Chapter 55
Viewers 7k

🤒အခန်း ၅၅




ညနေပိုင်းတွင် ကျူးထုန်က အခက်တွေ့နေရသော သင်္ချာပုစ္ဆာများကိုဖြေရှင်းလိုက်နိုင်သည်။ သူ အိပ်စက်ရနွပြင်ဆင်သည့်အခါ သာယာကောင်းမွန်သောညတစ်ညဖြစ်ရန် ဆုတောင်းလိုက်၏။ ပတ်ဝန်းကျင်အသစ်သို့ ရုတ်တရက်ပြောင်းလဲလိုက်မှုက သူ၏အိပ်စက်မှုအပေါ် သက်ရောက်မှုမရှိခဲ့ပေ။


နောက်တစ်နေ့ ကျောင်းပြန်တက်သည့်အခါ သူမျှော်မှန်းထားခဲ့သည့်အတိုင်း ဟိုမှသည်ပျံ့နှံ့နေခဲ့သော "အတင်းအဖျင်း" အချို့ကို ကြားလိုက်ရလေသည်။


သို့သော်လည်း ၎င်းက မုန်းတီးရာမှပျံ့ပွားလာသော စကားမျိုးမဟုတ်ပေ။ အံ့ဩစရာကောင်းစွာဖြင့် ကျောင်းသားအချို့ကသာ ကျိုးဆွေ့ အားကစားကွင်းတွင် ပြောခဲ့သည့်စကားကို စိတ်ဝင်စားကြလေသည်။(ကျန်သူတွေက ခွေးစာသားနေတယ်ပြောချင်တာ)


မနက်ခင်းကိုယ်ပိုင်စာကြည့်ချိန်တွင် ကျောင်းသားများက သူတို့ခုံတွင်ထိုင်ကာ အိမ်စာလုပ်နေကြပြီး အရှေ့တန်းမှလူများကလည်း ကျူးထုန်ကိုလှည့်ကြည့်လှည့်ကြည့် လုပ်နေကြလေသည်။


"အဖွဲ့ထဲက ဓာတ်ပုံတွေကိုတွေ့ပြီးကြပြီလား၊ မနေ့ကလေးတင် မျက်စိရှေ့မှာမြင်ခဲ့ရတာကို ရိုက်လာတာတဲ့၊ အား...ငါဘာလို့ နောက်ကျမှအတန်းထဲကမထွက်ခဲ့ရတာလဲ၊ ငါမာလာထန်းအနံ့လေးကြောင့် အစောကြီးပြန်သွားမိတာ..."


"အဲဒါက ဟာသလုပ်နေကြတာမဟုတ်ဘူးလား၊ တကယ်သာဆိုရင် နင်ကဘာလို့ လက်လွတ်စပယ်ပြောနေရတာလဲ၊ မနေ့က လောင်ယန်တစ်ယောက် ဒိတ်လုပ်နေတဲ့ကျောင်းသားတွေကိုလိုက်ဖမ်းနေတယ်တဲ့.."


"အမှန်ဟုတ်တာ မဟုတ်တာက အရေးမကြီးပေမဲ့ သူတို့ သဘောထားကရှိသေးတယ်လေ၊ တစ်ယောက်ကဝန်ခံလိုက်တာနဲ့ ကျန်တဲ့သူတွေလည်း ဝန်ခံရဲလာတော့မှာ၊ နင်ကဘာလို့မယုံရတာလဲ.."


"ဒီအတိုင်းဆိုရင် ရှောက်မင်က ကျူးထုန်ကို တကယ်သဘောကျနေတာဖြစ်မယ်၊ အခုတော့ စက်ဘီးရဲ့နောက်ခုံလေးက ကျူးထုန်ရဲ့ အထူးခုံလေးဖြစ်သွားပြီပေါ့.."


"ဟုတ်တယ်နော်၊ လုပ်စမ်းပါ၊ ငါနဲ့အတူသင်္ဘောစီးကြစမ်းပါ၊ ဒါကို သကြားဓာတ်လေးအနေနဲ့သုံးပြီး နှစ်ပေါင်းရာချီပြီးစားလို့ရတယ်.."


"လုပ်စမ်းပါ၊ နင် မနေ့ကဓာတ်ပုံတွေမြင်ပြီးသွားပြီမလား၊ အဲလောက်လေးနဲ့တော့ နင် မာလာထန်းအတွက် တန်းစီတာ မနှောင့်နှေးသွားပါဘူး အစားပုပ်ရဲ့..."


"ဟား....ဟား...ဟား..."


သူမက စာနာစိတ်မရှိစွာဖြင့် ရယ်လေသည်။


သူမနှင့်စကားပြောနေသော သင်္ဘောစီးသူမိန်းကလေး: "....."


စကားပြောနေသောမိန်းကလေးများက သူတို့ခုံနှင့် အတန်ငယ်ကွာဝေးသည်။ ကျူးထုန်က သူမတို့ပြောနေသောစကားများကိုမကြားရသည့်တိုင် ခန့်မှန်းထားခဲ့ပြီးဖြစ်လေ၏။


သူက ရှင်းပြလိုက်လျှင် ပိုကောင်းမလားဟူသောပုံစံဖြင့် ရှောက်မင်ကိုလှည့်ကြည့်လိုက်သည်။


သို့ရာတွင် ရှောက်မင်ကထိုစကားများကိုကြားပြီး ပျော်ရွှင်နေကာ အပြင်ပန်းတွင်မူတည်ငြိမ်နေလေ၏။ ထိုသူက အမှန်တကယ်ကို "စိတ်ထဲမထားပါ" ဟူသည့်ပုံစံဖြစ်နေသောကြောင့် ကျူးထုန်မှာလည်း ရှင်းပြမည့်စိတ်ကူးကို လက်လျှော့လိုက်လေသည်။ 


မနက်စားချိန်တွင် လော့ရှိုး၊ ရှောက်မင် နှင့် ကျူးထုန်တို့သုံးယောက်က ကျောင်းအပြင်ဘက်မှစားသောက်ဆိုင်တွင် ဖက်ထုပ်သွားစားကြသည်။ အစားစားနေစဥ် နှစ်ယောက်သားက သူတို့မနက်စာကိုဖြည်းဖြည်းချင်းဝါးနေပြီး ကျန်တစ်ယောက်ကမူ မြိန်ရေယှက်ရေစားသောက်နေလေသည်။


လော့ရှိုးက အမြန်ဆုံးနည်းဖြင့် သူ၏ဖက်ထုပ်စွပ်ပြုတ်ပန်းကန်ကိုအပြောင်ရှင်းလိုက်သည်။ သူက ပန်းကန်နှင့်တူကိုချကာ သူ့အရှေ့တွင်ထိုင်နေသော လူနှစ်ယောက်ကိုကြည့်ပြီးပြောလိုက်၏။ 


"ငါ့ကိုပြောစမ်းပါဦး၊ မင်းတို့နှစ်ယောက်ကဘယ်အချိန်တည်းက ခိုးပြီးအတူနေနေကြတာလဲ.."


ကျူးထုန်: "....."


သူရှောက်မင်ကိုလှည့်ကြည့်လိုက်သည်။


ရှောက်မင်က တွေဝေနေခြင်းပင်မရှိဘဲပြန်ဖြေလိုက်၏။ 


"မနေ့က နေ့လည်တည်းက..."


လော့ရှိုး: "??"


မနေ့က စားသောက်ဆိုင်မှာ ကြိုတင်ပြီးခုံယူထားဖို့ပြောတုန်းက သူပဲ လက်ခံခဲ့တာမဟုတ်ဘူးလား။


လော့ရှိုးမှာ ရှော့ခ်ရသွားလေ၏။ 


"မင်ကော၊ ငါကမင်းရဲ့ အချစ်ဆုံးညီအစ်ကိုမဟုတ်တော့ဘူးလား.."


ရှောက်မင်က သူ၏သရုပ်ဆောင်ချက်တွင် ပူးပေါင်းပေးလိုက်သည်။


"ငါ့အမှားပါ၊ ပြန်ပေးဆပ်တဲ့အနေနဲ့ ဒီပိတ်ရက်မှာ ငါမင်းကိုညစာပွဲကြီးနဲ့ဧည့်ခံမယ်.."


လော့ရှိုးက အထွန့်တက်ပြသည်။ 


"နှစ်မျိုးနော်.."


ရှောက်မင်: "အေးဆေး.."


လော့ရှိုးက တမဟုတ်ချင်း စိတ်ပျော့သွားလေသည်။ 


"သဘောတူတယ်.."


ကျူးထုန်: "......"


'ဒီနှစ်ယောက်က အချင်းချင်း ညှိနှိုင်းတဲ့နေရာမှာ အရမ်းကျွမ်းကျင်ကြတာပဲ' 

ကျူးထုန်က ဖက်ထုပ်စားရင်း ကျိတ်ပြီးတွေးနေလိုက်၏။


လော့ရှိုးက ဖယ်ထားပြီးသား တူနှစ်ချောင်းကိုပန်းကန်လုံးထဲသို့ ပြန်ထည့်လိုက်ကာ နားမလည်နိုင်သလိုပြောလိုက်လေသည်။ 


"ဒါပေမဲ့ ကျူးထုန်၊ မင်းကရော ဘာလို့ မင်ကောအိမ်ကို နေရင်းထိုင်ရင်းပြောင်းသွားတာလဲ.."


ကျူးထုန်: "လစဥ်စာမေးပွဲက မကြာခင်ဖြေရတော့မှာလေ၊ အဲဒါကြောင့် ငါသူ့ကိုစာပြပေးဖို့ပြောထားတာ.."


သူ့ဘေးတွင်ထိုင်သည့်ရှောက်မင်က ထပ်ဖြည့်ပြောလိုက်၏။ 


"မနေ့ညက ငါတို့စာလုပ်တာ ညဥ့်နက်မှပြီးတယ်၊ မင်းရောပါဦးမလား..."


လော့ရှိုး: "....."


လော့ရှိုးက သူ့အား လုံးဝမယုံနိုင်သလိုကြည့်လာလေ၏။ တချိန်တည်းမှာပင် စိတ်ထဲမှငြီးတွားလိုက်မိသည်။ 


'ဘာလို့ ငါ့အနားက လူတွေက ဒီလောက်တောင်လူမဆန်ရတာလဲ'


သို့ရာတွင် လူမဆန်သူအများအပြားနှနှင့် သူငယ်ချင်းလုပ်ရာတွင် သူက တဖက်ကမ်းခတ်ကျွမ်းကျင်လေသည်။


သူက ယတိပြတ်ပင်ခေါင်းခါယမ်းလိုက်သည်။


"ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ မလိုတော့ဘူး..."


အိမ်ငှားခပေးရန်အထိ သူမတတ်နိုင်ပေ။ ပိုအရေးကြီးသည်က စာပြသည့်အတန်းတွင်ဝင်ပါလိုက်လျှင် နှိပ်စက်ပေးရန် တောင်းဆိုလိုက်သလိုဖြစ်သွားလိမ့်မည်။


သူတို့အားလုံး မနက်စာစားပြီးကြသည့်အခါ ကျောင်းသို့ပြန်လာခဲ့ကြသည်။ လမ်းတွင် ရှောက်မင်က ကုန်စုံဆိုင်စတိုးကိုဝင်ပြီး သွားရည်စာမုန့်တစ်ထုပ်ဝယ်လာခဲ့သည်။


"နို့အနှစ်နဲ့မုန့်လုံး၊ မြည်းကြည့်မလား..."


ကျူးထုန်က ခေါင်းခါပြသည်။ 


"မမြည်းတော့ဘူး.."


ရှောက်မင်က အိတ်ကိုဖွင့်ပြီး နို့လုံလေးတစ်လုံးကိုယူကာ သူ့ကိုပေးလိုက်သည်။


 "မြည်းကြည့်..."


"....."


ကျူးထုန်က သွားရည်စာမုန့်စားတတ်သည့်အကျင့်မရှိပေ။ အများစုက သူ့ကျန်းမာရေးအတွက်မသင့်လျော်သောကြောင့် နေမကောင်းမဖြစ်စေရန်အတွက် တစ်ခါမှမစားဘဲကာကွယ်ထားရသည်။


ယခုလို အိတ်ခွံဖွင့်ပြီးစားရသည့် သွားရည်စာမုန့်မျိုးကိုလည်း တစ်ကြိမ်မှ မမြင်ဖူးသလောက်ရှိလေ၏။


ကျူးထုန်မှာ ရှောက်မင်က မည်သည့်အတွက်ကြောင့် ဤမုန့်ကိုဝယ်လာခဲ့မှန်းမသိပေ။ သူတို့ စားပွဲတစ်လုံးတည်းတွင် အတူထိုင်ခဲ့ကြသည့်အချိန်မှာကြာခဲ့ပြီ။ ရှောက်မင် သွားရည်စာမုန့်စားသည်ကို မမြင်ဖူးသလိုပင်။


သူ့လက်ထဲမှာကိုင်ထားတဲ့ဟာက သကြားလုံးနဲ့တူသလိုပဲ။ တစ်လုံးလောက်စားလည်း ရလောက်ပါတယ်နော် ဟုတ်တယ်မလား။


ထို့အပြင် သူ့အနေဖြင့် အသေးစားနာမကျန်းမှုနှင့် ရောဂါကြီးများကိုလည်း ကြုံရမည့်အရေးမရှိတော့ပေ။


ကျူးထုန်က ၎င်းကိုလှမ်းယူလိုက်သည်။ သကြားလုံးတစ်လုံးကိုအခွံခွာပြီး ပါးစပ်ထဲသို့ပစ်ထည့်လိုက်၏။


နာမည်အတိုင်း နို့အနံ့လေးကသင်းနေပြီး ပျော့ပျောင်းချိုမြိန်ကာ အချိုလွန်ကဲနေခြင်းမျိုးမရှိပေ။ အသီးရနံ့ဖျော့ဖျော့လေးလည်းပါပြီး အလွန်အမင်းအရသာရှိနေ၏။


"ဒါက ဘယ်လိုသကြားလုံးမျိုးလဲ.."


ကျူးထုန်က မသိစိတ်အလျောက်မေးလိုက်မိပြီး မေးပြီးကာမှ ရှောက်မင် သူ့ကိုသကြားလုံးပေးလိုက်တည်းက ပြောလိုက်ပြီးပြီဖြစ်ကြောင်းနားလည်သွားလေ၏။


ရှောက်မင်က နောက်တစ်ခေါက်ထပ်ပြောလာသည်။ 


"နို့နှစ်မုန့်လုံး.."


ပြောပြီးသည့်နောက် သူက ကျူးထုန်လက်ထဲသို့ အထုပ်လိုက်ထည့်ပေးလိုက်ပြန်သည်။


 "ကိုယ်မင်းအတွက်ဝယ်လာပေးတာ.."


ကျူးထုန်: "...."


'သူက ဘာလို့ ကောက်ကာငင်ကာနဲ့ ငါ့ကိုသကြားလုံးဝယ်ကျွေးရတာလဲ'


သို့သော်လည်း သူက သကြားလုံးကိုတကယ်ကြိုက်သောကြောင့် ပြုံးကာယူလိုက်လေသည်။ 


"ကျေးဇူး...ဘယ်လောက်ပေးရလဲ.."


ရှောက်မင်: "...."


ဈေးနှုန်းကိုအမေးခံလိုက်ရသည်နှင့် စောစောက သခင်လေးတစ်ယောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် သကြားလုံးစားနေသည်ကိုကြည့်ပြီး သူခံစားခဲ့ရသော ပျော်ရွှင်မှုဘောလုံးလေးက ဖောက်ခနဲ ကွဲကြေသွားလေတော့၏။


ရှောက်မင်ကသူ့အား တဒင်္ဂမျှ ကြည့်နေပြီးမှ လှည့်ထွက်သွားကာပြောလိုက်သည်။ 


"သွားရအောင်၊ ကိုယ်တို့အတန်းနောက်ကျနေလိမ့်မယ်..."


ကျူးထုန်: "......."


***


လစဥ်စာမေးပွဲက မကြာခင်ရောက်လာတော့မည်။ လစဥ်စာမေးပွဲဖြေရမည့်ရက်မတိုင်မီ အတန်းကို ရိုးရိုးရှင်းရှင်းသန့်ရှင်းရေးလုပ်ကြပြီး စာမေးပွဲခန်းအဖြစ်စီစဥ်ကြရ၏။


ထိုင်ခုံစီထားပုံအရ သူနှင့်ရှောက်မင်တို့က နောက်တစ်ကြိမ် ထိုင်ခုံကွဲသွားကြပြန်ပြီဖြစ်သည်။ ရုတ်တရက်ပင် ကျူးထုန်မှာ အနည်းငယ်မျှ ဝမ်းနည်းသွားသလိုခံစားရလေ၏။


ယခုလ လစဥ်စာမေးပွဲတွင် စာမေးပွဲခန်းများကို ခွဲပြီးစီစဥ်ထားရန်လိုအပ်သည်။


သူက စာမေးပွဲခန်း အမှတ် ၆ တွင်ကျလေသည်။


သူ ထိုင်နေကျမဟုတ်သောခုံအစိမ်းတွင်ထိုင်နေရသောခံစားချက်က နေရခက်ပြီး စာမေးပွဲဖြေချင်စိတ်ကိုပင် ကုန်ခမ်းသွားစေသလိုဖြစ်စေသည်။


'ငါမဖြေဘဲနေလိုက်ရင်ကောင်းမလား'


သူ စားပွဲတွင် အရိုးမပါသလိုပျော့ခွေနေစဥ် သူ့ဘေးမှလက်တစ်ဖက်ထွက်လာပြီး အဖုံးပိတ်ထားသောဘူးလေးတစ်ဘူးကို စားပွဲပေါ်သို့တင်ပေးလာလေသည်။


ကျူးထုန်၏စိတ်က ရုတ်တရက် လန်းဆန်းသွားလေသည်။ 


"ဒါကဘာလေးလဲ.."


ရှောက်မင်: "အသားလုံးနဲ့ ရေညှိထမင်းလိပ်...မင်းအခုဘာတွေတွေးနေတာလဲ.."


ကျူးထုန်၏အာရုံက ၎င်းမုန့်များအပေါ်သို့ တမဟုတ်ချင်းကူးပြောင်းသွားလေသည်။


မနေ့တည်းက ရှောက်မင်မှာ သူ့အား မုန့်အစုံဝယ်ကျွေးခဲ့၏။ ရံဖန်ရံခါ ကျောင်းအပြင်မှဝယ်လာသည်။ တခါတလေတွင်လည်း ကျောင်းကန်တင်းမှဝယ်လာတတ်သည်။ အားလုံး၏အရသာက တမျိုးစီ ထိပ်တန်းအရသာရှိပြီး စားလိုက်ချိန်တိုင်း သူ့အား အံ့အားသင့်စေခဲ့သည်။ ထိုသူက သူ့အားဂရုစိုက်ပေးခဲ့ကာ ၎င်းတို့က အစာအိမ်ကိုသက်သောင့်သက်သာမရှိခြင်းမျိုးမဖြစ်စေဘဲ သူ၏အစာစားချင်စိတ်ကိုလည်း လှုံ့ဆော်ပေးသည်။


တစ်ခုတည်းသောဆိုးရွားသည့်အချက်မှာ ရှောက်မင်က ပိုက်ဆံပေးနေသည်ကိုမယူခြင်းပင်ဖြစ်ပြီး ကျူးထုန်မှာ ကျေးဇူးဆပ်သည့်အနေဖြင့် ရှောက်မင်နှင့်အတူ မုန့်ကိုမျှဝေပြီးစားပေးနေရလေသည်။


မုန့်အခွံကိုဖောက်ပြီး အရသာကိုမြည်းကြည့်ပြီးသည့်အခါ ကျူးထုန်ကပြန်ဖြေလိုက်သည်။ 


"ငါကစာမေးပွဲမှာ ထိုင်ခုံစီထားတာတွေကို တွေးကြည့်နေတာ.."


ရှောက်မင်ကမျက်ခုံးပင့်လိုက်သည်။ 


"မင်းကစာမေးပွဲမှာ ထိုင်ခုံမပြောင်းချင်လို့လား.."


ကျူးထုန်: "...."


သူလုံးဝ ထိုင်ခုံမပြောင်းချင်ပေ။ သို့ရာတွင် ကျောင်းစည်းကမ်းကကျောင်းစည်းကမ်းပင်ဖြစ်သည်။


သူ သည်းခံရန်လိုအပ်နေ၏။


သူ့မှာ ခေါင်းယမ်းပြီးပြန်ဖြေလိုက်ရသည်။ 


"ရပါတယ်.."


ရှောက်မင်: "....."


ကျူးထုန်က လက်ထဲမှသွားရည်စာမုန့်ဘူးကို ရှောက်မင်ထံကမ်းပေးပြီးမေးလိုက်သည်။ 


"မင်းရော တစ်ခုလောက်ယူဦးမလား.."


ရှောက်မင်ကပြုံးပြီး ဘူးထဲမှတစ်ခုနှိုက်လိုက်လေသည်။


________



လစဥ်စာမေးပွဲဖြေသည့်နေ့တွင် စစ်မြေပြင်ကိုသွားရန် အသင့်ဖြစ်နေသည့်ကျူးထုန်မှာ ယုံကြည်အားကိုးရသောပစ္စည်းများဖြင့် စာမေးပွဲခန်း အမှတ် ၆ သို့ ချီတက်သွားလေ၏။ ရောက်သွားသည့်အခါ သူစာမေးပွဲဖြေမည့်ထိုင်ခုံက အံ့အားသင့်စရာကောင်းလောက်အောင်သန့်ပြန့်နေသည်ကိုတွေ့လိုက်ရလေသည်။


စာမေးပွဲခန်းအမှတ် ၆ ၏ထောင့်တွင် စာမေးပွဲကစဖြေရတော့မည်ဖြစ်ပြီး ထိုင်ခုံတွင်လွတ်နေသူမရှိတော့ပေ။


"ကျောက်ရုန်၊ ဘဲလ်တီးတော့မယ်နော်၊ မသွားသေးဘူးလား.."


ကျောက်ရုန်ဆိုသောမိန်းကလေးကပြန်ဖြေလာ၏။ 


"ခဏလေး၊ ငါ့ထိုင်ခုံမှာလာထိုင်မယ့်သူကိုစောင့်နေတာ၊ ပြီးတော့ ငါ့ခုံကို ညစ်ပတ်အောင်မလုပ်ဖို့ပြောမလို့.."


တစ်ယောက်ကထရယ်သည်။


 "အဲဒါကနင့်ခုံလား နင့်ရဲ့ဘေဘီလေးလား၊ ဘာဖြစ်နေတာလဲ.."


နောက်တစ်ယောက်ကထပ်မေးလာပြန်သည်။


 "ဘာကနင့်ကိုဒီလိုပြောင်းလဲအောင်လုပ်ပေးလိုက်တာလဲ၊ နောက်ဆုံးတခေါက်က နင့်စားပွဲခုံရဲ့ခြေထောက် အခြေအနေမဟန်တော့လို့ နင်ပဲသစ်သားကပ်တဲ့ကော်နဲ့ မနည်းဆက်လိုက်ရတာတောင် နင်ဘာမှမဖြစ်ပါဘူး၊ အဲဒါက တစ်လတောင်ခံခဲ့တာ၊ ဘာလို့ မနေ့က ရုတ်တရက်ကြီးခွာလိုက်တာလဲ၊ လောင်ယန်ကလည်း နင့်ကိုခုံအသစ်ပေးတယ်၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..."


ကျောက်ရုန်က ဂုဏ်ယူပြနေသည်။


 "အဲဒါကဘာထူးနေလို့လဲ၊ ငါ့ရဲ့ ဖြူစင်တဲ့စိတ်ထားလေးကြောင့်လေ၊ ဟဲ့..ခုံအသစ်နဲ့သာဆိုရင် ဒီလအမှန်ရွေးတဲ့မေးခွန်းမှာ ပိုမှန်လောက်တယ်..."


"ခုံနံပါတ် ၂၈၁ ရှိပါသလား.."


ရုတ်တရက်ပေါ်လာသည့်အသံက ကျောက်ရုန်၏ ကြွားလုံးထုတ်နေသောစကားဝိုင်းကို နှောင့်ယှက်လိုက်သည်။


ကျောက်ရုန်မှာ ခုံနံပါတ်ကိုကြားလိုက်သည်နှင့် သူမခုံတွင်ထိုင်မည့်ဖြေဆိုသူရောက်လာပြီမှန်းသိလိုက်ပြီး ချက်ချင်းပြန်ဖြေလိုက်၏။ 


"ရှိပါတယ်၊ ငါက ခုံနံပါတ် ၂၈၁ ပဲ၊ နင့်ကိုစောင့်နေတာကြာပြီ၊ နင်ဒီမှာထိုင်လို့ရတယ်၊ ဒါပေမဲ့ ငါ့ခုံကအသစ်ဆိုတော့လေ နင်..."


သူမ စကားကိုဆုံးသည်အထိမပြောနိုင်ခင် ရုတ်တရက်ရပ်သွားလေသည်။


ဖြေဆိုသူရောက်လာပြီဖြစ်သောကြောင့် သူမနားတွင်ထိုင်နေသူများပါ ဘေးဖယ်လိုက်ကြပြီး နောက်ဆုံးတော့ ကျောက်ရုန်စကားပြောနေသူကိုမြင်လိုက်ကြရသည်။


ကျောင်းသားနာမည်က ကျောက်ရုန်ကို တခဏမျှအေးခဲသွားစေခဲ့သည်။


စကားပြောနေသူက အားနည်းပုံရသောကောင်လေးတစ်ယောက်ဖြစ်ပြီး ထက်မြက်သောအသွင်ရှိသည့် လူချောလေးပင်ဖြစ်လေသည်။


'နေဦး၊ ကျူးထုန်လား၊ ဒါဆိုရင်တော့ အဆင်ပြေပြီ'


ထို့အပြင် တန်းခွဲသုံးမှ ကျူးထုန်က ကျောင်းစတက်သည့်နေ့တွင် သန့်စင်ရေးပစ္စည်းအစုံအလင်ဖြင့် သူ့စားပွဲခုံကို နေရောင်အောက်တွင်ပြောင်လက်နေသည်အထိသုတ်ခဲ့သည်ကိုလည်း သူမသိထားလေသည်။ ထိုသူ၏ အသန့်ကြိုက်ပုံက တကျောင်းလုံးကိုပျံ့သွားခဲ့၏။


ကျူးထုန်ကိုမှ 'အသန့်ကြိုက်သူ' ဟုမခေါ်လျှင် မည်သူကိုမှ ခေါ်နိုင်မည်မဟုတ်ပေ။


'ကျူးထုန်က စာမေးပွဲဖြေရင် သူ့ခုံမှာထိုင်မှာလား'


သူ့အရှေ့တွင် ရုတ်တရက်ပေါ်လာသော လူငယ်လေးကိုကြည့်ရင်း ကျောက်ရုန်မှာ သူမခုံက သဘောကျခံရတော့မည်မဟုတ်ကြောင်းခံစားလိုက်ရသည်။


'ကျူးထုန်က တကယ်ကြည့်ကောင်းတာပဲ'


ကျောက်ရုန်တွင် လုံးဝသေချာသောအတွေ့အကြုံရှိသည်။


သူမက စကားပြောနေရင်း ရုတ်တရက်ရပ်သွားသည်ကိုမြင်သည့်အခါ ကျူးထုန်ကခေါင်းညိတ်ကာပြောလိုက်လေ၏။


 "အင်း၊ ငါပိုးသတ်ဆေးနဲ့သေချာဖြန်းပေးပါ့မယ်.."


ကျောက်ရုန်: "....."


'ဘုရားရေ၊ ငါအခုလေးတင် ဘာတွေပြောမိလိုက်တာလဲ၊ ငါသူ့အပေါ် အပေါက်ဆိုးလိုက်မိပြီလား'


သူမက ချက်ချင်းပြောလိုက်၏။


 "အိုကေ၊ နင်ငါ့ခုံကိုစိတ်ကြိုက်သုံးလို့ရတယ်၊ ဒီထိုင်ခုံကအသစ်လေ၊ မနေ့ကမှရတာ၊ လုံးဝသန့်နေတယ်ဆိုတာ ငါအာမခံတယ်..."


ကျူးထုန်: "......"


သူမက မည်သည့်အတွက်ကြောင့် စိတ်ပြောင်းသွားသည်ကို မသိသော်လည် ကျူးထုန်ကပြုံးကာခေါင်းညိတ်ပြလိုက်သည်။ 


"ကျေးဇူးတင်ပါတယ်.."


ကျောက်ရုန်: "....."


'ဟယ်...အသံလေးကလည်းချိုလိုက်တာ၊ ပြုံးလိုက်တော့ ပိုတောင်ချောသွားသေးတယ်'


မိန်းကလေး၏နှလုံးသားလေးက စိတ်လှုပ်ရှားလွန်း၍ တုန်ယင်သွားလေသည်။ သူမက ခုံကို သူ့အားစိတ်လိုလက်ရပေးလိုက်ကာ စာမေးပွဲခန်းထဲသို့ပြေးသွားလေ၏။


မိန်းကလေး၏စိတ်ကိုမသိလိုက်ရသောကျူးထုန်မှာ ခုံတွင်ငြိမ်ငြိမ်လေးဝင်ထိုင်လိုက်၏။ ဘေးပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီးနောက် ကောက်ချက်ချလိုက်သည်။ 


'ဒီမိန်းကလေးရဲ့ခုံက ဘေးကခုံတွေထက်ပိုသန့်နေတယ်၊ ပြီးတော့ ခုံကအသစ်လို့လည်း သူကပြောသွားသေးတယ်'


'ကြည့်ရတာ သူအရမ်းကံကောင်းသွားတယ်ထင်တယ်'


ကျူးထုန်က ပြုံးလိုက်ကာ သူ၏တင်းမာနေခဲ့သောအကြောများလည်း ခဏတွင်းချင်းပြေလျော့သွားခဲ့သည်။ လတ်တလောတွင် စားပွဲခုံညစ်ပတ်နေမည်ကို စိုးရိမ်စရာမလိုတော့ပေ။



🤒

အနံ့တွေရနေတယ်နော် ခုံအသစ်လေးဖြစ်အောင် ဘယ်သူအကြံဖန်လုပ်ထားပါလိမ့်