Chapter 57
Viewers 7k

🤒အခန်း ၅၇




"သူတို့ကို လွှတ်ပေးလိုက်ဖို့ သူမကမင်းကိုတောင်းဆိုခဲ့တယ်ပေါ့.." 


ယန်ချန်က လုရှီးမန်ကို ဆတ်ခနဲလှမ်းကြည့်လိုက်သည်။


 "လုလောင်ရှီး သူပြောတာအမှန်ပဲလား.."


ယန်ချန်မှာလည်း ကျူးထုန်ကို သွေးအန်သည်အထိဖြစ်စေခဲ့ပြီး ဆေးရုံကိုပါသွားခဲ့ရသောရန်ပွဲအကြောင်းကိုသိထားခဲ့သည်။ သို့ရာတွင် လုရှီးမန်က သူတို့ကိုအပြစ်မပေးဘဲ လွှတ်ပေးလိုက်ရန် သူ့အား တိတ်တဆိတ်တောင်းဆိုခဲ့သည့်ကိစ္စကိုမူ မသိခဲ့ပေ။


ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှု၊ အထူးသဖြင့် ကျောင်းသားတစ်ယောက်အား သွေးအန်သည်အထိဖြစ်ခဲ့သောကိစ္စမျိုးက ပြင်းထန်လွန်းသည်။ အဲဒီလိုကိစ္စမျိုးကို ဒီအတိုင်းလွှတ်ပေးလိုက်တယ်တဲ့လား။


ကျူးထုန်၏စကားလုံးရေအနည်းအကျဥ်းလောက်ဖြင့် လုရှီးမန်မှာ ချောင်ပိတ်ခံလိုက်ရသည်။ သူမက လက်ချောင်းများကိုတင်းတင်းဆုပ်ထားရင်း အကောင်းဆုံးကြိုးစားပြီးငြင်းဆန်နေလေ၏။


 "ယန်လောင်ရှီး၊ တကယ့်ကိစ္စကအဲဒါမဟုတ်ပါဘူး၊ ကျောင်းသားကျူးထုန်က ဗြုန်းစားကြီး သူ့အိတ်ကပ်ထဲကိုလက်ထည့်လိုက်တော့ ကျွန်..ကျွန်မလည်း သူခိုးချတယ်လို့ထင်ပြီး..."


"လုလောင်ရှီးက စာမေးပွဲစကတည်းက ကျွန်တော့်အနားမှာရပ်နေခဲ့တာပါ၊ အဲဒါက လောင်ရှီးက ကျွန်တော့်ကိုစိုက်ကြည့်နေခဲ့တယ်ဆိုတာပဲလေ၊ ကျွန်တော်က လောင်ရှီးရဲ့နှာခေါင်းအောက်မှာ တမင်တကာခိုးချနေတယ်လို့ဆိုလိုချင်တာလား..."


လုရှီးမန်: "....."


လုရှီးမန်၏မျက်နှာက သွေးဆုတ်သွားကာ အချိန်အတန်ကြာခဲ့သော်လည်း ပြန်လည်ချေပရမည့်စကားကိုရှာမတွေ့တော့ပေ။


ယန်ချန်က သူမ၏ရှင်းပြချက်ကို ဆက်ပြီးနားမထောင်နိုင်တော့သောကြောင့် စာမေးပွဲခန်းထဲသို့တိုက်ရိုက်ဝင်သွားကာ ကျောင်းသားအချို့ကိုမေးမြန်းကြည့်ခဲ့သည်။


ကျောင်းသားများက အစပိုင်းတွင် တွန့်ဆုတ်နေကြသော်လည်း မကြာခင်မှာပင် ဖြစ်ပျက်ခဲ့သမျှကိုသူ့အားပြောပြလာခဲ့ကြပေသည်။


"လုလောင်ရှီးက အစကတည်းက ကျူးထုန် တစ်ယောက်တည်းကိုပဲကြည့်နေခဲ့တာကတော့တကယ်ပါ၊ သူစာဖြေနေတဲ့တလျှောက်လုံး ဘေးကနေရပ်ကြည့်နေခဲ့တာ.."


"ကျူးထုန် mask တပ်ချင်တယ်ဆိုတာကလည်း လုလောင်ရှီးရဲ့ရေမွှေးအနံ့က အရမ်းပြင်းလို့ပါ၊ mask ကိုစားပွဲခုံပေါ်ရိုက်ချလိုက်တော့ ကျွန်တော်ဖြင့် လန့်လွန်းလို့ သေမတတ်ဖြစ်သွားတာဗျ.."


"ဆရာမက ကျူးထုန်ကို အကြာကြီးစိုက်ကြည့်နေတာ၊ ပြီးတော့ သူ့ကိုမတော်တဆတိုက်လိုက်တယ်တဲ့လေ၊ အရမ်းကို နမော်နမဲ့နိုင်တာပဲနော် ဟုတ်တယ်မလား..."


"ဆရာမက ကျူးထုန်ကိုစာဖြေနေတုန်းမှာ အခက်တွေ့စေချင်တယ်ဆိုတာရှင်းနေတာပဲဟာ၊ မဟုတ်ရင် ဘာလို့ဒီလောက်အထိလုပ်မှာလဲ..."


စာမေးပွဲခန်းထဲမှ တစ်ယောက်တစ်ပေါက် တိုင်တောချက်များကြောင့် လုရှီးမန်မျက်နှာက ရဲပတောင်းခတ်လာလေသည်။


အဖြစ်အပျက်ကိုနားလည်လိုက်ပြီးသည့်အခါ ယန်ချန်၏မျက်နှာက အလွန်အမင်း ရှုံ့တွသွားလေသည်။ သူက စာသင်ခန်းအပြင်သို့ထွက်သွားပြန်ကာ ကျူးထုန်ကိုပြောလိုက်၏။


 "ပြန်သွားပြီးစာမေးပွဲဆက်ဖြေနေတော့၊ အမှတ်တွေအလျော့မခံနဲ့..."


ကျူးထုန်က တခဏမျှတွေဝေနေကာ ခေါင်းညိတ်ပြီး အခန်းသို့ပြန်သွားခဲ့လေသည်။


ကျူးထုန်ထွက်သွားသည်နှင့် လုရှီယမန်က ယန်ချန်ကိုကြည့်ကာ မနည်းပြုံးပြရင်းပြောလိုက်၏။ 


"ယန်လောင်ရှီး၊ ကျွန်မကတကယ်ကို..."


"လုလောင်ရှီး.." 


ယန်ချန်က သူမမပြောခင်ဖြတ်ပြောလိုက်သည်။ 

"ခင်ဗျားက ဆရာတစ်ယောက်ပါ၊ ဘယ်လိုလုပ် ဒီလိုမျိုးလုပ်ရက်ရတာလဲ.."


လုရှီးမန်က သူ့အား ဒေါသဖြစ်စွာဖြင့်ကြည့်လာသည်။ သူမအသံကတုန်ယင်နေလေသည်။ 


"ကျွန်မ...."


ယန်ချန်ကဆက်ပြောလေ၏။ 


"ကျွန်တော် အခု ဒီအခန်းကိုကြီးကြပ်ပေးလိုက်ပါ့မယ်၊ ခင်ဗျားပဲပြန်ပြီး ကိုယ့်အပြုအမူကိုယ်ပြန်သုံးသပ်နေလိုက်ပါ.."


ထို့နောက် သူကခဏခန့်ရပ်လိုက်ကာ ထပ်ဖြည့်ပြောလိုက်ပြန်သည်။ 


"ကျွန်တော် ဒီနေ့ကိစ္စကို ကျောင်းကိုပြန်တင်ပြလိုက်ပါ့မယ်၊ ပြီးတော့ ခင်ဗျားကို အတန်းပိုင်နေရာကနေရုပ်သိမ်းပေးဖို့လည်းပြောလိုက်တော့မယ်..."


လုရှီးမန်၏မျက်နှာမှာ ခဏတွင်းချင်းသွေးဆုပ်သွားလေသည်။ 


"ယန်လောင်ရှီး..."


သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့သာ ပြည့်နှက်နေလေ၏။


သူ့ရဲ့ရာထူးကိုရုတ်သိမ်းမယ်။


ဘာလို့လဲ။


သူကကျောင်းသားတစ်ယောက်ကို ဆုံးမလိုက်ရုံပဲရှိခဲ့တာလေ။


ကျူးထုန်ကြောင့် သူ မြို့ကအရည်အချင်းရှိတဲ့ဆရာတွေရွေးချယ်ပွဲမှာမပါလိုက်ရဘူး။ အခုတော့ ကျူးထုန်က သူ့ကိုရာထူးကနေဖယ်ပစ်ချင်နေပြီ။


သူသာ အလုပ်ဖြုတ်ခံလိုက်ရရင် ကျောင်းကဆရာတွေနဲ့ကျောင်းသားတွေကသူ့ကိုဘယ်လိုထင်သွားကြမလဲ။


သူ့မှာဆက်နေဖို့ မျက်နှာရောရှိပါဦးမလား။


သို့တစေ ယန်ချန်ကသူမစကားကို နားမထောင်တော့ပေ။ လှည့်ထွက်သွားပြီး စာမေးပွဲခန်းအမှတ် ၆ ထဲသို့ဝင်သွားခဲ့သည်။ လုရှီးမန်ကို ကော်ရစ်တာတွင် တစ်ယောက်တည်းထားရစ်ခဲ့လိုက်၏။ သူမ၏ ယခင်ကအပြုအမူအတွက် နောင်တရရန် အလွန်အမင်းနောက်ကျသွားခဲ့ပြီဖြစ်သည်။


လုရှီးမန်၏ 'ကဖျက်ကယက်' လုပ်မှုကြောင့် စာမေးပွဲခန်း အမှတ် ၆ ကို အချိန်ပိုဆယ်မိနစ်ထပ်ပေးကာ ဖြေဆိုစေခဲ့သည်။


စာမေးပွဲပြီးသည်နှင့် စာမေးပွဲခန်း အမှတ် ၆ မှ နှောင့်နှေးကြန့်ကြာခဲ့မှုကြောင့် စပ်စုချင်ကြသူများက ဝိုင်းလာကြလေသည်။ ကျူးထုန်၏ ရွှေချရလောက်သော သတ္တိက ဒုတိယနှစ်တစ်ခွင်ကို သတင်းမွှေးသွားခဲ့သည်။


"မင်းအရမ်းမိုက်တယ် ကျူးထုန်၊ စာမေးပွဲဖြေနေတဲ့အချိန်အတွင်းမှာတောင် ကြီးကြပ်တဲ့ဆရာမကိုတောင် ပြန်ခံလုပ်ရဲတယ်နော်..."


တန်းခွဲသုံးမှပြန်ရောက်သည်နှင့် လော့ရှိုးက ကျူးထုန်၏ခုံကိုမှီကာ သူ့အားလေးစားမှုများဖြင့်ကြည့်နေလေ၏။


'သူ့အမှားပဲလေ' ကျူးထုန်ကတွေးလိုက်သည်။ ကျူးထုန်က ထိုအကြောင်းဆွေးနွေးရမည်ကိုမနှစ်သက်သောကြောင့် အေးအေးဆေးဆေးပင်ဖြေလိုက်လေသည်။ 


"သူတောင်းဆိုတာလေ.."


"ဒါပေါ့၊ သူစိုက်တဲ့အသီး သူပြန်ရိတ်သိမ်းရတာပဲ၊ ငါဖြေနေတဲ့ဘေးအခန်းကတောင်ကြားရတယ်.."


လော့ရှိုးက အခန်း ၇ တွင် တပြိုင်တည်းဖြေခဲ့ပြီး အခန်း ၆ နှင့် နံရံတစ်ချပ်သာခြားလေသည်။


လော့ရှိုးကဆက်ပြောလာခဲ့သည်။


 "အဲဒီတုန်းက ဆရာမအသံကို ဘေးအခန်းကနေတောင် အရှင်းကြီးကြားရတယ်၊ ငါက စာခိုးချတဲ့ကျောင်းသားတစ်ယောက်တော့ တကယ်ကြီးမိသွားပြီထင်ခဲ့တာ၊ ဒါပေမဲ့ ငိုး..မဟာပြောင်းလဲမှုကြီးပဲ၊ သူကျောင်းသားတစ်ယောက်အပေါ် အမှားလုပ်မိတာကို မတောင်းပန်လည်းကိစ္စမရှိပေမဲ့ ဒီလိုမျိုး ဒေါသထွက်စရာတော့မလိုဘူးလေ၊ လောင်ယန်က သူ့ကိုစာမေးပွဲခန်းထဲက မောင်းထုတ်လိုက်တာနဲ့ပဲ အဆုံးသတ်သွားတော့တာပဲ.."


ကြီးကြပ်သူသာ ကျောင်းသားများကို စာမေးပွဲခန်းထဲမှမောင်းထုတ်တတ်ကြသည်။ စာမေးပွဲခန်းထဲမှ ဆရာမတစ်ယောက် မောင်းထုတ်ခံလိုက်ရသည့်အဖြစ်မှာ ယခုအကြိမ်ကပထမဆုံးပင်ဖြစ်လေ၏။ တကယ်ကိုရှားပါးဖြစ်ရပ်ကြီးပင်။


စာမေးပွဲပြီးသည့်အခါ ကျောင်းသားများ အလောတကြီးအဖြေမတိုက်ကြသည်မှာ ကြုံတောင့်ကြုံခဲပင်ဖြစ်သည်။ ၎င်းအစား အခန်း ၆ မှဖြစ်ရပ်ကို အတင်းတုပ်နေကြလေသည်။


ကျူးထုန်က တရုတ်ရိုးရာကဗျာကို တစ်ကြောင်းချင်းပြန်ဖတ်နေသည်။ အတန်းထဲမှဆူညံသံများကြောင့် သူတဖြည်းဖြည်းစိတ်ရှုပ်ထွေးလာရလေ၏။


ရုတ်တရက် ဘီစကစ်တစ်ဘူးက အရှေ့တည့်တည့်ရောက်လာခဲ့သည်။


ကျူးထုန်က လက်ဆောင်ပေးလာသူကိုလှည့်ကြည့်လိုက်၏။ 


ရှောက်မင်က သူ့ကိုပြုံးပြလေသည်။ 


"စားချင်လား..."


ပုံမှန်အတိုင်း တထပ်တည်းတူညီသောအပြုံးမျိုးဖြစ်သည့်တိုင် ယခုတော့ ပိုပြီး ကူးစက်သွားခဲ့သည်။ ၎င်းက ချက်ချင်း ကျူးထုန်၏စိတ်အခြေအနေကို ခဏတွင်းချင်းကူးစက်သွားစေခဲ့၏။ သူကခေါင်းညိတ်ပြီးပြောလိုက်သည်။ 


"စားချင်တယ်.."


ရှောက်မင်က အသာပြုံးလိုက်လေသည်။


သူ့ပါးစပ်မှထုတ်မပြောဖြစ်သော်လည်း စိတ်ထဲတွင်တော့ လူတိုင်းနည်းတူတွေးနေခဲ့သည်။


'ငါ့ရဲ့ထိုင်ခုံဖော်လေးက အိပ်ရာကထလာတဲ့အချိန်ဆိုတကယ်ကြည့်ကောင်းတာပဲ'


နှစ်ယောက်သား ဘီစကစ်တစ်ဘူးလုံးကိုစားလိုက်ကြသည်။ ကျူးထုန်က ဖုန်းပေါ်မှအချိန်ကိုကြည့်လိုက်သည့်အခါ ဦးလေးလျိုထံမှ WeChat မက်ဆေ့ချ်ရောက်လာခဲ့၏။


'အာ..အားလုံးပြီးသွားပြီထင်တယ်'


***


A မြို့။ ကျူးမိသားစုဗီလာ။


ကျူးထုန်နှင့်ကျူးရှင်းတို့ အိမ်မှထွက်သွားတည်းက အိမ်သို့ပြန်လာခဲသော ကျူးရှို့ရှန်းမှလွဲလျှင် ချင်ကျွင်းဟုန်နှင့်သူ့အမေသာ ဗီလာတွင်ရှိတတ်သည်။


ချင်မန်ဝမ်မှာ တချိန်လုံး ဟန်ဆောင်နေရန်မလိုတော့သည်ဖြစ်ရာ စိတ်လက်ပေါ့ပါးနေလေ၏။ သို့ရာတွင် ချင်ကျွင်းဟုန်ကမူ အဆိုပါနှစ်ရက်အတွင်း အတွေးအများအပြားရှိနေခဲ့ပုံရလေသည်။


ပထမထပ်ဧည့်ခန်းတွင် ချင်ကျွင်းဟုန်က ကျိုးဆွေ့ကို မက်ဆေ့ချ်ပို့လိုက်သည်။ သို့ရာတွင် ပြန်ရောက်လာသည့်စာက အလွန်တရာမှ ဝတ်ကျေတမ်းကျေဆန်လွန်းလှလေ၏။


ကျိုးဆွေ့က သူနှင့်ကျူးထုန်ကိစ္စကိုမပြောပြဘဲ ငွေကိုအရင်တောင်းခဲ့သည်။ မဟုတ်ပါက အပေးအယူမှာအဆုံးသတ်သွားနိုင်၏။


ချင်ကျွင်းဟုန်မှာ သူ့ကို ကျူးထုန် block ထားမှန်းမသိသေးပေ။


ယခင်ကလည်း ကျူးထုန်က သူ့မက်ဆေ့ချ်ကိုစာပြန်လာတတ်ခြင်းမရှိသောကြောင့် ယခု သူ့ကိုစာမပြန်သည့်တိုင် များများစားစားမတွေးမိဘဲရှိလေသည်။ သူလည်း ကျူးထုန်ကို မက်ဆေ့ချ်တစ်စောင်မှမပို့မိခဲ့ပေ။


သို့ရာတွင် သူ့ဘက်မှ ကျူးထုန်အခြေအနေမသိရသည်မှာ ရက်ပိုင်းမျှရှိပြီဖြစ်ပြီး ကျိုးဆွေ့ဘက်မှလည်း အမှားလုပ်ခဲ့သည်။ သူက ထိုနေရာတွင် ပြဿနာတစ်ခုခုရှိနေပြီဟု မရေမရာခံစားနေရသည့်တိုင် အဖြေရှာမရခဲ့ပေ။


သူကမနေနိုင်တော့ဘဲ ကျူးထုန်ကိုမက်ဆေ့ချ်ပို့လိုက်သည်။


ရလဒ်မှာ သူအသိပေးစာတစ်ခုကိုပြန်ရလာခဲ့၏။


 [မက်ဆေ့ချ်ပို့ပြီးပါပြီ၊ ပေးပို့ခံရသူမှာ ပိတ်ပင်ထားပါသည်။]


ချင်ကျွင်းဟုန် ဗြုန်းစားကြီး ရှော့ခ်ရသွားလေ၏။


'ပိတ်ပင်ထားတယ်၊ ကျူးထုန်ကငါ့ကို block ထားတာလား'


'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'


'ဘာလို့လဲ'


သူ အခြေအနေကိုနားမလည်နိုင်သေးခင် ဗီလာ၏တံခါးမကြီးက ရုတ်တရက်ပွင့်သွားပြီး လူတစ်ယောက်ဝင်လာခဲ့သည်။


တံခါးမှအစေခံက အသံတိုးတိုးဖြင့်မေးလာ၏။ 


"သခင်ကြီးကျူး ပြန်လာပြီလား.."


အမျိုးသားက အစေခံ၏စိတ်ရှုပ်ထွေးသွားမှုကို ဥပေက္ခာပြုလိုက်၏။ သူက ဧည့်ခန်းထဲသို့သာ တန်းပြီးဝင်သွားခဲ့သည်။


ချင်ကျွင်းဟုန်က ဆတ်ခနဲမတ်တပ်ရပ်မိပြီးပြောလိုက်လေ၏။ 


"ဦးလေးကျူး..."


ကျိုးရှို့ရှန်းက ပုပ်သိုးနေသည့်မျက်နှာဖြင့် သူ့အား တဒင်္ဂမျှကြည့်နေပြီးမှ ပြောလိုက်သည်။


 "ငါကြားတယ်၊ မင်းက ကျောင်းမှာ ကျူးထုန်ကိုဂရုစိုက်ပေးဖို့ လူတစ်ယောက်ကိုတောင်းဆိုထားတယ်ဆို..."


ချင်ကျွင်းဟုန်မှာ လန့်ဖျတ်သွားလေသည်။


'ကျူးရှို့ရှန်းက သိနေခဲ့တာလား၊ ဘယ်သူပြောလိုက်တာလဲ၊ သူကရော ဘယ်လောက်အထိသိထားလဲ'


'ကျူးထုန်က ငါ့ကို block ပြီး ကျူးရှို့ရှန်းကိုပြောလိုက်တာလား'


'သူဘာဖြစ်ချင်နေတာလဲ'


ချင်ကျွင်းဟုန်မှာ ထိုအကြောင်းကိုတွေးနေရန်အချိန်မရှိပေ။ သူက နှလုံးသားထဲမှ လေမုန်တိုင်းကိုငြိမ်အောင်ထိန်းလိုက်ပြီး တတ်နိုင်သမျှ တည်ငြိမ်သည့်အသံဖြင့်ပြောလိုက်လေသည်။ 


"ဦးလေးကျူး၊ ဘယ်သူက ဦးလေးကိုပြောလိုက်တာလဲ.."


ကျူးရှို့ရှန်းက ခပ်မာမာပင်ထပ်မေးလေသည်။ 


"တကယ်ကိုမင်းလုပ်လိုက်တာလား..."


ချင်ကျွင်းဟုန်က တောင့်တင်းသွားပြီးခေါင်းညိတ်ပြလိုက်၏။ 


"ဟုတ်ပါတယ်၊ ကျွန်တော် ကျူးထုန်ကိုစိတ်ပူ..."


'ဖြန်း'


ကျယ်လောင်သော ပါးရိုက်သံက ဧည့်ခန်းထဲတွင်ပဲ့တင်ထပ်သွားခဲ့သည်။ ကျူးရှို့ရှန်း၏အသံက ဗုံးကွဲသွားသလို ကြောက်မက်ဖွယ်ရာကောင်းလွန်းလှလေ၏။ 


"မင်းက အလုပ်ကြီးအကိုင်ကြီးကို လုပ်ခဲ့တာပဲ.."


__________



စာရေးသူမှာ ပြောစရာရှိပါတယ်။


နှစ်သက်မှုရာခိုင်နှုန်းနဲ့ပတ်သတ်ပြီးပြောရရင် အရင်အပိုင်းတွေကလိုမျိုး မသိမသာပြန့်ကျဲနေတဲ့ သဲလွန်စတွေ သိပ်မရှိတာကို တွေ့ရလိမ့်မယ်။ ရှောက်မင်ရဲ့နှစ်သက်မှုရာခိုင်နှုန်းက ကျူးထုန်အပေါ်ခံစားချက်တွေနဲ့ယှဥ်လိုက်ရင် ဘာလို့အရမ်းနိမ့်နေတာလဲဆိုတာ ခန့်မှန်းကြည့်ကြပါလား။




🤒