အပိုင်း ၆၆-၇၀
Viewers 14k

Chapter 66


ထိုအတွက်သာမဟုတ်ပါလျှင် သူမက ဤကဲ့သို့ယွီချင်းရှီနှင့် သူငယ်ချင်းကောင်းတွေဖြစ်နေမှာ မဟုတ်ပေ။


ထိုပထမတန်းကလေးတွေကတော့ အကြောင်းမှာ ဆရာထန်က သူမအားတော်သည်ဟု အမြဲတမ်းချီးမွမ်းနေပြီး ၎င်းက သူတို့အား ရှုံးနိမ့်သလိုခံစားရစေ၍ဖြစ်ကြောင်း ဝန်ခံမှာမဟုတ်သည်ကား အမှန်ပင်။


အချိန်အကြာကြီး တစ်ယောက်တည်းနေခဲ့ရသည့်အတွက် ကျန်းရှောင်မန်လေး အနည်းငယ်အထီးကျန်နေပါပြီ။ သူမကဲ့သို သင်ယူရတာ၊ ပေါင်းသင်းဆက်ဆံရတာကို နှစ်သက်သည့် ကလေးတွေအများကြီးရှိသော မူကြိုကျောင်းကို သွားရသည်မှာ အတော်လေးပျော်စရာ ကောင်းမည်ဖြစ်၏။


ကျန်းရှောင်မန်  သူမ၏မွေးရပ်မြေနှင့် မူကြိုကျောင်းအကြား တွင် ဝေခွဲရခက်နေပြီး အချိန်အတော်ကြာတုံ့ဆိုင်းနေလေသည်။ သူမ ကျန်းရှင်းအား အသံသေးသေးလေးဖြင့် မေးလိုက်၏။

"အဲ့ဒါဆို သမီးတို့ မြို့ကိုသွားပြီးလို့ရှိရင် ဒီကိုနောက်တစ်ခါ ပြန်လာလို့ရသေးလားဟင်...."


"ဒါပေါ့...အားလပ်ရက်တွေကျရင် ပြန်လာမှာပေါ့...."


ကျန်းရှောင်မန် ချက်ချင်းပင် ပြောလာလေသည်။

"အိုခေ...ဒါဆို ပြောင်းကြစို့...သမီးတို့​ဘယ်အချိန်သွားကြမလဲ..."


"ကောင်းပြီ...အခုတော့ မဟုတ်သေးဘူး... မကြာခင်ပေါ့..."


"..."

အရင်တစ်ခါတုန်းကလည်း သူဒီလိုပဲပြောခဲ့တာလေ...


ကျန်းရှောင်မန် ထပ်ပြီး အလှည့်စားခံလိုက်ရပြီဟု ခံစားလိုက်ရပြီး စိတ်ဆိုးလွန်း၍  သူ့အားတစ်ညလုံး လျစ်လျူရှုထားလိုက်၏။


ကျန်းရှင်းက သူမကို ဤတစ်ကြိမ်က အမှန်အကန်ဖြစ်ကြောင်းအာမခံလိုက်သည်။ သူ့ကုမ္ပဏီအတွက် နေရာတစ်ခုရှာပြီးသည့်အပြင် တစ်ယောက်ယောက်ကို အိမ်တစ်လုံးရှာခိုင်းထားပြီးပြီဖြစ်၏။ 


သူတို့ကား အမှန်ကို ပြောင်းရတော့မှာဖြစ်၏။ 

အချိန်ပဲ လိုတော့သည်ပင်။ 


ကောင်းပြီ...ဒီတစ်ကြိမ်တော့ သူ့ကိုယုံပေးလိုက်မယ်...


ကျန်းရှောင်မန်လေး အသက်ပြန်ဝင်လာပြီး နောက်တကြိမ် ပြန်လည်ရှင်သန်လာလေသည်။


သူမ ဤသို့သော ကိစ္စကြီးတစ်ခုကို ဆရာထန်အားပြောသင့်သည်ဟု ခံစားရသဖြင့် ကျန်းရှင်းကို နောက်တစ်နေ့တွင် သူမအား ဆရာထန်အိမ်လိုက်ပို့ရန် ပူဆာခဲ့၏။


ဆရာထန်၏အိမ်သည် ဤရွာအနားရှိ ရွာတစ်ရွာတွင်တည်ရှိပြီး အတော်လေးဝေးလေသည်။


နှစ်သစ်ကူးပြီး ရက်ပေါင်းနှစ်ဆယ်သည်ကား ဆောင်းရာသီ ကျောင်းပိတ်ရက်ဖြစ်၏။ သူမ ဆရာထန်နှင့် တစ်လနီးပါးလောက်မတွေခဲ့ရပေ။  သူမ သူ့ကို နည်းနည်းလွမ်းနေသည်။


သူတို့အနေဖြင့် ဆရာထန်အား ဤနှစ်အတွက် နှစ်သစ်ကူးလက်ဆောင် မပေးရသေးချေ။ ကျန်းရှင်းနှင့် ကျန်းဟွေ့မိန်တို့ စကားပြောပြီးနောက် ကျန်းရှင်းက ကျန်းရှောင်မန်ကိုခေါ်ပြီး ထိုဟာကိုသွားပို့ဖို့ သူတို့ဆုံးဖြတ်လိုက်၏။


ကျန်းဟွေ့မိန်က ဆရာထန့်အတွက် ဝက်ပေါင်ခြောက်ငါးပိုင်း၊ ဥမျိုးစုံ၊ခေါက်ဆွဲခြောက်တွေနှင့် တခြားအရာတွေအများကြီး ပြင်ပေးလိုက်ပြီး ကျန်းရှင်း ထိုဟာများကို ကျောပေါ်တွင် သယ်သွားခဲ့လေသည်။ 


ထိုဟာများသည် စျေးကြီးသည့်အရာများမဟုတ်သော်လည်း သူတို့၏စိတ်ရင်းကိုပြသနိုင်ပါ၏။


ကျန်းရှောင်မန်လေးတွင် လွန့်ခဲ့သည့်နှစ်၏ နှစ်သစ်ကူးလက်ဆောင်အကြောင်း မှတ်ဉာဏ် ရှိမနေပါချေ။ဤသည်ကား သူမအတွက် ပထမဆုံးအကြိမ် ဆရာထန်၏အိမ်သို့သွားခြင်းဖြစ်သည်။


သူမ ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။ 

"ဦးလေး...ဘွားဘွားက ဆရာထန့်ကိုနှစ်သစ်ကူးတိုင်းမှာ လက်ဆောင်ပေးရမှာလို့ ဘာလို့ပြောတာလဲ ...."


"ဘာလို့လဲဆိုတော့..... "


ကျန်းရှင်းက အချိန်အတော်ကြာအောင် ရပ်တန့်နေပြီး မှတ်ဉာဏ်ထဲတွင် နစ်မြုပ်သွားပုံရလေသည်။ 


"ဘာလို့လဲဆိုတော့... ဆရာထန်က ဦးလေးတို့မိသားစုရဲ့ ကျေးဇူးရှင်ဖြစ်နေလို့...လူဆိုတာ ကျေးဇူးပြန်ဆပ်တတ်ရမယ်လေ.."


"ဆရာထန်က ဘာလို့ သမီးတို့မိသားစုရဲ့ကျေးဇူးရှင်ဖြစ်တာလဲ...."


၎င်းက အရမ်းကို ရှုပ်ထွေးလေသည်။ ကျန်းရှောင်မန်၏ဦးနှောက်သေးသေးလေးအနေဖြင့် ဆက်မလည်ပတ်နိုင်တော့သလောက်နီးနီး ဖြစ်သွား၏။


"ဘာလို့ဆို.....ဆရာထန်က မင်းအမေဖြစ်တဲ့ ငါ့အစ်မရဲ့ ဆရာသမားမလို့..."


"ဆရာသမားဆိုတာဘာလဲဟင်...ဆရာမဟုတ်ဘူးလား...ဆရာနဲ့ဆရာသမားကြားမှာ ခြားနားချက်ရှိလို့လား...."


"..."


ကျန်းရှင်း သက်မောချမိလိုက်၏။


"ဆရာသမားဆိုတာက အရမ်း အရမ်း အရေးကြီးတဲ့ ဆရာပဲ...ဆရာထန်ကလည်း အဲ့လိုမျိုးပဲ...သူက မင်းအမေကို အသိဉာဏ်ပွင့်အောင်လုပ်ပေးပြီးတော့ စာလေ့လာတဲ့နေရာမှာ ကူညီပေးခဲ့တာ...."


ဆိုတော့ ဒါကဒီလိုကိုး...


ကျန်းရှောင်မန် သူမခေါင်းလေးကို ကုတ်၍ စပြီးကောက်ချက်ချပါတော့သည်။

"သမီးအမေကဘာလို့ ကျောင်းမတက်တာလဲ...သူက သမီးလိုပဲ ငယ်သေးလို့လား...."


ထိုအချိန်တုန်းက စားသောက်ဖို့အတွက်ပင် ခက်ခဲလှ၏။ကျောင်းကား ဇိမ်ခံပစ္စည်းတစ်ခုပင်။ မည်သို့ သူတို့မိသားစုတွင် ကလေးများအား ကျောင်းထားဖို့ အပိုငွေရှိပါမည်လဲ။


သို့သော် သူ့အစ်မက သူမကိုယ်သူမ လက်မလျော့ခဲ့။ သူတို့မိသားစုက  သူတို့ သူမကို ကျောင်းထားဖို့ရာ မတတ်နိုင်ကြောင်းပြောပြီး သူမအား မိသားစုကိုကူကာ နာနာခံခံပိုက်ဆံရှာဖို့ ပြောခဲ့သည်။


သို့သော်ငြား ကျန်းယွဲ့က နားမထောင်ခဲ့ချေ။ နေ့တိုင်း သူမအလုပ်ပြီးသည်နှင့် အချိန်ရအောင်ယူ၍ ကျောင်းကိုသွားပြီး ပြတင်းပေါက်အောက်မှာပုန်းကာ တိတ်တိတ်လေး ခိုးနားထောင်ခဲ့၏။


သူမသည် မြေကြီးပေါ်မှ သူများမလိုချင်တော့သည့် ခဲတံငုတ်တိုများကို ကောက်ယူပြီး အုတ်ခဲပေါ်တွင်စာရေးခဲ့သည်။ ဤသည်ကား တစ်နှစ်လုံးပင်။


ဆရာထန်ကြောင့်သာမဟုတ်ပါလျှင် သူမကျောင်းမတက်နိုင်လောက်ပေ။


ထိုကိစ္စသည် အလွန်ရှုပ်ထွေး၏။ ကျန်းရှင်း ၎င်းကိုတွေးမိတိုင်း သက်ပြင်းချရသည်။


သူကျန်းရှောင်မန်ကို ငုံ့ကြည့်ပြီး သက်ပြင်းချလိုက်၏။

"သိချင်ရင် ပြီးမှ ဆရာထန့်အိမ်ရောက်ရင် သူ့ကိုမေး...."


(E/T—ဆရာနဲ့ဆရာသမားက စကားလုံးတစ်လုံးကွဲပါတယ်၊ ဆရာက လောင်ရှီးဖြစ်ပြီးတော့ ဒီမှာပါတဲ့ဆရာသမားက အန်းရှီးပါ)


Chapter 67


"ဆရာထန်..."

 သူမ၏နူးညံ့ပျော့ပြောင်းသည့် အသံလေးက လူမရောက်သေးခင် အရင်ရောက်လာခဲ့သည်။


 ယနေ့တွင် ကျန်းရှောင်မန်က ထိုနှစ်သစ်ကူးအရုပ်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်၏။ သူမ၏ခေါင်းထက်ရှိ ခေါင်းလောင်းလေးများက ဆက်တိုက်ဆိုသလို တချွင်ချွင်မြည်နေပြီး အင်မတန်မြူးကြွနေခဲ့သည်။


 ဘွားဘွားက သူမကို တရုတ်နှစ်သစ်ကူးတွင်လည်း ဒီလိုမျိုးဝတ်စုံတစ်စုံ ဝတ်သင့်သည်ဟု ပြော၏။ လူတွေ ထိုဟာကိုမြင်သည့်အခါတွင် သူမအား စာအိတ်နီတွေ ပိုပေးလောက်မှာဖြစ်၏။

 

ကျန်းရှောင်မန် အယုံသွင်းခံလိုက်ရပြီး သူမဘာသာ စမ်းကြည့်ရာတွင် ဘွားဘွာပြောတာမှန်ကြောင်းတွေ့ရှိခဲ့လေသည်။ သူမ တခြားကလေးတွေထက် စာအိတ်နီတွေ ပိုရခဲ့၏။


 ဤဝတ်စုံက အသုံးဝင်လှသည်။

 

မှန်သည်ပင်၊ ကျန်းရှောင်မန် ဆရာထန်ကို တွေ့ဖို့လာသည့်အချိန်တွင် စာအိတ်နီအတွက် ထိုဟာကို ဝတ်ခဲ့ခြင်းမဟုတ်ပေ။ သူမက လက်ရှိတွင် ကံကောင်းခြင်း အရုပ်လေးနှင့်တူသဖြင့် ဆရာထန်အား ကံကောင်းခြင်းတွေယူဆောင်လာနိုင်လောက်မည်ဟု ဘွားဘွားကပြော၏။

 

"ရှောင်မန်...."

 ဆရာထန်က ပြုံးကာဖြင့် သူမအား လက်ဆန့်ပြီးဖက်လာသည်။

 "ဘာလို့ ဒီမှာတစ်ယောက်ထဲရှိနေရတာလဲ...သမီးဦးလေးရောဘယ်မှာလဲ....."

 

ကျန်းရှင်း နောက်ဆုံးတွင် ဟောဟဲလိုက်ရင်း  မှီသွားပြီဖြစ်ကာ ကိုယ်ကိုကိုင်း၍ အသက်ရှူဖို့ကြိုးစားနေရ၏။

 

သူတို့ယူလာသည်အရာများက မလေးသဖြင့် သူ့အတွက် ပြဿနာသိပ်မရှိပေ။ ပြဿနာရှိသည်ကား ထိုကလေးမလေးသာဖြစ်သည်။

 

သူတို့ လမ်းလျှောက်၍လမ်းတစ်ဝက်သာ ရောက်သေးချိန်တွင် သူမက မောနေပြီဖြစ်၍ လမ်းမလျှောက်ချင်တော့သဖြင့် သူမကို ချီပေးစေချင်ကြောင်း ပြောလာခဲ့၏။

 

စွမ်းအားမဲ့သူလေး ကျန်းရှင်းခမျာရွေးချယ်စရာမရှိဘဲ သူမရောလက်ဆောင်ပစ္စည်းတွေရော သယ်ပြီး ကျန်လမ်းတစ်ဝက်လုံး လျှောက်လာခဲ့ရသည်။ ရလဒ်တစ်ခုအနေဖြင့် သူတို့ဆရာထန်အိမ်နားရောက်ခါနီးသည်နှင့် သူမက ထိုကဲ့သို့ ရှေ့ကနေကြိုပြေးသွားပြီး သူ့အား အာရုံနည်းနည်းတောင်မရှိဘဲ လမ်းလယ်ခေါင်တွင် ထားခဲ့၏။


 "ဆရာထန်..."

 ကျန်းရှင်းက ပြောလိုက်သည်။

 "ကျွန်တော်တို့ ဆရာ့အတွက် ပစ္စည်းနည်းနည်းယူလာပေးတာ..."

 

ဆရာထန်က သူ့ကိုတစ်ချက်ကြည့်ပြီး ထိုင်ခုံတစ်ခုကို လက်ညိုးထိုးပြ၏။

 "အရင်ထိုင်ပါဦး..."

 

"မင်းတို့ဒီကို နှစ်တိုင်း ပစ္စည်းတွေ နင်းကန်အများကြီးပို့စရာမလိုပါဘူးကွာ...ငါတို့လူအိုစုံတွဲက အဲ့ဒါတွေ များများကုန်အောင်မစားနိုင်ဘူး...အမှိုက်လိုမျိုး လွှင့်ပစ်ရတာ..."


 ဆရာထန် အကူအညီမဲ့နေလေသည်။

 

သူ့တွင် သားတစ်ယောက် နှင့်သမီးတစ်ယောက်ရှိသော်လည်း သူတို့ကရွာထဲမှာ မနေကြတော့ချေ။


အများအားဖြင့်  သူတို့သည် နှစ်သစ်ကူး သို့မဟုတ် အားလပ်ရက်များအတွင်းတွင် နှစ်ရက်ပဲ လာလည်ကြ၏။ သူတို့က လွန်ခဲ့သည့် နှစ်ရက်ကတည်းက အိမ်ပြန်သွားကြပြီဖြစ်ပြီး ယခုတွင် သူနှင့် သူ့ဇနီးသာ ကျန်ခဲ့တော့သည်။


 သူ့သားဖြစ်သူက သူတို့အား လူကြီးသူကြီးဘဝနှင့် မွေ့လျော်ဖို့ မြို့ကိုခေါ်သွားချင်ပြီး မိသားစုတစ်ခုလုံးအတူတူ နေနိုင်မည်ဟု တစ်ခါက ပြောခဲ့ဖူး၏။ သို့သော်လည်း ဆရာထန်အနေဖြင့် တောင်ကြားရှိကလေးများကို ထားမခဲ့နိုင်သောကြောင့် မသွားခဲ့ပေ။


 "လုပ်သင့်တဲ့အတိုင်းပါပဲ..."

 

ကျန်းရှင်း လက်ဆောင်ပစ္စည်းများကို အောက်ချပြီးနောက်  ထပ်ပြီး အနည်းငယ် ကိုးရိုးကားယား ခံစားရပြန်သည်။

 

သူ ဆရာထန်အား သူ့အမေထက်ပင် ပိုကြောက်ပါ၏။

 

ကျန်းရှင်းက စကားပြောကောင်းသည့် ပညာတတ်တွေကို အကြောက်ဆုံးဖြစ်သည်။

 

သူ၏ကမောက်ကမပုံစံကို မြင်၍ထင် ဆရာထန်က သူ့ကို ကြင်ကြင်နာနာ ပြုံးပြပြီး စိတ်အေးအောင် အစပျိုးပြီးဆိုလာ၏။

 "မကြောက်ပါနဲ့... ငါက လူမစားပါဘူး...ငါတို့က စကားပြောရုံပါပဲ...."


 ဝူး... ဝူး ...ဝူး... ဝူး....

 

အဲ့ဒါက ကျန်းရှင်းအကြောက်ဆုံးဟာပဲ...

 

"ဟုတ်ကဲ့ပါ....."

 ကျန်းရှင်း အားတင်းပြီး လုပ်ပြုံးလေးပြုံးပြလိုက်သည်။

 

"မင်း ဒီနှစ်ထဲ အလုပ်ကြိုးစားနေတာပဲ..."

ဆရာထန်က ပြောလာ၏။

"ငါ မင်းလုပ်ခဲ့တာတွေအကုန်လုံး တွေ့ပြီးပြီ...

မင်းက အလားအလာရှိတဲ့ကလေးပဲ...အရမ်းတော်တယ် ..."


".....ဟမ်"

ကျန်းရှင်း ခဏလောက် အံဩကြောင်အသွားသည်။ သူ ဂုဏ်ယူသလို ခံစားရပြီး ကျန်းရှောင်မန် လုပ်လေ့ရှိသလိုမျိုး အတုခိုး၍ ခေါင်းကိုကိုင်လိုက်မိ၏။ ဘာတွေဖြစ်နေမှန်း သူမသိပါချေ။


ဆရာထန်က သူ့ကို ချီးကျူးနေတာလား...


"မင်းရဲ့ ပို့ဆောင်ရေးယာဥ်စုက ကောင်းကောင်းအလုပ်ဖြစ်တာပဲ...အခု လူတိုင်းမှာ ဝင်ငွေရှိနေကြတော့... ဘဝတွေ ပိုကောင်းလာကြပြီ ..."


ကျန်းရှင်း အနည်းငယ်ရှက်မိနေသော်ငြား သူလေထဲမှာလွင့်နေသလိုမျိုးလည်း ခံစားနေရ၏။ ဖြစ်သင့်သည့်ဟာပဲဟုသာ သူ ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။ 


ဆရာထန်...ကျေးဇူးပြုပြီး မချီးကျူးပါနဲ့တော့...


မျိူးဆက်ဟောင်းများ အကြောက်ဆုံးအရာမှာ ဆင်းရဲဒုက္ခဖြစ်လေ၏။ ဆရာထန်သည် ထိုအရွယ်သို့ ရောက်နေပြီဖြစ်သည်။ သူ့အနေဖြင့် လေဒဏ်လှိုင်းဒဏ်မျိုးစုံကို ကြုံတွေ့ခဲ့ဖူးပြီးဖြစ်ကာ အငတ်ဘေးအတွင်းမှာတောင် နေခဲ့ဖူး၏။ ဘဝက ပိုကောင်းလာသောအခါ ထိုသည်ကို သူအလွန်အင်မတန် မြတ်နိုးပါ၏။ သဘာဝအတိုင်းပင် ကျန်းရှင်းလုပ်ရပ်များကို သူ သဘောကျလေသည်။


"ဆရာထန်...ကျွန်တော်က လူတိုင်းအတွက်မဟုတ်ဘဲ...ကျွန်တော့်ရဲ့ကိုယ်ပိုင်အကျိုးအတွက်ပဲ ဒီ ပို့ဆောင်ရေးယာဥ်စုကို ပြေးဆွဲနေတာပါ...ဒါအကုန်ပါပဲ..."


ကျန်းရှင်း ရှက်ရွံမှုကြောင့် မျက်နှာတွေနီနေပြီး သူအမှန်ပင် ဆရာထန်က သူ့အား စေတနာကောင်းသည့်သူတစ်ယောက်ကဲ့သို့ ချီးမွမ်းသည်ကို မခံနိုင်ပေ။


"ကျွန်တော်က လူပေလူတေတစ်ယောက်ပါပဲ...

ဆရာလည်းသိပါတယ် ကျွန်တော် အရင်ကဘယ်လိုလဲဆိုတာ...ကျွန်တော် ဆရာဆီကနေအရိုက်မလွတ်ခဲ့ဘူး...အမေကတောင် ဆရာကို ကူရိုက်ခိုင်းသေးတယ် ...ဒါက.....တကယ် များလွန်းနေတယ်..."


ကျန်းရှင်း ရှက်ရမ်းရမ်းပြီး ခေါင်းကုတ်လိုက်၏။


သူက ငယ်ငယ်တုန်းကလည်းဆိုးပြီး ကြီးလာတော့လည်း အတူတူပင်ဖြစ်သည်။ သူအမေက သူ့ကို အိမ်မှာ အမြဲရိုက်ပြီး ကျောင်းမှာလည်း ဆရာကို များများရိုက်ဖို့ပြောသေး၏။ 


ဤသည်ကား ပြောရမှာ ခါးသီးသော အမှတ်တရပင်။


Chapter 68


ထိုစဥ်က သူနားမလည်ခဲ့သော်လည်း ယခုပြန်အမှတ်ရချိန်တွင်မူ သူကား အရိုက်ခံသင့်သည်ပင်။


ဆရာထန်က အသံကျယ်ကျယ်ဖြင့် ရယ်ပြီး ပြောလာ၏။

"အဲ့လိုမျိုးမဟုတ်ပါဘူးကွာ...အတိတ်ကအတိတ်ပဲ...လူတွေရဲ့သက်တမ်းက အရမ်းရှည်တော့ အဖြစ်အပျက်တွေအများကြီးရှိကြတာပဲလေ...ငါငယ်ငယ်တုန်းကဆို လုံးဝကို လူပေလူတေကွ..."


"..."

ကျန်းရှင်း အံဩမှင်သက်ပြီး ခေါင်းရှုပ်သွားခဲ့သည်။


ဒီထိတ်လန့်စရာ သတင်းကြီးက ဘာလဲဟ...


ဆရာထန်က အရင်က သူ့လိုလူဆိုးကြီးလား...


ဇာတ်လမ်းတစ်ပုဒ်ကို စောင့်နေသလိုမျိုး ချက်ချင်းပင် ကျန်းရှင်း၏ မျက်လုံးများပြူးကျယ်လာ၏။


ဆရာထန်က စိတ်မကွက်ပါဘဲ ဖြည်းဖြည်းချင်း ဆိုလေသည်။

"အဲ့အချိန်တုန်းက ငါက မင်းထက်ငယ်တယ်...

အရမ်းလည်း တဇွတ်ထိုးနိုင်တာ...အမှတ်တမဲ့နဲ့ငါ ကျေးလက်ဆင်း လှုပ်ရှားမှုနဲ့ဝင်တိုးမိသွားတယ်...."


"ကျေးလက်ဆင်းလှုပ်ရှားမှုက ဘာကိုပြောတာလဲဟင်....."

ကျန်းရှောင်မန်က ရုတ်တရက် ထမေးလိုက်၏။


ကျန်းရှင်း ခေါင်းငုံ့ပြီး ကြည့်လိုက်ချိန်တွင် ကျန်းရှောင်မန်က လိမ်လိမ်မာမာဖြင့် သူ့မဘာသာသူမ ထိုင်ခုံသေးသေးလေး တစ်လုံးရွှေ့ထိုင်နေပြီးဖြစ်ကာ လက်နှစ်ဖက်ပေါ်မေးတင်၍ ဇာတ်ကြောင်း ပြောချိန်ကို စောင့်နေလေသည်။ 


"မပြောနဲ့..."

ကျန်းရှင်းက ချက်ချင်း သူမပါးစပ်ကို လက်ဖြင့် အုပ်လာသောကြောင့် ကျန်းရှောင်မန် ခေါင်းပဲညိတ်ပြလိုက်ရသည်။ 

(T/N— ကျေးလက်ဆင်းလှုပ်ရှားမှုဆိုတာက 

တရုတ်မျိုးဆက် တစ်ရပ်လုံး၏ကံကြမ္မာကို ပြောင်းလဲစေခဲ့တဲ့ ကြီးမားတဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုပါ။ 1968ကနေ1978 အတွင်း တရုတ်မြို့ပြလူငယ် 17သန်းခန့်က မော်စီတုန်းရဲ့ တိုက်တွန်းမှုအရ ဆင်းရဲသားတောင်သူလယ်သမား​တွေဆီကနေ ပြန်လည် ပညာသင်ကြားဖို့ ဝေးလံခေါင်သီတဲ့ ကျေးလက်ဒေသများနဲ့ နယ်စပ်ဒေသများကို ပြောင်းရွေ့အလုပ်လုပ်ခဲ့ကြပါတယ်တဲ့။အဲ့ဒီလှုပ်ရှားမှုကို ကျေးလက်ဆင်းလှုပ်ရှားမှုလို့ခေါ်ပါတယ်။  ပညာတတ်လူငယ်များလို့အမည်ပေးထားတဲ့ ပါဝင်သူ17သန်းခန့်က ဆယ်ကျော်သက်အရွယ် မှာ သာမန်လယ်ယာလုပ်သားများ အနေနဲ့ ကျေးလက်မှာနေပြီးအလုပ်လုပ်ခဲ့ကြတာပါ။ ကဲပြောလိုက်ပါပြီ... )


ဆရာထန်က ကြာမြင့်လေပြီးသောဇာတ်လမ်းတစ်ပုဒ်ကို ဆက်ပြောပြလေ၏။


သူမေ့လုနီးပါးဖြစ်သည်အထိကို ကြာလှလေပြီ။


ကျေးလက်ဆင်းလှုပ်ရှားမှုအတွင်းတွင် သူ့အသက်က ကျန်းရှင်းထက်နည်းနည်းသာငယ်ပြီး ကောင်းကင်နှင့်မြေကြီး၏ ကြီးကျယ်ခမ်းနားမှုကို မသိသေးသည့်အရွယ်ဖြစ်လေသည်။ ရွာမှာ ဘာမှလုပ်စရာမရှိခဲ့ပေ။ အလုပ်လုပ်ရင်လုပ် မဟုတ်ရင် ပြဿနာရှာခဲ့ခြင်းသာရှိ၏။


နောက်ပိုင်းတွင် ဆရာထန်သည် ကျေးလက်ဆင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် အမျိုးသားကြီးတစ်ယောက်နှင့်တွေ့ဆုံခဲ့လေသည်။ 


ထိုသူသည်  ပညာရှင်တစ်ယောက်ဖြစ်ပြီး အသိပညာဖွံ့ဖြိုးသည့် လူကြီးလူကောင်းတစ်ယောက်ဖြစ်၏။


သို့ပေမဲ့ ထိုခေတ်အခါတုန်းက  အသိတတ်သူတွေ သည် အထူးသဖြင့် သူ့အသက်အရွယ်တွင် ဘဝအ​ခြေအနေမကောင်းကြပေ။အခြား ပညာတတ်လူငယ်များတွင် သူတို့နေဖို့ အိမ်ကူဆောက်ပေးကြသည့် ရဲဘော်ရဲဘက် ရွာသားများရှိကြသည်။ သို့ပေမဲ့ သူလိုမျိုး အသိတတ်သူတွေကတော့ နွားတင်းကုတ်ထဲတွင်သာ နေရ၏။


အမျိုးသားကြီးသည် ခက်ခဲကြမ်းတမ်းစွာ ဘဝကိုဖြတ်သန်းခဲ့ရသော်လည်း ရောင့်ရဲပြီး အကောင်မြင်တတ်သူဖြစ်လေသည်။ သူ၏နွားတင်းကုတ်ထဲတွင် စာအုပ်တွေအများကြီးရှိကာ  ထိုဟာတွေအားလုံးကို ရတနာများကဲ့သို့ ဆက်ဆံ၏။ ထိုအချိန်တုန်းက ဆရာထန်တွင် အချိန်ပိုတွေအများကြီးရှိပြီး အားသည့်အချိန်တိုင်း သူနှင့်စကားပြောရသည်ကို သဘောကျလေသည်။


"...သူက ငါ့ကို အသိဉာဏ်ပွင့်အောင်လုပ်ပေးခဲ့တဲ့ ဆရာပဲ...."

ဆရာထန်က ပြောလိုက်၏။


"နောက်ပိုင်းကျ...ငါ့စိတ်တွေ အကောင်းဘက်ကိုပြောင်းသွားပြီးတော့ ငါ့ဘာသာငါ သင်ကြားရေးလက်မှတ်ရအောင်ယူ ပြီး ဒီမှာဆရာဖြစ်လာတာ...ရှေးလူကြီးတွေ ဆိုရိုးစကားရှိတယ်မလား...သုံးဖြုန်းပျော်ပါးနေတဲ့သား နောင်တရသွားတာက ရွှေထက် အဖိုးတန်တယ်ဆိုတာလေ...မင်း ဘယ်အသက်အရွယ်ပဲရောက်ရောက် အခွင့်အရေးတစ်ခုကတော့ အမြဲရှိနေ စမြဲပါ ...အကောင်းဆုံးအချိန်က လက်ရှိအချိန်ပဲလေ...."


ကျန်းရှင်း ကြက်သေသေသွားခဲ့သည်။


အလွန် ဖော်ရွေပြီး နူးညံ့ပုံပေါ်သည့် ဆရာထန့်တွင် ထိုသို့သော သမိုင်းရှိခဲ့လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ တကယ်တမ်းကျတော့ သူသည် လူဆိုးလူပေတစ်ယောက်နှင့် လုံးဝတူမနေပါချေ။


ကျန်းရှင်း၏ မျက်တွင်းတွေ ကျိန်းစပ်လာပြီး သူအတော်လေး စိတ်လှုပ်ရှားသွားရ၏။ သူ အတန်ကြာအောင် ငြိမ်သွားကာ ဘာပြောရမှန်းမသိဖြစ်နေခဲ့သည်။ 


ကျန်းရှောင်မန်က သူမ၏လက်ပုစိလေးများဖြင့် မေးထောက်ရင်း မျက်လုံးလေးပေကလက် ပေလက်နှင့် မေးလာ၏။

"အဲ့ဒါဆို ဆရာထန်က သမီးရဲ့မေမေကို ဆရာ့ရဲ့ဆရာလိုမျိုး သင်ပေးခဲ့တာပေါ့နော်...."


ဆရာ့ရဲ့ဆရာ့ဆိုသည်ကား နွားတင်းကုတ်ထဲတွင် နေသော လူအိုကြီးကို ရည်ညွှန်းခြင်းဖြစ်လေသည်။ 


ဆရာထန်က ရယ်ပြီး ပြန်ဖြေလိုက်၏။

"မဟုတ်ဘူးကွဲ့...အဲ့ဒီကလေးကျန်းယွဲ့က ကံကြမ္မာကောင်းရှိတယ်...သူက ဉာဏ်ကောင်းပြီး လိမ္မာပါးနပ်တယ်...ရည်မှန်းချက်ကြီးသလို ကြိုးစားလိုစိတ်လည်းရှိတယ်...အရမ်းတော်တာ...."


ကျန်းယွဲ့ခိုးပြီး နားထောင်နေချိန်တုန်းက ကျောင်းအုပ်ကြီးက သူမကို မောင်းထုတ်ချင်သော်လည်း ဆရာထန်သူမကို ဆက်နေခိုင်းခဲ့သည်။ 


ကျောင်းစဖွင့်ခါစတုန်းက ဆရာထန်သည် ထိုနေရာရှိ တစ်ဦးတည်းသောဆရာဖြစ်၏။ နောက်ပိုင်းမှာ တဖြည်းဖြည်း တိုးလာခဲ့သည်။ ကျောင်းအုပ်ကြီးက သူ့ကို အတော်လေးလေးစားသဖြင့် မျက်နှာပေးခဲ့၏။


သူတို့က မျက်စိမှိတ်ပြီး(မသိချင်ယောင်ဆောင်) ကျန်းယွဲ့အား ခိုးနားထောင်ခွင့်ပေးခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီး နောက်ဆုံးတွင် ကျန်းမိသားစုက ကျောင်းလခပေးသဖြင့် ကျန်းယွဲ့ စာသင်ခန်းထဲဝင်နိုင်သည်အထိတိုင်ပင်။ 


ကျန်းရှောင်မန်လေးက ပြောလိုက်သည်။

"ဆရာထန်က တကယ်ကို လူကောင်းပဲ....."


ဆရာက သာမန်လူတစ်ယောက်တင်ပါကွယ်"

ဆရာထန် သက်ပြင်းချလိုက်၏။ 


သူ သူ၏စာကြည့်မျက်မှန်ကို ချွတ်ပြီး သုတ်ကာ မေးလိုက်သည်။

"ကျန်းရှင်း အနာဂတ်မှာ ဘာအစီအစဥ်တွေရှိလဲ...."


"အာ...ကျွန်တော်..... "

ကျန်းရှင်း ပို၍ စိတ်လှုပ်ရှားလာပြီး လေးလေးနက်နက်ပြောလေ၏။

"ကျွန်တော် မြို့ကိုသွားဖို့စီစဥ်ထားတယ်...

ဒီမှာရှိတဲ့ ပို့ဆောင်ရေး ယာဥ်စုက ဆက်သွားနေမှာပါ...အဲ့ဒါကို ထိန်းဖို့ ကျွန်တော်တစ်ယောက်ယောက်ကို ငှားထားတယ်...အဲ့ဒါကြောင့် ကျွန်တော် ကြီးကြပ်ပေးစရာမလိုတော့ဘူး...."


ကျန်းရှင်းက ထိုသို့ပြောလိုက်သောအခါ ကျန်းရှောင်မန် သူမ၏လုပ်ငန်းကို အမှတ်ရသွားပြီး အတော်လေးစိတ်လှုပ်ရှားလာသည်။ 


"ဆရာထန်... သမီးက မြို့မှာ မူကြိုကျောင်းတက်တော့မှာ...."


ထိုသို့ပြောပြီးနောက် ရုတ်တရက်ကြီး  သူမ တဖန်ပြန်ပြီး ဝမ်းနည်းလာပြန်၏။


Chapter 69


"ဒါပေမဲ့ အဲ့လိုဆို ဆရာထန့်ကို မတွေ့ရတော့ဘူးလေ ...သမီးမသွားချင်ဘူး...."


သူမ၏ နှုတ်ခမ်းလေး များမဲ့သွားပြီး ငိုချင်လာခဲ့သည်။


သူမ အရင်က ထိုအ​ကြောင်းကို တစ်ခါမှ မတွေးဖူးခဲ့သော်ငြား တွေးမိချိန်တွင်မူ သူမနှင့်ရင်းနှီးသည့်လူတွေ အားလုံးကိုမတွေ့ရပါက သူမ ဝမ်းနည်းလိမ့်မည်ဖြစ်ကြောင်း ခံစားရ၏။


ကလေးတစ်ယောက်၏ စိတ်အခြေအနေသည်ကား ပြောင်းလဲလွယ်လေသည်။ သူမထိုဟာကို နေ့တိုင်းစောင့်မျှော်နေခဲ့သော်လည်း ယခုတွင် သူမမသွားချင်တော့ပေ။ 


"ရှောင်မန်  သမီးလေး ဒါက ကောင်းတဲ့အရာပါကွယ်..."

ဆရာထန်ကပြောလိုက်၏။

"ဒီမှာရှိတဲ့ ကလေးတွေအများကြီးက ကျောင်းသွားဖို့ အခွင့်အရေးမရှိကြဘူး...ဒါပေမဲ့ရှောင်မန်မှာ ပိုကောင်းတဲ့နေရာတွေမှာ တက်နိုင်မဲ့ အခွင့်အ ရေးရှိတယ်လေ...သမီးရဲ့ဘွားဘွားနဲ့ သမီးဦးလေးက လည်း သမီးလိုပဲလေ ...ဒါက ပြည့်စုံမနေဘူးလား...သမီးသာမသွားဘူးဆိုရင် သူတို့ကို စိတ်ပျက်စေမှာမဟုတ်ဘူးလား..."


"ဒါပေမဲ့သမီး.....သမီး ဆရာထန်ကို မထားခဲ့ရက်ဘူး...."


"မထားခဲ့ရက်ရင် သမီးနှလုံးသားထဲမှာပဲ ဆရာ့အကြောင်းကို တွေးနေလိုက်ပေါ့..."


"အမ်...ဒီလိုရော ရတယ်လား..."


"ဘာလို့မရရမှာလဲ...."


ကျန်းရှောင်မန် ထိုအကြောင်းကို လေးလေးနက်နက်စဥ်းစားနေခဲ့ပြီး ကြည့်ရသည်မှာ အမှားအယွင်း တစ်စုံတစ်ရာရှိပုံမရပေ။ တွေးကြည့်လေလေ  မှန်လေလေဖြစ်နေသော ခံစားချက်ကိုသာရလေသည်။


"အဲ့ဒါဆို သမီးဆရာထန့်အကြောင်းကို နေ့တိုင်းတွေးမယ်..."


ကျန်းရှောင်မန် လက်သီးတင်းတင်းဆုပ်ပြီး ပြောလိုက်၏။


ဆရာထန်က ဘာမှပြန်မပြောဘဲ ရယ်ပဲရယ်နေလေသည်။ 


အချိန်အနည်းငယ် စကားစမြည်ပြောဆိုနေပြီးနောက် နည်းနည်းနောက်ကျနေပြီမှန်း ကျန်းရှင်းတွေ့ လိုက်ရ၏။ သူ ကျန်းရှောင်မန်ကို ကောက်ချီပြီး ဆရာထန်ကိုနှုတ်ဆက်လိုက်သည်။ 


ကျန်ရှောင်မန်လေးသည် အလွန်ကို ဝမ်းနည်းနေခဲ့ပြီး လမ်းလျှောက်ရင်းငိုနေခဲ့၏။ နှုတ်ဆက်ခွဲခွာခြင်း သည် ဤမျှဝမ်းနည်းစရာကောင်းမည်ဟု မထင်ထားမိခဲ့ပဲ သူမ ထွက်သွားဖို့ရာ တွန့်ဆုတ်နေခဲ့၏။ 


သူမ အများကြီး ငိုမိထားသဖြင့်  မျက်လုံးတွေ ဝေ့ဝါး ပြီး အသက်ရှူမဝတော့ပေ။


"မငိုနဲ့တော့...မမောဘူးလား... ခဏနေပြီးရင် လမ်းမလျှောက်နိုင်ဘဲနေမယ်...."

ကျန်းရှင်းက ပြောလိုက်သည်။


ကျန်းရှောင်မန်က ယုံကြည်မှုရှိရှိ အကြောင်းပြချက် ခိုင်ခိုင်မာမာဖြင့် ပြန်ဖြေလာ၏။

"သမီးလမ်းမလျှောက်နိုင်တော့ရင်... သမီးကို သယ်ပေးဖို့ ဦးလေးရှိသေးတာပဲမဟုတ်ဘူးလား..."


အိုး...ဘယ်လိုတောင် မိမိုက်တဲ့ကောင်မလေးလဲ...


ကျန်းရှင်း စိတ်တိုလွန်း၍ တရှူးရှူးတရှဲရှဲဖြင့် သူမကို ကျောပေါ်တင်ပြီး ပြေးလေ၏။ 


သူ့ကျောပေါ်ရှိ ခြင်းတောင်းက သိပ်မကြီးသည့် ကျန်းရှောင်မန်နှင့် ကွက်တိလောက်သာရှိလေသည်။ သူ သူမကို ငြိမ်ငြိမ်နေဖို့ပြောပြီး အိမ်ပြန်ပြေးလာခဲ့၏။


သူတို့သာ မကြာခင် ပြန်မရောက်ပါက မှောင်တော့မှာဖြစ်ပြီး အိမ်ရှိကျန်းဟွေ့မိန်က သူတို့ဘာလို့ခုထိပြန်မရောက်သေးတာလဲဟု တွေးပူနေမှာဖြစ်သည်။ 


ကျန်းရှောင်မန် ငိုထားသဖြင့် အလွန်ပင်ပန်းနေခဲ့၏။ သူမလေးသည် သူ့ကျောပေါ်ရှိ ခြင်းတောင်းထဲတွင် တစ်ချက် တစ်ချက်  ငိုရှိုက်ရင်း အိပ်ပျော်နေ​လေသည်။ 


ကျန်းရှင်း တစ်လမ်းလုံး အလောတကြီးဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ ကောင်းကင်ကြီး လုံးလုံးလျားလျားမမှောင်သေးခင်တွင် အိမ်ပြန်ရောက်အောင် လုပ်နိုင်ခဲ့၏။


အကယ်၍ သူတို့သာ ကားမောင်းပြီးသွားခဲ့လျှင် ဤမျှပင်ပန်းရမည်မဟုတ်ပေ။


လက်ရှိတွင် ကားတွေရှားပါးမနေသော်လည်း လမ်းကား ဆိုးလွန်းသည်။


လမ်းပြန်ပြင်နိုင်ရင် ကောင်းမှာပဲ...

ကျန်းရှင်း သက်ပြင်းချလိုက်၏။


မီးဖိုချောင်ထဲက မီးခိုးတွေထွက်နေသည်ကို အဝေးမှ မြင်လိုက်ရသည်တွင် ကျန်းရှင်း သူ့အရှိန်ကို မြင့်လိုက်သည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ကျန်းဟွေ့မိန်၏ ရွှင်ပျပျရယ်မောသံကို သူကြားနေရ၏။ သူမသည် ဘေးအိမ်က အဘွားနှင့် နံရံခြား၍ စကားပြောနေလေသည်။


"ညည်း ပြောတာ တကယ်အမှန်ကြီးလား...

အဲ့လိုသာဆို ငါပျော်ပျော်ကြီးသေလို့ရပြီ..."

ကျန်းဟွေ့မိန်က အော်ပြော လိုက်သည်။ 


အိုးခွက်သံတွေ၊ ဇွန်းဇလုံသံတွေနှင့်အတူ ဘေးအိမ်ကလူက ပြန်ဖြေလာ၏။

"အမှန်ကြီးတော်...ကျုပ်က ကျုပ် အမေ့ဘက်ကမိသားစုကနေ အခုလေးတင်ပြန်ရောက်လာတာမလား...ဟုန်ရှင်းကောတို့သားအဖ အဖမ်းခံရကြောင်း ရွာထဲမှာ သတင်းပြန့်ပြီးနေပြီ...

လောင်းကစားလုပ်ဖို့ လူတွေစုခဲ့တာလို့ ပြောတယ်...ဆယ်ရက်ကနေ တစ်လအထိ အချူပ်ကျမဲ့အပြင် ဒဏ်ငွေလည်းဆောင်ခဲ့ရတယ်တဲ့...ကျစ် ကျစ်... ဒုက္ခရောက်မှာသေချာပေါက်ပဲ....."


"သူတို့ခံသင့်တာပဲလေ ...."

ကျန်းဟွေ့မိန် စက်ဆုပ်ရွံရှာစွာဖြင့် သက်ပြင်းမှုတ်ထုတ်ပြီး နောက်ဆုံးတွင်  သက်တောင့်သက်သာဖြစ်သွားခဲ့သည်။


နှစ်သစ်ကူးကာလအတွင်းတွင် လူတိုင်းသည် အားနေကြပြီး ဘာအလုပ်မှမရှိကြပေ။ အချို့လူများသည် မာကျောက်ကစားခြင်း၊ကတ်ကစားခြင်း သို့မဟုတ် အခြားအရာများကို လောင်းကြေးအနည်းငယ်ဖြင့် ကစားကြ၏။ ထိုဟာက အဆင်ပြေပြီး ဘယ်သူမှ အရေးမစိုက်ပါချေ။


သို့ပေမဲ့ လောင်းကစားလုပ်ဖို့ လူစုလူဝေးများ စုဆောင်းသည်ကား...လောင်းကြေး ပမဏ ကြီးရမည်ဖြစ်သည်။ လောင်းကစားကို စွဲလမ်းသူတိုင်းသည် မကြာမီသို့မဟုတ် နောက်ပိုင်းမှာ အရာအားလုံးကို ဆုံးရှုံးရလိမ့်မည်ဖြစ်၏။ရွှေတောင်ကြီး၊ငွေတောင်ကြီး ဆိုရင်တောင် ပျောက်ကွယ်သွားမှာဖြစ်လေသည်။ 


ကျန်းရှင်းကော၏ အိမ်တွင် ပိုက်ဆံမရှိသည့်အတွက် ထိုလောင်းကြေးရန်ပုံငွေများ ဘယ်ကလာသည်ကို ကျန်းဟွေ့မိန် အတိအကျ သိပါ၏။ 


သူမအနေဖြင့် အစပိုင်းမှာ စိတ်မသက်မသာဖြစ်ခဲ့ပြီး မပေးလိုက်သင့်ဟု ခံစားခဲ့ရသည်။သို့ပေမဲ့ ယခုမူ သူတို့သည် ကိုယ့်သေတွင်း ကိုယ်တူးပြီး ထောင်ထဲဝင်သွားကြသည့်အတွက် သူမပီတိဖြာသွား၏။


ကျန်းရှင်း ကျန်းရှောင်မန်ကို အောက်ချပေးပြီးနောက် မီးဖိုထဲကို လှမ်းအော်လိုက်သည်။ 

"အမေ...ရှောင်မန်နဲ့ ကျွန်တော် ပြန်ရောက်ပြီ...

ကျွန်တော်တို့ ဘယ်ချိန်စားရမှာလဲ...."


"အေး... ရတော့မယ် ...ခဏစောင့်...."


Chapter 70


ရာသီဥတုက အပူနှင့်အအေးကြားတွင် လျင်မြန်စွာ ပြောင်းလဲနေသည်။ နှစ်သစ်ကူးအပြီးနောက်တွင် ပိုပြီးပူနွေးလာခဲ့သော်လည်း ယမန်နေ့ညတွင်မူ နှင်းများထူပိန်းနေအောင် ကျခဲ့ပြန်၏။


ကျန်းရှောင်မန် နိုးလာသည့်အချိန်၌ သစ်ကိုင်းခြောက်များပေါ်တွင် နှင်းများဖုံးအုပ်နေပြီဖြစ်ကာ ကောင်းကင်နှင့်မြေကြီး အကြားရှိ အရာရာတိုင်းသည် အဖြူရောင် ဆေးခြယ်ထားလျက်ရှိလေသည်။


"ဝါး...နှင်းကျနေတယ်..."

ကျန်းရှောင်မန် ပျော်ရွှင်စွာ အော်လိုက်ပြီး ပြတင်းပေါက်ကိုဖွင့်၍ အပြင်သို့ကြည့်လိုက်၏။


သူမ ဘယ်ပြန် ညာပြန် ကြည့်နေသော်လည်း ဘွားဘွား၏အရိပ်အယောင်ကို မတွေ့ရပေ။


ဘွားဘွား အိမ်မှာမရှိကြောင်းအတည်ပြုပြီးသည့်နောက်တွင် ချက်ချင်း  သူမ ဝမ်းမြောက်ဝမ်းသာ အပြင်ပြေးထွက်ကာ နှင်းများနှင့် ကစားနေလေသည်။


ဤသည်ကား သူမ အကြာကြီး စောင်နေခဲ့ရသည့် နှင်းထူထူ ဖြစ်ပါ၏။ နောက်ဆုံးတွင် သူမ ယွီချင်ရှစ်ကို ပြဖို့ နှင်းလူသား လုပ်လို့ရပြီဖြစ်သည်။


ကလေးမလေးသည် ခွန်အားများများမရှိသဖြင့် နှင်းတွေကို ဘောလုံးပုံစံ မလုံးနိုင်ဖြစ်နေ၏။

သူမ အော်ဟစ်ပြီး ခွန်အားအကုန်ထုတ်သုံးခဲ့သော်လည်း နှင်းတွေက အပုံလိုက်သာရှိနေပြီး နှင်းဘောလုံးတစ်လုံးတောင် မလုပ်နိုင်သေးပေ။ 


သူမ ခံပြင်းပြီး အော်ငိုတော့သည်။


သူမ၏ငိုသံသည် သူ့အခန်းထဲတွင် တခူးခူး အိမ်ပျော်နေတုန်းဖြစ်သည့် ကျန်းရှင်းအား နိုးသွားစေ၏။ ကျန်းရှင်း ပြတင်းပေါက်ဖွင့်လိုက်ရာတွင် နှင်းတွေထဲတွင် ထိုင်ကစားနေသည့် ကလေးမလေးကို တွေ့လိုက်ရသည်။ သူ လန့်လွန်း၍ တံခါးကနေ ဖြတ်သွားမည့်အစား ပြတင်းပေါက်ကနေခုန်ထွက်မိလိုက်၏။ 


"ချီးထုပ် မလေး...ဘာလုပ်နေတာလဲ...မင်းဖျားသွားရင် မင်းဘွားဘွားက ငါ့ကိုသေအောင်ရိုက်မှာကွ...."


ကျောင်းက ခုထိမဖွင့်သေးသဖြင့် စားသောက်ဆောင်ထဲရှိ မီးဖိုက လတစ်ဝက်လောက် အေးကျန်နေခဲ့လေသည်။ ကျန်းဟွေ့မိန်ကား အယူသီးသူဖြစ်သဖြင့် သူမအားသည့်အချိန်တိုင်း ကျောင်းသို့သွား၍ မီးဖိုအား အပူပေးလေ့ရှိ၏။ ဤသို့မှသာ မီးဖိုချောင်နတ်ဘုရားက ကျောင်းသားများကို ပူနွေးပြီးအရသာရှိသည့်အစားအသောက်များ ချီးမြင့်မှာဖြစ်လေသည်။ 


သူမက ယခု ကျောင်းတွင် သန့်ရှင်းရေးလုပ်ရင်း အလုပ်ရှုပ်နေ၏။ ဒီနေ့သူမစောစောထွက်မသွားခင်တွင် ကျန်းရှင်းအား ကျန်းရှောင်မန်ကို ဂရုစိုက်ဖို့မှာခဲ့သည်။ သူမ တစ်နေကုန်ထိတိုင် ပြန်ရောက်မှာ မဟုတ်ပေ။ ကျန်းရှင်း အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် သဘောတူခဲ့၏။


ကျန်းရှောင်မန် အတော်စောစောနိုးလာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ချေ။ ကျန်းဟွေ့မိန် ထွက်သွားပြီးနောက် မကြာခင်တွင် သူမက နိုးနေပြီဖြစ်သည်။  ရလာသည့်အခွင့်အရေးကို ဆုပ်ကိုင်ပြီး သူမ၏လက်ပုစိလေးများနီရဲလာသည်အထိ နှင်းများနှင့် ကစားနေခဲ့လေသည်။ 


ကျန်းရှောင်မန် သူမ၏အေးခဲနေသောလက်များဖြင့် သူ့နားရွက်များကို ဖျစ်ညစ်ကာမေးလိုက်၏။

"ဖျားတဲ့သူကသမီးဆိုရင်...ဘွားဘွားက ဘာလို့ဦးလေး ကိုရိုက်မှာလဲ ..."


"သူက ငါ့ကို မရိုက်လို့ မင်းကိုရိုက်မှာလား...ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ထဲကတစ်ယောက်က အရိုက်ခံရမှာ..."


သေချာတာကတော့ အဲ့ဒီလူက သူပဲပေါ့...


ကျန်းရှောင်မန်က "အိုးးးး"ဟု သံရှည်ဆွဲလိုက်ပြီး

နောက် ပြောလေသည်။

"အဲ့ဒါဆို ဦးလေးက အရမ်းသနားစရာကောင်းတာပဲ...."


တယ်...ဒီခေါင်းလေးကတော့...


ကျန်းရှင်း စိတ်တိုးလွန်း၍ သူမတင်ပါးလေးကိုရိုက်ပြီး အိမ်ထဲပြန်ချီလာသော်လည်း ကျန်းရှောင်မန်က ငြင်းဆန်နေကာ အတင်းတွေရုန်းကန်နေ၏။


"မဝင်ချင်ဘူးလို့...သမီးက နှင်းလူသားလုပ်ချင်တာပါဆို...သမီးအဲ့ဒါကို ယွီချင်းရှီကို ပြချင်တယ်..."


အကယ်၍ ယနေ့သာ နှင်းမကျခဲ့ပါလျှင် သူမထိုအကြောင်းကို မေ့သွားလောက်ပြီဖြစ်သည်။


"မင်းက ဘာကိုပြမှာလဲ...နေထွက်တာနဲ့ နှင်းတွေက အရည်ပျော်သွားမှာ...မင်းလုပ်ရင်တောင် သူမြင်လိုက်ရမှာမဟုတ်ဘူး...."

 ကျန်းရှင်းက ပြောလိုက်သည်။ 


၎င်းက အဓိပ္ပါယ်ရှိ၏။


ကျန်းရှောင်မန်၏ မျက်နှာလေး ရှုံ့မဲ့သွားပြီး သူမခဏလောက်အတွေးနယ်ချဲ့နေလေသည်။ 


ထို့နောက် သူမအထဲပြန်ပြေးဝင်ကာ ပစ္စည်းဗီရိုကို လှန်လောပြီး ကျန်းရှင်း၏ကင်မရာကိုယူ၍ ပြန်ထွက်လာ၏။ 


"အဲ့ဒါဆို ဓာတ်ပုံရိုက်ပြီးပဲ သူ့ကိုပြလိုက်မယ်လေ..."


ဟူး...အရမ်းကို ပြဿနာမီးမွှေးရှာတာပဲ...


ကျန်းရှင်း ချဥ်တူတူးမျက်နှာဖြင့်ပင် ခေါင်းညိတ်လိုက်ရသည်။

"ကောင်းပြီ...ထိုင်ခုံတစ်ခု ယူပြီးဘေးမှာ ထိုင်ကြည့်နေ...ငါမင်းအတွက် တစ်ခုလုပ်ပေးမယ်..."


"တကယ်လား..."


"တကယ်...ငါ့လက်တွေကပြောတယ်...သူတို့က မင်းရဲ့အမိန့်အတိုင်း နာခံပြီး မင်းခိုင်းသမျှလုပ်ပေးမယ်တဲ့...."


"ဦးလေးရဲ့လက်တွေက ရုတ်တရက် ထပြီး မနာခံလာရင်ရော..."


"တကယ်လို့ ငါ့လက်တွေက ရုတ်တရက်  မနာခံလာမယ်ဆိုရင်... အဲ့ဒါက သူတို့မင်းကို မရိုက်ချင်ဘဲ မနေနိုင်တော့ဘူးဆိုတဲ့အဓိပ္ပါယ်ပဲ..." 


ကျန်းရှင်း အံကြိတ်ကာဆိုသည်။

"မင်း ဒါကိုလုပ်ချင်သေးလား...မလုပ်ချင်ရင် ငါပြန်အိပ်တော့မယ်..."


ကျန်းရှောင်မန်လေး ပါးစပ်ပိတ်လိုက်ရပြီး သူ့အား နှင်းလူသားလုပ်ဖို့ပဲ ညွှန်ကြားလိုက်တော့၏။


ပထမဆုံး သူတို့ နှင်းလူသား ကျန်းရှောင်မန်ကို လုပ်ခဲ့ကြပြီး ၎င်းနောက်  ကျန်းရှင်းနှင့် ကျန်းဟွေ့မိန်တို့ကို လုပ်ခဲ့ကြသည်။


နှင်းလူသား သုံးယောက်ကအတူတူရပ်ရပ်နေကြ၏။ အလယ်တွင် ကျန်းရှောင်မန်လေးပါသည့် မိသားစုသုံးယောက်ပင်။


ထိုဟာနှင့်ပတ်သတ်၍ အနည်းငယ်တွေးကြည့်ပြီးနောက် ကျန်းရှောင်မန် မလုံလောက်သေးဘူးဟုခံစားရသည်။ထို့ကြောင့် သူမကျန်းရှင်းအား ဟွားဟွားကို ကိုယ်စားပြုသည့် ဝက်တစ်ကောင်ရောလုပ်ဖို့ ပြောလိုက်၏။


"..."

ကျန်းရှင်းက ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။


ဟွားဟွားက အရမ်းကြီး၏။  နောက်ထပ်တစ်ခုသာ ထပ်လုပ်ရမည်ဆိုပါက သူ့လက်တွေတကယ်ကြီး ပြုတ်ထွက်တော့မှာဖြစ်သည်။


ထို့ကြောင့် သူတည်တည်ငြိမ်ငြိမ်ဖြင့် ဗားရှင်းအသေးစားလေးတစ်ခု လုပ်လိုက်၏။ လက်ဖဝါးထဲတွင် ထည့်ထားလို့ရသည့် အလွန်သေးငယ်သော ဝက်ပိစိလေးပင်။


သူထိုဟာကို လုပ်ပြီးနောက် ကျန်းရှောင်မန် ပျော်ရွှင်စွာ အော်မိလိုက်သည်။ သူမ ထိုဟာကို အရမ်းကြိုက်လေ၏။ 


သူမ၏ဘွားဘွားနှင့်ဦးလေးကိုလည်း ကြိုက်သော်ငြား ချစ်စရာအကောင်းဆုံးတစ်ခုကို ပြောရမည်ဆိုလျှင် သေချာပေါက် ဤတစ်ခုဖြစ်လေသည်။