဲ့အဖေမျိုးလဲ၊ ကျူးထုန်၊ ခဏနေဦး၊ အဒေါ်အဲဒီ ကလေကဝကိုဖုန်းခေါ်လိုက်မယ်..."


"မခေါ်နဲ့ အဒေါ်..." 

ကျူးထုန်မှာ ခဏတွင်းချင်း ခေါင်းကိုက်လာရပြီ။ သူ့မှာ သူမကိုအမြန်ဆုံးတားကာ ပြောလိုက်ရလေ၏။ 

"ကျွန်တော်ကပဲ ဟိုတယ်မှာနေချင်တာ၊ သူနဲ့မဆိုင်ပါဘူး..."


တစ်ဖက်မှ အမျိုးသမီးက စိတ်လျှော့လိုက်ပုံရသည်။ နှစ်စက္ကန့်ခန့်ကြာပြီးမှ သူမကပြန်မေးလာလေသည်။ 


"မင်း...မင်းကဟိုတယ်မှာဘယ်လိုလုပ်နေနိုင်တာလဲ၊ မင်းနေရတဲ့အခြေအနေကရော..."


ကျူးထုန်: "ဟိုတယ်က အရမ်းသန့်ရှင်းပြီး အဆင်ပြေပါတယ်၊ ကျောင်းနဲ့လည်းနီးတယ်..."


အဒေါ်: "....."


"ဒါဆိုရင်တော့ မင်းဟိုတယ်မှာနေလို့မဖြစ်တော့ဘူး.." 

သူမကားလက်မလျှော့သေးပါချေ။ 

"ကျောင်းနားက တိုက်ခန်းတစ်ခန်းကိုဝယ်လိုက်ပါလား..."


ကျူးထုန်: "....."


သူကား မောပန်းလာသလိုခံစားရသည်။ သို့သော်လည်း သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အခိုင်အမာရပ်တည်နေဆဲ။ 

"ကျွန်တော် တကယ်ကိုမလိုအပ်တာပါ၊ အဒေါ်ရယ်၊ အဒေါ့်ရဲ့ကြင်နာမှုအတွက်တော့ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဟိုတယ်ကအဆင်ပြေပါတယ်၊ ပြီးတော့ ကျွန်တော်လည်းဒီမြို့မှာအကြာကြီးနေမှာမဟုတ်ပါဘူး..."


အဒေါ်က နောက်တခေါက်ထပ်မေးလာသည်။ 

"အကြာကြီးမနေဘူးလား..."


"မနေဘူး၊ အလွန်ဆုံးတစ်နှစ်ပဲနေပြီး ပြန်မှာပါ..."


အင်း၊ ကျန်းကျန်းမာမာနဲ့ပြန်ရင်လည်းပြန်ရမယ်။ မဟုတ်ရင်လည်း အလောင်းအနေနဲ့ပြန်ရမှာပေါ့။ ဒီမှာ အကြာကြီးတော့ မနေရလောက်ပါဘူး။


သို့ဖြစ်၍ သူ့အတွက် အိမ်ဝယ်ရန်မလိုသလို တိုက်ခန်းဝယ်ရန်လည်းမလိုပေ။


ဘေးမှရှောက်မင်ကမူ ကော်ရစ်တာအစွန်ကိုမှီရင်း သူ့အရှေ့ရှိကျူးထုန်က လူကြီးတစ်ယောက်နှင့်အပြန်အလှန်ဖုန်းပြောနေသည်ကို ဖွဖွလေးပြုံးကာနားထောင်နေခဲ့သည်။ သို့သော် ကျူးထုန်၏နောက်ဆုံးပိုင်း၌ပြောလိုက်သောစကားကိုကြားလိုက်ရသည်နှင့် ထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်မိသည်။


ကျူးထုန်မှာမသိရှာဘဲ ဖုန်းထဲကလူကိုသာစကားဆက်ပြောနေခဲ့သည်။


အဒေါ်၏ သူ့အတွက်အိမ်ဝယ်မည့်အစီအစဥ်ကို ငြင်းဆန်ပြီးသည်နှင့် နှစ်ယောက်သားတခဏမျှစကားပြောခဲ့ကြကာ ဖုန်းချလိုက်ကြလေသည်။


ကျူးထုန်မှာ စိတ်ပေါ့သွားသလို သက်ပြင်းရှည်ကြီးချလိုက်သည်။


သူမော့ကြည့်လိုက်သည့်အခါ ရှောက်မင်ကသူ့အား ခန့်မှန်းရခက်သည့်မျက်နှာဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ သူကား စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်လေးခတ်ကာမေးလိုက်လေသည်။ 


"ဘာဖြစ်လို့လဲ..."


သို့ရာတွင် ရှောက်မင်ကပြန်မဖြေဘဲ သူ့ကိုသာကြည့်နေခဲ့သည်။


သူဟာသူတွေးမိသည်။

'ဒီလူက အနှေးနဲ့အမြန်ထွက်သွားတော့မှာကိုး'


၎င်းအပြင် ထိုသူက သူ့အချိန်နှင့်ပတ်သက်၍ အတိအကျသတ်မှတ်ထားခဲ့သည်။ သူထွက်သွားရမည့်အချိန်ကိုလည်းသိထားခဲ့သည်။ ယင်းကိုကြည့်လျှင် ထိုသူက ကုန်းရွှေစီရင်စုကို တစ်ခုခုရှာရန်ရောက်လာခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။


သို့ထိတိုင် အထူးချမှတ်ထားသောရည်ရွယ်ချက်မျိုးမရှိလျှင်ပင်..သူတို့ကား လမ်းခွဲရမည်ပင်။ အထက်တန်းကျောင်းပြီး၍ ကောလိပ်ဝင်ခွင့်ဖြေပြီးသည်နှင့် သူတို့ကား ကိုယ့်လမ်းကိုယ်လျှောက်ရပေမည်။


သူတို့ကား သီးခြားလမ်းကြောင်းကိုရွေးချယ်ရန် ကံကြမ္မာဖန်လာခဲ့သည်။


သူအခု ဘာလုပ်ရတော့မှာလဲ။


ရှောက်မင်က ရုတ်ချည်းပြုံးကာပြောလိုက်လေ၏။ 


"ဘာရယ်မဟုတ်ပါဘူး၊ မင်းကိုလိုက်ပို့ပေးပြီးပြီဆိုတော့ ကိုယ်လည်း...."


"သခင်လေး..."


"....."


ဦးလေးလျို၏ အမောဖောက်နေသည့်အသံက ကော်ရစ်တာအဝင်ဝမှ ထွက်ပေါ်လာလေ၏။



🤒