Chapter 53
ယမန်နေ့ညက ဆီးနှင်းများထူထဲစွာကျဆင်းခဲ့ပြီးနောက်တွင် ကောင်းကင်နှင့်မြေကြီး အကြားရှိအရာရာတိုင်းသည် ငွေဖြူရောင်ကမ္ဗလာ လွှမ်းခြုံနေလေ၏။
မီးဖိုချောင်ထဲမှ မွှေးရနံ့တစ်ခု လွင့်ပျံ့လာပြီး ၎င်းမှာ ဝက်သားဟင်းအနံ့ဖြစ်သည်။
ကျန်းရှောင်မန်လေးက တံခါးဘောင်ပေါ်တွင်ထိုင်နေရင်း မျက်ရည်တွေစီးကျနေသည်။
ကျန်းရှင်းက သူမအတွက် ဝက်ဦးနှောက်ပန်းတစ်ပန်းကန်ယူလာပေးလေသည်။ ငရုပ်သီးမှုန့်ဖြူးကာ ပဲငံပြာရည်နှင့် နှမ်းဆီပူပူလေးဆမ်းထားပြီး အရသာရှိမည့် အနံ့လေးသင်းပျံ့နေလေသည်။
"မင်းစားလိုက်တဲ့ဟာက မင်းခန္ဓာကိုယ်ထဲက တူညီတဲ့အစိတ်အပိုင်းကို အာဟာရဖြစ်စေတယ်...မင်းက ကျောင်းမှာဦးနှောက်သုံးဖို့လိုတယ်လေ...အဲ့ဒါကြောင့် များများစား...ဒါမှ ပိုပြီးဉာဏ်ကောင်းလာမှာ...."
ကျန်းရှောင်မန် ဇွန်းကိုဒေါသတကြီးကောက်ကိုင်လိုက်ပြီး မျက်ရည်များပေပွနေသောမျက်နှာဖြင့် ငိုရင်းစားနေလေသည်။
ဟွားဟွားက ဝက်ပေါက်လေးနှစ်ကောင်မွေးပေးခဲ့ပြီး သူတို့က နှစ်ကောင်လုံးကို စားပစ်လိုက်၏။
ကျန်းရှောင်မန် သူတို့ကိုအချိန်အကြာကြီး ပြုစုပျိုးထောင်ခဲ့သည်။ ဘွားဘွားက ဝက်စာအများစုကို ပြင်ဆင်ပေးခဲ့ပြီး အကြိမ်တိုင်းတွင် သူမ သူတို့၏ဖရုံသီးအချို့ကိုခိုးယူခဲ့သော်လည်း တဟွားနှင့် ရှောင်ဟွားတို့မရှိတော့သည့်အခါ စိတ်မကောင်းဖြစ်နေမိတုန်းပင်။
ကျန်းရှောင်မန် စားပြီးသွားသည့်နောက်တွင် ဝက်ခြံဆီသို့ပြေးကာ မြေကြီးပေါ်ခေါင်းချပြီးတစ်မှေးအိပ်နေသော ဟွားဟွားကို ပြောလိုက်သည်။
"ဟွားဟွားရယ်... ဝမ်းမနည်းပါနဲ့...အခု သမီးတို့မှာ တစ်ယောက်နဲ့တစ်ယောက် မှီခိုစရာဆိုလို သမီးတို့နှစ်ယောက်ပဲကျန်တော့တယ်...."
ဟွားဟွားက ပျင်းရိစွာဖြင့် မျက်လုံးဖွင့်၍ သူမကိုကြည့်လာကာ အကြိမ်ရေအနည်းငယ်လောက် တအွတ်အွတ်လုပ်ပြီးနောက် ဆက်အိပ်နေလေ၏။
ကလေးမလေးက ဝမ်းနည်းတကြီး ငိုကြွေးနေခဲ့ပြီး ကျန်းရှင်းသည်းမခံနိုင်တော့သဖြင့် သူမကိုနှစ်သိမ့်လိုက်သည်။
"မင်းလေးက ဝက်တွေကိုတော်တော်ကြိုက်နေတာပဲ...နောက်တစ်ခါကျရင် ဦးလေး မင်းအိမ်မွေးတိရိစ္ဆာန်အနေနဲ့ မွေးဖို့အတွက် ဝက်မွှေးလေး*တစ်ကောင်ဝယ်ပေးမယ်"..."
(E/T-ဝက်အသေးစားတစ်မျိုး)
ကျန်ရှောင်မန် သူမ၏မျက်ရည်များကို သုတ်လိုက်၏။
"ဝက်မွှေးဆိုတာ ဘာဝက်မျိုးလဲ...တဟွားထက် ပိုချစ်စရာကောင်းပြီး အရသာရှိလား...မွှေးနေတာလား...."
".....အရသာရှိလောက်မယ်ထင်တယ်..."
ကျန်းရှင်း သူမပါးစပ်ကိုသုတ်ပေးလိုက်ပြီး လက်ဖြင့် ချိန်ဆပြလေသည်။
"သူက ဒီလောက်ပဲကြီးတာ...ဘယ်တော့မှ ကြီးလာမှာမဟုတ်ဘူး ...မစားဘဲနေရအောင်လေနော်..."
ကျန်းရှောင်မန် နည်းနည်းပိုပျော်လာပြီး အခုထိမတွေ့ရသေးသည့် ဝက်မွှေးလေးအတွက် စိတ်ရင်းဖြင့် နာမည်တစ်ခုဆုံးဖြတ်လိုက်သည်။
"မွှေးတုံ"က အမြဲမွှေးနေဖို့ သူမမျှော်လင့်ပါ၏။
သို့ပေမဲ့ သူမထိုအကြောင်းကို ခဏလောက်စဥ်းစားပြီးနောက်တွင်တော့ ၎င်းကအနံ့မွှေးလွန်းနေရင်လည်း မကောင်းကြောင်း ခံစားမိပြန်သည်။
စားချင်စိတ်ပေါက်သွားနိုင်တယ်...
ထပ်ခါတလဲလဲ ချီတုံချတုံဖြစ်နေပြီးနောက် သူမ နောက်ဆုံးတွင် အလယ်တည့်တည့်၌ အခြေချကာ "မွှေးတုံလေး"ဟူသော နာမည်အသစ်ကို ရွေးချယ်လိုက်၏။ ဆိုလိုသည်ကား မွှေးရနံ့နည်းနည်းလေးကပဲ သင့်တော်သည်ဟုပင်။
နှစ်သစ်ကူးဝက်သားကို စားပြီးနောက်ဝက်သားကူပေါ်ပေးသည့် ဦးလေးများပြန်သွားကြပြီး အိမ်က တဖန်ပြန်ကာ တိတ်ဆိတ်သွားသည်။ ကျန်းရှောင်မန်နှင့် ကျန်းဟွေ့မိန်တို့သည် စားကြွင်းစားကျန်များကို ဆေးကြောသန့်စင်ပြီး ခြံဝန်းကို ရှင်းလင်းရေးလုပ်နေကြ၏။
ရာသီဥတုက အေးလွန်းနေပြီး ကျန်းဟွေ့မိန်အနေဖြင့် ကျန်းရှောင်မန်လေး တအားအေးနေမှာစိုးသဖြင့် သူမကို အိမ်ထဲပြန်ပို့လိုက်သည်။
"သမီးဦးလေးက အလုပ်လုပ်မနေဘူးလေ...ဘွားဘွားနောက်ကနေလိုက်ပြီး ဒီမှာဘာလုပ်နေတာလဲ...အိမ်ထဲပြန်ဝင်ချေ...."
မိုင်းတွင်းကို ပိတ်ကာ အလုပ်သမားတွေအားလုံး နှစ်သစ်ကူးအတွက် အိမ်ပြန်သွားကြ၏။ ကျန်းရှင်းက ပုံမှန်အတိုင်းပင် လုပ်စရာမရှိပဲ အခုတလော အိမ်မှာတင် အပျင်းတစ်နေတော့သည်။
ကျန်းရှောင်မန် သူမ၏တူများကို ချထားပြီး အိမ်ထဲ ပြန်ပြေးဝင်ကာ မီးဖိုနားတွင် မီးသွားလှုံလိုက်၏။
မီးပွားများသည် အတွင်းမှ မကြာမကြာ လွင့်ပျံလာနေပြီး လူကိုငိုက်မြည်းစေသည့် မြင်ကွင်းတစ်ခုဖြစ်သည်ပင်။ ရှောင်မန် သူမ၏ခေါင်းလေးကို ကျန်းရှင်း၏ဒူးပေါ်တွင် မှီကာ တိုးတိုးလေး မေးလိုက်သည်။
"ဦးလေး...သမီးဘယ်အချိန်မှာ ကမ္ဘာ့အကောင်း ဆုံးမူကြိုကျောင်းကို သွားရမှာလဲဟင်...."
ရှောင်မန်၏ဆံပင်သည် တစ်နှစ်ခွဲကျော်ကြာပြီးနောက် တဖန်ပြန်ရှည်လာကာ အရင်ကထက်ပင် ပိုကြည့်ကောင်းနေ၏။
သူမတွင် ကိုင်လို့ကောင်းသည့် အလွန်နူးညံ့ ထူထဲသော ဆံပင်ရှိလေသည်။ သူမလေးက သူမ၏ဆံပင်ကို အတော်ကိုနှစ်သစ်ပြီး တခြားသူတွေအား ထိကိုင်ခွင့်မပေးတာကတော့ သနားစရာပင်။ ကျန်းရှင်း သူတို့ကို ခဏလောက်သာကိုင်ပြီး ပြန်လွတ်ပေးလိုက်၏။
သူ အချိန်ခဏမျှ စဥ်းစားပြီး ပြောလိုက်သည်။
"မကြာခင် ..."
"မကြာခင်...မကြာခင်နဲ့...ဦးလေးကအချိန်တိုင်း အဲ့လိုချည်းပြောနေတာပဲ...."
ကျန်းရှောင်မန် စိတ်တိုတိုဖြင့် ပြောလိုက်၏။
"သမီးက ဒီနှစ်ဆို လေးနှစ်ရှိနေပြီ...သမီး အခုမူကြိုကျောင်းကိုမသွားဘူးဆိုရင်...သမီးမှာနောက်ထပ်အခွင့်အရေးတွေ ရှိမှာမဟုတ်တော့ဘူး...."
ကျန်းရှင်းက သရော်လိုက်သည်။
"အခုသာ မင်းကကျောင်းသွားဖို့အကြောင်းချည်း နေ့တိုင်းတွေးနေတာ...ကျောင်းတက်ရတဲ့အချိန်ထိစောင့်ကြည့်စမ်းပါ...အိမ်ပြန်ချင်လို့ဆိုပြီး ထိုင်ငိုနေမှာ..."
"လုံးဝပဲ... "
"ငါလည်း အရင်တုန်းက အဲ့လိုပဲ ...."
"အဲ့ဒါ ဦးလေးတစ်ယောက်တည်းဖြစ်တာ...."
ကျန်းရှောင်မန် ခါးလေးထောက်ကာပြောလိုက်၏။
"ဘွားဘွားက ပြောတယ်...ဦးလေးက ငယ်ငယ်ကတည်းကပဲ အမြဲတမ်းနာခံမှုမရှိခဲ့တာတဲ့...ဘွားဘွား ဦးလေးကို တစ်နေ့တစ်နေ့ အကြိမ်ရေ အများကြီးရိုက်နေရတယ်...ရိုက်ရတဲ့အချိန်ဇယားက ထမင်းစားချိန်ထက်တောင် ပိုအချိန်မှန်သေးတယ်တဲ့...သမီးကမတူဘူး...
လူတိုင်းက သမီးကို ဉာဏ်ကောင်းလို့ဆိုပြီး ချီးမွမ်းကြတယ်...ဘွားဘွားနဲ့ဆရာထန်ကလည်း သမီးမှာ အလားအလာကောင်းတဲ့ အနာဂတ်တစ်ခုရှိတယ်လို့ပြောတယ်...ဦးလေးပြောတာက မမှန်ဘူး...သမီးက မေမေလိုမျိုးဖြစ်လာမှာ...အမိုက်ဆုံး...အတော်ဆုံး...အလားအလာအရှိဆုံးကလေး..."
Chapter 54
သူမအမေက ဤရွာတွင်ရှိသည့် တစ်ဦးတည်းသောကောလိပ်ကျောင်းသူဖြစ်ပြိး သူမ၏ကောလိပ်ဝင်ခွင့်စာမေးပွဲအမှတ်သည် ယခုထိတိုင် စံချိန်တင်နေဆဲဟု ဆရာထန်ကပြောခဲ့သည်။
ကျန်းရှင်း အတော်ဒေါသထွက်နေ၏။ သူမက ဘာလို့ ပိုပိုပြီးစွာလာမှန်း သူနားမလည်းနိုင်ချေ။ အစတုန်းကမှ နည်းနည်းချွဲတတ်သေးသည်။ ကျန်းရှင်း သူမခေါင်းလေးကို ပုတ်ပြီးပြောလိုက်၏။
"နင်တော့လား အစွာမလေး...ငါ့ကိုစောင့်နေ..."
ထို့နောက် သူအပြင်ထွက်သွားလေသည်။ ဘယ်သူမှ ဘာအတွက်သွားမှန်းမသိလိုက်ကြ။
သူပြန်လာသည့်အခါ၌ သူ့နောက်တွင် လက်ထဲ တူးဘောက်ဇ်*ကိုင်ထားသည့် ယောကျာ်းတစ်ယောက်ပါလာ၏။
(T/N-ကိရိယာတန်ဆာပလာတွေထည့်ထားတဲ့ဘူး)
"ဦးလေးတို့တွေ အိမ်မှာ ဖုန်းတစ်လုံး ဆင်မလို့...."
ကျန်းရှင်းက ပြောလိုက်သည်။
"နှစ်သစ်ကူး ပြီးသွားရင် ဦးလေးက ခဏခဏအပြင်ရောက်နေမှာ...ကျောင်းကိုချည်း ဖုန်းသွားသွားငှားနေရရင် ရှက်စရာကြီး...ဦးလေးတို့မှာဆက်သွယ်ဖို့ ဖုန်းတစ်လုံးလောက်မရှိရင်အဆင်မပြေဘူး...."
ရွာထဲတွင် အိမ်မှာဖုန်းဆင်နိုင်သည့်သူတွေ အများကြီးမရှိပါချေ။ ဒီနေရာရှိလူများသည် ရိုးစင်းကြပြီး အများအားဖြင့် အပြင်မှာ ဆက်သွယ်စရာလူ သိပ်မရှိကြပေ။
ကျန်းဟွေ့မိန်ကတော့ ၎င်းက ဖြုန်းတီးမှုသက်သက်ဖြစ်ပြီး ဖုန်းဆင်စရာမလိုဟု ထင်လေသည်။ သို့ပေမဲ့ ယခုတွင် သူမ၏သားက အလုပ်တစ်ခုရှိနေပြီဖြစ်ကာ အရင်ကလို အလုပ်လက်မဲ့မဟုတ်တော့ပေ။ သူမ အံကြိတ်ကာဖြင့် သူ့စကားနားထောင်ရန် ဆုံးဖြတ်လိုက်ပြီး အလုပ်သမားများကို တပ်ဆင်ခိုင်းလိုက်၏။
အချိန်ခဏလောက် ကလိပြီးနောက် နောက်ဆုံးတွင် ဖုန်းဆင်ပြီးသွားပြီဖြစ်လေသည်။ သို့ရာတွင် လိုင်းချိတ်ဆက်ဖို့အတွက်ကား နှစ်ရက်စောင့်ရဦးမည်ဖြစ်၏။
ကျန်းရှင်း ကျန်းရှောင်မန်လေးကို ကောက်ချီလိုက်ကာ ထိုဟာနှင့်ကစားရန် ပြောလိုက်ပြီး သူမအား အိမ်ဖုန်းနံပါတ်ကို အလွတ်ကျက်ခိုင်းလေသည်။
နံပါတ်တွဲတစ်ခုကို မှတ်မိရန်ကား မခက်ခဲပါချေ။
အကြောင်းမှာ သူမသည် အသက်ငယ်ငယ်လေးနှင့် စနစ်ဆီတွင် အကြွေးများစွာတင်နေသောကြောင့် ကိန်းဂဏန်းများကို နိုင်နင်းလေသည်။
အကြိမ်အနည်းငယ်လောက် ရွတ်ဆိုလိုက်ရုံနဲ့တင် နံပါတ်များကို မှတ်မိသွားခဲ့၏။
ကျန်းရှောင်မန် အတော်လေး ကျေနပ်နေပြီး "ဟွန့်"ခနဲ နှာမှုတ်လိုက်ကာ အလွန်အမင်းဂုဏ်ဆာနေလေသည်။
သူမသည် နံပါတ်တွေကို အာဂုံဆောင်နိုင်ရုံသာမကဘဲ ဒိုင်ယာရီလည်း ရေးသေး၏။ သို့ပေမဲ့ ထိုဟာက သူမ ဘယ်သူ့ကိုမှမပြောပြသည့် လျို့ဝှက်ချက်တစ်ခုဖြစ်လေသည်။
အစပိုင်းမှာ ကျန်းရှောင်မန်လေးတွင် ဒိုင်ယာရီများရေးသည့် အလေ့အကျင့်မရှိပါချေ။ဤဒိုင်ယာရီဟု ခေါ်သည့်ဟာသည် မူလက ယွီချင်းရှီအတွက်ရေးထားခြင်းဖြစ်၏။
ထိုအချိန်တုန်းက ကျန်းရှောင်မန် စကားလုံးအများကြီး မသိသဖြင့် သူမ၏ ပုံဆိုးပန်းဆိုးလက်ရေးဖြင့် စာရွက်တစ်မျက်နှာသာရေးနိုင်လေသည်။ သူမအနေဖြင့် ကျန်းဟွေ့မိန်၏ခြိုးခြံချွေတာခြင်း သဘောထားကို အမွေဆက်ခံခဲ့သောကြောင့် စာတစ်မျက်နှာတည်းဖြင့် စာပို့ခြင်းက ပိုက်ဆံဖြုန်းတီးခြင်းဖြစ်သည်ဟု ထင်မိ၏။ ထို့ကြောင့် စာမျက်နှာအနည်းငယ် ထပ်ပြီးရေးကာ ထိုဟာများကို စုပြီးမှ အတူတူပို့လိုက်ဖို့ သူမဆုံးဖြတ်ခဲ့သည်။
သို့ပေမဲ့ ထိုဟာများကိုမပို့နိုင်ခင် သူမစုနေစဥ်အတွင်းမှာပင် ယွီချင်းရှီက သူကျောင်းတက်ရတော့မည်ဖြစ်ကြောင်းပြောလာ၏။ သူကျောင်းတက်ပြီးတဲ့နောက် သူမ၏စာကိုရနိုင်ဦးပါ့မလားဆိုတာကို ကျန်းရှောင်မန် မသိပါချေ။ သူမ သူ့ရဲ့စာလေ့လာမှုများကို မနှောက်ယှက်လိုသဖြင့် စာတွေကိုမပို့ဘဲ ရပ်နားလိုက်သည်။
သို့ပေမဲ့ နေ့စဥ်ရေးသည့် အကျင့်ကို ထိန်းရင်း ဒိုင်ယာရီရေးဖြစ်သွား၏။ နေ့စဥ်နေတိုင်း သူမလုပ်ခဲ့သည်အရာများ၊ သူမတွေ့ခဲ့သော ပျော်စရာကောင်းသည့်ဟာများနှင့် သူမသင်ယူခဲ့သည့်စကားလုံးအသစ်များကို မှတ်တမ်းတင်ခဲ့သည်။
ကလေးတွေက ကိစ္စများကို အလျင်အမြန်မေ့သွားတတ်ကြ၏။ ယွီချင်းရှီကျောင်းစတက်တုန်းက ကျန်းရှောင်မန် အစပိုင်းတွင် ဝမ်းနည်းသလိုခံစားရပေမဲ့ တဖြည်းဖြည်းနဲ့ သူမဝမ်းမနည်းတော့ချေ။
_____________
နှစ်ရက်အကြာတွင် အိမ်ရှိဖုန်းသည် နောက်ဆုံးတွင် ချိတ်ဆက်ပြီးသွားခဲ့သည်။ လက်ရှိ ကျန်းရှင်း အဆက်သွယ်ဆုံးသူကား ယွီဝမ်ချန်း ဖြစ်ပြီး သူ့ဖုန်းနံပါတ်အား စဥ်းစားစရာတောင်မလိုဘဲနှိပ်ကာခေါ်နိုင်နေပြီဖြစ်၏။ သူတို့ အလုပ်ကိစ္စများ အကြောင်း ပြောပြီးနောက်တွင် ကျန်းရှင်းဖုန်းချတော့မှာဖြစ်သော်လည်း ရုတ်တရက် ရှောင်မန်ဆိုသည့် တစ်စုံတစ်ရာကို အမှတ်ရသွားသည်။ သူ သူမကို ဖုန်းကမ်းပေးလိုက်၏။
"မင်းသူငယ်ချင်းကို နှစ်သစ်နှုတ်ခွန်းဆက်စကားပြောလိုက်ဦး...."
သူမသူငယ်ချင်း...
ကျန်းရှောင်မန် အခုထိသဘောမပေါက်သေးချေ။
သူမ ဖုန်းကိုလက်နှစ်ဖက်နဲ့ ကိုင်ပြီး နာခံစွာဖြင့် "ဟဲလို"ဟုပြောလိုက်သော်လည်း တစ်ဖက်လူက စကားမပြောချေ။
"ဟဲလို...နေကောင်းလား... "
ကျန်းရှောင်မန် ထပ်ပြောလိုက်သည်။
တည်ငြိမ်လျှပ်စစ်၏ အသံမှလွဲ၍ဘာသံမှမရှိမနေခဲ့။
တဖက်လူက ပျင်းခြောက်ခြောက်ဘူးသီးလိုမျိုး ခံစားနေရပြီး စကားတစ်ခွန်းမှမပြောပေ။ သို့ပေမဲ့ ဖုန်းမကျသေးဘဲ လိုင်းကလည်း ချိတ်ဆက်နေမြဲပင်။
ကျန်းရှောင်မန် ဖုန်းကို ထူးထူးခြားခြား ကြည့်လိုက်၏။ တစ်ဖက်လူ အချိန်အကြာကြီး တိတ်ဆိတ်နေပုံက သူမသိသည့် တစ်စုံတစ်ယောက်နှင့် ဆင်နေသဖြင့် မေးကြည့်လိုက်သည်။
"နေကောင်းရဲ့လား သူငယ်ချင်းလေး..."
"သူငယ်ချင်လေး ယွီချင်းရှီ..."
ကျန်းရှောင်မန်၏ စဥ်ဆက်မပြတ် အစ်အောက်မှုအောက်တွင် တစ်ဖက်လူက နောက်ဆုံး၌ ပြန်ဖြေလာ၏။
"အွန်း...ဟဲလို ကျန်းရှောင်မန် "
ထိုသည်ကား ယွီချင်းရှီ ဖြစ်လေသည်။
Chapter 55
ဖုန်းထဲရှိ သူ့အသံမှာ အနည်းငယ်ပြောင်းသွားသော်လည်း ကျန်းရှောင်မန် မှတ်မိနေတုန်းပင်။
"ဟဲလို..."
ကျန်းရှောင်မန်လေး ဝမ်းသာလွန်းလို့ ထခုန်လုနီးပါးဖြစ်၏။ သူမ ခေါင်းကိုကိုင်လိုက်ရင်း ဘယ်လိုဆက်ပြောရမှန်းမသိဖြစ်သွားသဖြင့် သူ့ကိုမေးလိုက်သည်။
"စားပြီးပြီလား ..."
"ပြီးပြီ...မင်းရော..."
"ငါလည်း စားပြီးသွားပြီ...."
သူမစားခဲ့သည်က တဟွားဖြစ်လေသည်။ နှစ်သစ်ကူးဝက်သားက အချိန်အကြာကြီး စား၍ရ၏။ စားမကုန်သည့် အသားများကို ဆားနယ်ပြီး ကျပ်တိုက်ထားလို့ရလေသည်။ ဝက်ပေါင်ခြောက်က အရမ်းကိုအရသာရှိ၏။
ကျန်းရှောင်မန်က စိတ်အားထက်သန်စွာဖြင့် သူ့ကို ဖိတ်ခေါ်လိုက်၏။
"နင် ငါ့အိမ်ကို လာကစားမို့လား..."
ယွီချင်းရှီမှာ ထိုရွာနှင့်ပတ်သတ်၍ အတော်လေး ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲဖြစ်သည်။
သူ ငြင်းဆန်ချင်ပေမဲ့ မယဥ်ကျေးရာလည်း မကျချင်သဖြင့် ပြီးပြည့်စုံသည့်ဆင်ခြေတစ်ခုရှာရတော့၏။
စိတ်မကောင်းစရာသည်ကား သူပြီးပြည့်စုံသည့်ဆင်ခြေတစ်ခု ရှာမတွေ့ခင်မှာပင် ကျန်းရှောင်မန်က သူ့အားဖောက်ထွင်းမြင်ပြီးသွားပုံရပြီး အသံကိုနိမ့်လျက် ပြောလာလေသည်။
"မကြောက်ပါနဲ့... ဆောင်းတွင်းမှာ ပိုးကောင်တွေမရှိဘူးရယ်...ဒီမှာ တကယ်ကိုအေးဆေးတယ်...တကယ်လို့ ရှိခဲ့ရင်တောင် ငါကူဖမ်းပေးမှာပါ...ငါက စွန်းမိုက်တယ်လေ...."
ယွီချင်းရှီ၏မျက်နှာပုစိလေးက ဒေါသကြောင့် နီရဲလာ၏။
သူက ဟောက်လိုက်သည်။
"ငါ ပိုးကောင်တွေကို မကြောက်ဘူး... "
"ဒါဆို ဘာကိုကြောက်တာလဲ..."
"ဘာတစ်ခုမှ မကြောက်ဘူး...."
ယွီချင်းရှီ ကျန်းရှောင်မန်ကို စကားဆက်မပြောချင်သော်လည်း သူမက သူ့ကို အချိန်တိုင်း ထိုအကြောင်းပြောရအောင်လုပ်နေ၏။
"ငါ့မှာ ကြောင်ရှိတယ်...သူ့ကိုတစ်ကောင်တည်းထားခဲ့လို့မရဘူး...အဲဒါကြောင့် ငါမင်းတို့အိမ်ကို လာကစားလို့မရတာ...."
ထိုကြောင်ကို ကျန်းရှောင်မန်တို့အိမ်မှ ပြန်လာပြီးနောက် မွေးခဲ့ခြင်းဖြစ်သည်။ ယွီချင်းရှီ သူ့ကို မြောင်မြောင်ဟု နာမည်ပေးထား၏။
ကြောင်တွေက အရမ်း လျင်မြန်ဖျတ်လတ်ပြီး ကြွက်တွေ၊ပိုးဟပ်တွေကို ဖမ်းနိုင်သည်ဟု သူတီဗွီထဲကနေ ကြားခဲ့သည်။ ယွီချင်းရှီ အတော်လေးအဆွယ်ခံလိုက်ရပြီး ချက်ချင်း သူ့အဖေအား ကြောင်တစ်ကောင် ပူဆာတော့၏။
ယွီဝမ်ချန်းက သဘာဝကျကျပင် သူ့သားတောင်းသမျှကို လိုက်လျောပေးမှာဖြစ်ပြီး မကြာမီတွင် သူ့အား ကစားဖော်အနေဖြင့် ကြောင်တစ်ကောင်ဝယ်ပေးလာသည်။
ကြောင်က လိမ္မော်ရောင်ဖြစ်၏။ အိမ်ကို ပထမဆုံးရောက်လာတုန်းက ကြောင်ပေါက်စလေးသာဖြစ်သော်လည်း ယခုတွင် အလွန်ကြီးပြီး ဝလာပြီဖြစ်သည်။ နှစ်တစ်ဝက်သာကြာသွားပေမဲ့ ၎င်းသည် တစ်ခါမှ ပိုးကောင်တစ်ကောင်တောင် မဖမ်းခဲ့ချေ။ ထိုတင်မကဘဲ ပို၍ဝဖီးကာ ပိုပျင်းလာနေပြီး ၎င်း၏သခင်ဖြစ်သူထက်ပင် ပိုအပျင်းထူနေ၏။ ယခုတွင်မူ ယွီချင်းရှီ သူ့ကိုပွေ့တောင်မချီနိုင်တော့။
စားပဲစားပြီး အလုပ်လုံးဝမလုပ်သော်လည်း ယွီချင်ရှစ် သူ့ကိုနှစ်သက်နေဆဲပင်။
သူ့အိမ်ကကြောင်အကြောင်းပြောနေရရင် ယွီချင်းရှီ၏အသံက ပို၍ပေါ့ပါးနေပြီး ပုံမှန်ထက် စကားများနေလေသည်။
"မြောင်မြောင်က ငါ့ကိုအရမ်းသဘောကျတာ...ပြီးတော့ ငါကျွေးတာကိုပဲစားတယ်...ငါမင်းအိမ်လာကစားရင် သူအစားစားတော့မှာမဟုတ်ဘူး...."
လက်စသတ်တော့ ဒါကဒီလိုဖြစ်နေတာကိုး...
ကျန်းရှောင်မန်လေး နားလည်သွား၏။
သူမက ပြောလိုက်သည်။
"ငါရဲ့ ဟွားဟွားကလည်း ငါအစားကျွေးမှာကိုစောင့်နေတာ...ငါသာသူကို တိတ်တိတ်လေး သွားပြီး ဝက်စာတွေ ထပ်ထည့်မပေးရင် ...သူကတစ်ညလုံး အော်နေရော"
"ဝက်စာ..."
"ဟွားဟွားက ငါ့ဝက်လေ"
"...အိုး"
ဘာလို့ ဝက်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမှန်း ယွီချင်းရှီနားမလည်ပေ။ သို့ပေမဲ့ ထိုဟာက လုံးဝကိုဆန်းသစ်သည်ဖြစ်ရာ သူမကိုမေးလိုက်၏။
"ဟွားဟွားက လိမ္မာလား...ဝက်မွေးတာရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ "
"ဝက်မွေးတာက...ဝက်မွေးတာက..."
ကျန်းရှောင်မန် သူမခေါင်းနဲ့မေးစေ့ကို အလျင်စလို ကုတ်လိုက်သည်။
"ဝက်မွေးတာက...လက်တွေ့အကျိုးကျေးဇူးရတယ်..."
"ဟမ်..."
"ဟွားဟွားက ဝက်လေးတွေမွေးပေးနိုင်တယ်လေ...ဝက်သားက အရသာရှိတယ်..."
"..."
ယွီချင်းရှီ တဖန်ပြန်ပြီး နှုတ်ဆိတ်သွား၏။
ကျန်းရှောင်မန် အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင် ဖုန်းပြောနေခဲ့သည်။ လာကစားရန် ဖိတ်ခေါ်မှုက ရလဒ်မထွက်ခြင်းဖြင့်အဆုံးသတ်သွားပြီးနောက် သူ စာရေးလို့ရလားဟု သူမ သူ့ကို မေးလိုက်၏။ ယခုတွင် သူမ စကားလုံးတွေ အများကြီးသိနေပြီဖြစ်ကာ ကောင်းကောင်း ရေးတတ်နေပြီဖြစ်သည်။ သူသာ သူမ၏စာများကိုရနိုင်မည်ဆိုပါက သူမသူ့ကို စာပို့မှာဖြစ်၏။
သူမဘယ်လိုများ အရမ်းတွေယုံကြည်ချက်ရှိနေ ပြီး ဒီလိုကြွားနေတဲ့လေသံဖြင့်ပြောနေမှန်း ယွီချင်ရှစ် နားမလည်နိုင်ချေ။
သူမက အမြဲတမ်း သူမကိုယ်သူမ အတော်ဆုံးကလေးဟုထင်နေသည်။
ယွီချင်းရှီလည်း မရှုံးချင်သဖြင့် အားကြိုးမာန်တက် ခေါင်းညိတ်လိုက်၏။
"အိုခေ...ငါလည်း စကားလုံးတွေ အများကြီးသင်ပြီးပြီ... လက်မှုပညာအတန်းမှာလည်း အမှတ်ပြည့်ရခဲ့သေးတယ်...ငါမင်းကို ငါလုပ်ထားတဲ့ရွှံ့ရုပ်ထုတွေပြမယ်...."
နှစ်ယောက်သား အလွန်ဝမ်းမြောက်ဝမ်းသာဆုံးဖြတ်လိုက်ကြသည်။
ဖုန်းချပြီးနောက် ကျန်းရှောင်မန် ခြံဝန်းထဲကို အလျင်စလို ပြေးကာ မြေကြီး သွားတူးလေ၏။
သို့ပေမဲ့ ဆောင်းရာသီဖြစ်သည့်အတွက် မြေကြီးကအတော်လေး မာခဲနေသည်။ သူမသည် ကောင်းကောင်းမစူးစမ်းနိုင်သည့် ကလေးတစ်ဦးသာဖြစ်ရာ မကြာမီပင် သူမတစ်ကိုယ်လုံး ချွေးစို့နေပြီဖြစ်၏။
ယွီချင်းရှီက ရွှံ့ရုပ်ထုတစ်ခုလုပ်ပြီး အမှတ်ပြည့်ရခဲ့သည်ဟုပြောခဲ့သည့်အတွက် သူမလည်း တစ်ခု လုပ်ချင်လေသည်။
သူမလည်း အမှတ်ပြည့်ရချင်ပါ၏။
ကျန်းရှင်းက သူမကို အကြိမ်ရေအနည်းငယ်လောက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"မင်းလည်း နှင်းလူသားလုပ်လို့ရတယ်လေ...."
ကျန်းရှောင်မန်၏မျက်လုံးလေးများ တောက်ပလာ၏။ သူမ ထိုဟာက အကြံကောင်းတစ်ခုဟုထင်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ခုလုံးက လက်လုပ်ရုပ်ထုတွေဖြစ်၏။
နှင်းလူသားနဲ့ ရွှံရုပ်ထုကြားမှာ ခြားနားချက်တစ်ခုခုရှိလား...နိုးပါနော်...
လွန်ခဲ့သည့်နှစ်ရက်က ကျခဲ့သောနှင်းများသည် အရည်ပျော်သွားလုနီးပါးဖြစ်နေသည့်အတွက် သူမ နောက်ထပ်နှင်းတွေထူပိန်းအောင် ကျမည့်အချိန်ကို စောင့်နေရတော့သည်။
Chapter 56
ကျန်ရှောင်မန်က နှင်းတွေထူပိန်းနေအောင်ကျလာမှာကို စောင့်နေသော်လည်း ထိုသို့နှင်းမကျသေးမီ နှစ်ကုန်ချိန်က အရင်ရောက်လာခဲ့သည်။
ကျန်းရှင်းက နှစ်သစ်အတွက် မြို့ကိုပစ္စည်းသွားဝယ်တော့မှာဖြစ်၍ သူမကိုသူနှင့်လိုက်ရန်ပြောလေသည်။ သို့သော် ရာသီဥတုက အေးလွန်းနေပြီး မြို့ကလည်း ရွာနှင့် အလှမ်းဝေးသည်။ ကျန်းရှောင်မန်က မကြာခဏ ကားမူးတတ်သဖြင့် သိပ်ပျော်မနေချေ။
သူမလေးက စောင်ကို တင်းတင်းကြပ်ကြပ်ဆွဲခြုံထားပြီး သူမ၏ဝိုင်းစက်နေသည့် မျက်လုံးတစ်စုံကိုသာဖော်ထားလေ၏။ ထိုမျက်လုံးဝိုင်းဝိုင်းလေးများက သူမကိုစောင်အောက်မှ တူးထုတ်မှာစိုးသည့်အလား ကျန်းရှင်းအား ခုခံကာကွယ်လိုမှုအပြည့်ဖြင့် ကြည့်နေလျက်ရှိသည်။ ခဲတုန်နေအောင်အေးသဖြင့် သူမအပြင်ကိုမထွက်ချင်ချေ။
သူမတွင် ခေါင်းကိုပါစောင်ခြုံပြီးအိပ်သည့် အကျင့်ရှိသဖြင့် တည်ငြိမ်လျှပ်စီး၏ဒဏ်ကြောင့် သူမလေး၏ ဆံပင်များသည် ထိုးထိုးထောင်ထောင်ဖြစ်နေပြီး ကြည့်ရသည်မှာ အတော်လေးချစ်စရာကောင်းနေလေသည်။
ကျန်းရှင်း သက်ပြင်းချလိုက်သည်။
"ဟုတ်ပါပြီ... ရတယ်...ရတယ်...ဒါဆို ငါ့ဘာငါတစ်ယောက်တည်း သွားလိုက်မယ်...ပြီးမှနောင်တမရနဲ့...."
"ရှူး...ရှူး..."
ကျန်းရှင်းတစ်ယောက်တည်း ထွက်သွားရလေသည်။
ကျန်းဟွေ့မိန်ကလည်း သူ့ကို ကျန်းရှောင်မန်လေးအတွက် နှစ်သစ်ကူး အဝတ်အစားအသစ်တစ်စုံဝယ်ပေးဖို့ တိုက်တွန်းနေ၏။ ပွဲတော်ရသကို ခံစားမိစေဖို့ အနီရောင်တောက်တောက် ဆိုလျှင် ပိုကောင်းမည်ဟု ဆိုသည်။
ဤသည်ကား ကျန်းရှင်းကို အကျပ်ရိုက်သွားစေ၏။
လူထွားကြီးက သူ့တူမလေးအတွက် အဝတ်အစားဝယ်ဖို့ အပြင်ထွက်လာခဲ့သည်။ အချိန်အကြာကြီး စျေးတန်းထဲမှာ စျေးဝယ်ထွက်ပြီးတာတောင် သူဘာဝယ်ရမလဲဆိုသည့်အပေါ် ချီတုံချတုံဖြစ်လို့နေဆဲဖြစ်၏။
အကြောင်းမှာမူ သူ့တွင် ဖက်ရှင်အမြင်မရှိသောကြောင့်ပင်။ သူတို့အတူတူအပြင်ထွက်တိုင်း ကျန်းရှောင်မန်၏စကားကိုသာအမြဲ နားထောင်ခဲ့လေသည်။ ယခုတွင် သူမသူနဲ့ မလိုက်လာသောအခါ သူ့အနေဖြင့် ကျန်းဟွေ့မိန်၏အကြိုက်အတိုင်းသာ လိုက်ဝယ်ရုံသာရှိတော့၏။
ပွဲတော်ဆန်ဆန်နဲ့ အနီရောင်တောက်တောက် ...
အိုခေ...
နှစ်သစ်ကူးပန်းချီကားထဲက အရုပ်ဝတ်ထားသောဟာနှင့်တူသည့် အဝတ်အစားတစ်စုံကို ဝယ်ပြီး ကျန်းရှင်း ပြန်လာခဲ့လိုက်သည်။
ကျန်းရှောင်မန် အိတ်ကို အမြန်ဖွင့်ကြည့်လိုက်ပြီး ထို့နောက်တွင် ချက်ချင်းပင် ငိုပါတော့၏။
ပွင့်ရိုက်အဆင်လေးတွေပါတဲ့ ဒီလိုအဝတ်အစားဒီဇိုင်းတွေကို ဘွားဘွားသေတ္တာရဲ့အောက်ဆုံးမှာပဲ မြင်ဖူးတာလေ ...ဒီနေ့ခေတ်ကလေးတွေက ဂျတ်ကတ်တွေ ချည်ထည်တွေပဲဝတ်ကြတာ...ဦးလေး ဘာလို့ဒါကြီးတွေကို ဝယ်လာရတာလဲ....
ကျန်းဟွေ့မိန်က ဝမ်းမြောက်ဝမ်းသာပင် ကျန်းရှောင်မန်ကို ဝတ်ပေးလိုက်ပြီး ဝတ်စုံက ချစ်ရာကောင်းတယ်၊ပွဲတော်ဆန်တယ်၊ တက်တက်ကြွကြွပုံစံရှိတယ်၊လှတယ် အစသဖြင့်ပြောကာ သူမကို ချီးမွမ်းနေ၏။
ဘွားဘွားမှာ ကျွမ်းကျင်သည့်လက်တစ်စုံရှိပြီး သူမ၏ခေါင်းထက်တွင် အနီရောင်အဝတ်စနှင့်ကြိုးတို့ကိုသုံး၍ အဝတ်အစားနှင့်လိုက်အောင် ဘန်းမုန့်ပုံစံဆံထုံးလေးနှစ်ခု ချည်ပေးလေသည်။
ကြည့်လိုက်ရုံနှင့်ပင် သူမက နှစ်သစ်ကူးပန်းချီကားထဲမှ တိုက်ရိုက် ထွက်လာပုံပေါ်နေ၏။
ချစ်ချင်စဖွယ်လေးပင်။
ကျန်းဟွေ့မိန် သူမလေး၏မျက်နှာပေါ်က မျက်ရည်ပလပွကို အမှုမထားဘဲ ဖက်ကာ အားရပါရမွှေးကြူလိုက်၏။
"ကြည့်ကောင်းလိုက်တာ...ရှောင်မန်က အရမ်းလှတော့ ...ဘာဝတ်ဝတ်ကြည့်ကောင်းနေသောပဲ...."
ကျန်းဟွေ့မိန် သူမကိုမှန်ယူပေးလိုက်သည်။
ကျန်းရှောင်မန်က မျက်ရည်အပြည့်နှင့်ဖြစ်ပြီး သူမမျက်လုံးများက ဝေဝါးနေ၏။ သူမ၏ခေါင်းကို မှန်ထဲတွင် ထိုထိပ်ရှိအထုံးသေးသေးလေးနှင့်အတူ မြင်လိုက်ရပြီး သူမက အတော်လေးလှနေသည်။ ဘွားဘွားက သူမ၏ခေါင်းပေါ်တွင် ကြိုးမှာခေါင်းလောင်းနှစ်ခုကိုလည်းတွဲ ချည်ပေးထားပြီး ၎င်းတို့သည် သူမခေါင်း ခါလိုက်တိုင်း တချွင်ချွင်မြည်နေ၏။ သူတို့တွေက အလွန်ချစ်စရာကောင်းကာ လှပကြပြီး သူမလည်း အများကြီးကြိုက် လေသည်။
သူမ ပိုကြည့်လေလေ ပိုကြိုက်လေလေဖြစ်ပြီး
နောက်ဆုံးတွင် အငိုတိတ်သွားခဲ့၏။
သူမ တစ်ချက် ရှိုက်ကာပြောလိုက်သည်။
"ကောင်းပြီလေ...."
ကျန်းရှင်း စိတ်သက်သာရာရသွားလေ၏။
နှစ်ယောက်လုံးက အမျိုးသမီးတွေလေ... သူတို့အကြိုက်တွေက အရမ်းကို ကွဲပြားနေမှန်း သူဘယ်လိုလုပ်သိမှာလဲ...
အဝတ်အစားပုံစံက ခေတ်မမီသော်လည်း ကျန်းရှောင်မန်ကတော့ ကြည့်ကောင်းတယ်ဟုမြင်လေသည်။ သူမဟာ ကျောက်စိမ်းမှ ထုဆစ်ထားပြီးအမှုန့်များဖြင့် တန်ဆာဆင်ထားသကဲ့သို့ ရှိနေကာ သူမ၏မျက်နှာဝိုင်းဝိုင်းလေးဖြင့် အလွန်တရာချစ်စရာကောင်းနေ၏။ သူမက အလှကြိုက်မကလေးသာဖြစ်ပြီး သူမကြည့်လို့ အဆင်မပြေဘူးထင်ကာ ငိုခဲ့ခြင်းဖြစ်လေသည်။
ကျန်းရှင်းက အမှတ်တရဓာတ်ပုံရိုက်မယ်ဟုဆိုပြီး သူမကိုဖက်ကာ ကိုယ်ဟန်အနေအထားကို ပြင်ပေးလိုက်၏။
မကြာသေးမီက ကျန်းရှင်း ကင်မရာတစ်ခုဝယ်ခဲ့ပြီး မော်ဒယ်ဟောင်းတစ်ခုဖြစ်သော်လည်း ဖလင်က သုံး၍ရဆဲဖြစ်သည်။
ကျန်းရှောင်မန်လေးသည် အလျင်အမြန်ပင် ကင်မရာထံမှ ဆွဲဆောင် ခံလိုက်ရပြီး ကျန်းရှင်းအား သူမကိုအသုံးပြုနည်းသင်ပေးဖို့ ပူဆာတော့၏။ ဦးလေးနှင့်တူမနှစ်ယောက်သား မကြာမီ ပြန်လည်အဆင်ပြေသွားကြပြီး အပြင်ထွက်ကာ အတူတူကစားနေကြသည်။
ကျန်းရှင်း ကျန်းရှောင်မန်ကို ကျောပိုးကာ
ကလေးတစ်ယောက်လိုမျိုး အော်ဟစ်ရင်း ရှောင်မန်လေး လက်ညိုးထိုးပြသည့်နေရာတိုင်းဆီသို့ ပြေးနေခဲ့၏။
————
နှစ်သစ်၏ဒုတိယမြောက်နေ့တွင် ကျန်းရှောင်မန်လေးအနေဖြင့် ကျန်းရှင်းသူမကို ဝယ်ပေးထားသည့် အဝတ်အစားများကိုဝတ်ပြီးနေပြီဖြစ်ကာ ကျန်းဟွေ့မိန်ကိုတောင် ခေါင်းလောင်းနှစ်ခုထပ်တပ်ခိုင်း လိုက်သေးသည်။ ထို့နောက် သူမ၏ နှစ်သစ်နှုတ်ခွန်းဆက်စကားများကို တချွင်ချွင်အသံများနှင့်အတူ ဆိုဖို့အပြင်ထွက်လာလေ၏။
သူမလေးသည် ဗွက်အိုင်ထဲတွင် ငါးဖမ်းနေကြသည့်မျောက်တွေကဲ့သို့သော တခြားကလေးများနှင့် မတူဘဲ ချစ်စဖွယ်ကောင်းနေသည်။ သူမတွင် နေဘယ်လောက်လောင်လောင် မည်းမသွားသည့် နူးညံ့ဖြူဖွေးသောအသားအရေ ရှိလေ၏။ ထိုသည်ကား အတော်လေးနှစ်လိုဖွယ်ကောင်းကာ မြင်သမျှလူတိုင်းက သူမကို ပွေ့ဖက်ပြီး ပါးစုံလေးများကို ညစ်ချင်နေကြသည်။
Chapter 57
ကလေးမလေးသည် နူးညံ့ပျော့ပျောင်းလှသောအသံလေးနှင့် နှစ်သစ်မှာ ပျော်ရွှင်ပါစေ ဦးဦး၊ နှစ်သစ်မှာပျော်ရွှင်ပါစေ ဒေါ်ဒေါ်ဟုပြောကာဖြင့် လမ်းတစ်လျှောက်တွင် စာအိတ်နီတွေများစွာရခဲ့လေသည်။
သူတို့တွေအကုန်လုံးသည် ရွာထဲရှိအိမ်နီးချင်းတွေဖြစ်ကြပြီး စာအိတ်နီများက ကံကောင်းခြင်းရဲ့သင်္ကေတသာဖြစ်ကာ ပိုက်ဆံသိပ်မပါသော်လည်း ကျန်းရှောင်မန် အလွန်ပင် ပျော်နေပါ၏။
ဤသည်ကား သူမ၏အရေးပါဆုံး မုန့်ဖိုးအရင်းအမြစ်ဖြစ်လေသည်။
တခြားကလေးများ၏မိဘများက သူတို့၏နှစ်သစ်မုန့်ဖိုးကို အကြောင်းပြချက်အမျိုးမျိုးပေးကာ သိမ်းယူကြမှာဖြစ်သော်လည်း သူမ၏ဘွားဘွားနှင့်ဦးလေးကတော့ ထိုသို့လုပ်မှာမဟုတ်ပေ။ သူတို့က ကျန်းရှောင်မန်အား ပိုက်ဆံအကုန်လုံး သူမဘာသာသိမ်းခိုင်းလေသည်။
ပိုက်ဆံတွေ ပတ်ယူပြီးနောက် ကျန်းရှောင်မန်လေး ရွှင်မြူးစွာ အိမ်ပြန်လာခဲ့၏။
ခါတိုင်းလိုပဲ ပိုက်ဆံဝှက်ထားသည့် သံဘူးလေးကို တူးထုတ်ကာ နှစ်သစ်မုန့်ဖိုးများကို ထိုထဲသို့ထည့်လိုက်သည်။ ခဏလောက်စဥ်းစားပြီးနောက် ကျန်းရှောင်မန် စာအိတ်နီတစ်ခု ထုတ်ကာ ထိုထဲတွင် ဆင့်ငါးဆယ်ထည့်လိုက်၏။
(T/N–ဆင့်ကို နိုင်ငံတော်တော်များများမှာသုံးကြပါတယ်။ မြန်မာလိုဆို ပြား လိုမျိုးပါပဲ၊ တစ်ယွမ်=တစ်ရာဆင့်)
"ဒီမှာ ရော့..."
ကျန်းရှောင်မန် စနစ်ကိုပြောလိုက်လေသည်။
စနစ်:? ? ?
"ဒါအကိုကြီးစနစ်အတွက် နှစ်သစ်မုန့်ဖိုး...."
သူမတွင် စာအိတ်နီတွေ အများကြီးရပြီးသော်လည်း စနစ်က တစ်ခုမှမရသေးကြောင်း ကျန်းရှောင်မန် ခုနမှ သတိရလိုက်ခြင်းဖြစ်၏။
အရမ်းသနားစရာကောင်းတာပဲ...
စနစ်တွင် သူငယ်ချင်းဟူ၍ သူမတစ်ယောက်တည်းသာရှိပြီး ဆွေမျိုးတွေလည်းမရှိရှာချေ။ တစ်ယောက်တည်းနေရသည်မှာ အတော်လေး အထီးကျန်နေရော့မည်။ ထို့ကြောင့် သူမက သဘောထားကြီးစွာဖြင့် သူ့ကို ပိုပြီးကောင်းကောင်းဆက်ဆံဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။
စနစ်ဖြစ်သူ အချိန်တစ်ခုလောက် တိတ်ဆိတ်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေလေသည်။
လွန်ခဲ့သည့် ခြောက်လအတွင်းတွင် ၎င်း၏ပိုင်ရှင်က ပိုပိုပြီး လှည့်စားရခက်လာ၏။ အတိတ်တုန်းက သူ သူမကို အမှတ်တွေရဖို့ အရူးလုပ်ရခဲ့သော်လည်း ယခုတွင် သူမက တာဝန်တွေနဲ့ပတ်သတ်၍ အမြဲတမ်း ဂျီးများနေကာ တချို့တလေကိုသာ လုပ်ပြီး တခြားဟာတွေကို မလုပ်ချေ။ ရလဒ်တစ်ခုအနေဖြင့် နှစ်တစ်ဝက်သာကုန်သွားပေမဲ့ အကြွေးက -800မှာပဲရှိနေဆဲဖြစ်ပြီး စနစ်ကို အတော်လေး စိတ်မသက်မသာဖြစ်စေသည်။
သူမ၏ အိုင်ကျူက တိုးတက်လာသော်ငြား လုံးဝမတိုးတက်သည့် နေရာတစ်ခု ရှိ၏။ သူမက အမြဲတမ်း စနစ်အား လူအစစ်ဟုသာ ထင်နေလေသည်။ သူမဘာပဲစားစား၊ ဘာပဲရှိရှိ သူတို့ကို သူ့နှင့် မျှဝေချင်နေသည်။
သူမစားသည့်အခါတွင် သူမစားနေသောဟာကို လာပြပြီး သူမမှာသုံးစရာတစ်ခုခုရှိပါက သူမဘာသုံးနေလဲဆိုတာကို သူ့အား လာပြောလေ၏။
စနစ်လေးခမျာ မပျော်သည့်အပြင် နည်းနည်းတောင် ဝမ်းနည်းသွားသည်။ သူဒီပိုင်ရှင်နဲ့ အချိန်အကြာကြီး နေခဲ့ပြီးနောက် သူ့အိုင်ကျူလည်း ကလေးတစ်ယောက်အိုင်ကျူလိုမျိုး ဖြစ်လာတော့မလိုမျိုး ခံစားနေရ၏။
ဒါနဲ့ပတ်သတ်ပြီး ဘာများ တအားတွေ ဝမ်းနည်းစရာရှိလို့လဲ...
သူ့ကို ဘာကဝမ်းနည်းအောင်လုပ်နိုင်မှာမို့လဲ ...
စနစ်က စနစ်သာဖြစ်လေသည်။ ခန္ဓာကိုယ်လည်း မရှိသလို အစားအသောက်တွေ သူငယ်ချင်းတွေလည်း မလိုပေ။
"စနစ်က....."
"ပိုက်ဆံမလိုဘူး...."
ကျန်းရှောင်မန်က အပြုံးလေးဖြင့်ဆိုလာ၏။
"ဒါပေမဲ့ ဘွားဘွားကပြောတယ်...နှစ်သစ်မုန့်ဖိုးက ကံကောင်းခြင်းရဲ့သင်္ကေတတဲ့...ပြီးတော့ ကောင်းတဲ့ကံတွေ သယ်ဆောင်လာပေးမှာတဲ့...."
"အကိုကြီးစနစ်မှာ လုပ်ချင်ပေမဲ့ မလုပ်နိုင်တာ တစ်ခုခုများမရှိဘူးလား..."
စနစ် ထိုအကြောင်းကို ခဏလောက် အလေးအနက် တွေးတောပြီးနောက်ပြောလိုက်သည်။
"ရှိတယ် ...."
"ဘာလဲဟင်...."
ကျန်းရှောင်မန် သိချင်စိတ်ပြင်းပြနေလေ၏။
စနစ်က အရာရာကိုစွမ်းဆောင်နိုင်ပြီး ဘာမဆိုသိသည့်ပုံပေါ်လေသည်။ သူ့မှာ လုပ်ချင်ပေမဲ့ မလုပ်နိုင်သည့်အရာတွေ ရှိနေမယ်ဟု သူမမမျှော်လင့်ထားခဲ့ပေ။
စနစ်က ပြောလိုက်၏။
"တစ်ခါတလေ ငါမင်းကို ရိုက်ချင်တယ်"
ဒါပေမဲ့ ရိုက်လို့မရဘူး..."
"..."
ကျန်းရှောင်မန်၏မျက်နှာပုစိလေး ချက်ချင်းပင် ညှိုးကျသွားကာ ဝမ်းနည်းမှုများ အထင်သားပေါ်လာသည်။
သူ့ပိုင်ရှင်ပေါက်စလေး၏ ဝမ်းနည်းနေသောမျက်နှာလေးကို မြင်လိုက်သည့်အခါတွင် စနစ် သူပြောမိတာကို နောင်တရသွား၏။
သို့ပေမဲ့ သူသည် လူတွေကိုနှစ်သိမ့်မပေးတတ်သည့် စနစ်တစ်ခုသာဖြစ်လေရာ ကိုးရိုးကားယားဖြင့် တိတ်တိတ်လေးနေရုံသာရှိလေသည်။
ထိုအချိန်တွင် ကျန်းရှောင်မန်က မထင်မှတ်ထားသည့် တစ်စုံတစ်ခုကို ထလုပ်လိုက်၏။
သူမ၏လက်သေးသေးလေးကို မြှောက်ကာ မျက်နှာကို အသာအယာ ပုတ်လိုက်ပြီးနောက် နှုတ်ခမ်းလေးကို ဆူထွက်အောင် ဖျစ်ညစ်ကာ စနစ်ကို မေးလိုက်လေသည်။
"ဒီလိုဆို အဆင်ပြေလား....."
စနစ် ရှော့ခ်ရသွား၏။
သူ သူရဲ့AI ချစ်ပ်ပြား ချို့ယွင်းသွားတော့မလိုမျိုး ခံစားနေရသည်။
ဒါ ဘယ်လိုလော့ဂျစ်မျိုးလဲ...
ဒါ ဘယ်လိုနတ်သမီးလေးလဲ ...
ဒါ လူသားကလေးလေးရော ဟုတ်ရဲ့လား...
ကျန်းရှောင်မန် သူမကျေနပ်သေးဘူး ထင်ကာ သူမ၏ပါးလေးများကို ညင်ညင်သာသာပုတ်လိုက်ပြီး ငိုတော့လေ၏။
"နည်းနည်းပိုပျော်လာပြီလား...."
စနစ် ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သူတအားတွေ ရှုပ်ထွေးနေပြီး ထိုဟာကို ဘယ်လိုဖော်ပြရမလဲမသိတာကြောင့် ဆက်ပြီးနှုတ်ဆိတ်နေရုံသာတတ်နိုင်လေ၏။ ထိုအချိန်၌ ကျန်းရှောင်မန်၏ စိတ်ထဲတွင် တာဝန်တစ်ခုပေါ်လာတိုင်း ကြားရသည့်ဟာနှင့်ဆင်တူသော အသံတစ်ခု မြည်လာခဲ့သည်။
[နှစ်ကုန်ဘောနပ်...စနစ်က သင့်ကို နှစ်သစ်မုန့်ဖိုးအတွက် စာအိတ်နီတစ်လုံးပေးထားပါတယ်...ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ...]
[အကောင့်ထဲကို အမှတ်100ထည့်ပြီးပါပြီ...
လက်ကျန်အမှတ်: 100]
ကျန်းရှောင်မန် အံဩကြောင်အသွားကာ သူမ၏မျက်ရည်များက မျက်လုံးထဲပြန်ဝင်သွားပြီး အငိုတိတ်သွားလေ၏။
သူမ အခု ဘာကိုကြားလိုက်ရတာလဲ...