Chapter 58
Viewers 7k

🤒အခန်း ၅၈




လျှပ်တပြက်ရိုက်ချက်က ချင်ကျွင်းဟုန်၏ရှင်းပြချက်ကိုရပ်တန့်လိုက်လေသည်။ ဗီလာဧည့်ခန်းအတွင်းရပ်နေကြသော အစေခံများမှာ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြကာ ဗီလာတံခါးကို အလုံအခြုံပိတ်သွားခဲ့ကြသည်။


ချင်ကျွင်းဟုန်က တဒင်္ဂမျှမှင်သက်သွားပြီး ကျူးရှို့ရှန်းအားလှည့်ကြည့်လိုက်လေ၏။ 


"ဦးလေးကျူး..."


ကျူးရှို့ရှန်းက သူ့ကိုရိုက်ပြီးနောက် ဒေါသမပြေသေးပေ။ ချင်ကျွင်းဟုန်ကိုဆူတော့မည့်အချိန် လှေကားပေါ်မှ အလျင်စလိုပြေးဆင်းလာသောခြေသံများထွက်လာပြီး အမျိုးသမီးတစ်ယောက် ဆင်းလာလေသည်။


"ဘာတွေဖြစ်နေကြတာလဲ..."


ချင်ကျွင်းဟုန်က ကျူးရှို့ရှန်း၏မျက်နှာကို ဒေါသတကြီးကြည့်နေလေ၏။ သူမက "သားအဖ" ကြားမှ အချင်းများမှုကိုတားဆီးရန် အမြန်ပြေးလာလေသည်။


ချင်ကျွင်းဟုန်မျက်နှာပေါ်မှ အနီရောင် လက်ဝါးရာကိုတွေ့သည့်အခါ ချင်မန်ဝမ်၏နှလုံးက ဒိတ်ခနဲခုန်သွားလေ၏။ သူမက ကျူးရှို့ရှန်း၏လက်မောင်းကို ဆွဲကိုင်ရင်းမေးလိုက်လေသည်။ 


"ရှို့ရှန်း ဘာတွေဖြစ်နေတာလဲ၊ ပြောပြလို့မရလို့လားဟင်..."


ကျူးရှို့ရှန်းက အော်ဟစ်လာ၏။ 


"မင်းရဲ့သားလုပ်ခဲ့တဲ့ အလုပ်ကောင်းလေးတွေကိုပဲမေးကြည့်လိုက်.."


ချင်မန်ဝမ်က ချင်ကျွင်းဟုန်ကို ပြန်ကြည့်လိုက်သည်။


ချင်ကျွင်းဟုန်က အရိုက်ခံလိုက်ရ၍ စိတ်ဆိုးနေပြီး သူ့အသံက သူ့စိတ်အတွင်းပိုင်းကို ပြတ်သားစွာဖြင့်ထင်ဟပ်နေလေသည်။ 


"ကျွန်တော်က ကျူးထုန်တို့ကျောင်းမှာ သူ့ကိုဂရုစိုက်ပေးဖို့ ကျွန်တော်နဲ့သိတဲ့လူတစ်ယောက်ကို ရှာထားပေးခဲ့ရုံပဲ..."


ချင်မန်ဝမ်က ခဏမျှင်မှင်သက်သွားလေသည်။


ကျူးထုန်ကိုဂရုစိုက်ပေးဖို့ လူတစ်ယောက်ကို ရှာလိုက်တယ်တဲ့လား


ကျူးရှို့ရှန်းက ကျူးထုန်ကျောင်းပြောင်းလိုက်တဲ့ကိစ္စတွေမှာ ဝင်မပါဖို့ တားမြစ်ထားတယ်ဆိုပေမဲ့လည်း ဒီလောက်လေးနဲ့တော့ ဒေါသထွက်စရာမလိုဘူးမလား။


သူမက တဖက်ကို ချော့မော့ပြောရန်ကြိုးစားသည့်တိုင် ကျူးရှို့ရှန်းက ဟန့်လိုက်သည်။ 


"ဂရုစိုက်ပေးဖို့ ဟုတ်လား၊ အဲဒါကို ဂရုစိုက်တယ်လို့ ခေါ်တာလား၊ မင်းက ကျူးထုန်ကို ဂရုစိုက်ဖို့ အလောင်းအစားအကြွေးတွေနဲ့ ပတ်လည်ဝိုင်းနေတဲ့ အကျင့်မကောင်းတဲ့လူမျိုးကို ရှာလိုက်တယ်ပေါ့၊ ပြီးတော့ မင်းကဒီကိစ္စကို သူ့အဖိုးအထိပါ သိသွားစေသေးတယ်၊ မင်း..."


ကျူးရှို့ရှန်းက သူ့ကိုထပ်ရိုက်ရန် ရည်ရွယ်လိုက်သဖြင့် ချင်မန်ဝမ်က လေပြည်ထိုးကာဖြောင်းဖျလိုက်ပြီး သူမသားဘက်ကို ချက်ချင်းလှည့်လိုက်၏။


'အလောင်းအစားကြွေးတွေ၊ အကျင့်မကောင်းတဲ့လူ၊ ဒီလိုလူကို ကျူးထုန်ကိုဂရုစိုက်ပေးဖို့ဆိုပြီး တောင်းဆိုခဲ့တယ်'


'ငါ့သားက ဘယ်လိုလုပ် ဒီလို ရူးနှမ်းတဲ့အလုပ်မျိုး လုပ်လိုက်ရတာလဲ'


ချင်ကျွင်းဟုန်မှာမူ 'အလောင်းအစားအကြွေး' ဟုကြားလိုက်သည်နှင့် ခေါင်းထဲတွင် တဝီဝီမြည်သွားခဲ့သည်။


ကျူးရှို့ရှန်းက ကျိုးဆွေ့ရဲ့မိသားစုအခြေအနေကို ဘယ်လိုလုပ်သိသွားတာလဲ။


သူက ဒီလောက်အချိန်တိုတိုလေးနဲ့ ဘယ်လိုသိသွားတာလဲ။


ပိုဆိုးတာက ကျူးထုန်က သူ့ရဲ့ အဘိုးကိုပြောလိုက်တာလား။


'အဖိုး...'


သူ တစ်ကြိမ်သာတွေ့ဖူးခဲ့သည့် ထိုအဖိုးကြီးကို တွေးမိသွားသည်။ ထိုသူ၏အသွင်အပြင်က အရွယ်နှင့်မလိုက်အောင်နုပျိုပြီး အရှိန်အဝါကြီးမားလေ၏။ ရုတ်တရက်ကြီး ချင်ကျွင်းဟုန်မှာကျောရိုးအောက်မှ စိမ့်ခနဲအေးသွားခဲ့ရသည်။


သူဘယ်လိုလုပ် ချန်အဖိုးကြီးကိုမေ့နေမိတာလဲ။


'ဒါပေမဲ့ ချန်ချင်းစုန့်က ကျူးထုန်နဲ့သူ့ညီမကို မျက်ကွယ်ပြုထားခဲ့တာ နှစ်တွေအတော်လေးကြာခဲ့ပြီမလား။ ကျူးထုန်ကျောင်းပြောင်းတော့ ကူညီပေးလိုက်တယ်ဆိုပေမဲ့ ဘယ်တုန်းက ကျူးထုန်ကိစ္စတွေကိုစိတ်ဝင်စားသွားတာလဲ'


ချင်ကျွင်းဟုန်မှာ ကြောက်ဒူးတုန်နေပြီဆိုသော်လည်း အမြန်ပင်တုံ့ပြန်လိုက်လေ၏။ 


"ဘာကို အလောင်းအစားကြွေးလဲ၊ သူက အကျင့်မကောင်းဘူး ဟုတ်လား၊ ဦးလေးကျူးရယ်၊ ဘာတွေပြောနေတာလဲဗျာ၊ ကျွန်တော်အကူအညီတောင်းလိုက်တဲ့လူက ကျောင်းရဲ့ဘတ်စကတ်ဘောအသင်းကပါ၊ ကျွန်တော် သူ့ကို ဘတ်စကတ်ဘောကွင်းထဲမှာတွေ့ခဲ့တာ၊ သူကလူကောင်းပါ.."


"လူကောင်း ဟုတ်လား.." 


ကျူးရှို့ရှန်းမှာ စိတ်တိုရလွန်း၍ မျက်လုံးနှစ်လုံးပင် မျက်အိတ်မှာကျွတ်ကျတော့မည်အထိဖြစ်နေလေ၏။ သူက စာရွက်စာတမ်းထည့်သည့်အိတ်ကို ဗြုန်းစားကြီးဖွင့်လိုက်ကာ ဓာတ်ပုံအထပ်လိုက်ကိုဆွဲထုတ်ပြီး ချင်ကျွင်းဟုန်မျက်နှာတည့်တည့်ကိုပစ်ပေါက်လိုက်သည်။ 


"မင်းကသူ့ကိုလူကောင်းပါလို့ပြောနေသေးတယ်၊ မင်းဟာမင်းကြည့်လိုက်..."


ဓာတ်ပုံအထပ်လိုက်က ချင်ကျွင်းဟုန်မျက်နှာနှင့် ရိုက်မိသွားသည်။ ထို့နောက် ဓာတ်ပုံများက သူ့မျက်နှာမှလျှောကျကာ ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲသွားလေသည်။


ချင်မန်ဝမ်ကငုံ့ကြည့်ပြီး သူ့မျက်နှာက ချက်ချင်းဖြူရော်သွားလေသည်။


ဓာတ်ပုံထဲတွင် လူငယ်လေးတစ်ယောက်က မိန်းကလေးတစ်ယောက်ပြီးတစ်ယောက်နှင့် တွဲသွားတွဲလာလုပ်နေပုံများဖြစ်ပြီး နောက်တစ်ပုံတွင်တော့ ထိုသူ အလောင်းအစားလုပ်နေသည့်နေရာတွင် လူတစ်စုနှင့်ဆေးလိပ်သောက်နေပုံကို အမိအရရိုက်ကူးထားလေ၏။


'ကျွင်းဟုန်က ဘယ်လိုလုပ်ပြီး ဒီလိုလူနဲ့သိနေရတာလဲ' 

သူမ၏စိတ်ထဲ၌တုန်ယင်သွားခဲ့ရသည်။


ချင်ကျွင်းဟုန်မှာ ကျူးရှို့ရှန်း သူ့ထံပစ်ပေါက်လိုက်သောပုံများက မည်သည့်ပုံများမှန်းခန့်မှန်းထားနှင့်ပြီးသားပင်ဖြစ်လေ၏။ သူက ငုံ့ကြည့်ပြီး ထိတ်လန့်သွားသလိုဟန်ဆောင်လိုက်သည်။ 


"ဘယ်လိုလုပ်...."


ကျူးရှို့ရှန်းက ဆက်ပြောလေသည်။


 "သူကမင်းနာမည်ကိုအကြောင်းပြပြီး ကျောင်းမှာ ကျူးထုန်ကိုအနိုင်ကျင့်နေခဲ့တာ၊ ကျူးထုန်ကိုဂရုစိုက်ပေးဖို့လည်း မင်းကသူ့ကိုစိတ်ချထားတယ်တဲ့၊ မင်းက ဒီလူကိုမသိပါဘူးလို့ ငြင်းချင်နေတုန်းပဲလား..."


ချင်ကျွင်းဟုန်က အမြန်ခေါင်းမော့လာကာ အလျင်စလိုပင်ပြောလိုက်၏။ 


"မဟုတ်ပါဘူး၊ ဦးလေးကျူး၊ သူက...ကျွန်တော်သူ့ကို တကယ်မသိတာပါ၊ E မြို့ကိုသွားကစားတုန်းကသူက..."


သူပင် စကားပြော၍မပြီးသေးခင် ကျူးရှို့ရှန်းက ရုတ်တရက် ခြေထောက်မြှောက်လိုက်ပြီး သူ့အား ခပ်ပြင်းပြင်းကန်လိုက်လေ၏။


"အမလေး၊ ကျွင်းဟုန်..."


ချင်မန်ဝမ်မှာ ချင်ကျွင်းဟုန်က ယခုကဲ့သို့ တိုက်ရိုက်ကြီးအကန်ခံလိုက်ရမည်ဟုမမျှော်လင့်ထားခဲ့ပေ။ နာလွန်း၍ သူ့မျက်နှာကရှုံ့မဲ့သွားလေသည်။


သို့ရာတွင် ချင်မန်ဝမ်က အကူအညီမပေးရဲပေ။ ထိုအစား သူမလှည့်ကာ အသနားခံလိုက်သည်။ 


"ရှို့ရှန်း..."


ကျူးရှို့ရှန်းက သူ့ကိုလက်ညိုးငေါက်ငေါက်ထိုးကာပြောလေ၏။ 


"မင်းက သူဘယ်သူလဲတောင်မသိဘဲ ကျူးထုန်ကိုဂရုစိုက်ပေးဖို့ အကူအညီတောင်းရဲသေးတယ်၊ မင်းရဲ့နှလုံးသားကဘာနဲ့လုပ်ထားတာလဲ..."


"မင်းက ဒီလိုလူမျိုးကို ကျောင်းမှာကျူးထုန်ကိုဂရုစိုက်ပေးဖို့ပြောရဲတယ်"


"မင်းကဘာလို့ ဒီလောက်တောင် အသုံးကျရတာလဲ"


၎င်းစကားများက ချန်ချင်းစုန့် သူ့ကိုခေါ်တိုင်း ပစ်ပေါက်ခဲ့ဖူးသော အပြစ်တင်စကားများသာဖြစ်ပေသည်။


ချန်လန် သူ့ကိုလက်ထပ်လိုက်သည့်အချိန်တည်းက ချန်ချင်းစုန့်က သူ့ကိုအမြဲနှိမ်ခဲ့သည်။ စီးပွားရေးကိစ္စများတွင် သူ့ကိုကူညီကောင်းကူညီပေးခဲ့သော်လည်း သူ့ကို ဆူပူကြိမ်းမောင်းသည့်အချိန်ကပိုများခဲ့သည်။


ယခု ပြဿနာကြုံရသည့်အချိန်အထိ သူ့ဘက်မှချန်မိသားစုကို မလိုအပ်ဘဲ နောက်တစ်ကြိမ်အဆက်အဆံလုပ်ရန်စိတ်မကူးခဲ့ပေ။


သူ ချင်မန်ဝမ်နှင့်လက်ထပ်ခဲ့ပြီးနောက် သူမကကျူးကတော်အသစ်ဖြစ်လာခဲ့လေရာ ကျူးထုန်နှင့်ကျူးရှင်းကို အချိန်အများစုပေးကာဂရုစိုက်ပေးခဲ့သည်။ ရှင်းလင်းသွားပြီဖြစ်၍ ထိုအဖိုးကြီးလည်း သူ့ကိုအပြစ်မတင်နိုင်တော့ပေ။


အခုတော့ ချင်ကျွင်းဟုန်က ဘာလုပ်လိုက်ပြီလဲ။


အဖိုးကြီးက ယနေ့ သူ့ကို ရုံးခန်းသို့လာရန်ခေါ်ခဲ့ပြီး သူ့လုပ်ဖော်ကိုင်ကိုင်ဖက်များအရှေ့တွင် ပြောဆိုကာ သူ့ကိုသိက္ခာချခဲ့သည်။


ကျူးရှို့ရှန်းက တွေးလေ ဒေါသထွက်လာလေပင်။ သူ ချင်ကျွင်းဟုန်ကို ထပ်ပြီးကန်ပစ်ချင်လာသည်။


ချင်ကျွင်းဟုန်က ကြမ်းပြင်မှထပြီးထိုင်နေပြီဆိုသော်လည်း နောက်တကြိမ် မရပ်နိုင်တော့ပေ။ သူခေါင်းငုံ့ပြီးပြောလိုက်၏။ 


"ဒါက ကျွန်တော်မှားတာပါ ဦးလေးကျူး၊ ကျွန်တော်သွားပြီး ကျူးထုန်ကိုတောင်းပန်လိုက်ပါ့မယ်.."


သူ့အား ကျူးထုန်က block ထားသည့်အကြောင်းကိုမူ မပြောတော့ပေ။


တွေးကြည့်မှ ကျူးထုန်က ကျိုးဆွေ့၏ မိသားစုအခြေအနေကိုသိသောကြောင့် သူ့ကို block ထားခြင်းဖြစ်လိမ့်မည်။


ကျူးထုန် သိနေခဲ့မှတော့ သူ့[ကျူးထုန်]ဘက်က ကျိုးဆွေ့ကို အာရုံစိုက်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့။ ကျိုးဆွေ့ကလည်း အခုလိုအရေးကြီးတဲ့ ကိစ္စမျိုးကို သူ့ကိုမပြောပြခဲ့ဘူးလေ။ မဟုတ်ရင် သူဘယ်လိုလုပ် ခုလိုအရိုက်ခံရမှာလဲ။


'ငါ့ဆီကနေ ပိုက်ဆံလိုချင်သေးတယ်၊ အိပ်မက်မက်နေလိုက်' 

သူ စိတ်ထဲမှကြုံးဝါးလိုက်သည်။


ချင်ကျွင်းဟုန် တိတ်တိတ်လေးအံကြိတ်ထားမိသည်။ သူ ချက်ချင်းပင် ကျိုးဆွေ့ကို ရှစ်ပိုင်းဖြစ်သွားသည်အထိ ဖြဲပစ်လိုက်ချင်သည်။


သို့ရာတွင် ကိစ္စမရှိပါချေ။ ကျိုးဆွေ့၏ နောက်ကွယ်မှလျှို့ဝှက်ချက်များကို သူ တကယ့်ကို "မသိ" ခဲ့ပေ။


စကားပြောထားသည့်မှတ်တမ်းက ရှင်းခံလိုက်ရပြီဖြစ်သည်။ အဘိုးကြီးချန်က သူ့ကို ဆွဲထည့်ချင်လျှင်ပင် သက်သေမရှိပေ။ သူ ကျူးထုန်ကိုတောင်းပန်မည်ဆိုသော်လည်း ကျူးရှင်းထံသွားပြီး ကူပြောပေးရန် တောင်းဆိုလိုက်မည်။ သူမက သူ့ကိုဆိုလျှင် သေချာပေါက်ကူညီလိမ့်မည်။


ချင်ကျွင်းဟုန်က စိတ်ထဲတွင်အစီအစဥ်ရှိပြီးသားဆိုသော်လည်း ကျူးရှို့ရှန်းက ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။


 "ဒီနေ့ကစပြီး ကျူးထုန်နဲ့ကျူးရှင်းတို့ကျောင်းကို လူလွှတ်ရဲလွှတ်ခိုင်းကြည့်၊ သွားလည်းမတွေ့ရဘူး၊ မင်းသူတို့ကို ခိုးပြီးဆက်သွယ်ရဲရင် ငါမင်းကို ဒီအိမ်ကနေကန်ထုတ်ပစ်လိုက်မယ်..."


ချင်ကျွင်းဟုန်က မှင်သက်သွားကာခေါင်းမော့ပြီး စူးခနဲကြည့်လိုက်သည်။


'ကျူးထုန်ကိုရော ကျူးရှင်းကိုပါ မတွေ့ရဘူးလား'


'မဖြစ်နိုင်ဘူး'


သူဘာမှမပြောနိုင်မှီမှာပင် ချင်မန်ဝမ်ကသူ့အစား ပြောလိုက်သည်။ 


"မစိုးရိမ်ပါနဲ့၊ ကျွင်းဟုန်က နောက်တခေါက်ထပ်လုပ်တော့မှာမဟုတ်ပါဘူး၊ စိတ်မပူပါနဲ့၊ ကျွန်မ သူ့ကိုသေချာကြည့်ထားပါ့မယ်၊ ကျူးထုန်နဲ့ရှောင်ရှင်း စာလေ့လာတာကိုလည်း မနှောင့်ယှက်စေရပါဘူး..."


ချင်ကျွင်းဟုန်: "....."


ကျူးရှို့ရှန်းက ချင်ကျွင်းဟုန်ကို ငနုံငအတစ်ယောက်အားကြည့်နေရသလိုမျိုး အထင်သေးသလိုကြည့်ကာ ဆောင့်ကြီးအောင့်ကြီးဖြင့်အပေါ်တက်သွားလေသည်။



ချင်ကျွင်းဟုန်က ကြမ်းပြင်ပေါ်ကိုလက်ထောက်ကာ နားနေလိုက်သည်။ သူ၏လက်နှစ်ဖမိုးနှစ်ဖက်လုံးမှာ ဖွေးဆုတ်နေလေ၏။


ဧည့်ခန်းထဲတွင် မည်သူမှမကျန်တော့သည့်အခါမှ ချင်မန်ဝမ်မှာ ချက်ချင်းငုံ့ကိုင်းလာပြီး သူ့ကိုထူပေးရန်ကြိုးစားလေသည်။ သို့ရာတွင် ချင်ကျွင်းဟုန်က သူမအားတွန်းထုတ်ပစ်လိုက်၏။


ချင်မန်ဝမ်လည်း အေးခဲသွားလေသည်။


 "မင်းစိတ်ဆိုးနေမယ်ဆိုတာ အမေလည်းသိပါတယ်၊ ဒါပေမဲ့ မင်းအခုတတ်နိုင်တာ ဘာရှိလို့လဲ၊ မင်းပဲ ချန်မိသားစုက အကုန်လုံးသိသွားအောင်လုပ်ခဲ့တာလေ၊ မင်းဟာမင်းမဆင်ခြင်တာ၊ မင်းအမှားပဲကို၊ အဲဒီအမြွှာနှစ်ယောက်နဲ့နီးစပ်ဖို့ မင်းမှာအခွင့်အရေးရှိသေးတယ်လို့ထင်နေတုန်းပဲလား.."


"....."


"....."


"အမေထပ်ပြောမယ်၊ စိတ်လျှော့ပြီး ရှောင်ရှင်းပြန်လာတဲ့အထိစောင့်နေ၊ အချိန်မကျသေးခင်အထိ ဘာမှမလုပ်နဲ့၊ ကြားလား..."


ချင်ကျွင်းဟုန်က ပြန်မပြောပေ။ ကျူးရှို့ရှန်းထွက်သွားသည့်ဘက်ကိုသာကြည့်နေခဲ့သည်။ သူ့မျက်လုံးတို့ကမည်းမှောင်နေကာ စိတ်ခံစားချက်တို့က ယောက်ယက်ခတ်နေလေသည်။


သူနားမလည်တော့ပေ။


ကျူးရှို့ရှန်းတွင် သွေးသားတော်စပ်သည့်ကလေးဟူ၍ နှစ်ယောက်သာရှိသည်။ တစ်ယောက်က အသက်တိုရန်ကြမ္မာဖန်လာသော ကျူးထုန်ဖြစ်ပြီး ထိုသူမှာ အကြိမ်ပေါင်းများစွာ သေလုနီးနီးပါးဖြစ်ခဲ့သည်။ ကျန်တစ်ယောက်က လက်ထပ်ရရန်ကံကြမ္မာပါလာပြီး မိသားစုအမွေကိုမဆက်ခံနိုင်သည့် ကျူးရှင်းဖြစ်လေ၏။ နောက်ဆုံးတွင် ကျူးရှို့ရှန်းကို ကုမ္ပဏီအားစီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းရေးတွင် ကူညီပေးနိုင်သူမှာ သူပင်ဖြစ်လေသည်။ အဘယ်ကြောင့် ကျူးရှို့ရှန်းက သူ့အပေါ်ကို ဤမျှအထိရက်စက်ရသည်လဲ။


ဘာလို့ သူ့ကိုလက်မခံရတာလဲ။


တစ်နေ့ကျရင် ဒီနေ့ကြုံခဲ့ရတဲ့မတရားမှုတွေအတွက် ကျူးရှို့ရှန်းကို ပြန်ပေးဆပ်ခိုင်းမယ်။


သူ့မျက်လုံးထဲတွင် မကျေနပ်မှုနှင့်အလိုမကျမှုတို့ဖြင့် ပြည့်နေခဲ့သော်လည်း သူ့ခံစားချက်တို့ကို အမြန်ဖျောက်ပစ်လိုက်ပြီး ချင်မန်ဝမ်၏အကူအညီဖြင့်ထရပ်လိုက်သည်။


****


ထိုစဥ် ချန်မိသားစု၏ဗီလာထဲတွင်ဖြစ်သည်။


ချန်ချင်းစုန့်မှာ ကျူးမိသားစုဗီလာထဲတွင် ဖြစ်ပျက်ခဲ့သမျှကို အမြန်ပင်သတင်းရသွားခဲ့၏။


ကျူးရှို့ရှန်း လက်ပါခဲ့သည့်ရလဒ်ကိုကြားရသည့်အခါ သူမျက်မှောင်ကြုတ်ကာပြောလိုက်လေသည်။ 


"သူက ချင်ကျွင်းဟုန်ကို ရိုက်တယ်၊ ဆူတယ်၊ ဒီလောက်ပဲလား..."


အိမ်တော်ထိန်းက ခေါင်းညိတ်ပြသည်။ 


"ဒီလောက်ပါပဲ.."


ချန်ချင်းစုန့်: "....."


သူက အသက်ရှူမမှန်သလို လေကိုခပ်မြန်မြန်ရှူသွင်းနေခဲ့သည်။ ပြီးနောက် စိတ်ပျက်နေသည့်အသံဖြင့်ပြောလာလေ၏။ 


"သူက လုံးဝကို သုံးစားလို့မရတာပဲ.."


_________


ကျူးထုန်ကမူ ကျူးမိသားစုဗီလာထဲတွင် ဖြစ်ပျက်နေသမျှကို မသိသေးပေ။ လွန်ခဲ့သောနှစ်ရက်ကဖြေခဲ့သည့် လစဥ်စာမေးပွဲများအပေါ်တွင် ခေါင်းစိုက်နေလေသည်။ နောက်တစ်ရက် လစဥ်စာမေးပွဲများပြီးသည့်အခါ သူ စိတ်ရောကိုယ်ပါ ပေါ့ပါးသွားသလိုခံစားလိုက်ရလေသည်။


"စာလေ့လာထားတဲ့ရလဒ်က အကျိုးပေးခဲ့တာပဲ..."


ကျူးထုန် ခုံပေါ်တွင်အကြောဆန့်နေစဥ် ဘေးမှတစ်ယောက်ကပြောလာခဲ့သည်။


စာမေးပွဲပြီးသည့်အခါ ခြားထားသည့်ထိုင်ခုံများကို ပြန်စီထားပြီးဖြစ်သည်။


ကျူးထုန်က ဤတစ်ကြိမ်စာမေးပွဲတွင်တကယ်ကံကောင်းခဲ့သည်။ သူဖြေရသည့်ခုံက အသန့်ကြိုက်သောမိန်းကလေးတစ်ယောက်၏ခုံဖြစ်နေသည့်အပြင် သူ့ခုံတွင်ဖြေရသူကလည်း သူနှင့်စရိုက်တူသူဖြစ်နေပြီး သူမက တတ်နိုင်သလောက် သန့်ရှင်းအောင်ထိန်းသိမ်းပြီးဖြေခဲ့လေသည်။


ရှောက်မင်အသံကိုကြားလိုက်ရသည့်အခါ သူလှည့်ကြည့်လိုက်သည်။ အပြုံးဖျော့ဖျော့လေးက သူ့မျက်နှာပေါ်တွင်ရှိနေပြီး သူလည်းခေါင်းညိတ်ပြရင်းပြောလိုက်သည်။ 


"ဒီတစ်ခါတော့ နောက်ဆုံးတစ်ခါဖြေခဲ့တာထက်စာရင် ငါချန်ထားခဲ့ရတဲ့အပုဒ်တွေက အတော်လေးနည်းသွားတယ်၊ ငါ့ရဲ့အမှတ်ပေါင်းက အနည်းဆုံး ငါးရာလောက်တော့ရှိမှာပါ..."


ရှောက်မင်: "....."


ရုတ်တရက် တစ်ခုခုကိုသိလိုက်သလိုမျိုး သူ့ပါးစပ်ထောင့်တို့က အသာလေးတွန့်သွားလေသည်။ 


"ချန်ထားခဲ့တဲ့အပုဒ်တွေလား..."


ကျူးထုန်ကခေါင်းညိတ်ပြသည်။


 "အင်းလေ..."


ရှောက်မင်: "......"


သူ သတိမထားလိုက်မိပေ။ ကျူးထုန် စာမေးပွဲဖြေသည့်ပုံစံကို သူမေ့နေခဲ့သည်။


"မင်း...."


"မင်ကော၊ စာမေးပွဲပြီးပြီနော်၊ ဒီနေ့လည် အောင်ပွဲခံချင်လား..."


ရှောက်မင် ပြောတော့မည့်အချိန် လော့ရှိုးကပြေးလာပြီး ကြားဖြတ်လိုက်သည်။


သူက စကားကိုခဏရပ်ကာ ကျူးထုန်ကို ကြည့်လိုက်သည်။ စာမေးပွဲပြီးသွားပြီဖြစ်ရာ အခုအချိန်ပြောလည်း အသုံးမဝင်တော့ပေ။ စာမေးပွဲရလဒ်ထွက်လာသည်အထိ စောင့်ကြည့်နေလိုက်ခြင်းက ပိုကောင်းလိမ့်မည်။


သူကပြုံးရင်း လော့ရှိုးကို ထပ်ကြည့်လိုက်၏။ 


"လစဥ်စာမေးပွဲလေးကိုများ၊ ဘယ်လိုအောင်ပွဲခံချင်နေတာလဲ..."


လော့ရှိုးက သူစိတ်ပူနေမှန်းသိလိုက်ပြီး နှစ်သိမ့်ပေးလိုက်၏။


 "စိတ်မပူပါနဲ့၊ ဒီတစ်ခါတော့ ပင်လယ်စာဆိုင်ကနေ အရသာအစုံပါတဲ့ပုစွန်တွေကို ငါသိထားတယ်၊ ဘယ်အရသာမဆိုပါတယ်နော်...ဒါနဲ့ ကျူးထုန် မင်း ပင်လယ်စာနဲ့ ဓါတ်မတည့်တာမျိုးမရှိဘူးမလား..."


ကျူးထုန်ကခေါင်းညိတ်ပြီး ပြန်ဖြေသည်။ 


"ငါ့မှာဓါတ်မတည့်တာမရှိပါဘူး..."


လော့ရှိုးက ရှောက်မင်ကို ထပ်ကြည့်လိုက်သည်။ 


"မင်ကော၊ ဘယ်လိုလဲ..."


ရှောက်မင်: "အိုကေ၊ သွားကြတာပေါ့..."


လော့ရှိုးက ချက်ချင်းပင် ခုံမှခုန်ပေါက်ပြီးထလိုက်သည်။


ကျူးထုန်က သူ ခုံပေါ်မှခုန်ပြီးထွက်သွားသည်ကိုကြည့်နေရင်း ပြုံးလိုက်မိသည်။ လော့ရှိုးက အမြဲ ပေါ့ပါးနေတတ်ပြီး သူ့ကို စိတ်ရှုပ်ထွေးစေမည့်အရာ မရှိသလိုပင်။


သူ ရှောက်မင်ကို ပြန်ကြည့်မိသည်။ သူနားမလည်နိုင်တော့ပေ။


ထိုလူငယ်လေးက ခံစားချက်တို့ကို ဖုံးကွယ်ထားရာတွင်တော်လွန်းသည်။


သူ စနစ်မှ နှစ်သက်မှုရာခိုင်နှုန်းပြဘားတန်းကို ထပ်ကြည့်လိုက်၏။ နှစ်ရက်ကြာ စာအတူသင်ကြပြီးနောက် နှစ်သက်မှုပြရာခိုင်နှုန်းမှာ အနည်းငယ်တိုးလာခဲ့ပြီး အခုတော့ လေးဆယ်ရာခိုင်နှုန်းတွင်ရပ်နေလေသည်။


သူက ယခုလေးတင် ရှောက်မင်ပြောလိုက်သောစကားကို အမှတ်မထင်တွေးမိလိုက်၏။ 


"စာလေ့လာထားတဲ့ရလဒ်က အကျိုးပေးခဲ့တာပဲ"


အင်း၊ တကယ်ကို အလုပ်ဖြစ်ခဲ့တယ်။


အတန်းထဲမှအခြားကျောင်းသားများကမူ စာမေးပွဲဖြေစဥ်က သိမ်းဆည်းထားခဲ့သောစာအုပ်တို့ကို ပြန်ထည့်ရင်းအလုပ်များနေကြလေ၏။ အစက ကျောင်းမှာ စာမေးပွဲဖြေပြီးနောက် ကိုယ်ပိုင်စာကြည့်ချိန်များရှိသေးသော်လည်း ရှီဝမ်ရှူက စာမေးပွဲဖြေပြီးနောက် သူတို့အားလုံး စာလေ့လာရ၍ ပင်ပန်းနေမှန်းနားလည်ထားခဲ့သည်။ သို့ဖြစ်၍ သူတို့အား မိနစ်နှစ်ဆယ်ကြိုပြီး အတန်းထဲမှထွက်ခွင့်ပေးခဲ့သည်။


ချွမ်ဝေ့ စားသောက်ဆိုင်တွင် ကျူးထုန်က သီးသန့်ခန်းကိုဓာတ်ပုံရိုက်ပြီး စားပွဲထိုးမှအစားအသောက်များကိုလာမချခင် ကျူးရှင်းကို ဓာတ်ပုံပို့ပေးလိုက်သည်။


ကနဦးပိုင်းက "သူလုံခြုံနေကြောင်းသတင်းပို့ရန်" အတွက် ဓာတ်ပုံရိုက်ခြင်းဖြစ်သော်လည်း ယခုမူ လုပ်ရိုးလုပ်စဥ်နှယ်ဖြစ်နေလေပြီ။


သူက ပြန်စာကိုပင်မစောင့်ဘဲ ဓာတ်ပုံပို့ပြီးသည်နှင့် ဖုန်းကိုပိတ်ပစ်လိုက်သည်။


တဖက်၌မူ ကျူးရှင်းကလည်း ထမင်းစားနေခဲ့သည်။ သူမကို စတိတ်ခ်ကို သပ်သပ်ရပ်ရပ်လေးလှီးနေသော်လည်း ဖုန်းမှ တုန်ခါသံကိုကြားလိုက်ရသည်နှင့် ဓားနှင့်ခက်ရင်းကိုဘေးဖယ်ပြီး ဖုန်းကိုကြည့်လိုက်သည်။


ပုံကိုပို့လိုက်သူက သူမအစ်ကိုဖြစ်နေသည့်အခါ သူမက မသိစိတ်အလျောက်ပြုံးလိုက်မိလေသည်။ ဓာတ်ပုံထဲတွင် လူတစ်ယောက်၏ ကိုယ်တပိုင်းပုံပါနေသည်ကိုလည်း မြင်လိုက်ရလေ၏။


သူမအတွက် ထိုလူကသူစိမ်းမဟုတ်ပေ။ သူမအစ်ကိုပို့လိုက်သည့်ပုံတိုင်းတွင် ထိုပုဂ္ဂိုလ်က အလွန်အမင်း စံနှုန်းမြင့်သည့်အသွင်အပြင်ရှိသည်။ ရံဖန်ရံခါတွင် ဘေးတစောင်းပုံဖြစ်ပြီး တခါတရံ အရှေ့တည့်တည့်မှဖြစ်သည်။ တခါတလေ အဖြတ်ခံထားရသလိုဖြစ်နေသော်လည်း ကိုယ်အပြည့်ပါသောဓာတ်ပုံများလည်း ပါလာတတ်သည်။


ထိုသူက ဓာတ်ပုံရိုက်တိုင်း အမြဲတမ်းလိုလို မျက်နှာအပြည့်မပြတတ်သည်မှာ သူနှင့် အလွန်အမင်းရင်းနှီးသူနှင့်မှ ဓာတ်ပုံရိုက်တတ်သောကြောင့်ပင်ဖြစ်သည်။


ကျူးရှင်းမှာ ဓာတ်ပုံထဲမှ လူချောလေးကို ငေးကြည့်နေပြီးနောက် သူ့အစ်ကိုကိုဖုန်းခေါ်လိုက်သည်။


စားသောက်ဆိုင်သီးသန့်ခန်းထဲတွင် စားပွဲထိုးက အရသာမျိုးစုံဖြင့်ပုစွန်ထုပ်ပန်းကန်အမြောက်အများကို လာချပေးလေသည်။ ကျူးထုန်က လက်အိတ်ဝတ်လိုက်ချိန်တွင် သူ့ဖုန်းက ရုတ်တရက်လင်းလာလေ၏။


ဖုန်းခေါ်သူ၏အမည်ကိုတွေ့လိုက်ချိန်တွင် သူအနည်းငယ်မှင်သက်သွားလေသည်။


 'ရှောင်းရှင်းက ငါ့ကိုဘာလို့ဖုန်းခေါ်နေတာလဲ၊ ငါ့ကိုစိတ်မဆိုးတော့တာများလား'


ကျူးထုန်၏မျက်လုံးလေးများက အပျော်ဓာတ်ကြောင့် လက်ခနဲဖြစ်သွားပြီး လက်အိတ်ကိုချွတ်ကာမတ်တပ်ရပ်လိုက်လေ၏။ 

"ဆောရီး၊ ငါဖုန်းသွားပြောလိုက်ဦးမယ်.."


သူ့အသံက အနည်းငယ် အဆောတလျင်ဖြစ်နေသည်။ လော့ရှိုးက လက်ထဲတွင် ကျောက်ပုစွန်အစပ်ကိုကိုင်ထားပြီး ထူးဆန်းနေသလိုပြောလေသည်။

 "ဘယ်သူခေါ်လို့လဲ၊ သူ့ပုံစံကအရမ်းပျော်နေသလိုပဲ..."


ရှောက်မင်က အစပ်အရသာပုစွန်ထုပ်ငါးကောင်ကို အမြှီးမှယူနေသည်။ ပုစွန်ထုပ်ကိုအခွံခွာပြီး ကျူးထုန်ပန်းကန်ထဲသို့ထည့်ပေးရင်း ခပ်တိုးတိုးပြောလိုက်သည်။ 


"ငါလည်းမသိဘူး.."


လော့ရှိုးက သီးသန့်အခန်းတံခါးကိုကြည့်ရင်း နောက်လိုက်၏။ 


"သူ့...ကောင်မလေးများလား.."


သူစကားကိုဆုံးအောင်ပြောလိုက်ပြီးသည်နှင့် ကျောပြင်ပေါ်တွင် အေးစိမ့်သွားသလိုခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သည့်အခါ မင်ကော၏ ပြုံးယောင်သန်းနေသော အကြည့်နှင့်ဆုံတွေ့သွားလေ၏။


လော့ရှိုး၏ခန္ဓာကိုယ်မှ ခုခံသောအစိတ်အပိုင်းတို့က ချက်ချင်းသတိပေးနေကြလေရာ သူချက်ချင်းပင် ပြောလိုက်လေသည်။


 "နောက်တာပါ၊ ဟား...ဟား..."


ရှောက်မင်ကသူ့ကိုထပ်မကြည့်တော့ပေ။


လော့ရှိုး: "......"


သူက အာရုံစိုက်ရင်းပုစွန်ထုပ်ကို အခွံခွာနေရာမှ ရုတ်တရက် တစ်စုံတရာကို သဘောပေါက်သွားလေသည်။


'နေဦး၊ ငါက ဖုန်းဆက်တာ ကျူးထုန်ရဲ့ကောင်မလေးလို့ပဲပြောတာပါ၊ ဘာလို့မင်ကောကငါ့ကို 'ခြိမ်းခြောက်' နေတာလဲ'


'ထားလိုက်ပါတော့၊ မေးလည်းမမေးရဲပါဘူး'


🤒