Chapter 36
Viewers 5k

🤒အခန်း ၃၆



"သခင်လေး..."


"....."


ဦးလေးလျို၏ အမောဖောက်နေသည့်အသံက ကော်ရစ်တာအဝင်ဝမှ ထွက်ပေါ်လာလေ၏။


သူတို့နှစ်ယောက်လုံး ပြိုင်တူလှည့်ကြည့်လိုက်ကြပြီး ဦးလေးလျို၏ တစ်ဒဿမရှစ်ငါးမီတာမြင့်သောအရပ်ကြီးက ခြေလှမ်းကျဲကြီးဖြင့် သူတို့ထံချဥ်းကပ်လာသည်ကိုတွေ့လိုက်ရသည်။ သူကား ကျူးထုန်အရှေ့တွင် တိုက်ရိုက်ဝင်ရပ်လိုက်ကာ အရှေ့မှ "ပြန်ပေးဆွဲသူ" ကိုသတိပေးသည့်မျက်လုံးဖြင့်ကြည့်လိုက်သည်။


"ပြန်ပေးဆွဲသူ" က အလွန်သတိရှိသည်။ ထိုသူက ကျူးထုန်ကိုကြည့်ကာပြောလိုက်လေ၏။ 


"အရင်သွားနှင့်တော့မယ်၊ မနက်ဖြန်မှနောက်တစ်ခါပြန်ပေးဆွဲမယ်နော်..."


ကျူးထုန်: "...."


ဦးလေးလျို၏မျက်လုံးတို့မှာ တမဟုတ်ချင်းပြူးကျယ်သွားကြကာ သူ့မျက်နှာပေါ်ရှိ ခက်ထန်မှုတို့မှာလည်း ပို၍ပိုကာသိသာလာလေသည်။


ကျူးထုန်က ရှောက်မင်ကို အထဲဝင်ရန်ဖိတ်ခေါ်ချင်သေးသည့်တိုင် နောက်ကျနေပြီဖြစ်၍ မမေးတော့ပေ။


ရှောက်မင် ဓာတ်လှေကားထဲဝင်သွားသည်ကိုကြည့်ပြီးမှ ကျူးထုန် အကြည့်လွှဲလိုက်သည်။ ထို့နောက် ဂိတ်စောင့်နတ်ဘုရားလို တောင့်တောင့်ကြီးရပ်နေသောအန်ကယ်လျိုထံ ပြန်ကြည့်လိုက်၏။


"ဦးလေးလျို ဘာလုပ်နေတာလဲ..."


အန်ကယ်လျိုက သူ့ကိုပြန်ကြည့်လာသည်။ တင်းမာနေသည့်မျက်နှာက ခဏတွင်းချင်းအက်ကွဲသွားလေ၏။ 


"သခင်လေး၊ ဘာလို့ဒီလောက် နောက်ကျတဲ့အထိအပြင်မှာလျှောက်သွားနေတာလဲ၊ တစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ..."


"ဘာမှမဖြစ်ပါဘူးဗျာ..."


ပြောပြီးမှ ကျူးထုန် ခဏလောက်တောင့်ဆတ်သွားလေသည်။


ဘယ်လိုလုပ်များ ဒီလိုတိကျတဲ့ ကောက်ချက်ကိုချလိုက်မိတာလဲ။


သူကား လွန်ခဲ့သောတစ်နှစ် ဆောင်းဦးနှောင်းပိုင်းက ညဘက်ကြီး အိမ်မှခိုးထွက်သွားခဲ့ဖူးသည်။ သူ့အိမ်ဖော်များကရှာတွေ့သွားသည့်အခါ သုံးရက်နှင့်သုံးညဆက်တိုက် အဖျားကြီးခဲ့ဖူး၏။ သို့သော် ယနေ့ မြစ်နားမှပြန်လာချိန်တွင် နေမကောင်းဖြစ်သည့်ပုံစံမရှိပေ။


ဆန့်ကျင်ဘက်အနေဖြင့် စိတ်ပေါ့ပါးပြီးပျော်ရွှင်နေမိသေးသည်။


ရှောက်မင်ကြောင့်များလား။


အခန်းထဲပြန်ရောက်သည့်အခါ ကျူးထုန် အရင်ဆုံး WeChat ကိုဖွင့်ကြည့်လိုက်သည်။


ရှောက်မင်က အခုလေးတင် မြစ်အနား၌စက်ဘီးစီးရန်သူ့အားခေါ်သွားချိန်တွင် သူကား မြစ်ကို ဗွီဒီယိုရိုက်ကာ ရှောင်းကျူးထံပို့ပေးလိုက်သည်။ သို့ရာတွင် ပြန်စာနှစ်ကြောင်းထပ်ရလာခဲ့၏။


ရှားပါးဖြစ်စဥ်ပင်။


သူ စာပို့သည့်နေရာကိုဖွင့်လိုက်သည်နှင့် ညီမဖြစ်သူ၏ပြန်စာကိုတွေ့လိုက်ရသည်။ သူကား ဖတ်နေရင်း ဖွဖွလေးပြုံးလိုက်မိလေသည်။


<ရှောင်းရှင်း>: နင်ဘယ်ရောက်နေတာလဲ၊ လေမတိုက်ဘူးလား။


<ရှောင်းရှင်း>: နောက်ကျနေပြီလေ၊ အိမ်အမြန်ပြန်တော့။


<ရှောင်းရှင်း>: အအေးမမိစေနဲ့ဦး။


သူမလည်းဦးလေးလျိုလိုပင် သူ့အားဂရုစိုက်ကြောင်းပြသနေခဲ့သည်။


တကယ်တော့ သူအပြင်တွင်နေချင်သေးသည်။ သို့မှသာ တချိန်လုံး အကျဥ်းထောင်ထဲတွင်ပိတ်မိနေသလို ရူးချင်နေသည့်ခံစားချက်ကိုမကြုံတွေ့ရမည်ဖြစ်လေ၏။


ကျူးထုန်ကား ခဏမျှရပ်သွားပြီး စာပြန်လိုက်လေသည်။ 

[ငါဟိုတယ်ပြန်ရောက်နေပါပြီ]


သူ ဗွီဒီယို နောက်တစ်ခါဖွင့်ကြည့်လိုက်သည်။ တချိန်တည်းမှာပင် "ပို့ရန်" ဆိုသည့်နေရာကိုနှိပ်ပြီး သူ့ဖုန်းနံပါတ်ထားသည့်နေရာတွင် မကြာသေးခင်က ထပ်တိုးလာသော ရှောက်မင်၏အမည်ကိုနှိပ်လိုက်၏။


ဟိုတယ်၏အောက်ထပ်တွင် ရှောက်မင်ကစက်ဘီးပေါ်တက်ရုံရှိသေးသည်။ ရုတ်တရက် သူ့ဖုန်းက နှစ်ကြိမ်ခန့်တုန်ခါလာလေ၏။ သူဖုန်းကိုထုတ်ကာဖွင့်ကြည့်လိုက်သည်။


ရင်းနှီးနေသောညရှုခင်းလေး။


ရင်းနှီးနေသောရှုထောင့်။


ဖြည်းညှင်းစွာဖြင့်ရွေ့လျားနေသောမြင်ကွင်းက သူကျူးထုန်ကိုတင်ကာ စက်ဘီးနင်းနေချိန် အနောက်မှထိုင်နေသူက ရိုက်ထားခြင်းဖြစ်လေသည်။ ဟန်ချက်ထိန်းနိုင်ရန် လက်တစ်ဖက်ကသူ့ခါးကို ခါတိုင်းထက်ပိုတင်းအောင်ဖက်ထားခဲ့သည်။


ဗွီဒီယိုရိုက်ရန် ဖုန်းကိုင်ထားရချိန်က ကျူးထုန်မျက်နှာပေါ်မှအမူအရာကိုမမြင်ခဲ့ရသော်လည်း သူ့ခါးပေါ်မှအနွေးဓာတ်လေးကိုမူ သူအမှတ်ရမိနေသေးသည်။


မကြာခင်မှာပင် ဖုန်းက နှစ်ကြိမ်တုန်ခါလာပြန်သည်။


ရှောက်မင်က ဗွီဒီယိုကိုဆက်မကြည့်တော့ဘဲ ဖုန်းမျက်နှာပြင်ကိုအောက်ဆွဲချကြည့်လိုက်သည်။


<ရှောင်ကျူး>: ကျေးဇူးပဲ။


<ရှောင်ကျူး>: ဒီနေ့ပျော်ခဲ့ရပါတယ်။


ရှောက်မင်: "..."


သူကား နှုတ်ခမ်းတို့ကိုကွေးညွတ်လိုက်ပြီး စာပြန်ရိုက်လိုက်လေသည်။


ကျူးထုန်က အမြန်ပင် စာပြန်လာပြီး သူကလည်း နားမလည်နိုင်လောက်အောင် စိတ်မရှည်ဖြစ်နေခဲ့ကာ ချက်ချင်းနီးပါးနှိပ်ကြည့်မိခဲ့၏။


<ရှောက်> : နောက်တစ်ခါသေချာကိုင်၊ ကင်မရာက အရမ်းလှုပ်လွန်းတယ်။ 


ကျူးထုန် ဆွံ့အသွားခဲ့သည်။ သူ့မှာ ဗွီဒီယိုကိုကြိုးစားပမ်းစားရိုက်ပြီး ယခုလို တွေ့ရခဲသည့်အလှတရားကို စိတ်အားထက်စွာဖြင့်မျှဝေပေးခဲ့သည်။


သို့ပါသော်လည်း ၎င်းအလှတရားက အရေးစိုက်ခြင်းမခံရပါချေ။


စနစ်မှ နှစ်သက်မှုရာခိုင်နှုန်းမှာ အနည်းငယ်တိုးလာပြီး ပြန်ကျသွားသည့်အဖြစ်ကို မည်သူမှသတိမထားမိလိုက်ကြပေ။ ထို့နောက် ၎င်းက နှစ်ဆယ့်ခုနစ်ရာခိုင်နှုန်းတွင်လုံးဝရပ်သွားခဲ့သည်။


ယခုလိုမျိုး လျှပ်တပြက်ပြောင်းလဲမှုမှာ နှစ်ကြိမ်ဖြစ်ခဲ့ပြီးပြီ။ စနစ်မှာ ဗိုင်းရပ်စ်အကိုက်ခံနေပြီလားဟုပင် ဇဝေဇဝါဖြစ်လာခဲ့၏။


လုံးဝတိုးလာမှ စနစ်က ကျူးထုန်ကိုအသိပေးလာလေသည်။


'ဂုဏ်ယူပါတယ်၊ လမင်းဖြူလေးဆီက နှစ်သက်မှုကို နှစ်ရာခိုင်နှုန်းရရှိသွားပါပြီ၊ လက်ရှိနှစ်သက်မှုရာခိုင်နှုန်းက နှစ်ဆယ့်ခုနစ်ရာခိုင်နှုန်းပါ'


နောက်တစ်ရက် ကျောင်းပြန်တက်သည့်အခါ စာသင်ခန်းကပုံမှန်အတိုင်းတက်ကြွနေဆဲပင်။


ကျူးထုန်မှာ အစက ယွမ်ရှောင်ကျိုးကို ရဲများကဖမ်းသွားပြီဟုထင်ခဲ့ပြီး ကျောင်းတွင် မကြာခဏကြားနေရသည့် အတင်းအဖျင်းများမှအပ မေ့လုနီးပါးဖြစ်နေခဲ့သည်။


တစ်ညအပြီးမှာတင် နောက်ဆက်တွဲများကပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။


"ယွမ်ရှောင်ကျိုးမတော်တဆဖြစ်တာကို မြင်ခဲ့တဲ့ သက်သေအသစ်တွေရှိတယ်လို့ငါကြားခဲ့ရတယ်၊ လွန်ခဲ့တဲ့နှစ်နှစ်က ကုန်းရွှေစီရင်စုကနေပြောင်းလာတဲ့မိန်းကလေးက ရုတ်တရက်ပြန်ရောက်လာပြီး ယွမ်ရှောင်ကျိုးကို လိင်အကြမ်းဖက်မှုနဲ့စွဲချက်တင်ချင်နေတယ်တဲ့၊ အမှုကျူးလွန်တုန်းက သူက ဆယ့်ခြောက်နှစ်ပဲရှိသေးတာတဲ့လေ၊ ဒီတစ်ခါတော့ ပြစ်ဒဏ်ကပိုပြင်းထန်လိမ့်မယ်၊ လူငယ်ထိန်းသိမ်းရေးစင်တာကိုအပို့ခံရတာနဲ့တင် ပြီးမှာမဟုတ်ဘူး..."


"ဘယ်သူလဲ၊ သူပြန်လာတာက တိုက်ဆိုင်လိုက်တာ၊ အဲဒီနောက်ကွယ်ကလူက မိန်းကလေးကိုပြောလိုက်တာများလား၊ ယွမ်ရှောင်ကျိုးကို ပြစ်မှုတွေအများကြီးနဲ့ပြစ်ဒဏ်ချချင်လို့လား၊ လှည့်ကွက်က အံ့အားသင့်စရာပဲ..."


"ဘယ်သူပဲဖြစ်ဖြစ် ယွမ်ရှောင်ကျိုးနဲ့တန်တယ်၊ သူလိုလူမျိုးအတွက်က အပြစ်ကြီးလေ ပိုကောင်းလေပဲ..."


အတန်းထဲတွင် ထိုအကြောင်းကိုအတင်းပြောနေကြစဥ် လူအများအပြားကသူ့ကိုကြည့်နေကြလေ၏။


ထိုင်ခုံဖက်ကသူ့အား သုံးကြိမ်မြောက်ကြည့်လာသည့်အခါ ကျူးထုန်မှာခေါင်းမော့ပြီး သက်သေပြလိုက်ရသည်။ 


"ဒီတစ်ခါ ငါမဟုတ်ဘူး..."


ရှောက်မင် ပြန်ပြောလိုက်၏။ 


"အေးပါ၊ သိပါတယ်..."


ကျူးထုန်: "...."


'အဲဒါဆို ဘာလို့ငါ့ကို ဒီလိုမျိုး စိုက်ကြည့်နေရတာလဲ'


ရှောက်မင်က သူ့အား နားလည်ရခက်သည့်အပြုံးမျိုးပြုံးပြလိုက်သည်။ 


"ကိုယ်မင်းကိုမေးချင်တာရှိလို့၊ ပိတ်ရက်မှာအစီအစဥ်ရှိလား..."


ပိတ်ရက်လား။


ကျူးထုန် စဥ်းစားကြည့်လိုက်သည်။ စီစဥ်ထားသည့်အရာမျိုးမရှိပေ။


သူတွေးနေသည်ကိုမြင်သည့်အခါ ရှောက်မင်ကထပ်ဖြည့်ပြောလိုက်သည်။ 


"ကိုယ် နောက်ဆုံးတစ်ခေါက်ကလုပ်ပေးတဲ့ နို့လက်ဖက်ရည်သောက်ချင်သေးလား..."


ထိုစကားက သူ၏အရသာခံအာရုံဖုလေးများကိုလှုံ့ဆော်ပေးခဲ့သော ချိုမြိန်ပြီးအရသာရှိသည့် သောက်စရာတစ်ခွက်ကို ချက်ချင်းသတိရမိသွားစေခဲ့သည်။ ကျူးထုန်၏မျက်လုံးလေးများက တောက်ပသွားရပြီး ပျော်ပျော်ကြီးခေါင်းညိတ်ပြလိုက်၏။ 


"သောက်ချင်တယ်.."


ရှောက်မင်: "ဒါဆို ပိတ်ရက်မှာလာသောက်လေ၊ ကိုယ့်ဆိုင်ကိုလာခဲ့၊ ဖျော်ပေးမယ်.."


လာခဲ့၊ ဖျော်ပေးမယ်တဲ့လား။


ဒါဆို နို့လက်ဖက်ရည်တစ်ခါသောက်ဖို့ အဲဒီကိုသွားရဦးမှာပေါ့။ ပိတ်ရက်မှာ တစ်နေရာကိုသွားမလို့များလား။


ကျူးထုန်မျက်နှာထက်တွင် ရွှင်လန်းမှုက အတိုင်းသားပေါ်လာခဲ့သည်။ သူကား ခေါင်းညိတ်ပြီးပြန်ဖြေလိုက်၏။ 


"အိုကေ..."


သူ၏ ပြုံးရွှင်နေသောမျက်နှာကြောင့် ရှောက်မင်မှာ အသာလေးနောက်ဆုတ်လိုက်ရသည်။ သူ လုံးဝပျော်ရွှင်သွားခဲ့သည့်တိုင် အပြစ်ရှိစိတ်အနည်းငယ်ကိုလည်းခံစားလိုက်ရ၏။


သူက သူဟာသူတွေးလိုက်မိသည်။ 

'ငါ ဒီသခင်လေးကို ပြန်ပေးဆွဲလို့ရသေးတယ်'


သို့တစေ ချက်ချင်းပင် သဘောပေါက်သွားခဲ့၏။ 

'အင်း၊ ငါပြန်ပေးဆွဲလိုက်ရင်ရတာပဲ'


ပိတ်ရက်တွင် ကျောင်း၌တစ်ယောက်တည်းနေရခြင်းက ထိုသခင်လေးအတွက် အနည်းငယ်သနားစရာကောင်းလှသည်။


ပိတ်ရက်၏နံနက်အစောပိုင်းတွင် ကျောင်းသားအချို့က အင်တာနက်ကဖေးသို့ အပြေးသွားနိုင်ရန် လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီး အချို့ကျောင်းသားများကမူ အဆောင်တွင် အိပ်ကောင်းနေကြဆဲရှိလေသည်။


ကျူးထုန်တွင် နေမြင့်သည်အထိ အိပ်ရာထဲတွင်နေသည့်အလေ့အကျင့်မရှိသလို ရှောက်မင်သည်လည်း အတူတူပင်။


သူက အိပ်ရာမှစောစောထပြီးနောက် တရုတ်စကားပြေနှစ်ပုဒ်ကို အလွတ်ကျက်လိုက်သည်။ ရှစ်နာရီတွင် ဦးလေးလျို၏ ဝမ်းနည်းနေသောမျက်လုံးများအောက်၌ပင် ကျူးထုန်တစ်ယောက် ရှောက်မင်၏စက်ဘီးအနောက်ခုံတွင် ထိုင်လိုက်သွားတော့သည်။


နို့လက်ဖက်ရည်ဆိုင်၏ မနက်ပိုင်းမှာ နေ့လည်လောက် အလုပ်မများပေ။ ယခင်ကလာခဲ့သည့်အချိန်ထက်စာလျှင် ယနေ့တွင် အနည်းငယ်တိတ်ဆိတ်နေလေသည်။


နို့လက်ဖက်ရည်ဆိုင်ထဲတွင် ရှောက်မင်၏အမေက ကောင်တာအနောက်တွင်ထိုင်ကာ ကောင်တာကိုစိတ်ပါလက်ပါသုတ်နေလေသည်။


ကောင်တာအရှေ့တွင် ဆုံလည်ကုလားထိုင်တစ်လုံးချထားသည်။ အမျိုးသမီးတစ်ယောက်က လက်ထဲတွင်ဖရုံစေ့အပြည့်ကိုင်ကာ ၎င်းပေါ်တွင်ထိုင်နေပြီး သန့်ရှင်းနေသောကြမ်းပြင်ပေါ်သို့ ဖရုံစေ့အခွံများကိုထွေးထုတ်နေလေ၏။


အမျိုးသမီးကား ဝါးနေရင်းပင် ဆုံးမစကားပြောနေခဲ့သည်။ 


"ယွိကျယ်၊ နင့်အစ်မစကားကိုနားထောင်စမ်းပါ၊ နင်ပိုင်တဲ့ ဒီနို့လက်ဖက်ရည်ဆိုင်က ဘယ်နှနှစ်လည်ပတ်နိုင်မှာမို့လို့လဲ၊ ငါနင့်ကိုမိတ်ဆက်ပေးထားတဲ့လူက ကုမ္ပဏီကြီးတစ်ခုက သူဌေးနော်၊ တစ်နှစ်ကို ယွမ်သန်းနဲ့ချီပြီးရနေတာ၊ နို့လက်ဖက်ရည်ဆိုင်မှာ တောင့်ခံနေတာထက် သူ့ကိုလက်ထပ်လိုက်တာပိုမကောင်းဘူးလား..."


ရှောက်ယွိကျယ်၊ က မော့ကြည့်လာပြီး ရှက်နေသည့်ပုံစံဖြင့်ပြောလာခဲ့သည်။


 "အစ်မ၊ ကြမ်းပြင်ပေါ်ကို ဖရုံစေ့တွေမပစ်နဲ့တော့လေ၊ ကျွန်မက...."


"အခုအချိန်မှာ ဝယ်သူတွေလည်းမလာပါဘူး၊ နောက်မှရှင်းလို့မရဘူးလား၊ ကြည့်လေ၊ နင့်ရဲ့ဆိုင်တံခါးဝကနေ ဝင်လာရဲတဲ့သူမှမရှိတာ..."


"....."


ရှောက်ယွိဟန်က သူ့ညီမလေးကိုကြည့်ကာ စိတ်တိုင်းမကျဖြစ်သွားလေသည်။ 


"နင်ငါပြောတာကိုကြားရဲ့လား၊ နင်ဒီနှစ်မှ သုံးဆယ့်ငါးနှစ်ရှိသေးတာ၊ နင့်သားပဲဒီအရွယ်ရောက်နေပြီ၊ နင့်အသက်အရွယ်နဲ့ ကလေးတစ်ယောက်ရှိနေတော့ ဘယ်သူမှကြိုက်မှာမဟုတ်ဘူး၊ အဲဲဒါကလွဲပြီး နင့်မှာဘာပြစ်ချက်ရှိလို့လဲ..."


ရှောက်ယွိကျယ်က မျက်မှောင်ကြုတ်ကာဆိုလာလေသည်။ 


"သူက အသက်ငါးဆယ်ကျော်ပြီ၊ ပြီးတော့လည်း အိမ်ထောင်ရှိနေတာကို..."


"အိမ်ထောင်ရှိတော့ ဘာဖြစ်လဲ...နင်သာသူ့ကိုလက်ထပ်ရင် သူ့မိန်းမကိုချက်ချင်းကွာရှင်းပေးလို့ရတယ်လို့ ငါ့ကိုပြောထားတယ်၊ ပြီးတော့ အသက်ငါးဆယ်ကျော်တော့ဘာဖြစ်လဲ၊ နင် ချိုးရှောက်ပင်းကိုလက်ထပ်တော့ သူ့အသက်ကလေးဆယ်လေ၊ အခုသူလည်း ငါးဆယ်ဖြစ်နေပြီ၊ အဲဒီတုန်းကလည်း နင်သူ့ကိုလက်ထပ်ခဲ့တာပဲမလား၊ အခုမှ လေကြီးလေကျယ်တွေပြောနေရတယ်လို့..."


"....."


ရှောက်ယွိကျယ်က လုပ်လက်စအလုပ်ကို ရပ်လိုက်သည်။ စိတ်ပိုင်းဖြတ်ထားပြီးသလို သူ့မျက်နှာကအေးစက်နေ၏။ 


"ပိုက်ဆံကြောင့်နဲ့တော့ ကျွန်မသူ့ကိုလက်ထပ်မှာမဟုတ်ဘူး၊ အစ်မသွားလို့ရပြီ.."


"နင်..."


မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသည့်အခါ ရှောက်ယွိဟန်က ဖရုံစေ့စားနေသည်ကိုချက်ချင်းရပ်လိုက်သည်။ သူမဘက်က လျှော့ပြီး ပြောလိုက်လေ၏။


 "အေးပါ၊ အေးပါ၊ ငါပြောတာမှားသွားပါတယ်၊ ဒီလိုမျိုးစဥ်းစားကြည့်လေ၊ ရှောက်မင်ကိုလည်းထည့်တွေးချေ၊ အခု နင့်ဆိုင်က စစ်ဆေးခံနေရတာ၊ တစ်ယောက်ယောက်ကနင့်ကို အငြိုးထားနေတာအသိသာကြီးပဲလေ၊ နင့်ကိုပစ်မှတ်ထားနေတဲ့လူက ရှောက်မင်ကိုထိခိုက်အောင်မလုပ်ပါဘူးလို့ နင်အာမခံနိုင်လို့လား..."


ရှောက်ယွိကျယ်မျက်နှာက ချက်ချင်းပြောင်းသွားခဲ့၏။


သူမစကားက အရှိုက်ထိသွားမှန်းသိလိုက်သည်နှင့် ရှောက်ယွိဟန်က ဆက်ပြောလိုက်သည်။ 


"နင်က စင်ဂယ်မားသားတစ်ယောက်လေ၊ ရှောက်မင် တော်တာကိုခဏထားလိုက်၊ လူဝင်ဆံ့တဲ့ကလေးတွေနဲ့တော့ ယှဥ်နိုင်မလား၊ ဟုတ်ပါတယ် သူကအဆင့်တွေတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အခုကဘာအသုံးဝင်လို့လဲ၊ နောင်ကျရင် သူကနင့်ကို ချမ်းသာအောင်ထားပေးမယ်လို့ မျှော်လင့်နေတုန်းပဲလား၊ ငါပြောတာကိုနားထောင်စမ်းပါ၊ သူဌေးဝူရဲ့မိသားစုထဲကိုဝင်လိုက်တာက နင်ကောင်းဖို့အတွက်နော်၊ သူဌေး 'ကတော်' ဖြစ်ရတာထက် ကောင်းတာရှိသေးလား..."


"ပြောလို့ပြီးပြီလား..." 

ရှောက်ယွိကျယ် ဆက်ပြီးသည်းမခံနိုင်တော့ပေ။ ခေါင်းမော့ကာ သူမအစ်မကို လေသံမာမာဖြင့်တုံ့ပြန်လိုက်သည်။


 "ဒီလောက်နဲ့ပဲ ကျေးဇူးပြုပြီးသွားပါတော့၊ ကျွန်မဆိုင်ဖွင့်ရဦးမယ်..."


"....."


သူမ၏ချော့တစ်ခါခြောက်တလှည့် စည်းရုံးမှုက ရှောက်ယွိဟန်ကို စိတ်ရှုပ်စေရုံမှလွဲပြီး ဘာမှဖြစ်မလာနိုင်သည်မှာ သေချာသွားရသည်။ သူမ ဒေါသထွက်လာပြီး မတ်တတ်ရပ်၍ á€…á€á€„á€şá€„á€ąá€Ťá€€á€şá€„á€™á€şá€¸á€œá€ąá€á€ąá€Źá€ˇáá‹ 


"ရှောက်ယွိကျယ်၊ ငါကနင့်ကိုစေတနာနဲ့ပြောတာဟဲ့၊ ငါကနင့်အစ်မ၊ နင့်အတွက်တွေးပေးနေတာ၊ နင်အခု နို့လက်ဖက်ရည်ဆိုင်ကို ဆက်ဖွင့်နေလို့မရဘူး၊ နင်လက်မထပ်ရင် ဘာလုပ်နိုင်မှာလဲ၊ သူဌေးဝူက အရမ်းချမ်းသာနေလို့ နင့်အတွက်ကောင်းသွားတာ၊ နင်အရင်ဘဝက ကောင်းတာတွေလုပ်ခဲ့လို့ သူ့လိုလူကောင်းနဲ့တွေ့ရတာဟဲ့၊ ဒီလိုအခွင့်အရေးကောင်းကိုမှကန်ထုတ်နေတဲ့နင့်အစားငါရှက်တယ်..."


"သူက ဒီလောက်ကောင်းတဲ့သူဆိုမှတော့ အဒေါ်ပဲလက်ထပ်လိုက်ပါလား..."


အသံလွင်လွင်လေးက နို့လက်ဖက်ရည်ဆိုင်တံခါးမှထွက်လာခဲ့လေသည်။





🤒