Chapter 37
Viewers 5k

🤒အခန်း ၃၇



ရှောက်ယွိဟန်၏ လူထသတ်တော့မည့်မျက်နှာက ရုတ်ချည်းအေးခဲသွားလေသည်။ သူမဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်သည့်အခါ တံခါးအားတွန်းဖွင့်ကာဝင်လာသောကောင်လေးတစ်ယောက်ကိုမြင်လိုက်ရသည်။ သူမမျက်နှာက လျှပ်စီးအလျင်ဖြင့်ဖြူဖျော့သွားရလေ၏။


သူမ တဖက်လှည့်လိုက်သည့်အခါ ရှောက်ယွိကျယ်ကလည်း ငိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူမ၏ရင်ဘတ်က အကြိမ်ရေအနည်းငယ်ခန့်မြင့်လိုက်နိမ့်လိုက်ဖြစ်နေခဲ့ပြီး မျက်မှောင်ကြုတ်ကာ အသံတိုးတိုးဖြင့်ပြောလာခဲ့လေသည်။ 


"ငါ့စကားကိုစဥ်းစားထားဦးနော်၊ အခုတော့ ငါသွားပြီ..."


ပြောပြီးသည်နှင့် သူမမှာ အလျင်စလိုထရပ်လိုက်သောကြောင့် ထိုင်ခုံပေါ်မှပြုတ်ကျတော့မလိုပင်ဖြစ်သွားခဲ့ရသေးသည်။ ထို့နောက် ချက်ချင်းထွက်သွားရန်ပြင်၏။


သို့ရာတွင် တံခါးမှလူက သူမကိုမလွှတ်ပေးပေ။


ရှောက်မင်ကသူမကို ခြိမ်းခြောက်နေသောမျက်လုံးမျိုးဖြင့်ကြည့်လိုက်သည်။ 


"အဒေါ်က အဝေးကြီးကနေလာရတော့ ခက်ခဲမှာပေါ့၊ ဘာလို့ ပြန်ဖို့လောနေတာလဲ..."


ရှောက်ယွိဟန်က တောင့်တင်းနေသည့်မျက်နှာဖြင့်ပြန်ဖြေလိုက်၏။ 


"ငါအရေးတကြီးလုပ်စရာရှိသေးလို့ပါ..."


"ပြန်ဖို့လောနေတာက ဦးလေးတစ်ယောက် ငွေအလွဲသုံးစားလုပ်ထားတာတွေကို ကုမ္ပဏီရန်ပုံငွေနဲ့ပြန်ဖြည့်ပြီး အပေါက်ဖာမလို့လား..."


ရှောက်မင်၏ ပေါ့ပြက်ပြက်စကားကြောင့် ရှောက်ယွိဟန်မှာ တခဏမျှ စိတ်လှုပ်ရှားသွားခဲ့သည်။ သူမ အချိန်အတန်ကြာအောင် အသက်မရှူမိတော့ဘဲ မျက်နှာကတင်းမာလာလေတော့သည်။ 


"ဘယ်လိုအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ..."


ရှောက်မင်က အောင်နိုင်သူပမာပြုံးကာ ပြန်မေးလိုက်ပြန်၏။ 


"အဲဒီ့လူရဲ့ စည်းရုံးရေးသမားအနေနဲ့ နှိုင်းယှဥ်ရရင် ကျွန်တော်ပြောတာက အဓိပ္ပါယ်မရှိဘူးလား၊ ဒီနေ့ ကျွန်တော့်အမေကို အဲဒီလိုစကားပြောဖို့ ဘယ်လောက်တောင်ရထားတာလဲ..."


"မင်း..."


ရှောက်ယွိဟန်၏မျက်နှာက အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပြောင်းလဲသွားခဲ့သော်လည်း ရှောက်မင်၏ ပြုံးယောင်သန်းနေသောမျက်လုံးများနှင့်ဆုံလိုက်ရသည့်အခါ ဘာကိုမှမပြောနိုင်တော့ပေ။


ရှောက်မင်ကို အထက်တန်းကျောင်းသားလေးဟု မြင်ယောင်ကြည့်ရန်မှာ ခက်ခဲလှသည်။


သူကဘယ်လိုလုပ် အိမ်တွင်းရေးတွေကိုသိနေရတာလဲ။


ရှောက်ယွိဟန်မှာ မမေးရဲ။ ခေါင်းငုံ့ပြီး ခက်ထန်လှသည့်အသံဖြင့်ပြောလိုက်လေသည်။ 

"ငါ့ရှေ့ကဖယ်စမ်း..."


ရှောက်မင်ကတုတ်တုတ်ပင်မလှုပ်ဘဲ သူမကို ရန်စနေသည်မှာ သိသာနေသည်။


ရှောက်ယွိဟန်က စိတ်တိုတိုဖြင့်ပြောလိုက်လေ၏။ 

"ရှောက်မင်၊ ငါက မင်းအဒေါ်နော်..."


"အဒေါ်တဲ့လား.." 

ရှောက်မင်က အံ့အားသင့်သွားသလိုမျက်နှာမျိုးလုပ်ပြလိုက်သည်။ သူကား မတိုင်ခင်ကအတိုင်း အေးဆေးစွာဖြင့်ပြောလိုက်လေသည်။ 


"လွန်ခဲ့တဲ့နှစ်နည်းနည်းက ပြောခဲ့တဲ့စကားတွေကိုမေ့သွားပြီလား၊ အဒေါ့်မှတ်ဉာဏ်ကသိပ်မကောင်းတော့ဘူးပဲ၊ အချိန်ရရင် ဦးလေးကို ဆေးရုံခေါ်သွားခိုင်းပြီး အဒေါ့်ဦးနှောက်ကိုစစ်ဆေးကြည့်ပါလား..."


"မင်း..."


ရှောက်ယွိဟန်မျက်နှာက ပုပ်သိုးသွားခဲ့သည်။


လွန်ခဲ့သောနှစ်အနည်းငယ်က ရှောက်ယွိကျယ်မှာ အိမ်တွင်းအကြမ်းဖက်မှုကိုခံစားခဲ့ရပြီး ရှောက်မင်ကို သူမအစ်မထံပို့ပေးခဲ့သည်။ ထိုအချိန်က ရှောက်ယွိဟန်မှာ သူမညီမ၏ဘဝကိုသိနေခဲ့၏။ သို့သော် သူမထံကို "မီးပွား" ကူးလာမည့်အဖြစ်ကိုစိုးရိမ်သောကြောင့် သူ့ကိုအတွေ့မခံခဲ့ပေ။ ကူညီရမည့်အစား ချိုးရှောက်ပင်း၏ဘားကိုတိုက်ရိုက်သွားပြီး ခြိမ်းခြောက်ခဲ့သည်။ ယခုလို လင်ကောင်မပေါ်သည့်ကလေးကိုမွေးခဲ့သောညီမမျိုး သူမထံတွင်မရှိကြောင်း ဆဲဆိုခဲ့ဖူး၏။


ရှောက်မင်အနောက်မှ ဆိုင်ထဲလိုက်ဝင်လာသည့် ကျူးထုန်ပင် သူ့အရှေ့မှမြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။


အတိတ်ကဖြစ်ခဲ့သမျှကို သူမသိသော်လည်း ပြောလိုက်သည့်စကားကိုမူ ကြားလိုက်ရသည်။


ဤအမျိုးသမီးက ရှောက်မင်၏အဒေါ်၊ ရှောက်မင်အမေ၏ အစ်မပင်။ သွေးသားတော်စပ်တာကိုခဏထား၊ သူက ရှောက်ယွိကျယ်ကို ငါးဆယ်အရွယ် ယောကျ်ားတစ်ယောက်နဲ့လက်ထပ်စေချင်နေတာလား။


'ဒါက လူတစ်ယောက်လုပ်ရမယ့်ကိစ္စလား'


ရှောက်ယွိဟန်မှာ ရှောက်မင်ထံမှ အရှက်ခွဲခံလိုက်ရလေသည်။ သူမမှာပြန်လည်းမပြောနိုင်သလို ရှောက်မင်တစ်ယောက်တည်းကိုပဲမတိုက်ခိုက်နိုင်တော့ပေ။ သူမကား ရှောက်ယွိကျဲဘက်သို့လှည့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်လေ၏။ 


"ဒါက နင့်ရဲ့ ပြောစကားနားထောင်တဲ့သားလိမ္မာလေးပေါ့လေ၊ ဘာအသိပညာမှမရှိဘူး၊ လူကြီးကိုလည်း ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်းပြောတတ်တာပဲလား၊ ယဥ်ကျေးမှုကိုမရှိဘူး..."


"အသိပညာမရှိဘူး ဟုတ်လား၊ ဘယ်သူ့ကိုလာပြီး အသိပညာမရှိဘူးလို့ပြောနေတာလဲ၊ အဒေါ်ကမှ ပြည့်တန်ဆာခေါင်းမဟုတ်ဘူးလား..." 

ရှောက်မင်၏အနောက်မှ အနည်းငယ်အေးစက်နေသောအသံတစ်သံထွက်လာသည်။ သူ့အသံထဲတွင် ထေ့ငေါ့နေသည့်အရိပ်အယောင်မျိုးပါနေ၏။


ဖြေရှင်းရခက်သည့်မိသားစုအရေးဖြစ်နေသောကြောင့် ကျူးထုန်မှာ အစက ဝင်မပါရဲခဲ့ပေ။ ထို့ကြောင့်ပင် နို့လက်ဖက်ရည်ဆိုင်ထဲရှိလူများက သူ့ကိုသတိမထားမိခဲ့ကြခြင်းဖြစ်သည်။


သူအသံက ရုတ်တရက်ထွက်လာသည့်အခါ ရှောက်မင်က ဖြည်းဖြည်းချင်းလှည့်ကြည့်လာသည်။


ကျူးထုန်က အမျိုးသမီးနှစ်ယောက်ကို သူရှိနေသည့်အကြောင်း ဖော်ထုတ်လိုက်၏။ သူကား သူမကို ပျစ်ပျစ်နှစ်နှစ်အကဲခတ်နေသလို စိုက်ကြည့်နေလေသည်။ 


"ပညာတတ်တွေကပဲ တခြားသူတွေ ပညာတတ်မတတ်ကို အကဲခတ်ဝေဖန်နိုင်တာ၊ ခင်ဗျားက ပညာတတ်လား..."


"...."


ရှောက်ယွိဟန်က ယခုလေးတင်ထွက်လာသည့်လူငယ်လေးကိုကြည့်လိုက်သည်။


ထိုသူက ရှောက်မင်နှင့်ယှဥ်လျှင် ပို၍ပိန်ပြီးခန္ဓာကိုယ်လည်းသေးသည်။ စကားကို ကျယ်ကျယ်မပြောသည့်တိုင် အားမရှိသည့်ပုံစံမဟုတ်ပေ။ သို့သော်ငြား အဆင့်အတန်းရှိသည့်စရိုက်လက္ခဏာတို့က ရိုးတွင်းခြင်ဆီအတွင်းထဲတွင် နစ်မြုပ်နေသည်။


လူတစ်ယောက်က သူ့အရှေ့တွင်ရပ်လိုက်ရုံနှင့် ၎င်းကိုခံစားသိရှိနိုင်၏။


သူယခုလေးတင်ပြောလိုက်သည့်စကားကြောင့် ရှောက်ယွိဟန်၏မျက်နှာက အကျည်းတန်သွားလေသည်။ 

"မင်း..မင်းဘယ်သူလဲ..."


ကျူးထုန်: "ခင်ဗျားထက်ပိုပြီး ပညာတတ်တဲ့လူ..."


"....."


ရှောက်မင်မှာ ကျိတ်ရယ်မိသွားလေသည်။ ကောင်တာအနောက်တွင်ရပ်နေသော ရှောက်ယွိကျယ်ပင် သူမအပြုံးကိုမထိန်းထားနိုင်ခဲ့ပေ။


ရှောက်ယွိဟန်မျက်နှာက ဖြူလိုက်ပြာလိုက်ဖြစ်နေရာမှ အရှက်ရခြင်းနှင့်ဒေါသတို့ကြောင့် နီရဲလာခဲ့သည်။ သူမကား အံကြိတ်ထားရုံသာတတ်နိုင်လေ၏။ 


"မင်း...မင်း..."


သူမ ထပ်ပြီးသည်းမခံနိုင်တော့ဘဲ ရှောက်မင်ကိုသာ ဒေါသတကြီးပြောလိုက်တော့သည်။ 


"ငါ့ရှေ့ကနေဖယ်စမ်း၊ ငါ့ကို ဖမ်းထားမလို့လား..."


ရှောက်မင် စကားပြောတော့မည့်အချိန် ရှောက်ယွိကျဲကဦးအောင်ပြောလိုက်သည်။ 

"ရှောက်မင်၊ သူ့ကိုပေးသွားလိုက်..."


"...."


"အပြင်လူ" ဖြစ်နေသော ကျူးထုန်ကြောင့်ဖြစ်လိမ့်မည်။ ရှောက်ယွိကျယ်မှာ မိသားစုတွင်း "အကျည်းတန်မှု" တို့ကို သူ့အားမမြင်စေချင်ပေ။


ရှောက်မင်က ရှောက်ယွိကျယ်ကိုတစ်ချက်ကြည့်လိုက်သေးသော်လည်း မလှုပ်ပေ။ ရှောက်ယွိဟန်ကို မေးငေါ့ပြပြီး အမိန့်ပေးလိုက်၏။


 "ဖရုံစေ့အခွံတွေရှင်းသွားဦး..."


ရှောက်ယွိဟန်က အေးစက်သည့်အသံဖြင့်အော်လိုက်သည်။ 

"လွန်မလာနဲ့..."


ရှောက်မင်ကသူမကို အပြုံးလေးနှင့်ပင်တုံ့ပြန်လိုက်၏။ 

"နို့လက်ဖက်ရည်အတွက်လည်း ပိုက်ဆံပေးရဦးမယ်..."


"...."


"အဒေါ် မပြန်ချင်သေးရင်လည်း အလုပ်ချိန်ကြီးဆိုတော့ ကူလုပ်ပေးလို့ရပါတယ်..."


ရှောက်မင်၏ရင်ဘတ်က အမောဖောက်နေသလိုမျိုး မောက်လိုက်ပိန်လိုက်နှင့် အလျှင်အမြန်ဖြစ်နေခဲ့သည်။ သို့ထိတိုင် ဆိုင်ထဲတွင် ဝယ်သူများမရှိသောကြောင့် ပြဿနာကိုပိုပြီးကြီးထွားလာအောင် လုပ်မရဖြစ်နေလေ၏။


ရှောက်မင်က သူမ၏ရန်သူတော်ဖြစ်နေ၍ အကြမ်းနည်းသုံးမရပေ။ သူမက ရှောက်မင်၏တိုက်ခိုက်ပုံကိုမြင်ဖူးထားပြီး ထိုကောင်လေးတွင် အမှန်တကယ်လည်း အရည်အချင်းရှိနေခဲ့သည်။


အနိုင်အရှုံးကိုတွက်ဆကြည့်ပြီးသည့်အခါ သူမမှာတဖက်လှည့်ကာ ကောင်တာအရှေ့မှ ဖရုံစေ့အခွံများကိုရှင်းရန် သန့်ရှင်းရေးပစ္စည်းများကိုယူလိုက်၏။


ထွက်မသွားခင်တွင် သူမ၏ညီမနှင့်တူဖြစ်သူကို ဆဲဆိုသွားသေး၏။ 


"နင်တို့ရဲ့လက်ဖက်ရည်ဆိုင်ပိတ်ရပြီး သွားစရာနေရာမရှိမှ ငါ့ဆီကိုလာပြီး ငိုယိုမတောင်းပန်ကြနဲ့..."


ရှောက်မင်က သူမစကားများကို အတည်မယူပေ။ သူကား ဝယ်သူများအား ဝန်ဆောင်မှုပေးနေကျအပြုံးကို စိတ်တိုစရာကောင်းစွာဖြင့်ပြုံးပြလိုက်လေသည်။ 



"အဒေါ်၊ ဖြည်းဖြည်းသွားပါ၊ မှတ်ဉာဏ်ကလည်းမကောင်းဘူးဆိုတော့ လမ်းမပျောက်အောင်လည်းဂရုစိုက်နော်.."


ရှောက်ယွိဟန်: "....."


ဒါကသူ့ကို စိတ်မနှံ့တဲ့လူလိုပြောလိုက်တာပဲမလား။


သူကအခုမှ သုံးဆယ့်ခုနစ်နှစ်ပဲရှိသေးတာကို။


ရှောက်ယွိဟန် ခါးသီးစွာဖြင့်အံကြိတ်လိုက်ပြီး တံခါးကိုဖွင့်ကာ နို့လက်ဖက်ရည်ဆိုင်မှထွက်သွားလေတော့သည်။


အလုပ်ကို အပြေးအလွှားလာကြသော လော့ရှိုးနှင့် လုကျစ်ယွီတို့မှာ တံခါးအပြင်မှသူမနှင့်တိုက်မိမလိုဖြစ်သွားလေသည်။ လော့ရှိုးက ရှောက်ယွိဟန်ကိုတွေ့သည်နှင့် မရွှင်မပျဖြစ်သွားပြီး နို့လက်ဖက်ရည်ဆိုင်ထဲသို့ဝင်ကာ မေးလိုက်လေသည်။ 


"သူကဘာလို့ ထပ်ရောက်လာတာပြန်တာလဲ၊ မင်းကိုအနှောက်အယှက်ဖြစ်အောင် သရဲလိုလုပ်ပြီးကိုယ်ထင်လာပြတာလား၊ အဒေါ်ရော အဆင်ပြေရဲ့လား..."


ရှောက်ယွိကျယ်နှင့် လော့ရှိုးတို့က အလွန်တရာမှ ရင်းနှီးခဲ့ကြပြီးသားပင်။


သူမက ကောင်တာအနောက်မှပြုံးပြလာပြီး သူ့အားနှစ်သိမ့်ပေးလိုက်လေ၏။ 

"ငါအဆင်ပြေပါတယ်..."


လော့ရှိုးက လစ်ဟာနေသောနို့လက်ဖက်ရည်ဆိုင်ကို ဝေ့ကြည့်ပြီး မေးလိုက်လေသည်။ 


"ဘာလို့ ဒီနေ့ တစ်ယောက်မှမရှိတာလဲ..."


ရှောက်ယွိကျယ်က ကောင်တာအနောက်မှထွက်လာကာ သက်ပြင်းချလိုက်၏။ 


"ဆိုင်မှာလာသောက်တဲ့တစ်ယောက်က ရုပ်သံဌာနကိုအကြောင်းကြားလိုက်တယ်တဲ့လေ၊ သူ့ရဲ့ဆေးစစ်ချက်က positive ဖြစ်နေတယ်တဲ့၊ အဲဒါကြောင့် အန်တီတို့ဆိုင်ကို စုံစမ်း..."


"...."


"ထပ်ပြီးစစ်ဆေးခံရပြန်ပြီလား.." 

လော့ရှိုးက သင်္ကာမကင်းဖြစ်နေ၏။ 


"နောက်ဆုံးတစ်ခေါက်ကလည်း အစစ်ခံရပြီးပြီမလား..."


"ဟုတ်တယ်လေ..." 

ရှောက်ယွိကျယ်ကခေါင်းညိတ်ပြပြီး ဆက်ပြောလိုက်လေသည်။ 

"ဒါပေမဲ့ အခုနောက်တစ်ခါအစစ်ခံရတဲ့အကြောင်းအရင်းက နာမည်ကြီးမော်ဒယ်ဖြစ်နေတယ်၊ သူက အန်တီတို့ဆိုင်က လက်ဖက်ရည်ကိုသောက်ပြီးမှ သူဆေးစစ်ကြည့်တာ positive ပြလို့တဲ့.."


မည်သူကမှ အမှန်တရားကိုဂရုမစိုက်ကြပေ။


သို့သော်လည်း ထိုသို့သောကိစ္စမျိုးကို လူထုအပေါ်လွှမ်းမိုးထားနိုင်သူတစ်ယောက်က လူထုအရှေ့၌ချပြလိုက်လျှင် ကိစ္စများကမလွဲဧကန် ပိုဆိုးသွားလိမ့်မည်။ ပြဿနာပိုဆိုးသွားသည်နှင့် နို့လက်ဖက်ရည်ဆိုင်အပေါ်ကိုလည်း ရေရှည်သက်ရောက်သွားလိမ့်မည်။


နို့လက်ဖက်ရည်ဆိုင်သာ ယခုလို မတော်တဆမှုမျိုးနှင့် ထပ်ခါတလဲလဲကြုံနေရပါက ဝယ်နေကျဖောက်သည်များပင် စိုးရိမ်လာကြလိမ့်မည်။ ထပ်ပြီး အားပေးရဲမည်မဟုတ်တော့ပေ။


ဖြစ်ခဲ့ပြီးသမျှကိုသိရသည်နှင့် လော့ရှိုးမှာ ခံပြင်းစိတ်ဖြင့် ကျိန်ဆဲမိလေ၏။ 

"ဘယ်ကောင်ပြောတာလဲ၊ ဘယ်မော်ဒယ်လဲ၊ သူက ကျွန်တော်တို့လက်ဖက်ရည်ကိုသောက်ပြီးတော့ ပြဿနာတက်သွားတယ်ပေါ့၊ ကျွန်တော်တို့ လုံခြုံရေးအရအစစ်ခံရလို့ပြီးရုံရှိသေးတယ်၊ ကျွန်တော်တို့အတွက် ဖြေရှင်းပေးမယ့် ဌာနက ရှေ့မထွက်လာဘူးလား..."


"ဒီကိစ္စက စုံစမ်းနေရုံရှိသေးတယ်ဆိုတော့ တစ်ခါမှဖြစ်စဥ်ကို မစစ်ဆေးဘူးလား..." 

လုကျစ်ယွီက ရုတ်တရက် ဝင်ပြောလာလေသည်။


လော့ရှိုးက ရုတ်တရက် မျက်မှောင်ကြုတ်သွားလေသည်။


အစားအသောက်ကွပ်ကဲရေးဌာနကသာ လူထုကို ဖြေရှင်းပြလိုက်လျှင် လက်ဖက်ရည်ဆိုင်မှကုန်ကြမ်းအတွက် ပြဿနာမရှိတော့ပေ။


သို့သော်လည်း မော်ဒယ်ကသူမ၏ဆေးစစ်ချက်အဖြေကို ဤဆိုင်မှလက်ဖက်ရည်ကြောင့်ပါဟု ငြင်းဆိုထားခဲ့သည်။ ပြဿနာကိုမရှင်းရသေးခင် စစ်ဆေးသည့်ဌာနက မော်ဒယ်၏စကားများကိုငြင်းဆိုရန် သက်သေကိုမထုတ်ပြနိုင်သောကြောင့် သူတို့ဘက်မှ ဘာကိုမှမဖြေရှင်းပေးနိုင်ပေ။


မူလဆေးစစ်ချက်သာ အနုတ်ပြနေခဲ့လျှင် နို့လက်ဖက်ရည်ဆိုင်ကို ဆက်လက်လည်ပတ်နိုင်လိမ့်မည်။ သို့ရာတွင် လူများက ဤဆိုင်မှဝယ်လိမ့်မည်ဟု မဆိုလိုပေ။ ဝယ်သူများသာမရှိလျှင် အလုပ်သမားများလည်း လုပ်စရာမရှိတော့။


ကျူးထုန်က နို့လက်ဖက်ရည်ဆိုင်ထဲမှ ခုံအလွတ်များကိုကြည့်နေသော်လည်း စိတ်ကမူ အခြားပြဿနာကိုတွေးနေမိသည်။ မော်ဒယ်က ရှောက်မင်၏နို့လက်ဖက်ရည်ဆိုင်ကို အမည်တပ်ပြီးပြောခဲ့သည်။ ထို့ကြောင့် သူမစကားများက တိုက်ဆိုင်ခြင်းမဟုတ်ပေ။


နောက်ဆုံးတခေါက်က မူးယစ်ဆေးပါသည်ဟုတိုင်လိုက်သူမှာ ယွမ်ရှောက်ကျိုးပင်။ ယခု သူကအဖမ်းခံထားရပြီး အဖေနှင့်ဦးလေးတို့ကလည်း သူ့ကိုကူညီရန် ကိုယ့်ပြဿနာနှင့်ကိုယ်လုံးထွေးနေကြလေသည်။


ဆိုတော့ ဒီတစ်ခေါက်တရားခံကဘယ်သူလဲ။


_____



စာရေးသူမှာ ပြောစရာရှိပါတယ်။


သူတို့တွေ အနာဂတ်မှာ အတူနေဖြစ်ကြမှာပါ။ ဒါပေမဲ့ ဇာတ်ကြောင်းကို အသေးစိတ်ပြင်ဆင်ရဦးမယ်။ စိတ်ရှည်ကြနော်။




🤒