Chapter 61
သူကတော့ အဆူအဆဲပြိုင်ပွဲတွင် ဝင်မပြိုင်ခဲ့ချေ။ သူ ဟုန်ရှင်းကောကိုဆွဲကာပြောလိုက်သည်။
"အဖေ...ကျွန်တော်တို့ တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပဲ...ဆေးရုံသွားရင် ယွမ်ထောင်နဲ့ချီပြီး ကုန်မှာမဟုတ်ဘူးလား...."
"အာ...မှန်တယ်...မှန်တယ်... မှန်တယ်"
ဟုန်ရှင်းကောက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ငါနင့်ကို ဂရုမစိုက်ဘူး...အရူးမကြီး...နင်ငါကိုဆေးဖိုးတွေ မပေးဘူးဆိုရင်... ဒီနေ့ မပြီးဘူးမှတ်...."
ကျန်းဟွေ့မိန် သူ့ကို လက်ပိုက်ကာဖြင့် ဖြေလိုက်သည်။
"လာလေ...ဒီအဘွားကြီးကလည်း နင်နဲ့ ဖြေးဖြေးချင်း စာရင်းရှင်းမှာ..."
ဟုန်ရှင်းကောက တခွီခွီရယ်ပြီး ပြောလာ၏။
"ငါ နင့်အပေါ်ရိုင်းပျမှာမဟုတ်ဘူး...နင့်ကိုငါ စကားလုံးတွေနဲ့ အနိုင်မယူနိုင်ဘူး...ဒါပေမဲ့ အဲဒီအရုပ်လေးရှောင်မန်....တခြားလူတွေကတော့ သိလောက်မှာမဟုတ်ပေမဲ့ ငါသိတယ် နင်......"
"နင် ဘာလိုချင်တာလဲ...."
ကျန်းဟွေ့မိန် သူ့ကိုဖြတ်ပြီး ပြောလိုက်၏။
"ယွမ်ငါးထောင်...မဟုတ်ရင် ငါဒီနေ့ထွက်မသွားဘူး..."
ဖူးးး...မရှက်မရှိချက်...
ကျန်းဟွေ့မိန်၏မျက်နှာက ညိုမှိုင်းသွားလေသည်။ သူမ အချိန်ခဏမျှ ပြန်တုန့်ပြန်မလာခဲ့ပဲ ကျန်းရှင်းလည်း အတူတူပင်ဖြစ်၏။
သူတို့က ဆက်ဆံရေးတွေအကုန်လုံး ဖြတ်တောက်ရမှာ မကြောက်သော်လည်း ရှောင်မန်က တအားငယ်သေးသည်ပင်။ ဤနှစ်ယောက်က သူတို့နောက်ကွယ်မှာ ဘယ်လိုကောလဟာလမျိုးတွေဖြန့်မလဲဆိုသည်ကို သူတို့မသိပေ။ထိုဟာက လူတွေကို ဒေါသထွက်လာစေသည်။
ကျန်းရှောင်မန်လေးသည် မနီးမဝေးတွင် ရပ်ကာသူတို့ကို ကြည့်နေပြီး တိတ်တိတ်လေး မျက်ရည်ကျနေလေ၏။ သူမ၏နှလုံးသားလေးက အနည်းငယ်ကြောက်ရွံ့နေပြီး ဘွားဘွားနှင့်ဦးလေးတို့က ယခုတွင် ထူးထူးခြားခြား အောင်ပွဲ တစ်ခုကို မဆွတ်ခူးနိုင်တော့ချေ။
သူမ လူတစ်ချို့ကို အကူအညီတောင်းသင့်သည်ဟု တွေးမိခဲ့သော်လည်း ဘွားဘွားနှင့်ဦးလေးတို့က ရန်ဖြစ်သည့်နေရာမှာ အရမ်းတော်ပြီး တစ်ယောက်မှကို မခေါ်ရသေးခင်တွင် သူတို့၏ပြိုင်ဖက်ကို နိုင်အောင်ချနိုင်ခဲ့ကြသည်။ ထို့ကြောင့် သူမအနေဖြင့် ရွေးချယ်စရာမရှိပဲ ကြည့်ပြီးငိုနေရုံသာရှိလေသည်။ သူမကူညီနိုင်တာ တစ်ခုမှမရှိပေ။
ကျန်းဟွေ့မိန်က ကျန်းရှင်းကို အချက်ပြလိုက်၏။
"နင် ရှောင်မန့်ကို အရင် အိမ်ထဲပြန်ခေါ်သွားလိုက်...ငါဒါကို ဂရုစိုက်လိုက်မယ် ...."
ကျန်းရှင်းက ခေါင်းညိတ်ပြကာ ကျန်းရှောင်မန်ကို ခေါ်ထုတ်သွားလေသည်။
ဟုန်ရှင်းကောနှင့်ဟုန်လီတို့ကို ကြည့်ပြီး ကျန်းဟွေ့မိန် စက်ဆုပ်ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"ငါ နင့်ကို ပိုက်ဆံပေးလို့ရတယ်...ဒါပေမဲ့ ပိုက်ဆံယူပြီးသွားတာနဲ့... နင်နဲ့ငါ တစ်ယောက်နဲ့တစ်ယောက် ဘာမှမဆိုင်တော့ဘူး...နင်အဲဒီမှာ ရှောင်မန်အကြောင်း အတင်းအဖျင်းတွေ ထုတ်ပြောမှန်း ငါတွေ့လို့ကတော့...နင့်ကိုငါ့အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ပစ်မယ်..."
ယွမ်ငါးထောင်က သေးငယ်သည့်ပမာဏမဟုတ်ပေ။ ရှောင်မန်လေးအတွက်သာ မဟုတ်ဘူးဆိုလျှင် သူမတစ်ဆင့်တောင် သူတို့ကိုမပေးချင်ပါလေ။
စိတ်ထိခိုက်သော်လည်း ဒီလူတွေနှင့် ဆက်ဆံရေး ဖြတ်တောက်ဖို့ရာ တန်သည်ဟု ကျန်းဟွေ့မိန် ခံစားရ၏။
ပိုက်ဆံရတော့မည်ဟုဆိုရာတွင် ဟုန်ရှင်းကော အားကြိုးမာန်တက် ခေါင်းညိတ်လိုက်သည်။
ကျန်းဟွေ့မိန်က ဘာတစ်ခွန်းမှထပ်မပြောတော့ပေ။ အိမ်ထဲပြန်ဝင်ပြီး ယွမ်ငါးထောင်ယူကာ အဖေရောသားရောကို တစ်ညတောင်အိပ်မခံဘဲ မောင်းထုတ်လိုက်၏။
သူမ အစတုန်းက ထိုကိစ္စကပြီးသွားပြီဟုထင်မိခဲ့သည်။ သို့ပေမဲ့လည်း သူမလှည့်ပြီး တံစက်မြိတ်အောက်မှာ ချိတ်ထားသောဝက်ပေါင်ခြောက်တွေကို ရေတွက်ကြည့်ရာတွင် အပိုင်းနှစ်ပိုင်းပျောက်နေကြောင်းတွေ့လိုက်ရ၏။
ကျန်းဟွေ့မိန် အတော်လေးဒေါသထွက်သွားပြီး သူတို့အား အော်ဟစ်ကာ ကျိန်ဆဲလိုက်လေသည်။
ဟုန်ရှင်းကောနှင်သူ့သား သူတို့ကို ဝင်မွှေသွားပြီးနောက် ကျန်းမိသားစုတွင် နောက်ဆုံး၌ပြန်လည် ငြိမ်းချမ်းသွား၏။
ရှောင်မန်လေးက ကြောက်လန့်နေသဖြင့် သူတို့သူမကို ချော့သိပ်လိုက်ရသည်။ ကျန်းရှင်း ခဏလောက်တုံ့ဆိုင်းနေပြီးနောက် မတ်တပ်ထရပ်ကာ ခြံဝန်းထဲက ဝါးလုံးကို ဆွဲယူပြီး အပြင်မထွက်ခင် သူလက်ထဲမှာ ချိန်ဆကြည့်နေ၏။
သူတံခါးကိုထိလိုက်ပြီး မကြာမီပင် ဖွင့်ဖို့တွန်းတောင်မတွန်းရသေးခင်တွင် ကျန်းဟွေ့မိန်၏အသံက သူ့နောက်မှထွက်လာခဲ့လေသည်။
"ဒီလောက် နောက်ကျနေပြီကို ဘယ်သွားမလို့လဲ...."
"ကျွန်တော်...ကျွန်တော်...ကျွန်တော်....."
ကျန်းရှင်းက ထစ်တီးထစ်ငေါ့ဖြင့် ပြောလိုက်၏။
"ကျွန်တော် လမ်းလျှောက်ထွက်မလို့...လေကောင်းလေသန့်ရှူရုံပါ...မကြာခင်ပြန်လာခဲ့မယ်...."
"လေကောင်းလေသန့် သွားရှူတဲ့အချိန်မှာ ဘာလို့ဝါးလုံးက လိုရတာလဲ...."
ကျန်းရှင်း ခဏလောက် ငြိမ်သွားပြီးနောက် ဝါးလုံးကိုဘေးပစ်ချကာ အံကြိတ်လိုက်သည်။
"ထားလိုက်ပါတော့... သူတို့ကံကောင်းတယ်မှတ်....
သူက စာရင်းသွားရှင်းချင်ရုံသာဖြစ်၏။
သူသည် လိမ္မာသည့်ကလေးတစ်ယောက်အနေဖြင့် နေခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ကာ သူက အမြဲတမ်း မလိမ္မာသည့် လူဆိုးလူညစ်တစ်ယောက်ဖြစ်နေကျဖြစ်ပြီး လူကောင်းတစ်ယောက်မဟုတ်ကြောင်း မေ့လုနီးပါးဖြစ်သွားသည်။
ကျန်းရှင်းက ထိုနေရာတွင် ခေါင်းငိုက်စိုက်ကျလျက် ရပ်နေ၏။ ဒီနေ့ညသွားဖို့ကား ဖြစ်နိုင်မှာမဟုတ်ကြောင်း သူသိပါ၏။ မကြာမီ သူ သူတို့ကို မှီမှာမဟုတ်တော့ပေ။
ဒါပေမဲ့ ရုတ်တရက်ကြီး သူ့လက်က တစ်စုံတစ်ခုထဲကို ထိုးထည့်ခံလိုက်ရမယ်လို့ ဘယ်သူထင်ပါ့မလဲ...
ကျန်းရှင်း လန့်ဖြန့်သွားပြီး ကျန်းဟွေ့မိန်ကို မော့ကြည့်လိုက်လေသည်။
ကျန်းဟွေ့မိန်ကလည်း အေးစက်စက်မျက်နှာနှင့်ပင်ရှိနေပြီး သူ့လက်အား အဝတ်အိတ်တစ်ခုဝတ်ပေးနေ၏။
"မင်းကိုမင်းကြည့်စမ်း....z
ကျန်းဟွေ့မိန်က ပြောလိုက်လေသည်။
"တစ်ယောက်ယောက်ကို သွားမရိုက်ခင်မှာ နင်ဒီအိတ်ဝတ်ထားဖို့လိုတယ်...ဒီအတိုင်းဆို ဘယ်သူမှနင်မှန်းသိမှာမဟုတ်ဘူး...z
".....အို...အိုး"
သူမက သူ့အမေဖြစ်၏။ *ချင်း(ဂျင်း)ဟောင်းက ပိုစပ်လေသည်။
(T/N-အသက်ကြီးတဲ့လူက ဉာဏ်ပိုများ)
ကျန်းရှင်း ပျော်ပျော်ကြီး ထွက်သွားပြီး ပျော်ပျော်ကြီး ပြန်လာခဲ့၏။
Chapter 62
နောက်တစ်နေ့ ကျန်းဟွေ့မိန် အိမ်သန့်ရှင်းရေးလုပ်သောအခါတွင် မနေ့က ကျန်းရှင်းဝတ်ခဲ့သည့် အဝတ်အစားများ၌ သွေးများစွန်းပေနေသည်ကိုတွေ့လိုက်ရသည်။
ကျန်းဟွေ့မိန်က အံ့အားသင့်သွားပြီး ချက်ချင်း သူ့အခန်းထဲသို့ အမြန်ပြေးဝင်ပြီး သူ့ကိုနှိုးကာမေးလိုက်၏။
"ရှင်းရှင်း...မနေ့ညက မင်းဘယ်အတိုင်းအတာထိသွားခဲ့တာလဲ...နင် လူတော့မသတ်ခဲ့ပါဘူးနော် .. သေအောင်ထိ ရိုက်ပစ်လိုက်တာလား...ကျိုးပဲ့သွားအောင် ရိုက်ခဲ့တာလား...ဟမ်....."
ဒီလိုလူတွေ အတွက်နဲ့တော့ နင့်လက်တွေသွေးစွန်းရတာမတန်ပါဘူးငါ့သားရယ်...
ကျန်းဟွေ့မိန် စိတ်မကောင်းဖြစ်နေလေသည်။
ကျန်းရှင်းက အိပ်ချင်မူးတူးပဲရှိနေသေးပြီး မျက်လုံးဖွင့်ကာ ဗလုံးဗထွေးပြောလာ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီလိုပျော်စရာနေ့လေးမှာ.... နှစ်သစ်ကူးကို ထောင်ထဲမှာတော့ မကုန်ဆုံးချင်ပါဘူး...."
"ဒါဆို ဘာဖြစ်ခဲ့တာလဲ....."
ကျန်းဟွေ့မိန်က သွေးကွက်တွေကို လက်ညိုးထိုးပြရင်း မေးလိုက်သည်။
"အဲ့ဒါ ဟုန်လီ့သွေးတေတွေ...ကျွန်တော့်ဟာမဟုတ်ဘူး...ရန်ပွဲထဲမှာ သူက ကျွန်တော့်ကို သူ့ခေါင်းနဲ့လာတိုက်တာ...သွေးတွေက အဲ့ပေါ်မှာပေကုန်ရော...အဆင်ပြေပါတယ်... ကျွန်တော် သူတို့ကို သင်ခန်းစာပဲပေးလိုက်တာ...သူတို့ အဆင်ပြေမှာပါ...စိတ်မပူနဲ့ အမေ...."
ထိုမှသာ ကျန်းဟွေ့မိန် စိတ်အေးသွားတော့၏။
ကျန်းရှင်းက ပြုံးလိုက်ကာ ယွမ်ရာတန်တစ်အုပ်ကို ခေါင်းအုံးအောက်မှ ဆွဲယူပြီး ဂုဏ်ယူစွာဖြင့်ပြောလာလေသည်။
"ကျွန်တော် ဒါတွေရော ပြန်ယူလာခဲ့တယ်...."
ဟုန်ရှင်းကောက ငွေသားယွမ်ငါးထောင်ကို သူ့အသက်လိုမျိုးစောင့်ရှောက်ထားခဲ့၏။ ထိုဟာများကို အဝတ်စနှင့်ပတ်ပြီးတောင် ရင်ဘက်ပေါ်မှာ ထုတ်သိမ်းထားလေသည်။
အမှောင်ထဲကနေ ကျန်းရှင်း သူတို့နောက်ကိုလိုက်လာသောအခါ ဟုန်ရှင်းကော သူဓားပြနှင့်တွေ့နေ ရသည်ဟု ထင်သွား၏။ တစ်ယောက်ယောက်က သူတို့ပိုက်ဆံကို လာလုတယ်ဟုထင်ပြီး ငွေသားယွမ်ငါးထောင်ကို အသည်းအသန်ကာကွယ်လေသည်။
ကျန်းရှင်းက သူ့ယူဆချက်တွေအတိုင်း ရိုးရိုးရှင်းရှင်းပင် သူ့ပိုက်ဆံများကို လာလုလေ၏။
သို့ပေမဲ့ ဟုန်ရှင်းကောနှင့် သူ့သားဟုန်လီတို့သည် ပိုက်ဆံကို သူတို့အသက်တွေထက် ပိုချစ်သူများဖြစ်ကြသည်။ သူ့အနေဖြင့် အကုန်လုံးကို ပြန်ရအောင်မယူနိုင်ခဲ့ပဲ ယွမ်တစ်ထောင်ဝန်းကျင်သာ ယူနိုင်ခဲ့၏။
ဒီရလဒ်နှင့်ပင် ကျန်းရှင်းကဝမ်းသာနေပြီ ဖြစ်လေသည်။
ကျန်းဟွေ့မိန်လည်း ဝမ်းသာနေပြီး ပျော်ပျော်ရွှင်ရွှင် သွား၍ချက်ပြုတ်နေ၏။
ကျန်းရှောင်မန်လေးက နောက်ဆုံးမှနိုးလာခဲ့သည်။ သူမ၏ဇီဝနာရီကလည်း အမြဲလိုလို ကျန်းဟွေ့မိန်နှင့်အတူတူဖြစ်သည်ပင်။ ဘွားဘွား နိုးလာသည့်နှင့် သူမလည်းနိုးလာမည်ဖြစ်၏။ သို့သော် မနေ့က သူမထိတ်လန့်သွားခဲ့ပြီး အိပ်မက်ဆိုးမက်ခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။
သူမ စိတ်အခြေအနေမကောင်းသဖြင့် မနက်ခင်းမှာ အိပ်ရာထဲတွင် အချိန်နည်းနည်းလောက်နေနေခြင်းဖြစ်၏။
"ဒါ သောက်လိုက်...."
ကျန်းဟွေ့မိန်က သူမအခန်းထဲမှ ယိုင်တိုင်တိုင်ဖြင့် အပြင်ထွက်လာသည်ကို မြင်ပြီး အလန့်သက်သာစေရန် သူမအား သကြားညိုရောထားသည့် ကြက်ဥတစ်ပန်းကန်လှမ်းပေးလိုက်လေသည်။
ကျန်းရှောင်မန်က ဘာမှပြန်မပြောဘဲ အကုန်လုံးကို တကျိုက်တည်းမော့သောက်လိုက်၏။ ကျန်းဟွေ့မိန် သူမ၏ဖြူရော်ပြီးနူးညံ့သည့် နှုတ်ခမ်းလေးများပေါ်တွင် ပေကျန်နေသောဟာတချို့ သုတ်ပေးလိုက်သည်။
"ဘွားဘွား...."
ကျန်းရှောင်မန် နောက်ဆုံးတွင် အနည်းငယ်ပိုအားပြည့် လာပြီး မသိနိုးနားဖြင့် မေးလိုက်၏။
"အရိုင်းအစိုင်းလေး ဆိုတာဘာလဲဟင်...."
"အာ...အဲ့ဒါက....."
ကျန်းဟွေ့မိန်၏အပြုံးက တင်းမာလာပြီး
စိတ်ထဲတွင် ထိုသားအဖနှစ်ယောက်အား အကြိမ်ပေါင်းနှင့် ထောင်ချီ၍ ကျိန်ဆဲလိုက်သည်။
ကျန်းရှောင်မန်လေးက ကလေးသာရှိသေးသော်လည်း သူမ၏စိတ်က အလွန်နူးညံ့ပြီး စာနာတတ်၏။ တဟွားနှင့်ရှောင်ဟွားတို့အတွက်နှင့်တင်ကို သူမလေးက နေ့တစ်ဝက်လောက်ငိုနိုင်လေသည်။ ထုံးစံအတိုင်း ကျန်းဟွေ့မိန် သူမကို ထိုသို့သော စကားတွေ ပြောမှာမဟုတ်ချေ။
ကျန်းဟွေ့မိန် အကြပ်ရိုက်နေပုံပေါ်ပြီး သူမအား ဘယ်လိုစကားလုံးတွေသုံးပြီး မရေမရာပြန်ဖြေရမလဲဆိုတာနှင့်ပတ်သတ်ပြီး တုံ့ဆိုင်းနေခဲ့သည်။ သို့ပေမဲ့ သူမမသိသည်ကား ကျန်းရှောင်မန်က သူမ၏ခန်းမှန်းချက်ကို အတည်ပြုပေးနေသည့် သူမ၏အမှုအရာကို မြင်နေရသည်ကိုပင်။
တစ်...နှစ်...သုံး...
သူမ၏ပါးစပ်က မဲ့လာပြီး ခဏလေးအတွင်းမှာပင် သူမ၏ ရွှေပဲတောင့်(1) တွေက ကျဆင်းလာတော့သည်။
"ဝူး...ဝူး...ဝူး...သမီးသိပါတယ်...ဘွားဘွားက သမီးကိုမလိုချင်တော့ဘူး...ဘွားဘွားက သမီးကို တောင်တွေပေါ်ကို မျောက်ရိုင်းဖြစ်အောင် မောင်းထုတ်ချင်နေတာ...ဝူး...ဝူး...သမီးက ဘယ်သူမှမလိုချင်တဲ့ ကလေးပဲ...."
ကျန်းရှောင်မန်က ဝမ်းနည်းတကြီးငိုကြွေးနေလေ၏။
သူမလေးသည် ငိုရင်းဖြင့် အိမ်ထဲပြန်ဝင်ပြီး အထုတ်အပိုးပြင်ချင်နေသည်။ ဝမ်းနည်းလွန်း၍ သူမအိမ်ကနေထွက်ပြေးဖို့ စဥ်းစားမိသွားခြင်းပင်။
ကျန်းဟွေ့မိန် အချိန်တစ်ခုလောက် ကြောင်အနေခဲ့ပြီးမှ သူမလေးကို ကိုင်ပြီး မေးလိုက်သည်။
"ဘွားဘွားက သမီးကို မလိုချင်တော့ဘူးလို့ ဘယ်သူကပြောလဲ... ဘွားဘွားက သမီးကိုအချစ်ဆုံးလေ...."
ကျန်းရှောင်မန်က နှုတ်ခမ်းလေးမဲ့ပြီးမေးလာ၏။
"သမီးညက အိပ်မက်မက်တယ်... သမီးက အရမ်းရိုင်းစိုင်းပြီး နာခံမှုမရှိလို့ တောင်ပေါ်က မျောက်ရိုင်းတစ်ကောင် ဖြစ်သွားစေချင်တယ်လို့ ဘွားဘွားကပြောတယ်... မျောက်ရိုင်းတွေက အရိုင်းအစိုင်းလေးတွေပဲတဲ့..ဘွားဘွားက သမီးကို မလိုချင်တော့ဘူး ...."
ကျန်းရှောင်မန် မနေ့ညက အချိန်အတော်ကြာအောင် စဥ်းစားခဲ့သော်လည်း အဖြေရှာမရသောကြောင့် အိပ်ပျော်သွားချိန်တွင် အိပ်မက်ဆိုးမက်ခဲ့ခြင်းဖြစ်၏။ ထိုဟာက အိပ်မက်ထဲမှာ ဘွားဘွားပြောခဲ့သည့်ဟာပင်။
"..."
ဘာကြီးလဲတော်...
T/N -
1. မျက်ရည်များ
Chapter 63
ကျန်းဟွေ့မိန်၏မျက်နှာ မည်းမှောင်သွားပြီး သူမရှောင်မန့်နှာခေါင်းလေးကို ညစ်ကာ ပြောလိုက်၏။
"ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ...ဘာလို့ဘွားဘွားက သမီးကို မလိုချင်ရမှာလဲ...မျောက်ရိုင်းတွေက မျောက်ရိုင်းတွေလေ...ဘွားဘွားတို့ရှောင်မန်က ဘယ်လိုလုပ်မျောက်ရိုင်းဖြစ်နိုင်မှာလဲ..."
"အဲ့ဒါဆို... အရိုင်းအစိုင်းလေးဆိုတာကဘာလဲ...."
ကျန်းရှောင်မန်က သူမအဝတ်အစားတွေကို ဆွဲပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။
"အရိုင်းအစိုင်းလေးဆိုတာ...အဲ့ဒါက....."
ကျန်းဟွေ့မိန် သက်ပြင်းချလိုက်ကာ
"သမီးမှန်တယ်...အရိုင်းအစိုင်းလေးဆိုတာက မျောက်ရိုင်းတစ်ကောင်ပဲ...မျောက်ဘုရင်ရဲ့ ပုံပြင်ကို ကြားဖူးတယ်မလား...မျောက်ကလေးလေးတွေ...မျောက်မြေးလေးတွေက အကုန်လုံး အရမ်း အဖိုးတန်ကြတာ..သူတို့အကုန်လုံးက ရှောင်မန်လေးလိုပဲ ချစ်စရာကောင်းကြတယ်...."
မျောက်ဘုရင်ရဲ့ပုံပြင်ကို ကျန်းရှောင်မန် ကြားဖူးသည်ပင်။
သူမတို့အိမ်ရှိ တီဗွိဟောင်းလေးတွင် အများဆုံးပြသည်မှာ မဟာပညာရှိစွန်း၏ဇာတ်လမ်းများဖြစ်၏။
အဖြူရောင်နဂါးမြင်း၊ ပါကျဲ၊ဝူကျင်း၊ဆရာတော်ထန်စန်းနှင့် သူမအကြိုက်ဆုံး မျောက်ဘုရင်။ ထိုသည်ကား သူမအနှစ်သက်ဆုံးကာတွန်းဖြစ်ပြီး မျောက်ဘုရင်က သူမ၏ဟီးရိုး(သူရဲကောင်း)ဖြစ်လေသည်။
ကျန်းဟွေ့မိန်က ထိုသို့ပြောလိုက်ချိန်တွင် ချက်ချင်းပင် သူမ ကသိကအောက်မခံစားရတော့ပေ။
မျောက်ရိုင်းဘုရင်က အလွန် ခန့်ညားထည်ဝါလှ၏။ ပန်းသစ်သီးတောင်နှင့် ရေလွှာတံခါးဂူလည်း ရှိသည်။ တစ်နေ့ကျရင် မျောက်ဘုရင်က သူမနှင့်လာကစားလောက်၏။
သူမက ငိုရှိုက်ကာဖြင့်
"မျောက်ဘုရင်ကရော သမီးကို ကာကွယ်ပေးမှာလား..."ဟု မေးလိုက်သည်။
"ဒါပေါ့...ဘယ်သူက ရှောင်မန်လေးကို မချစ်ဘဲနေမှာလဲ..."
ကျန်းရှောင်မန် ပျော်သွားပြီး ထရယ်လိုက်လေ၏။
သူမသာ ၎င်းကို စောစောသိခဲ့ပါက ပန်းသစ်သီးတောင်ကို အိပ်မက် မက်လောက်မှာဖြစ်သည်။ သို့သော် သူမကို အရိုင်းအစိုင်းလေးတစ်ယောက်ဖြစ်လာအောင် တောင်ပေါ်သို့မောင်းထုတ်ခံရသည်ဟုသာ မက်ခဲ့လေ၏။
ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်သလဲလို့...
မျောက်ဘုရင်ကိုတောင်မမြင်လိုက်ရဘဲ လန့်နိုးလာတယ်....
သူမ ခေါင်းကိုပွတ်ကာ အငိုရပ်လိုက်ပြီးနောက် ဆက်မေးလိုက်၏။
"အဲ့ဒါဆို သမီးက ကျောက်တုံးထဲကနေ ခုန်ထွက်လာတာလားဟင်..."
"..."
ကျန်းဟွေ့မိန်က အသီးအရွက်ခြင်းထဲမှ အာလူးသီးတစ်လုံးယူကာ အခွံနွှာရင်း ပြန်ဖြေ လိုက်လေသည်။
"မဟုတ်ဘူး... သမီးကို မြေကြီထဲက တူးထုတ်ထားတာ...."
ကျန်းရှောင်မန် ခဏမျှ အံဩကြောင်အသွားပြီး ရေရွတ်လိုက်၏။
"မြေကြီးထဲက တူးထုတ်ထားတာ..."
သူမက အာလူးလိုမျိုးမီးခိုးရောင်ဖြစ်နေခဲ့တာလား...တစ်ကိုယ်လုံးမှာ ရွှံတွေနဲ့လား...
ဒါပေမဲ့ တခြားကလေးတွေက အကုန်လုံး ဖြူဖွေး နူးညံ့ပြီး မွှေးကြိုင်နေကြတာလေ...
သူမကဘာလို့ ကွဲပြားနေ ရတာလဲ...
ကျန်းရှောင်မန် ထပ်ပြီးငိုချင်လာသည်။
သူမက မျောက်ရိုင်းတစ်ကောင်ဖြစ်နေသည်ကို လုံးလုံးလျားလျား လက်ခံဖို့ ဆန္ဒရှိသော်လည်း တစ်ကိုယ်လုံး ရွှံ့တွေတော့ အလူးမခံနိုင်ပေ။ သူမသည် အသန့်အရှင်းအလွန်ကြိုက်သူ ဖြစ်ပြီး သူမလက်တွေကို တစ်နေ့မှာ အကြိမ်ရေဘယ်လောက်များ ဆေးသည်ကို ဘယ်သူမှသိမည်မဟုတ်ပေ။
"သမီး မယုံဘူး... "
ကျန်းရှောင်မန် ခြေဆောင့်လိုက်ပြီး ကျန်းရှင်းကို ပြေးမေးလေ၏။
"ဦးလေး...သမီးဘယ်ကလာတာလဲ...."
ကျန်းရှင်းက ထပ်ပြီး အိပ်ပျော်ခါနီးဖြစ်၍ ပေါ့ပေါ့တန်တန် ပြန်ဖြေလိုက်သည်။
"အမှိုက်ပုံးထဲက ကောက်လာတာပေါ့...."
"..."
ကျန်းရှောင်မန်လေး နောက်ဆုံးတွင် မငိုဘဲမနေနိုင်တော့ပေ။
အမှိုက်ပုံးထဲက အကောက်ခံရတာနှင့်ယှဥ်ပါက သူမ မြေကြီးထဲကနေသာ အတူးခံရချင်ပါ၏။
ကျန်းရှောင်မန် ကျန်းဟွေ့မိန်ဆီသို့ ပြန်သွားလေသည်။
"ဘွားဘွား...သမီးက မြေကြီးထဲက တူးထုတ်ထားတာဆိုရင်...သမီးကိုတူးတုန်းက ခြေဖဝါးမှာ အမြစ်တွေပါလားဟင်...."
ကျန်းရှောင်မန် တအားလေးလေးနက်နက် မှတ်ယူမှာမှန်း သိခဲ့ပါလျှင် သူမထိုသို့ပြောခဲ့မှာမဟုတ်ပေ။
ကျန်းဟွေ့မိန် ခေါင်းကိုက်လာသလို ခံစားရပြီး
ခဏမျှအေးခဲသွားကာ ဘယ်လိုဇာတ်လမ်းဆင်ရမှန်း မသိတော့သဖြင့် ဝေ့တိဝေ့ဝါးသာပြန်ဖြေလိုက်၏။
"ဘွားဘွားက အသက်ကြီးနေပြီ...မမှတ်မိတော့ဘူး ..."
အဖြေပြန်မရသဖြင့် ကျန်းရှောင်မန်လည်း ပါးစပ်ပိတ်ပြီး ထိုအကြောင်းကို သူမဘာသာသူမစဥ်းစားနေရလေသည်။
သူမ ဘယ်ကလာတာလဲ...
"အကိုကြီး စနစ်...အကိုကြီးစနစ်ရော သိလားဟင်...."
ကျန်းရှောင်မန်က စနစ်ကိုမေးလိုက်၏။
စနစ်အနေဖြင့် သေချင်ယောင်ဆောင်နေချင်သော်လည်း ထိုသို့သော ရိုးရှင်းသည့်မေးခွန်းတစ်ခုကို မဖြေနိုင်ပါက နေရာတိုင်းရှိစနစ်များအတွက် အလွန် အရှက်ရစရာဖြစ်မှာ ဖြစ်လေသည်။
ဒါပေမဲ့ သူဘယ်လိုပြောရပါ့မလဲ...
"ပိုင်ရှင်... မင်းသိလား...ဘာလို့ဟွားဟွားက ပန်းကြီးနဲ့ပန်းလေးကို မွေးပေးခဲ့လဲဆိုတာကို..."
ကျန်းရှောင်မန် သူမခေါင်းကို ကုတ်ကာ ခဏလောက်စဥ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
"ဘာလို့လဲဆိုတော့... သမီးက အသားစားချင်လို့လေ..."
"..."
စနစ်က လေးလေးနက်နက်ဖြင့်"ပိုင်ရှင်... မင်းဘွားဘွားပြောတာက မှန်တယ်..."ဟုသာ ပြောလိုက်လေတော့သည်။
ကျန်းရှောင်မန် မျက်လုံးပြူးလိုက်ရင်း
"သမီးကို မြေကြီးထဲကတူးထုတ်ခဲ့တာလား...."
"သေချာသလောက်ပဲ..."
ကောင်းပြီ...သူမက ကျောက်တုံးထဲကနေ ခုန်ထွက်မလာခဲ့နိုင်ဘူးပေါ့...
စနစ်ရထားသည့် ဇာတ်ညွှန်းက အသေးစိတ်တွေထိမပါချေ။
ကျန်းယွဲ့က သူမကို မြေကြီးထဲက တူးထုတ်ခဲ့တာပဲဖြစ်လောက်မလား...ဒါမှမဟုတ် အမှိုက်ပုံးထဲက ကောက်လာတာလည်းဖြစ်နိုင်တာပဲ ...ဘယ်သူသိပါ့မလဲ...
အတိုချုပ်ပြောရပါလျှင် ဤကိစ္စသည် ကျန်းရှောင်မန်အား အချိန်အတော်ကြာအောင် အလွန်အင်မတန် ဝမ်းနည်းနေစေခဲ့လေသည်။
Chapter 64
ရုတ်တရက် သူမကိုယ်သူမ တခြားကလေးတွေနှင့် ကွဲပြားနေသည့် လူထူးလူဆန်းတစ်ယောက်ဟု ခံစားလာရ၏။
အတည်ပြုချက်ရယူရန် ယွီချင်းရှီဆီသို့ ဖုန်းဆက်ပြီး မေးမြန်းဖို့ ကျန်းရှောင်မန် ဆုံးဖြတ်လိုက်သည်။
"ဟဲလို...ငါ့သူငယ်ချင်းလေး ယွီချင်းရှီ.."
သူမအနေဖြင့် တစ်စုံတစ်ယောက်ဆီမှ ပထမဆုံးအကြိမ် အကူအညီလာတောင်းခြင်းဖြစ်တာကြောင့် သူမ၏လေသံမှာ ချီတုံချတုံဖြစ်နေ၏။
"နင့်ကို မေးစရာရှိတယ်..."
ယွီချင်းရှီကတော့ စကားပြောစရာမလိုမချင်းမပြောသော ပျင်းစရာကောင်းသည့် ဘူးခါးသီးတစ်လုံးဖြစ်သူ ယွီချင်းရှီပင်ဖြစ်နေဆဲဖြစ်သဖြင့် ဖုန်းကို လက်ထဲတွင် ကိုင်ရုံသာကိုင်ထားပြီး စကားလည်းမပြောသလို ဖုန်းလည်းမချပေ။
ကျန်းရှောင်မန်က သူမဘာသာဆက်ပြောလေသည်။
"နင် ဘယ်ကလာတာလဲ ..."
"ဘာရယ်..."
ယွီချင်ရှစ် နားမလည်ပေ။
သူကား ထပ်ပြီး စကားပြောအောင် ဖိအားပေးခံရပြန်၏။
ကျန်းရှောင်မန်က သူရှင်းရှင်းလင်းလင်းမကြားလိုက်ဘူးထင်ပြီး ထပ်ပြောလိုက်သည်။
"နင် ဘယ်ကလာတာလဲ ..."
"ငါ...ငါ....."
ယွီချင်ရှစ် ထိတ်လန့်အံ့ဩသွားပြီး သူမေးခွန်းကိုတောင် နားမလည်ကြောင်းတွေ့လိုက်ရ၏။
"ငါလည်းမသိဘူး..."
ခဏလောက် စဥ်းစားပြီးနောက် သူက ရိုးရိုးသားသားပင် ပြောလိုက်သည်။
"ငါ အရင်ကဒီမေးခွန်းကို တစ်ခါမှ မမေးဖူးဘူး...နောက်မှ ငါသိလာတဲ့အခါကျ မင်းကိုပြောပြမယ်...."
"အဲ့လိုလား..."
သူလည်း မသိဘူးပဲ...
ကျန်းရှောင်မန်က ဖုန်းကိုကိုင်ထားရင်း ပဟေဠိဆန်ဆန်ပြောလိုက်၏။
"နင်ဘယ်ကလာတာမှန်း ငါသိတယ်...."
"ဘယ်ကလာတာလဲ ..."
"နင်က အမှိုက်ပုံးထဲက ကောက်ထားတာလေ...နင်တို့မြိုမှာ အမှိုက်ပုံးတွေအများကြီးရှိတော့ ကလေးတွေလည်း အများကြီးရှိတာပေါ့...."
"..."
ယွီချင်းရှီ စိတ်ဆိုးလွန်း၍ ဖုန်းချလိုက်လေသည်။
သူ အချိန်တစ်ခုလောက် ကျန်းရှောင်မန်နှင့် ထပ်ပြီးစကားမပြောဖို့ ဆုံးဖြတ်လိုက်၏။ အဲ့ကောင်မလေးခေါင်းက တစ်ခုခုဖြစ်နေပြီ...
သို့ပေမဲ့ ယွီချင်းရှီလည်း လက်မခံနိုင်သေးချေ။
သူ သူ့အဖေကို မေးဖို့ဆုံးဖြတ်လိုက်လေသည်။
"အဖေ...သားက ဘယ်ကလာတာလဲ..."
မနက်စာစားနေသည့် ယွီဝမ်ချန်ခမျာ ချောင်းတဟွတ်ဟွတ်ဖြစ်သွား၏။
နောက်ဆုံးတော့ သူ့သားလေး ပုံမှန်ပြန်ဖြစ်သွားပြီလား...သူက ဒီလိုမေးခွန်းတွေတောင် မေးတတ်နေပြီ...အခုထိ သူက တခြားကလေးတွေလိုမျိုးပါပဲလား...
ယွီဝမ်ချန် သူ၏စိတ်လှုပ်ရှားမှုကို ချုပ်တည်းပြီး တတ်နိုင်သလောက် တည်တည်တံ့တံ့ လေးလေးနက်နက်ဖြင့်ပြောလိုက်သည်။
"သား ကြီးရင်သိလာလိမ့်မယ်...."
"..."
ယွီချင်းရှီလှည့်ကာထွက်သွားလေ၏။
သူသားလေးက နောက်ဆုံးတွင် ပထမဆုံးအကြိမ် သူနှင့် ဆက်ဆံဖို့ရာ အစပျိုးလာခဲ့ပြီ။ ယွီဝမ်ချန်း အချိန်အကြာကြီး ကြိုးစားပမ်းစား စဥ်းစားနေ ခဲ့သည်။ ထိုညတွင် သူ ယွီချင်းရှစီအး *နွီဝါး (1)လူသားတို့ကို ဖန်ဆင်းသည့်ပုံပြင်ကို ပြောပြလိုက်သည်။
ယွီချင်ရှစ် ထိုအကြောင်းကို နားထောင်ပြီးနောက် ကျန်းရှောင်မန်အား ကြွားရန် အပြေးသွားပြီး ချက်ချင်းဖုန်းခေါ်လေ၏။
"အခု ငါဘယ်ကလာမှန်း ငါသိသွားပြီ...."
"အယ်...တကယ်လား...နင်က အရမ်းတော်တာပဲ..."
ကျန်းရှောင်မန် သူ့အား မျက်လုံးတောက်တောက်လေးများဖြင့် မေးလိုက်သည်။
"အဲ့ဒါဆို နင်ဘယ်ကလာတာလဲ..."
"နွီဝါးက ငါ့ကိုမြေကြီးကနေ ပုံသွင်းခဲ့တာနေမှာ...နွီဝါး လူသားမျိုးနွယ်ကိုဖန်ဆင်းတဲ့ပုံပြင်ကို မင်းမကြားဖူးဘူးလား..."
ယွီချင်ရှစ်က သူမကိုနှိမ်လိုက်ကာ သူ့အဖေသူ့ကိုပြောခဲ့သည့် ပုံပြင်အား ပြောပြလိုက်လေ၏။
ကျန်းရှောင်မန် အချိန်အကြာကြီး ငြိမ်ကျသွားသည်။
ယွီချင်ရှစ် သူမယုံသွားသည်ဟု ထင်ပြီး ဖုန်းချလိုက်တော့မည့်ဆဲဆဲတွင် ကျန်းရှောင်မန်က ထပြောလာ၏။
"လက်စသတ်တော့ ဒီလိုကိုး..."
သူမ နောက်ဆုံးတွင် နားလည်သွားသည်။
"ငါက နင့်ထက် ဉာဏ်နည်းနည်းပိုကောင်းတာက မဆန်းတော့ဘူး... ဘာလို့လဲဆိုတော့ ငါက မြေကြီးထဲက တူးထုတ်ခံထားရလို့လေ...."
"..."
ဘာတွေလား...
ယွီချင်းရှီ စိတ်တိုလွန်း၍ ဖုန်းချသွားပြန်၏။
သူ ကျန်းရှောင်မန်ကို ဘယ်တော့မှ ထပ်ပြီး စကားမပြောတော့ဟု ဆုံးဖြတ်လိုက်သည်။
ကျန်းရှောင်မန်က ဤဗားရှင်းကို လက်ခံသွားကာ သူမက မြေကြီးထဲက တူးထုတ်ခံထားရပြီး နတ်ဘုရားတွေ၏ ကိုယ်တိုင်ကိုယ်ကျ ထုဆစ်ထားခြင်းခံရသည်ဟု ခံစားနေရလေသည်။
သူမက ပျော်နေပေမဲ့ စနစ်လေးကတော့ မှန်တယ်ဟု မခံစားရပေ။
ပိုင်ရှင်က နည်းနည်းလေးတုံးသော်ငြား ထိုဟာက သူ့ပြဿနာမဟုတ်ပါလေ။ ဒါပေမဲ့ သူကား စနစ်တစ်ခုဖြစ်ပြီး သူ့တွင်အခြေအမြစ်ကျသည့် သိပ္ပံအမြင်ရှိ၏။
စနစ်က သူမကို သတိပေးလိုက်သည်။
"ပိုင်ရှင်ရေ...နွီဝါးလူသားတွေကိုဖန်ဆင်းတဲ့ပုံပြင်က အစစ်အမှန် မဟုတ်ဘူး...တစ်ဆင့်စကားတစ်ဆင့်နားကနေ ဆင်းသက်လာတဲ့ဒဏ္ဍာရီတွေ သက်သက်ပါ...သူတို့က ကျားမေမေကြီး ပုံပြင်လိုမျိုးပဲ အမှန်တွေမဟုတ်ကြဘူး...."
"ကျားမေမေကြီး ပုံမြင်က အတုအယောင်ပဲ...ဒါပေမဲ့ နွီဝါး လူသားမျိုးနွယ်ကို ဖန်ဆင်းတာက အစစ်ဖြစ်လောက်တယ်...."
ကျန်းရှောင်မန်က ပြောလာခဲ့၏။
"ဘာလို့လဲ ..."
"နွီဝါးသာ လူသားတွေကို အရင် မဖန်ဆင်းခဲ့ဘူးဆိုရင် ကျားမေမေကြီး ပုံပြင်ကိုဖန်တီးခဲ့တဲ့သူတွေက ဘယ်ကရောက်လာမှာလဲ..."
"..."
ပိုင်ရှင်ရေ... မင်းက အရမ်းပြိုင်ဘက်ကင်းပြီး ထက်မြက်တာပဲ...
ဘာလို့ ဒီမေးခွန်းမျိုးက ကြက်ဥလား၊ကြက်မလားဆိုတာနဲ့ (2) အတွေးအခေါ်အတူတူ ဖြစ်နေရတာလဲ...
T/N -
1. တရုတ်ဒဏ္ဍာရီတွေထဲမှာ အမိနတ်ဘုရားမနွီဝါးက လူသားမျိုးနွယ်ကို အဝါရောင်ရွံ့စေးကနေ ပုံသွင်းပြီး ဖန်ဆင်းခဲ့တာပါတဲ့ ၊ရှန်းရှဝတ္ထုတွေထဲမှာဆို တော်တော်များများပါပါတယ်...
2. ကြက်ဥကအရင်ဖြစ်တာလား ၊ကြက်မကအရင်ဖြစ်တာလားကို ပြောတာပါ
Chapter 65
စနစ်လေးခမျာ အတင်းဖျစ်ညစ်ပြီး ပြောလိုက်ရ၏။
"ဒါဆို နွီဝါးက ဘာလို့ လူသားတွေကို မြေကြီးကနေပုံသွင်းပြီး ဖန်ဆင်းခဲ့တာလဲဆိုတာကို မင်းစဥ်းစားဖူးလား...ဒါက အဓိပ္ပာယ်မရှိဘူး..."
ကျန်းရှောင်မန် အကြံအိုက်သွားလေသည်။
သူမ သူမခြေထောက်အောက်ရှိ မြေကြီးကို ငူငူငိုင်ငိုင် ငေးကြည့်နေရင်း အတွေးနက်သွား၏။
"ဖြစ်နိုင်တာက သူကမြေကြီးကို ကောင်းကောင်းပုံသွင်းတတ်လို့နေမှာပေါ့..."
"..."
စနစ် ပြောစရာစကားမဲ့သွားပြီး သူမအတိုင်းလိုက်မျောချလိုက်ဖို့ပဲ ဆုံဖြတ်လိုက်တော့၏။
—————————
နှစ်သစ်ကူးအပြီး ရက်အနည်းငယ်အကြာနောက် နှစ်သစ်ကူး၏အငွေ့အသက်များက တဖြည်းဖြည်းနှင့် လျော့ပါးလာခဲ့သည်။ မိုင်းတွင်းလုပ်ငန်းက တရွေ့ရွေဖြင့် ပြန်စတင်နေကာ ကျန်းရှင်းလည်းတဖန်ပြန်ပြီး အလုပ်ရှုပ်လာလေ၏။
သို့သော် ဤတစ်ကြိမ်တွင် သူသည် ထောက်ပို့ယာဥ်များဆီသို့သွားမည့်အစား မြို့ဆီသို့သွားခဲ့သည်။
ကျန်းဟွေ့မိန် သူဘာလုပ်နေမှန်းနားမလည်သဖြင့် သူ့ကိုတားပြီးမေးလိုက်၏။
"ယာဥ်စု*က တဖြည်းဖြည်းနဲ့ သူ့လမ်းကြောင်းပေါ်သူရောက်နေတာကို ကျွန်တော် တွေ့တယ်...ကျွန်တော် သူတို့ကို ဆက်ပြီးကြည့်ပေးဖို့မလိုတော့ဘူး...လူတိုင်းက နယ်ခံတွေချည်းပဲလေ...ဒီလမ်းပေါ်မှာ တစ်နှစ်လောက်လျှောက်ပြီးသွားပြီဆိုတော့ သူတို့က မျက်စိမှိတ်ပြီးတောင် သွားတတ်နေပြီ..."
(T/N—လုပ်ငန်းတစ်ခု၊ကုမ္ပဏီတစ်ခုဒါမှမဟုတ် လူတစ်ယောက်ရဲ့ ထိန်ချူပ်မှုအောက်မှာရှိတဲ့ ယာဥ်တွေကို ခေါ်တာပါ)
ကျန်းရှင်းက ဆက်ပြောလေသည်။
"မစ္စတာယွီနဲ့ ကျွန်တော် အဲ့ဒါကိုဆွေးနွေးပြီးသွားပြီ...အခု ယာဥ်စုဆက်သွားနိုင်ဖို့ နည်းလမ်းကို စဥ်းစားရမှာ...."
ကျန်းဟွေ့မိန် စိုးရိမ်တကြီးမေးလိုက်၏။
"ထောက်ပို့အဖွဲ့က ဆက်မလုပ်နိုင်တော့ဘူးလား...."
"မဟုတ်ဘူး...ဒါက လိုရမယ်ရတင်ပါ..."
ကျန်းရှင်းက ပြောလိုက်သည်။
"တစ်နေ့ကျ မိုင်းတွင်းက ကုန်သွားပြီးတော့ မစ္စတာယွီမရှိတော့ရင် ကျွန်တော်တို့ ဘာလုပ်ရမှာလဲ...ဒီမှာက လမ်းလည်းမကောင်းတဲ့အပြင် ပို့ဆောင်စရာကလည်း မိုင်းတွင်းထွက်ပစ္စည်းတွေကလွဲပြီး မရှိဘူးလေ...အဲ့ကျရင် အကုန်လုံး ဘာသွားစားရတော့မှာလဲ..."
ယွီဝမ်ချန်းသည် နှစ်ပေါင်းများစွာ စီးပွားရေးလောကတွင် ကျင်လည်ခဲ့သူဖြစ်ပြီး ကျန်းရှင်းကလည်း ယွီဝမ်ချန်၏လွှးမ်းမိုးမှုအောက်တွင် ပိုမိုရင့်ကျက်လာခဲ့သည်။ တခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်ပင် အနည်းဆုံးတော့ သူ့အမြင်က အများကြီးတိုးတက်လာ၏။
"အဲဒါကြောင့်လား..."
ကျန်းဟွေ့မိန်လည်း ခေါင်းညိတ်ပြ လိုက်ပြီး စိတ်ပူလာသည်။
"ဒါဆို နင်အခုဘာလုပ်နေတာလဲ..."
"ဥတွေအကုန်လုံးကို ခြင်းတောင်းတစ်ခုတည်းမှာထည့်ထားလို့မရဘူးလေ...ပြန်လာရင် အမေသိမှာပါ..."
ကျန်းရှင်းက ထိုစကားကို ပြောပြီးနောက် ထွက်သွားလေသည်။
သူ ကုန်စည်အသေးစားသယ်ယူပို့ဆောင်ရေး အထူးပြု ထောက်ပို့ကုမ္ပဏီအသစ်ကို မှတ်ပုံတင်ခဲ့လိုက်၏။
ယွီဝမ်ချန်းက သူအား အရင်ကတည်းက သတိပေးထားပြီးဖြစ်သောကြောင့် လုပ်ငန်းစဥ်အတွက် လိုအပ်သမျှကို ပြင်ဆင်ထားပြီးဖြစ်ကာ ကျန်ရှိသည့်အရာအားလုံးမှာ တရားဝင် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရန်သာဖြစ်လေသည်။
သူ့အနေဖြင့် လွန်ခဲ့သောခြောက်လအတွင်း ငွေအမြောက်အများရရှိခဲ့၏။ ယာဥ်စုထဲက သူ့ညီအစ်ကိုများကို လစာပေးပြီးနောက်တွင် သူ့အတွက် ထပ်ပွားရင်းနှီမြုပ်နှံနိုင်လောက်သည်အထိ အတော်များများကျန်နေပါသေးသည်။
ကျန်းရှင်း ထိုနေရာတွင် တရားဝင် လုပ်ရိုးလုပ်စဥ်များမပြီးမချင်း လေးငါးရက်ကြာအောင်နေခဲ့ရ၏။ သူပြန်လာသည့်အခါ၌ ရက်ပေါင်းများစွာ မုတ်ဆိတ်မရိတ်ထားခဲ့သည်ဖြစ်၍ မေးစေ့တွင် မုတ်ဆိတ်မွှေးငုတ်တိုများ ရှိနေခဲ့သော်လည်း သူ့မျက်လုံးများကမူ စိတ်လှုပ်ရှားမှုများနှင့်အတူ တောက်ပနေခဲ့လေသည်။
ယွီဝမ်ချန်းပြောခဲ့သည့် မိမိ၏လုပ်ငန်းကို ပိုပြီးထင်ပေါ်၊ တည်ငြိမ်အောင်လုပ်ဖို့အတွက်ဆိုလျှင် ပိုပြီး အရေးပါသောဖောက်သည် အရင်းအမြစ်များရှိရာသို့ တံခါးဖွင့်ပေးထားဖို့လိုအပ်သည်ဟုသော စကားမှာ မှန်လေ၏။ ရွာတွင် သူတို့၏တစ်ဦးတည်းသော ဖောက်သည်မှာ ယွီဝမ်ချန်ဖြစ်သည်။ ဤသည်က ကျန်းရှင်းအတွက် တုံဏှိဘာဝေကျလွန်းသည်။ ထို့ကြောင့် သူ သူ့လုပ်ငန်းကို မြို့အထိချဲ့ထွင်ရမည်။
"ရှောင်မန် ...."
ကျနရှင်း မှတ်ပုံတင်ထားသည့် စာရွက်စာတမ်းများနှင့် တရားဝင်တံဆိပ်များကိုကြည့်ပြီး ကြည်နူးစွာ ပြုံးလိုက်၏။
"မင်းကို အကောင်းဆုံးမူကြိုကျောင်းကို တက်ခိုင်းမယ်လို့ ဦးလေးပြောခဲ့တာကို မှတ်မိလား...."
ကျန်းရှောင်မန် မှတ်မိပါသည်။
"ရွာထဲမှာ မူကြိုကျောင်းရှိလာတော့မှာလား...."
"ဦးလေးတို့ မြို့ကိုပြောင်းကြတော့မှာ...အဲ့ဒီမှာ အကောင်းဆုံးမူကြိုကျောင်းရှိတယ်လေ..."
ကျန်းရှောင်မန်၏မျက်လုံးလေးများ တောက်ပလာခဲ့သော်လည်း များမကြာမီ ပြန်လည်မှေးမှိန်သွားခဲ့ပြီး သူမ ပျော်နည်းနည်း မပျော်နည်းနည်း ဖြစ်နေ၏။
သူမက ဤနေရာတွင် သိတတ်စအရွယ်မှစ၍ နှစ်တွေ အကြာကြီး၊အကြာကြီး နေခဲ့ရသည်။ အကယ်၍ သူမထွက်သွားခဲ့လျှင် အတော်လေးမသက်မသာဖြစ်နေမိမှာပင်။
သို့သော် သူမ မူကြိုကျောင်းကိုလည်းသွားချင်ပါသည်။
မူကြိုကျောင်းထဲတွင် လျှောတွေနှင့် တခြားကလေးလေးတွေ ရှိ၏။ သူတို့နေတိုင်း အတူတူအိမ်စာလုပ်လို့ရပြီး အတူတူကျောင်းသွားကာ သူငယ်ချင်းအသစ်တွေလည်း ဖွဲ့လို့ရလေသည်။
မှန်သည်ပင်၊ ရွာထဲတွင် တခြားကလေးတွေရှိသော်ငြား သူမအသက်အရွယ်ရှိကလေး အများစုက ကျောင်းမတက်ကြပေ။ အချို့က လမ်းလျှောက်တတ်ရုံသာရှိပြီး စကားတောင်ပီပီသသ မပြောတတ်ကြ။ ထို့ပြင် ပထမတန်း၊ဒုတိယတန်းနှင့် တတိယတန်းရှိကလေးများသည် သူတို့ထက်ငယ်သော ကလေးများနှင့်မကစားချင်ကြပဲ သူမနှင့်ဆိုပို၍ပင် အတူတူစာမသင်ချင်ကြချေ။