အပိုင်း ၅၈-၆၀
Viewers 14k

Chapter 58


အစ်ကိုကြီးစနစ်က သူမကို နှစ်သစ်မုန့်ဖိုးပေးခဲ့တယ်...


ပြီးတော့အမှတ်တွေလည်း အနှုတ်မခံရဘူး...


သူမမှာ သုံးစရာအမှတ်တွေရှိနေပြီ...


အကြွေးဆပ်ဖို့လည်း သုံးမပစ်ဘူး...


ရေးးးး...စနစ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ... ပြီးတော့ သူမရဲ့အကောင်းဆုံးသူငယ်ချင်း ...


ကျန်းရှောင်မန် ရှိုက်ကာဖြင့် ပြောလိုက်၏။

"အစ်ကိုကြီးစနစ်က အရမ်းကြင်နာတာပဲ...အစ်ကိုကြီးစနစ်က အမြဲတမ်း  သမီးရဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်နေမှာပါ...."


"အွန်း.....နှစ်သစ်မှာပျော်ရွှင်ပါစေ...."


ဤသည်ကား သူမမှတ်မိနေသမျှထဲတွင် အပျော်ရဆုံးနှစ်သစ်ကူးဖြစ်လေသည်။ မှန်သည်ပင်၊ ဤသည်က သူမသိတတ်စကတည်းက ပထမဆုံးဆင်နွဲဖူးသည့် နှစ်သစ်ကူးလည်း ဖြစ်၏။ ယခင်က သူမသည် ငယ်လွန်းနေခဲ့ပြီး မှတ်ဉာဏ်တွေကလည်း ဝေဝေဝါးဝါးသာဖြစ်ကာ နှစ်သစ်ကူးဆိုတာ ဘာအဓိပ္ပါယ်မှန်း သူမမသိခဲ့ပါချေ။ 


ကျန်ရှောင်မန် အရမ်းကို  ပျော်နေပြီး ပျော်လွန်းလို့ လွင့်​ပျံသွားတော့မတတ်ဟုပင် ခံစားနေရသည်။


သူမ အမည်မသိသံစဥ်တစ်ခုကို ညည်းကာ ရွာထဲကကလေးများကို သွားရှာပြီး ကစားဖို့ကြံလိုက်၏။ သို့ပေမဲ့ သူမအပြင်ထွက်တော့မည့် ဆဲဆဲတွင် ကျန်းဟွေ့မိန်က ပြောလာသည်။

"အကုန်လုံးက ဒီနေ့အမျိူးတွေဆီသွားလည်ဖို့ ပြန်ကုန်ကြပြီ...အမေဘက်ကဆွေမျိုးတွေကို သွားလည်ကြမှာ...သမီးရဲ့သူငယ်ချင်းလေးတွေ ဒီမှာမရှိကြဘူး...အဲ့ဒါကြောင့်မသွားနဲ့...."


"အမျိုးတွေဆီသွားလည်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ..."

ကျန်းရှောင်မန်က စိတ်ဝင်တစားမေးလိုက်၏။


ဒီကလေးကတော့ နေ့တိုင်းကို မေးစရာမေးခွန်းတစ်မျိုးစီရှိနေတော့သည်ပင်။ 


ကျန်းဟွေ့မိန်  ပြန်ဖြေလိုက်သည်။

"ဆွေမျိုးတွေအကုန်လုံးက နှစ်သစ်အကြိုနေမှာ လာလည်ကြတာ...လက်ထပ်ပေးလိုက်တဲ့ သမီးတွေက ပြန်လာကြပြီးတော့ ချွေးမတွေက အိမ်ပြန်ကြတယ်...သမီးဘွားဘွားကို မယုံရင် ဘေးအိမ်က ကျူးကျီရဲ့မိန်းမကို သွားကြည့်ချေ...သူလည်း သူ့အမေ့ဘက်ကအမျိုးတွေဆီပြန်သွားပြီ...."


ကျန်းရှောင်မန် ချက်ချက် ပြေးကြည့်လိုက်ရာတွင် ကျူးကျီရဲ့မိန်းမသာမကဲ သူမရဲ့ကလေးလည်း မရှိတော့ပေ။


သူတို့ မရှိဘူးပဲ...


ကျန်းရှောင်မန်လေး အမြန်ပြန်လာပြီး အိမ်မှာပဲ လိမ်လိမ်မာမာနေနေတော့၏။


"ဒါပေမဲ့ ဘွားဘွား...သမီးတို့မိသားစုမှာရော လက်ထပ်ပေးလိုက်တဲ့ သမီးမရှိဘူးလား...ဘာလို့ဒီကို လာလည်တဲ့အမျိုးတွေမရှိတာလဲ..."


ကျန်းဟွေ့မိန်၏လက်ဟာ စက္ကန့်ပိုင်းလောက် ရပ်တန့်သွားခဲ့ပြီး သူမမျက်နှာသည် အနည်းငယ် စိတ်မကောင်းဖြစ် သွားပုံရလေသည်။


မရှိဘူးလို့ ဘယ်သူကပြောလဲ...


ကျန်းယွဲ့...သူမရဲ့သမီးလေး...


ကံမကောင်းစွာနဲ့ အဲ့ဒီလူက ဆုံးပါးသွားလေပြီ။


ကျန်းဟွေ့မိန် မျက်လုံးတွေကျိန်းစပ်လာပြီး ပြောလိုက်သည်။

"အဲ့ဒါက သမီးဦးလေးဘယ်တော့ မိန်းရမလဲဆိုတာအပေါ် မူတည်တယ်...သူသာမိန်းမမရရင် ဘွားဘွားတို့လည်း လာလည်မဲ့ဆွေမျိုးတစ်ယောက်မှရှိမှာမဟုတ်ဘူး...."


ထို့​ကြောင့် တခြားအိမ်များ ဆူညံအသက်ဝင်နေချိန်တွင် သူမတို့အိမ်ကတော့ ငြိမ်သက်နေခဲ့၏။


ပြီးတော့ ကျန်းရှင်းလည်းရှိသေးသည်။


ဒီကလေးကတော့လေ...


ဘယ်ထွက်သွားမှန်းကို မသိလိုက်ဘူး...


ကျန်းရှောင်မန်နားလည်သွားသည့်ဟန်ဖြင့် "အိုး"ဟုပြောလိုက်ပေမဲ့ တကယ်တော့ နားမလည်ပါချေ။ ထို့နောက်  သူမ၏ပါးစုံဖောင်ဖောင်းလေးများကို လက်ပေါ်တင်ကာဖြင့် မေးလိုက်၏။

"ဘွားဘွားမှာ အမေ့ဘက်ကမိသားစုမရှိဘူးလား...ဘာလို့ပြန်သွားမလည်တာလဲဟင်...."


"ငါလား..."

ကျန်းဟွေ့မိန် သက်မောတစ်ချက်ချလိုက်လေသည်။

"ဘွားဘွားက အိုနေပြီ...ဘွားဘွားတွေ့ချင်တဲ့သူတွေကလည်း အဲ့မှာမရှိကြတော့ဘူး...ဘာလို့ပြန်ရမှာလဲ...."


ကျန်းဟွေ့မိန်၏မိဘတွေက ဆုံးပါးသွားပြီဖြစ်ပေမဲ့ သူမမှာအကိုတွေရှိနေတုန်းပင်ဖြစ်၏။ ထုံးတမ်းအစဥ်အလာအရ သူမပြန်သွားပြီး လည်သင့်လေသည်။


သို့သော် သူမ၏အမေ့ဘက်မှ အကိုများနှင့် ဆက်ဆံရေးမကောင်းသောကြောင့် ပြန်လိုစိတ်ရှိမနေပေ။ထို့ကြောင့် သူမ ထိုအကြောင်းကို စဥ်းတောင်မစဥ်းစားပေ။


ကျန်းရှောင်မန်လေးဟာ မျိုးဆက်ဟောင်းတွေ၏ နာကြည်းချက်များကို မသိသော်လည်း 

ထက်မြက်ပြီး သိတတ်သည့် ကလေးတစ်ဦးဖြစ်လေသည်။ သူမဘွားဘွား၏ စိတ်အခြေအနေမကောင်းမှန်း သဘောပေါက်သွားတာကြောင့် ထိုစကားဝိုင်းကို မဆက်တော့ဘဲ ချက်ချင်းပဲ ကျန်းဟွေ့မိန်၏ခါးကိုဖက်ကာ သူမခေါင်းလေးနဲ့ တိုးဝှေ့ပွတ်သပ်ရင်း ချွဲတဲတဲအသံလေးဖြင့် ဆိုလိုက်၏။

"ဒါဆို သမီးလည်း ဘွားဘွားနဲ့ပဲနေမယ်... ဘယ်မှမသွားတော့ဘူး...."


သူမရဲ့အနွေးဂွမ်းကပ်လေးက သိတတ်လှ၏။

ဘယ်သူက ဒီချစ်စရာပေါက်စလေးကို မချစ်ဘဲနေမှာလဲ...


ကျန်းဟွေ့မိန် ပြုံးမိရင်းဖြင့်  သူမ၏ခေါင်းလေးကို  ပွတ်ပေးလိုက်ပြီး ကြာကြာ စိတ်ဓာတ်ကျမနေတော့ချေ။ မကြာမီပင် သူမ၏ စိတ်အခြေအနေ  ပိုကောင်းလာပြီး နေ့စဥ်အလုပ်တွေကို လုပ်နေလိုက်သည်။ 


ညနေခင်းအရောက်တွင် ဆွေမျိူးတွေဆီသွားလည်ကြသည့် သူများတဖြည်းဖြည်း ပြန်ရောက်လာကြကာ ရွာလေးက နောက်တစ်ဖန်စပြီး သက်ဝင်လှုပ်ရှားလာခဲ့၏။ 


ကျန်းရှင်းလည်း ပြန်ရောက်လာလေသည်။


သူမျက်နှာက အရုပ်ဆိုးနေလျက် နဖူးက အနည်းငယ်နီပြီးယောင်နေကာ ဒဏ်ရာများနှင့်အိမ်ပြန်လာခဲ့၏။ 


အခုမှ နှစ်သစ်ကူးပဲ ရှိသေးတာကို နည်းနည်းလောက်  မရပ်နိုင်ဘူးလား...ဒီကလေးကတော့ အပြင်မထွက်လိုက်နဲ့ ...ပြဿနာထပ်ရှာလာပြန်ပြီမို့လား ...အရင်နှစ်တုန်းက သူ တော်တော်လေး ကောင်းနေ ခဲ့တာမဟုတ်ဘူးလား...ဒါဖြင့် သူဘာလို့တစ်ခုခုဖြစ်နေပြန်တာလဲ...


ကျန်းဟွေ့မိန် သူ့ကိုစိုက်ကြည့်နေရင်း တစ်ခုခုပြောဖို့ကြံလိုက်သော်လည်း သူမမပြောခင်တွင် ကျန်းရှင်းက သူနဖူးထက်ရှိ ဒဏ်ရာကို ဖုံးကာ

အတော်လေးစိတ်တိုနေသည့်အသံဖြင့် ဆိုလာသည်။


"အမေ...ကျွန်တော့် ဦးလေးကဒီမှာ..."


ထိုစကားတစ်ခွန်းက ချက်ချင်းပင် ကျန်းဟွေ့မိန်၏မျက်နှာအား  လုံးလုံးလျားလျား ပျက်သွားစေ၏။


ကျန်းရှင်း၏ဦးလေးက ကျန်းဟွေ့မိန်၏အမေ့ဘက်မှအစ်ကိုဖြစ်လေသည်။


သူသည် နှစ်သစ်အခါသမယတွင် ကံဆိုးခြင်းတွေယူဆောင်လာဖို့ လာနေလေပြီ။

Chapter 59


ကျန်းဟွေ့မိန်၏ အမေ့ဘက်က မိသားစုနှင့်ပတ်သတ်သော နာကြည်းချက်များကို သုံးရက်လုံးလုံးထိုင်ပြောလျှင်တောင် ပြော၍ပြီးမှာ မဟုတ်ချေ။ သူတို့၏ ဆက်ဆံရေးတွင် ကောင်းတာတစ်ခုမျှ မရှိခဲ့။ ထိုသည်ကား သူမသေသွားထိတိုင်မေ့မှာမဟုတ်သော အရာဖြစ်လေသည်။


သူမ၏အမေ့ဘက်မှ မိသားစုက ကျန်းဟွေ့မိန်အပေါ်မကောင်းခဲ့ပေ။ သူမကမိသားစုထဲတွင် အစ်မတစ်ယောက်ဖြစ်သော်လည်း သူမ၏မိဘများက သူမကိုတန်ဖိုးမထားကြဘဲ သူမ၏မောင်လေးကိုပဲ ဂရုစိုက်ကြ၏။ သူမအပျိုဘဝတုန်းကဆိုလျှင် တစ်ရက်မှကောင်းကောင်းမနေခဲ့ရချေ။ မှတ်မိရသလောက်ဆိုပါက အလုပ်ကြမ်းတွေ၊ ညစ်တီးညစ်ပတ် အလုပ်တွေအကုန်လုံး သူမအပေါ်သာပုံချထားလေသည်။


နောက်ပိုင်းမှာတော့ သူမကျန်းရှင်း၏အဖေဖြစ်သူကို လက်ထပ်ခဲ့ပြီး အမျိုးသားက သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့၏။ ကျန်းဟွေ့မိန်၏ဘဝက တဖြည်းဖြည်း ပိုကောင်းလာလေသည်။ 


သူမ၏မိဘများက ယောကျာ်းလေးတွေကိုသာ တန်ဖိုးထားကြပြီး ကျန်းဟွေ့မိန်အနေဖြင့် ထိုသို့သော ဆက်ဆံမှုမျိုးကို ကိုယ်တွေ့ ခံစားခဲ့ရ၏။


 ကျန်းယွဲ့ကိုမွေးပြီးနောက်တွင် သူမ၏ မျက်ရှုရတနာလေးကဲ့သို့ သဘောထားပြီး သူမအား ကျန်းရှင်းကို ဆက်ဆံသလိုမျိုး တပြေးတည်း ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။ 


ထိုအချိန်တုန်းက လူတိုင်းသည် မီးဖိုချောင်ထဲမှာ စွတ်ပြုတ်ကိုသာ စားခဲ့ကြရ၏။ ဝင်ငွေ မရှိခဲ့ပေ။ သူတို့မှာ ပိုက်ဆံမရှိသလို အစားအသောက်လည်း မရှိကြပဲ ဘဝက ခက်ခဲ ကြမ်းတမ်းခဲ့သည်။ သို့သော်လည်း ကျန်းယွဲ့လေးက စာကောင်းကောင်းသင်ပြီး ကျောင်းတက်ချင်ခဲ့သည့်အတွက် သူတို့ အံကြိတ်ကာဖြင့် သူတို့လုပ်နိုင်သမျှ အကုန်လုံးကို လုပ်ခဲ့ကြပြီး နောက်ဆုံးတွင် သူမအား ကောလိပ်ကျောင်း ထားပေးနိုင်ခဲ့၏။ 

 

ထိုအချိန်မှသာ ကျန်းဟွေ့မိန် ဖိအားများမှ သက်သာရာရသွားသလို ခံစားခဲ့ရသည်။


သူမသမီးလေးက အရမ်းကိုအလားအလာကောင်း၏။ သူအနေဖြင့် နောက်ဆုံးတွင် နှိမ့်ချမခံရတော့ဘဲ ကောင်းမွန်သော ဘဝတစ်ခုတွင်နေနိုင်ပြီဖြစ်၏။ အရပ်ထဲရှိလူတိုင်းက သူမကိုအားကျနေခဲ့ကြသည်။


သို့သော်လည်း အမေ့ဘက်ကမိသားစုကမူ သမီးတစ်ယောက်ကို ကျောင်းတက်ခိုင်းသည့်အတွက် သူမခေါင်းက တစ်ခုခုဖြစ်နေပြီဟု ပြောခဲ့ကြ၏။ သူမသည် ပိုက်ဆံဆုံးရှုံးစေမည့် ကုန်ပစ္စည်းတစ်ခု(1)သာဖြစ်ပြီး တခြားမိသားစုနှင့် သက်ဆိုင်သွားမှာ*ဖြစ်သည်။


ဒီလုံ့လတွေအကုန်လုံးကို သူမရဲ့အစ်ကိုကို ထောက်ပံ့ပေးဖို့သုံးလိုက်ရင် ပိုမကောင်းဘူးလား...အမေ့ဘက်ကမိသားစုက ကူညီပေးရင်တောင်မှ အဲဒီကောင်မလေး ကျန်းယွဲ့ က ဘာများ လုပ်နိုင်မှာမို့လို့လဲ...


ကျန်းဟွေ့မိန် အလွန်ပင် စိတ်ဆိုးသွားခဲ့ပြီး ထိုအချိန်မှစ၍ နှစ်သစ်ကူးကာလတွေမှာတောင် အမေ့ဘက်မှမိသားစုကို ပြန်မသွားတော့ချေ။ အတိအလင်းထုတ်မပြောသော်လည်း သူမ၏စိတ်ထဲတွင်မူ သူမတို့၏ဆက်ဆံရေးကို ဖြတ်တောက်ပြီးနေပြီဖြစ်၏။ 


ကျန်းယွဲလေးရဲ့ကံက တအားဆိုးဝါးနေမယ်လို့ဘယ်သူထင်ပါ့မလဲ...


နှစ်အနည်းငယ်လောက် အလုပ်လုပ်ပြီးနောက် သူမ အပြင်းအထန် နေမကောင်းဖြစ်တော့သည်။ 

 

ဆရာဝန်က သူမသည်  သွေးကင်ဆာခံစားနေရပြီး အထူးစိုးရိမ်ရသည့်အဆင့်ကိုရောက်နေကာ အသက်ရှင်ရန်အခွင့်အလမ်းအတွက် ရိုးတွင်းခြင်ဆီအစားထိုးဖို့လို့သည်ဟု ဆိုခဲ့၏။ 


ရောဂါကနောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ကြောင်းကြားလိုက်ရချိန်တွင် ကျန်းဟွေ့မိန် ကောင်းကင်ကြီးပြိုကျသွားသလို ခံစားရခဲ့သည်။


နောက်ပိုင်းတွင် ဆရာဝန်က သူမ၏အမေ့ဘက်မှမိသားစုထဲက တစ်ယောက်ယောက်မှာ ကိုက်ညီသည့်ရိုးတွင်းခြင်ဆီရှိကြောင်း ပြောလာခဲ့၏။အကယ်၍ သူတို့သာ လှူဒါန်းဖို့ဆန္ဒရှိပါက သူမတွင် အသက်ရှင်ရန်အခွင့်အရေးတစ်ခုရှိနေသေးသည်။


ကိုက်ညီသော အလှူရှင်က သူမအမေ့ဘက်မှမိသားစုထဲက ဖြစ်နေခဲ့၏။ သူမသာဖြစ်ခဲ့ပါလျှင် သူမသမီးလေးအတွက် သူမ၏အသက်ကိုတောင် ပေးဖို့ဆန္ဒရှိနေမှာဖြစ်လေသည်။ 


ကျန်ဟွေ့မိန် ပြန်သွားပြီး သူတို့ကို ကူညီပေးရန်တောင်းပန်ခဲ့၏။ သို့ရာတွင် ထိုနှလုံးသားမဲ့သည့် လူတစ်သိုက်က သူမသူတို့ကို ရိုးတွင်းခြင်ဆီလှူပေးစေချင်ကြောင်းကို ကြားရချိန်တွင် ဘာကိုဆိုလိုမှန်း ရှင်းရှင််းလင်းလင်းတောင် မသိပါဘဲ ခေါင်းယမ်းကာ ငြင်းဆန်ခဲ့ကြသည်။ သူမဘယ်လောက်ပင် အစွမ်းကုန်တောင်းပန်နေပါစေ အသုံးမဝင်ခဲ့ပေ။


နောက်ဆုံးမှာ သူမသမီးလေး ဆုံးပါးသွားခဲ့၏။ ကျန်းဟွေ့မိန်၏နှလုံးသားထဲတွင် အမုန်းတရားများ ပြည့်နှက်လာပြီး ထိုအချိန်မှစ၍ သူမ၏အမေဘက်မှမိသားစုနှင့် နည်းနည်းမျှပင်  ထပ်ပြီးမပတ်သတ်ချင်တော့တာဖြစ်လေသည်။ 


သူမနှင့်နှစ်800လောက် မပတ်သတ်ခဲ့သည့် ထိုအမေ့ဘက်မှမိသားစုက ယခုတွင် ရုတ်တရက်ကြီး  သူမအိမ်ကို လာလည်ခဲ့၏။ ဘယ်လိုလုပ်  ကောင်းတဲ့ဟာ ဖြစ်နိုင်မှာလဲ...


ကျန်းဟွေ့မိန် ဒေါသထွက်ကာ အလွန်မှကို မုန်းတီးနေသည်။ သူမက ကျန်းရှင်းကိုမေးလိုက်၏။

 "နင့်ခေါင်းပေါ်က ဒဏ်ရာက နင့်ဦးလေးကြောင့်လား...."


ကျန်းရှင်က ခေါင်းငုံ့ကာ နှုတ်ဆိတ်နေပြီး သူမခန့်မှန်းချက်ကို  ထုတ်ပြောစရာမလိုဘဲ အတည်ပြုပေးလိုက်သည်။ သူအနေဖြင့်  ဒဏ်ရာရလာသော်ငြား သူ့ပြိုင်ဘက်ကလည်း သက်သာမနေချေ။


 "အံ့ဩပါ့ဟယ်..."

 သူမက အံ့ကြိတ်ကာ ဆိုလိုက်၏။

 "နောက်တစ်ခါ သူနင့်ကိုလုပ်ရဲရင် ...သူ့ကိုပြန်လုပ်ပစ်...နင်ကငါ့သားလေ...တခြားသူတွေမှာနင့်ကိုဆုံးမဖို့ ဘာအခွင့်အရေးရှိလို့လဲ...အရှက်မရှိလိုက်တာ...."


သူမထိုသို့ပြောပြီး မကြာမီပင် တံခါးဆီမှ "အာ့"ခနဲအသံတချို့ အသံထွက်လာသည်။

 အသံက ဗလုံးဗထွေးဖြစ်နေပြီး လူအိုကြီးတစ်ယောက်ဆီမှ ထွက်လာပုံရ၏။


အဲ့ဒီအသံ...အတိအကျကို သူမမောင်ပဲမဟုတ်ဘူးလား...


ကျန်းဟွေ့မိန် သုန်သုန်မှုန်မှုန်မျက်နှာဖြင့် တံခါးဆီသွားလိုက်ရာတွင် တံခါးခုံတွင်ထိုင်နေလျက် အရှက်မဲ့စွာအော်ဟစ်ငိုယိုနေကြသည့် လူနှစ်ယောက်ကိုမြင်လိုက်ရသည်။


သူတို့ထဲရှိ တစ်ယောက်က ကျန်းရှင်း၏ဦးလေး ဟုန်ရှင်းကောဖြစ်ပြီး အခြားတစ်ယောက်သည် ကျန်းရှင်း၏ဝမ်းကွဲ ဟုန်လီဖြစ်၏။ ဟုန်ရှင်းကောက အဆင်ပြေပုံရသော်လည်း  ဟုန်လီ၏ခေါင်းတွင်မူ သွေးထွက်နေသော ဒဏ်ရာတစ်ခုရှိနေလေသည်။ 


ထို့ကြောင့်  လာသည့်သူကား သားအဖနှစ်ယောက်ဖြစ်သည်ပင်။


ကျန်းဟွေ့မိန်ကိုမြင်လိုက်သည်နှင့် ဟုန်ရှင်းကောကချက်ချင်း ပြောလာ၏။ 

"နင်ဘယ်လိုများ ရှင်းရှင်းကိုသင်ထားတာလဲ...သူငါ့သားကိုဘယ်လိုလုပ်လိုက်သလဲကြည့်...ဒါက နင်ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံစံလား...နှစ်သစ်မှာ သွေးမြင်ရရင် ကံဆိုးတယ်မဟုတ်ဘူးလား...."


ကျန်းဟွေ့မိန် အလွန်အင်မတန်ပျော်နေပြီး သူမသားက အလုပ်ကောင်းတစ်ခုလုပ်လိုက်တာပဲဟုတွေးမိသည်။  သူ့ခေါင်းထဲကို အုတ်ခဲဖြင့် အပေါက်ဖြစ်အောင် ဖောက်ဖို့ သူမ မစောင့်နိုင်တော့ပေ။


T/N -


1. ပိုက်ဆံဆုံးရှုံးစေမည့် ကုန်ပစ္စည်းဆိုတာက  ရှေးခေတ်က မိန်းကလေးတွေအတွက်သုံးတဲ့ နိမ့်ချပြောဆိုတဲ့စကားပါ။ သမီးဖြစ်သူကို လက်ထပ်ပေးတဲ့အခါမှာ ခန်းဝင်ပစ္စည်းပေးရပြီးတော့ အဲ့ဒီသမီးက ခင်ပွန်းဘက်ကမိသားစုနဲ့သက်ဆိုင်သွားမှာကို ပြောချင်တာပါတဲ့)

Chapter 60


သူမက လှောင်ရယ်လိုက်ကာ

"ဒါပေါ့...ဧည့်သည်တွေအပေါ်ယဥ်ကျေးရမှာပေါ့...ဒါပေမဲ့ ရန်သူတွေကိုတော့ ယဥ်ကျေးနေစရာမလိုဘူး"ဟု ပြောလိုက်လေသည်။


ဟုန်ရှင်းကောက ချက်ချင်း ပြန်ပြောလာ၏။

"ငါတို့က ဆွေမျိုးတွေလေ...ရန်သူတွေမဟုတ်ဘူး...မြန်မြန်လေးဝင်ပြီး တစ်နပ်လောက်အရင် စားပါရစေဦး...ဒီအထိတစ်လမ်းလုံး လမ်းလျှောက်လာခဲ့ရတာ... ငါတို့ဗိုက်တအားဆာနေပြီ..."


"ရှင်းရှင်းက အခု အတော်လေးအလားအလာရှိနေတာ... သူဌေး ဖြစ်နေပြီ...ဦးလေးက မင်းကို လာကြည့်တာပါကွာ...စကားဆက်မပြောခင် အရင်ဝင်ပါရစေဦး...."

ဟုန်ရှင်းကောက ထပ်ခါတလဲလဲ ပြောနေလေသည်။ 


ကျန်းဟွေ့မိန် နောက်ဆုံးတွင် သူတို့ဘာအတွက်ဒီကိုရောက်နေမှန်း နားလည်သွား၏။လက်စသတ်တော့  ဒင်းတို့က *ပိုင်မုန့်တစ်ပိုင်း(1) ရချင်နေကြတာပဲ...


သူတို့က သူတို့ကိုယ်သူတို့ အပြင်လူဟု ယူဆမထားကြပေ။


ကျန်းဟွေ့မိန်က တံခါးရှေ့ကပိတ်ရပ်ကာ သူတို့ဝင်မရအောင် ကာလိုက်လေသည်။


ဟုန်ရှင်းကော ဟုန်လီကိုမျက်စိမှိတ်ပြလိုက်ပြီး

ဟုန်လီက ချက်ချင်းပင် အချိန်မရွေး မူးလဲသွားတော့မည့်အတိုင်း "အာ့...အာ့...အာ့"ဟူ၍ အော်လိုက်၏။ 


ဟုန်လီက ပြောလာခဲ့သည်။

"ဒေါ်လေး... ကျွန်တော်တို့က ဒေါ်လေးကို နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ တောင်လမ်းကနေအကြာကြီး လမ်းလျှောက်လာခဲ့ရတာလေ... ဒါပေမဲ့ ဒေါ်လေးကျွန်တော်တို့ကို အထဲတောင် အဝင်မခံဘူးပေါ့.. .ကောင်းပြီလေ..ဒီနေ့အဝင်မခံလည်းရတယ်...ဒီဒဏ်ရာက နာတယ်... ဒေါ်လေး ကျွန်တော်တို့ကို ဖြေရှင်းချက်တစ်ခုပေးရမယ်...."


"ဟုတ်တယ်...နင်ငါတို့ကို ဖြေရှင်းချက်ပေးရမယ်..."

ဟုန်ရှင်းကောကပါ သံယောင်လိုက်ပြီးပြောလေ၏။


ထိုဟာက သူအခုလေးတင်ကျန်းရှင်းနှင့် ရန်ဖြစ်ပြီး ရလာသည့်ဒဏ်ရာဖြစ်သည်။ 


သူတို့က လူနှစ်ယောက်ဖြစ်၍ ကျန်းရှင်းကိုနိုင်မည်ဟု ထင်မိခဲ့ကြ၏။ 


ကျန်းရှင်းက အတိုက်အခိုက်အရမ်းကျွမ်းမယ်လို့ ဘယ်သူကထင်ပါ့မလဲ...


သားအဖနှစ်ယောက် မနိုင်ရုံသာမက သူ့နဖူးပါ ဒဏ်ရာရလာခဲ့သည်။ ဆုံးရှုံးတာနှင့်မကာမိပေ။


ထိုအကြောင်းတွေးခြင်းက ဟုန်ရှင်းကောကို ပို၍ပင်ဒေါသထွက်လာစေပြီး ကျန်းရှင်းဆီကနေ သူမစိတ်ဆင်းရဲသွားမည့်  အသားအလုပ်ကြီးကြီးတစ်ကိုက် ယူဖို့ စိတ်ထဲမှ ဆုံးဖြတ်လိုက်၏။


ဟုန်ရှင်းကော အိမ်ထဲကိုကြည့်လိုက်သည်။ တံစက်မြိတ်အောက်တွင် ချွိတ်ဆွဲထားသည့် ဝက်ပေါင်ခြောက်တွေကို မြင်လိုက်ရကာ နေရာကိုလည်း အခုတလောမှ ပြင်ဆောက်ထားပုံရပြီး သူမျက်လုံးတွေကို မနာလိုမှုကြောင့် နီရဲသွားစေ၏။ 


ကျန်းရှင်းက အခုအောင်မြင်နေကာ သူဌေးဖြစ်လာပြီးနောက် သူ့ဘဝကပိုကောင်းလာကြောင်း သူကြားနေရတာကြာပြီဖြစ်သည်။ သူမယုံခဲ့ပေ။ တကယ်တမ်းကျတော့  ကျန်းရှင်း၏အကျင့်စရိုက်တွေအကြောင်း သူအကုန်သိလေသည်။


ပထမတုန်းက သူမလာချင်ခဲ့ပေမဲ့ လူတွေအများကြီးက ထိုအကြောင်းပြောနေကြပြီး သူစိတ်ကို မယိုးမယွဖြစ်အောင်လုပ်နေလေ၏။ ထို့ကြောင့် နောက်ဆုံးတွင် သူတစ်ချက်လောက်လာကြည့်ခြင်း ဖြစ်ပြီး ကောလဟာလတွေက မှန်နေမည်ဟုသူမမျှော်လင့်ထားမိခဲ့ပေ။


ဟုန်ရှင်းကော မနာလိုမီးများ တောက်လောင်နေလေသည်။ သူသည် ခြံဝန်းထဲတွင် ရပ်နေသော လှပသည့်ကောင်မလေးတစ်ယောက်ကို မြင်လိုက်ရကာ ချက်ချင်း လက်လှမ်းပြလိုက်၏။


"ရှောင်မန် ...ဟုတ်တယ်မလား...သမီးကအခုတော်တော်ကြီးနေပြီပဲ...လာလာ...ဘိုးဘိုးသမီးကိုကြည့်ပါရစေဦး..."


ကျန်းရှောင်မန် သူ့ကိုမမှတ်မိသဖြင့် သူ့နားကိုတိုးမသွားချေ။ သူမက ခေါင်းခါပြကာ ပြောလိုက်လေသည်။

"သမီး အဘိုးကိုမသိဘူး...အဘိုးက လူဆိုးပဲ..."


သူက လူတွေ ကလေးများကိုအရူးလုပ်နေကျလေသံကို သုံးနေ၏။ သူမ အလှည့်စားခံမှာမဟုတ်ပေ။


ဟုန်ရှင်းကော၏ အမူအရာက ပြောင်းလဲသွားပြီး ဟန်ဆောင်နေခြင်းကို ရပ်လိုက်သည်။ သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"ညည်းဘယ်သူ့ကို လူဆိုးလို့ပြောနေတာလဲ...အရိုင်းအစိုင်းလေး  ...ဘာပြောလိုက်တယ်...ဒီ အမေမရှိတဲ့ကလေး....."


သူပြော၍မပြီးသေးခင်မှာပင် ကျန်းဟွေ့မိန်က သူ့ပါးစပ်ကို သူမဖိနပ်တွေဖြင့် ပိတ်ရိုက်လိုက်လေသည်။ 


ဟုန်ရှင်းကော "အာ့"ခနဲ စူးစူးဝါးဝါးအော်မိသွား၏။ နာလိုက်တာ...


သူ သူမကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။ 

"မိမစစ် ဖမစစ်ကောင်မ... နင်ဘာလုပ်တာလဲ...ငါ့ကိုဘယ်လိုများရိုက်ရဲတာလဲ..."


"ငါနင့်ကိုရိုက်တယ်...အဲ့တော့ဘာဖြစ်လဲ... "

ကျန်းဟွေ့မိန် ဒေါသကြောင့် တစက်စက်တုန်နေပြီး သူ့ကိုထပ်ရိုက်ရန်အတွက် သူမလက်ကိုမြှောက်လိုက်၏။ 


ဟုန်ရှင်းကောသည် အလုပ်မလုပ်ဘဲစားဖို့အတွက်သာသိသည့် လူပျင်းတစ်ယောက်ဖြစ်လေသည်။ သူက ပျင်းလွန်း၍ ပဲငံပြာရည်ပုလင်းဘေးစောင်းနေရင်တောင် အပင်ပန်းခံပြီးပြန်တည့်မှာမဟုတ်ပေ။ ထိုအချိန်တွင် ကျန်းဟွေ့မိန်သည်ကား နေတိုင်းအလုပ်ပင်ပင်ပန်းပန်းလုပ်ရ၏။ သူမခန္ဓာကိုယ်က တောင့်တင်းပြီး ကျန်းမာနေသည်။ အချီအနည်းငယ်ပြီးနောက် ဟုန်ရှင်းကော အဘွားကြီးတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဖြစ်နေ၏။


ကျန်းရှောင်မန်အား ကျန်းယွဲ့ခေါ်လာခဲ့ခြင်းဖြစ်ပြီးကျန်းဟွေ့မိန် သူမလေးကို သူမ၏မြေးအရင်း အဖြစ်မှတ်ယူခဲ့တာ ကြာလှပြီဖြစ်လေသည်။ ဘယ်လိုလုပ် သူမက လူတွေ ကျန်းရှောင်မန်ကို အမေမရှိတဲ့ကလေးလို့ ခေါ်ခွင့်ပေးနိုင်ပါ့မလဲ...သူမ ခေါ်ခွင့်ပေးမှာမဟုတ်ဘူး...အဲ့လိုခေါ်ခွင့်ပေးလားလို့ သူမကိုအရင်လာမေးလေ....


ဟုန်ရှင်းကောနှင့်သူသားသည် အလျင်အမြန်ပင်  သားအမိနှစ်ယောက်ဆီမှ *ဖင်အသုတ်ခံလိုက်ရတော့၏။(2)


"အိုက်ယိုး...ဒီကမ္ဘာပေါ်မှာ တရားမျှတမှုရောရှိသေးရဲ့လား...ကောင်းကင်ဘုံမှာ မျက်လုံးတွေရှိတယ်... နင်တို့ မိုးကြိုးအပစ်ခံရတော့မှာ...."


ကျန်းဟွေ့မိန်က သူအပေါ်ကို တံတွေးနှင့်ထွေးလိုက်ပြီး ကြိမ်းမောင်းလေသည်။

"ကောင်းကင်ဘုံမှာမျက်လုံးတွေရှိရင်... နင်ကသာ ပထဆုံးမိုးကြိုးအပစ်ခံရမဲ့သူပဲ..."

 နှစ်ယောက်သားအပြန်အလှန်ဆူဆဲနေကြ၏။


ဟုန်လီက အများဆုံးထိခိုက်သူဖြစ်လေသည်။

သူသည် ကျန်းရှင်းဆီမှ နှစ်ခါအတီးခံလိုက်ရပြီး သူ့နှလုံးသားထဲတွင် ဆန္ဒမီးများတောက်လောင်နေ၏။ လက်ဗလာနှင့်ပြန်မသွားဖို့ရာ သူသန္နိဌာန်ချလိုက်သည်။


T/N -

1. ဝေစုရချင်နေတာ


2. ပြတ်ပြတ်သားသားအနိုင်ယူခံလိုက်ရခြင်း