Chapter 56
Viewers 7k

🤒အခန်း ၅၆





သို့သော်လည်း စာမေးပွဲစဖြေမှ သူစိတ်အေးလက်အေးဖြစ်နေခဲ့သည်မှာ စောလွန်းနေသေးသည်အား နားလည်သွားခဲ့ရလေသည်။


ပထမဆုံးစဖြေရမည့်ဘာသာရပ်မှာ အင်္ဂလိပ်စာဖြစ်ပြီး စာမေးပွဲခန်းကိုစောင့်ကြပ်သည့်ဆရာမမှာလည်း သူသိနေသူဖြစ်နေ၏။


လုရှီးမန်။


ကုန်းရွှေ အမှတ် ၁ အလယ်တန်းကျောင်းတွင်ဆရာနည်းသည်ဖြစ်ရာ လုရှီးမန်မှာ ရှားယန်၏အတန်းမှ အတန်းပိုင်ဖြစ်သလို ဒုတိယနှစ်တွင်လည်း အင်္ဂလိပ်စာသင်နေသေးသည်။ သို့ဖြစ်၍ ယနေ့တွင် သူမက စာမေးပွဲခန်းကိုစောင့်ကြပ်ပေးရန်တာဝန်ကျလေသည်။


လုရှီးမန်က အတန်းထဲသို့ဝင်လာသည်နှင့် မော့ပင်မကြည့်ဘဲ အဖြေလွှာစာရွက်အထပ်လိုက်ကိုသယ်လာပြီး အပိုင်းလိုက်ခွဲကာ ကျောင်းသားများကိုလက်ဆင့်ကမ်းခိုင်းလိုက်သည်။ ယင်းနောက် သူမကလုပ်နေရာမှရပ်သွားပြီး မျက်မှောင်ကြုတ်သွားလေ၏။


ကျူးထုန်က သူမရှိနေသည်ကို သတိမထားမိသလိုဟန်ဆောင်နေလိုက်သည်။


သူက စာမေးပွဲဖြေရန်အတွက် ဤအခန်းကိုရောက်နေခြင်းဖြစ်ပြီး ကြီးကြပ်သူထံမှအပြစ်ရှာခံရရန်အတွက်မဟုတ်ပေ။ လုရှီးမန်ကသူ့အား အခက်တွေ့အောင်မလုပ်လာသရွေ့ သူ့ဘက်မှသူမကို လျစ်လျူရှုထားလိုက်မည်ဖြစ်သည်။


မိနစ်အနည်းငယ်ကြာပြီးသည့်အခါ ကျူးထုန်ကတွေးမိလိုက်လေ၏။ 


'ငါကအရမ်း အ တာပဲကိုး'


လုရှီးမန်က ခွေးရူးရောဂါကူးစက်ခံထားရသည့်ခွေးတစ်ကောင်လိုပင်။ လူများကို လိုက်မကိုက်ရသရွေ့ အငြိမ်မနေတတ်ပဲရှိလေသည်။


စာမေးပွဲဖြေနေသည့်အချိန်အတွင်း သူမက ကျူးထုန်၏ခုံတွင်လာရပ်ကာ သူ့ကိုမျက်တောင်ပင်မခတ်ဘဲစိုက်ကြည့်နေလေသည်။


'ငါ့ကို သူ့ရဲ့ရေမွှေးအနံ့တွေနဲ့အသက်ရှူကျပ်ပြီး သေစေချင်နေတာပဲ' 

သူ စိတ်ထဲမှကျိတ်ပြီး ရေရွတ်လိုက်မိ၏။


သူ့ကျန်းမာရေးသာ ယခုထက်ပိုကောင်းလာခဲ့၍မဟုတ်လျှင် ယခင်ကထက်ပိုပြီး ချောင်းဆိုးနေလောက်သည်။


နားထောင်ပြီးဖြေဆိုရသည့်အပိုင်းပြီးသည့်နောက်တွင်လည်း လုရှီးမန်ကသူ့ဘေးတွင်ရပ်ကာ ကြည့်နေဆဲဖြစ်လေသည်။ ကျူးထုန်မှာ ဆက်ပြီးသည်းညည်းမခံနိုင်တော့ပေ။ အိတ်ကပ်ထဲမှ mask ကိုထုတ်ကာ ဝတ်လိုက်သည်။


သူမအတန်းထဲမှကျောင်းသားတစ်ယောက်အား ကျူးထုန်အနိုင်ကျင့်ခဲ့သည့်နေ့ကို လုရှီးမန် မှတ်မိနေသေးသည်။ သူမက ကျူးထုန်ဖြေရမည့်အခန်းတွင် ကြီးကြပ်ရန်တာဝန်ကျသည့်အကြောင်းသိလိုက်ရသောကြောင့် ကျူးထုန်ဘေးတွင်ရပ်ကာ ထိုကောင်လေးကို ဖိအားအနည်းငယ်ခန့်ပေးချင်နေလေသည်။


နောက်ဆုံးတစ်ကြိမ် အစမ်းစာမေးပွဲတွင် ကျူးထုန်ကအမှတ်ပြည့်ရခဲ့သည်ကို သူမသိနေခဲ့သည်။


အခြားဘာသာရပ်များတွင် အမှတ်နည်းနေသည်မှာသိသာသော်လည်း အင်္ဂလိပ်စာကိုမူ အမှတ်ပြည့်ရနေလေသည်။


သူမမှာ တန်းခွဲသုံး၏အင်္ဂလိပ်စာဆရာမက ကျူးထုန်၏အမှတ်ကောင်းပုံအား ကြွားလုံးထုတ်ခဲ့ပြီး အခြားဆရာများရှေ့တွင်လည်း ရွှန်းရွှန်းဝေအောင်ပြောခဲ့သေးသည်ကို တစ်ကြိမ်ထက်မနည်းကြားခဲ့ရသည်။ သူမက ကျူးထုန်၏အခြားဘာသာရပ်မှအမှတ်များကိုပြောကာ ပြန်လည်ချေပချင်လင့်ကစား အခြားဆရာများက သူမကိုပြန်လည်ခွန်းတုံ့ပြန်ခဲ့ကြသည်။


"အခြားဘာသာရပ်တွေရဲ့အမှတ်တွေ မကောင်းတာက အဲဒီလောက်အရေးမကြီးပါဘူး၊ သူ့ရဲ့အင်္ဂလိပ်စာက ဒီလောက်ကောင်းတာ နောင်အနာဂတ်မှာ အလုပ်ကောင်းကောင်းရမှာသေချာတယ်..."


လုရှီးမန်: "......"


'အင်္ဂလိပ်စာတစ်ဘာသာတည်းနဲ့ ဘာလုပ်လို့ရမှာလဲ၊ သူကတစ်ဘာသာတည်းမှာပဲ အမှတ်ပြည့်ရတာ၊ နောက်တစ်ခေါက်ဖြေရင် အမှတ်ပြည့်ရပါဦးမလား'


ကျူးထုန် စာဖြေရာတွင်အခက်တွေ့စေရန် လုရှီးမန်က သူစာဖြေနေစဥ်အတွင်း ဘေးတွင်ရပ်ကြည့်နေခဲ့သည်။


ကျူးထုန်က သူ့အင်္ကျီအိတ်ကပ်ထဲသို့ရုတ်တရက်လက်နှိုက်လိုက်သည်ကို တွေ့လိုက်ရသည့်အခါ သူမမျက်နှာက ရုတ်တရက်ပြောင်းသွားပြီး ကျူးထုန်၏လက်ကိုတိုက်ရိုက်ဆွဲလိုက်လေသည်။


 "ဘာလဲ၊ မင်းကအခုတော့ ခိုးချတော့မလို့လား၊ မင်း အရမ်းရဲတင်းလွန်းနေပြီမဟုတ်ဘူးလား..."


သူမအသံက ကျယ်လွန်းလှပြီး တိတ်ဆိတ်နေသောစာမေးပွဲခန်းထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းက စာဖြေနေသူများကိုထိတ်လန့်သွားစေခဲ့ပြီး တချိန်တည်းမှာပင်ကြောက်လန့်သွားစေခဲ့သည်။


ကျူးထုန်၏လက်ကောက်ဝတ်မှာ လုရှီးမန်ထံမှအဆွဲခံလိုက်ရပြီး mask မှာအသေအချာမကိုင်ထားခဲ့သောကြောင့် သူ့လက်ချောင်းကြားထဲမှလျှောကျသွားကာ ကြမ်းပြင်ပေါ်သို့ကျသွားခဲ့လေသည်။


သူက မျက်မှောင်ကြုတ်ကာ လုရှီးမန်ကိုကြည့်လိုက်သည်။


 "ကျွန်တော် ခိုးချမလို့မဟုတ်ပါဘူး..."


"မင်းကငြင်းနေသေးတယ်..." 

လုရှီးမန်က ကြမ်းပြင်ပေါ်တွင်ကျနေသောပစ္စည်းကို လက်ညိုးထိုးပြလိုက်သည်။ 

"ဒီမှာ သက်သေရှိတယ်..."


သူမက ကိုယ်ကိုကိုင်းကာ ကြမ်းပြင်ပေါ်မှ mask ကိုကောက်လိုက်ပြီး တတန်းလုံးအရှေ့တွင် ဖြန့်ကြည့်လိုက်သည်။ သူမ၏ ယတိပြတ်သေချာနေခဲ့သောမျက်နှာက ရုတ်ချည်းတောင့်တင်းသွားလေ၏။


သူမမှာ မယုံကြည်မှုများဖြင့် mask ကို ဖင်တပြန်ခေါင်းတပြန်ကြည့်နေသည်။


၎င်းအပေါ်တွင် မည်သည့်စာမျှမရေးထားပါချေ။


သူမက မျက်မှောင်ကြုတ်လိုက်သည်။


ကျူးထုန်က ခပ်တိုးတိုးပြောလိုက်သည်။ 


"ကျွန်တော် ဆရာမကိုယ်ပေါ်က ရေမွှေးနံ့ကိုမခံနိုင်တော့လို့ mask တပ်ပြီးအနံ့မရအောင်လုပ်မလို့ပါ.."


လုရှီးမန် ဘာပြောရမလဲမသိတော့ပေ။ 


"မင်း..."


သူမ မပြောနိုင်ခင်မှာပင် ကျူးထုန်၏ ဘေးခုံမှမိန်းကလေးက ခပ်တိုးတိုးရေရွတ်လာ၏။


 "ဟုတ်ပါ့၊ အနံ့ကဒီလောက်ထောင်းနေတာကို၊ ငါတို့ဘေးမှာလာရပ်နေသေးတယ်..."


လုရှီးမန်: "......"


သူမမှာ အသက်ပင်မရှူနိုင်တော့ဘဲ ရင်ဘတ်တစ်ခုလုံး လေးလံလာသလိုခံစားလိုက်ရသည်။ သူမက mask အား ကျူးထုန်၏ခုံပေါ်ကို ရိုက်ချလိုက်လေ၏။


 "စာမေးပွဲခန်းထဲမှာ ဒီလို လိမ်နည်းသေးသေးလေးတွေလာမလုပ်နဲ့၊ ငါထပ်တွေ့ရင် ခိုးချတယ်လို့ပဲမှတ်လိုက်တော့မယ်..."


ကျူးထုန်ကသူမပြန်ပေးသည့် mask ကိုမယူဘဲ အိတ်ထဲမှနောက်တစ်ခုထုတ်လိုက်သည်။ သူဟာသူတပ်ပြီး အဖြေလွှာကိုယူကာ စာကိုသာဆက်ဖြေနေလိုက်လေ၏။


သူမ၏သတိပေးချက်က အရေးလုပ်မခံရသည့်အခါ လုရှီးမန်၏ဒေါသက ပွက်ပွက်ဆူလာလေသည်။


ကျူးထုန်၏အဖြေလွှာက ပုံမှန်ဖြစ်နေသေးသည်ကိုမြင်သည့်အခါ သူမ စိတ်တိုလာလေသည်။ သူမက ရုတ်တရက် တဖက်လှည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် ကျူးထုန်၏တံတောင်ကို "မတော်တဆ" တိုက်လိုက်သည်။


အဖြေလွှာပေါ်တွင်ရှိနေသောကျူးထုန်၏လက်က ချော်ထွက်သွားလေရာ အဖြေလွှာပေါ်တွင် တမဟုတ်ချင်း ခဲရာအစင်းရာအရှည်ကြီးကထင်သွားလေတော့သည်။


"......"


ကျူးထုန်က "ဖျက်ဆီးခံလိုက်ရသော" အဖြေလွှာကို အေးစက်နေသောမျက်နှာဖြင့်ကြည့်လိုက်၏။


လုရှီးမန်ကလည်း ဖျတ်ခနဲ လှည့်ကြည့်လာသည်။ အဖြေလွှာပေါ်တွင် ခဲရာထင်နေပြီး သူမကလည်း အလေးအနက်မထားနေပေ။


 'ဘာပဲဖြစ်ဖြစ်၊ ခဲရာက လွယ်လွယ်လေးဖျက်လို့ရတာပဲ၊ ကျောင်းသားတစ်ယောက်က ဒီလိုကိစ္စလောက်လေးနဲ့တော့ ပြဿနာမရှာလောက်ပါဘူး၊ ငါ့လိုဆရာတစ်ယောက်ကို အထင်သေးရဲတဲ့သူ့အတွက် သင်ခန်းစာလို့ပဲမှတ်လိုက်ပေါ့'


သူမက စိတ်ခုသွားခြင်းပင်မရှိဘဲ တဖက်လှည့်ကာ စာသင်ခန်းအနောက်ပေါက်သို့ လျှောက်သွားလေတော့၏။


ထိုအချိန်မှာပင် ကျူးထုန်က ရုတ်ချည်းထရပ်ပြီး အဖြေလွှာကိုကိုင်ရင်းအပြင်ထွက်သွားလေတော့သည်။


လုရှီးမန် ထိတ်ပျာသွားလေ၏။ 


"ကျူးထုန်၊ ဘယ်ကိုသွားတာလဲ၊ စာမေးပွဲစည်းကမ်းကိုမသိဘူးလား..."


သို့ရာတွင် ကျူးထုန်က သူမကိုလုံးဝလျစ်လျူရှုထားပြီး အတန်းထဲမှ ချက်ချင်းထွက်သွားလေတော့သည်။


စာမေးပွဲခန်းတွင် သူမဘက်မှ တစ်ကြိမ်ခန့်အမှားလုပ်လိုက်လျှင် သူသည်းခံနိုင်သေးသည်။


သို့ရာတွင် သူမက ယခုလိုသိသာသည့်ပုံစံဖြင့် သူ့ကိုတိုက်ခိုက်ခဲ့သည်။ သူမကိုခွင့်လွှတ်ပေးရလောက်သည်အထိ သူက သူတော်စင်မဟုတ်ပေ။


ဆရာများရုံးခန်းအပြင်တွင် ယန်ချန်က ပထမထပ်မှစာမေးပွဲခန်းများကိုစစ်ဆေးပြီးနောက် အပေါ်ထပ်တက်သို့တက်လာလေသည်။ သူလှေကားမှလှည့်ကြည့်လိုက်သည့်အခါ ကျောင်းသားတစ်ယောက်က စာမေးပွဲခန်းထဲမှထွက်လာသည်ကိုတွေ့လိုက်ရလေ၏။


"ကျောင်းသား၊ မင်းကဘယ်အတန်းကလဲ၊ အခုအချိန်ကြီးကို ဘာလုပ်နေတာလဲ..."


ကျူးထုန်က သူ့အသံကိုကြားသည့်အခါလှည့်ကြည့်လာသည်။ လှေကားပေါ်မှ ယန်ချန်ကိုမြင်လိုက်ရသည့်အခါ သူလည်းရပ်နေလိုက်၏။


ယန်ချန်က သူ့အားချက်ချင်းမှတ်မိသွားလေသည်။ "ကျူးထုန်မလား၊ ဘာလုပ်နေတာလဲ..."


ကျူးထုန်က တည့်တည့်လျှောက်သွားလိုက်ပြီး ယန်ချန်ကိုအဖြေလွှာပြလိုက်သည်။ 


"ယန်လောင်ရှီး၊ စာမေးပွဲခန်းကြီးကြပ်တဲ့သူက ကျွန်တော့်အဖြေလွှာကိုဖျက်ဆီးလိုက်တယ်ဗျ..."


"ဘာ..."


ယန်ချန် မျက်လုံးပြူးသွားခဲ့သည်။


'ဒီလိုကိစ္စမျိုးက ရှိသေးတာလား'


သူက အဖြေလွှာကိုယူကြည့်လိုက်ပြီး အခန်းထဲမှအမြန်ထွက်လာသော လုရှီးမန်က အတန်းပိုင်ဆရာနှင့်ကျူးထုန်တို့ပြောနေသည့်စကားတို့ကိုကြားသွားပြီး လှမ်းအော်လိုက်၏။


 "ဘာကိုဖျက်ဆီးရမှာလဲ၊ ရှင့်ကျောင်းသားက ဘာလို့ မဟုတ်တာတွေအရမ်းပြောရတာလဲ၊ ဆရာယန်၊ ကျွန်မပြောတာကိုလည်းနားထောင်ပေးပါဦး၊ စာမေးပွဲခန်းထဲကခုံတွေက ခြားထားတာအရမ်းကျဥ်းတယ်၊ ကျွန်မကဖြတ်သွားလိုက်တော့ အဖြေလွှာကိုခဲတံနဲ့ရေးနေတဲ့ ကျောင်းသားကျူးထုန်ရဲ့တံတောင်ကို မတော်တဆတိုက်မိသွားတာပါ၊ ဖျက်လို့ရပါတယ်၊ ဒါပါပဲ၊ သူ့အမှတ်ကိုလည်းမထိခိုက်ပါဘူး၊ ဒီကလေးက ဒီလိုမျိုးလုပ်လိမ့်မယ်လို့ ဘယ်သူကထင်ခဲ့မှာလဲ..."


လုရှီးမန်မှာ ကျူးထုန်က ဤမျှသတ္တိကောင်းလိမ့်မည်ဟုမထင်ထားခဲ့၍ စိတ်လှုပ်ရှားလွန်နေခဲ့သည်။ ထိုကောင်လေးက ဒုတိယနှစ်အတန်းပိုင်ယန်ချန်ထံသို့ တကယ်ကြီးတိုက်ရိုက်သွားခဲ့သည်လေ။


သို့ရာတွင် အဖြေလွှာတစ်ရွက်တည်းဖြစ်သွားခဲ့သောကြောင့် သူမကြောက်နေရန်မလိုပေ။


ယန်ချန်က အဖြေလွှာကိုကြည့်ပြီး ကျူးထုန်ကိုကြည့်သည်။


ကျူးထုန်ကထပ်ဖြည့်ပြောလိုက်၏။ 


"ယန်လောင်ရှီး ဒါတင်မဟုတ်သေးပါဘူး၊ အခုစာမေးပွဲဖြေနေတုန်းကလည်း ကြီးကြပ်သူက ကျွန်တော့်ကိုခိုးချတယ်လို့စွပ်စွဲပါသေးတယ်၊ အထင်လွဲတယ်ဆိုတာကိုသိသွားတော့ မတောင်းပန်ရုံမက အော်ဟစ်သောင်းကျန်းပြီး အခြားကျောင်းသားတွေစာမေးပွဲဖြေနေတာကိုလည်းနှောင့်ယှက်ပါသေးတယ်၊ ပြီးတော့ ကျွန်တော်အဖြေလွှာကို အပြည့်ဖြေပြီးသွားတော့ ကျွန်တော့်တံတောင်ကိုတမင်ဝင်တိုက်ပါတယ်၊ ဒါက ကျွန်တော့်ရဲ့သည်းခံနိုင်စွမ်းကိုစမ်းသပ်လိုက်တာပါပဲ၊ ပြီးတော့ ကျွန်တော့်ရဲ့စာဖြေဆိုတဲ့အချိန်ကို ကြန့်ကြာသွားစေပါတယ်..."


သူတကယ်ဒေါသထွက်နေခဲ့သည်။ လုရှီးမန်က အကြိမ်ပေါင်းများစွာဖြတ်ပြောရန်ကြိုးစားသော်လည်း စကားပြောရန်အခွင့်အရေးရှာမရခဲ့ပေ။


ကျူးထုန်၏စကားကိုနားထောင်နေရင်း ယန်ချန်၏မျက်နှာက တဖြည်းဖြည်းရုပ်ဆိုးလာရသည်။ 


"လုလောင်ရှီး ရှင်းပြစမ်းပါဦး..."


လုရှီးမန်မှာ မတရားခံလိုက်ရသလို လေသံပြောင်းသွားခဲ့လေသည်။ 


"ယန်လောင်ရှီး၊ ဒီလိုမျိုးမဟုတ်ပါဘူး၊ ကျွန်မသူ့ကို မတော်တဆတိုက်မိလိုက်ရုံပါ..."


"လုလောင်ရှီးရှင်းတာကပြလည်း အရင်တစ်ခါကလိုပဲ ဖြစ်နေမှာမလား.."


ကျူးထုန်ကထပ်ဖြည့်ပြောလိုက်သည်။ သူ့အသံက စိတ်ရှုပ်ထွေးနေပုံရလေ၏။


လုရှီးမန်၏မျက်နှာထားကလည်းပြောင်းလဲသွားခဲ့သည်။


ယန်ချန်ကမေးလိုက်သည်။ 


"အရင်တစ်ခါကဘာဖြစ်ခဲ့လို့လဲ..."


ကျူးထုန်က ပြန်ဖြေလိုက်၏။


 "အရင်တစ်ခါက လုလောင်ရှီးအတန်းကကျောင်းသားတစ်ယောက်က ကျွန်တော့်ကိုထိုးတယ်လေ၊ ဆရာမက သူတို့ကိုခွင့်လွှတ်ပေးလိုက်ဖို့ ကျွန်တော့်ကိုတောင်းဆိုခဲ့တယ်၊ ပြီးတော့ သူတို့ကို ကျောင်းစည်းကမ်းအတိုင်းအရေးယူတာလည်းမရှိခဲ့ဘူး၊ ဒါပေမဲ့ ကျွန်တော်ကလက်မခံခဲ့ဘူး၊ အဲဒါကြောင့် လုလောင်ရှီးက ကျွန်တော့်ကို နှလုံးသားမဲ့ပြီး ခွင့်မလွှတ်ပေးတတ်ဘူးလို့ပြောခဲ့တာ..."


လုရှီးမန်: "ကျွန်မက....."



🤒