Chapter 71
ကျန်းရှောင်မန် ၎င်းနှင့် အကြာကြီး ကစားနေခဲ့ပြီး နှင်းလူသားတွေကို တစ်ခုချင်း ဓာတ်ပုံခွဲရိုက်ရန်ဆုံးဖြတ်လိုက်သည်။
နှင်းလူသားသုံးရုပ်သည် မြေပြင်ပေါ်တွင် ထီးထီးတည်ရှိနေခြင်းဖြစ်ကာ ရှိနေသည့်နေရာတွင်ပင် ဓာတ်ပုံရိုက်၍ရ၏။ ကျန်းရှောင်မန်က ကျန်းရှင်းအား ဝက်ပိစိလေးကို ကောက်ယူပြီး လက်ထဲမှာကိုင်ခိုင်းလေသည်။
"လက်ကို နည်းနည်းပိုဖြန့်ပြီး နောက် နည်းနည်းဆုတ်....."
ကျန်းရှောင်မန် ကျန်းရှင်းကို အော်ပြောလိုက်၏။
ကျန်းရှင်းက လိမ်လိမ်မာမာဖြင့် သူမ၏တောင်းဆိုမှုအတိုင်း လိုက်နာလေသည်။ ကင်မရာရှပ်တာ၏ ကလစ်သံကို ကြားလိုက်ရသောအခါ သူ့တစ်ကိုယ်လုံး ပြေလျော့သွားတော့၏။
ဒီကလေးမလေးက သူ့ကို ညဥ်းဆဲသည့်နေရာတွင် အရမ်းတော်သည်ပင်။ သူ့အရိုးအိုတွေ သေလောက်အောင်ပင်ပန်းနေလေပြီ။
ကျန်းဟွေ့မိန် ပြန်ရောက်လာချိန်တွင် နှင်းတွေက အရည်မပျော်သေးပေ။ သူတို့ နှင်းလူသားတွေကို ဖျက်ဆီးပြီးပြီဖြစ်သော်လည်း အကုန်အစင်တော့မဟုတ်ချေ။ ကျန်းဟွေ့မိန်၏ စူးရှသည့်မျက်လုံးများအနေဖြင့် တစ်ချက်ကြည့် ရုံနှင့်ပင် အကုန်လုံးကို ရှာတွေ့သွားလေ၏။
သူမ မျက်ခုံးများတွန့်ချိုးလာပြီး ကျန်းရှောင်မန်အား အသံမြင့်၍မေးလိုက်သည်။
"ရှောင်မန်...နှင်းထဲမှာထပ်ကစားပြန်ပြီလား...."
ကျန်းရှောင်မန်က တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လက်ညိုးထိုးပြပြီး အသံသေးသေးလေးဖြင့် ပြောလာ၏။
"ဟုတ်ဘူး...ဟုတ်ဘူး...သမီးမဟုတ်ဘူး...အဲ့ဒါ ဦးလေး...."
ကျန်းရှင်းလည်း ချက်ချင်းထပြောလိုက်သည်။
"ဟုတ်တယ်...နှင်းထဲမှာကစားတဲ့သူက ကျွန်တော်ပါ...ရှောင်မန်မကစားဘူးရယ်...စိတ်မပူနဲ့ အမေ...."
သူ့အသံထွက်လာပြီးသည်နှင့် ကျန်းဟွေ့မိန်၏ မျက်နှာ ချက်ချင်း ပြောင်းသွားမည်ဟု ဘယ်သူထင်ပါ့မလဲ။ သူမက တံမြက်စည်းကို ကောက်ကိုင်ပြီး မာန်မဲလိုက်၏။
"အိုး...နင် တကယ်ကြီး ရှောင်မန့်ကို ငါ့ကို လိမ်ဖို့ သင်ပေးထားတယ်ပေါ့လေ...."
ကျန်းရှောင်မန် နှင်းထဲမှာ မကစားခဲ့သော်ငြား ကျန်းရှင်ကား အရိုက်ခံရဆဲပင်။
ကျန်းရှင်း အင်မတန်ခါးသီးသွားခဲ့သည်။ သူ အရမ်းကိုစိတ်ဆင်းရဲပါ၏။
–————––––
နှင်းတွေက နှစ်ရက်ကြာအောင်ဆက်ကျနေခဲ့ပြီး နောက်ဆုံးတွင် စတင်အရည်ပျော်လာခဲ့သည်။ နှင်းထုများကြောင့် ပိတ်ထားသည့် မြို့သွားလမ်းသည်လည်း ပြန်ဖွင့်လာပြီဖြစ်၏။
ကျန်းရှင်းက အချိန်မဖြုန်းခဲ့ပေ။ ကောင်းကင်ကြီး ကြည်လင်လာသည်နှင့် သူ ချက်ချင်း ပြောလိုက်သည်။
"အမေ...ကျွန်တော် မနက်ဖြန် မြို့ပေါ်ထပ်သွားရမယ်...."
"ထပ်သွားဦးမှာလား...."
ကျန်းဟွေ့မိန်က စိတ်ပူပူဖြင့် ပြောလေသည်။
"လမ်းက မကောင်းဘူး... ဘာလို့ နောက်ထပ်နှစ်ရက်လောက်မစောင့်ရမှာလဲ....."
လမ်းက မကောင်းသော်လည်း ဖြတ်သွားဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ကျန်းရှင်းအနေဖြင့် စောင့်စရာမလိုဟုထင်မိသည်။ အကယ်၍ သူဆက်ပြီး နှောင့်နှေးနေမည်ဆိုပါက လုပ်ငန်းက ပြီးတော့မှာမဟုတ်ချေ။
"မလိုဘူး...အချိန်ကလူကိုမစောင့်ဘူး...နှောင့်နှေးနေမြဲဆိုရင် ဘဝတစ်ခုလုံး ကိုယ်မသိလိုက်ခင်မှာ ပြီးသွားလိမ့်မယ်....."
ထိုစကားထွက်လာသော အခါ ကျန်းဟွေ့မိန် အံ့ ဩတုန်လှုပ်ပြီး ကြောင်အသွားလေ၏။
ဒီ...ဒီဟာက သူမရဲ့ရှင်းရှင်း ပြောလိုက်တာရောဟုတ်ရဲ့လား...
သူ ဆေးမှားသောက်မိထားတာတော့ မဟုတ်ပါဘူးနော်...
ကျန်းဟွေ့မိန် ကျန်းရှင်းအား သူမသူ့ကို မမှတ်မိသလိုမျိုး ဗလာအကြည့်ဖြင့် စိမ်းစိမ်းကြီး စိုက်ကြည့်လိုက်သည်။
ကျန်းရှင်းက လေးလေးနက်နက် ပြောလာခဲ့၏။
"အမေ...အမြဲတမ်း ကျွန်တော့်ကို မယုံသင်္ကာဖြစ်မနေပါနဲ့...ကျွန်တော့်ကို အဲ့လိုကြီး မကြည့်နဲ့...ကျွန်တော်က အရင်ကနဲ့မတူတော့ဘူး...ဆရာထန်ရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ စံနမူနာတွေကြောင့်... ကျွန်တော့်စိတ်က အခု အမြင်မှန်ရနေပါပြီ...."
"..."
ကျန်းဟွေ့မိန် ပြောစရာစကားမဲ့သွားသည်။
သိတဲ့လူတွေက အမြင်မှန်ရတယ်လို့ တွေးကြမှာပေမဲ့... မသိတဲ့လူတွေကတော့ စျာန်ရသွားပြီ လို့ ထင်ကုန်တော့မှာပဲ....
(E/N–အမြင်မှန်ရတာနဲ့ စျာန်ဝင်တာက စကားလုံးတစ်လုံးတည်းကို မျှသုံးထားတဲ့အတွက် သံတူကြောင်းကွဲတွေပါ)
သို့သော် ကျန်းရှင်းက ဆုံးဖြတ်ပြီးနေပြီဖြစ်၍ ကျန်းဟွေ့မိန် ဝင်မစွက်ဖက်တော့ဘဲ သူ့အား သူ့အလုပ်သူလုပ်ခိုင်းလိုက်တော့၏။
နောက်တစ်နေ့တွင် ကျန်းရှင်းစောစောထခဲ့ပြီး ပျားတစ်ကောင်ကဲ့သို့ အလုပ်ရှုပ်နေခဲ့သည်။
သူဆံပင်များကို ရေးနွေးဖြင့် လျှော်ခဲ့ပြီး ခေါင်းလိမ်းဂျယ်ဖြင့် တောက်ပြောင်နေအောင် ပုံသွင်းထားလေ၏။
ကျန်းရှောင်မန်က အိပ်ချင်မူးတူးဖြင့် သူ့အား ဗလာသက်သက် စိုက်ကြည့်လိုက်ပြီး သူ့လက်ထဲက ခေါင်းလိမ်းဂျယ်ပုလင်းကို ကြည့်လာသည်။
ဦးလေးက ဒီလိုပစ္စည်းကောင်းလေးကို သူမကိုမပြောဘဲ ဝှက်ထားတာပဲ...
သူမ ၎င်းကို သူမ၏ဆံပင်ပေါ်တွင်လည်း လိမ်းချင်သော်လည်း ပြောရမှာတအားရှက်နေခဲ့၏။
ထိုပစ္စည်းသည် လူကြီးတွေပဲသုံးလို့ရပြီး ကလေးတွေ သုံးမရသည့်ပုံပေါ်သည်။
ကျန်းရှောင်မန် မတော်တဆပြောမိဟန်ဆောင်လိုက်၏။
"ဦးလေးက အရမ်းနံတာပဲ...."
ဝူး...ဝူး...သူမလည်း အဲ့ဒါကို တစ်ခါလောက် တကယ်သုံးကြည့်ချင်တယ်လေ....
ကျန်းရှင်းက သူမစကားကိုကြားလိုက်ရာတွင် သူမကိုကြည့်ပြီး လှောင်လိုက်သည်။
"နံတယ်...ခဏခဏ မင်းလည်းဒီလိုမျိုးပဲ ငါ့ကို မင်းရဲ့အမြီးနှစ်ခွကို ထုတ်ကြွားနေကျပဲမဟုတ်ဘူးလား...."
သူ့ကို အခုလိုမြင်ရတာမပျော်ဘူးမလား...
ပြန်ဆပ်စမ်း...ချီးထုပ်မလေး...
"သမီး....."
ကျန်းရှောင်မန်က ခေါင်းလေးငုံ့ပြီးပြောလာခဲ့၏။
"သမီးက မနံဘူး...အဲ့ဒါအပြင့် ဦးလေးက အိုနေပြီ..."
ကျန်းရှင်း အမျက်ခြောင်းခြောင်းထွက်သွားသည်။ သူ သူ့ဆံပင်ကို လက်နှင့်သရင်း ဆက်လှောင်လေ၏။
"မင်းဘာသိလို့လဲ...အဲ့ဒါက ဝိုင်ကောင်းကောင်းက သက်တမ်းရင့်လေ ပိုကောင်းလေပဲ လို့ခေါ်တယ်...."
ကျန်းရှောင်မန် သူ့ကိုပြန်မဖဲ့တတ်သဖြင့် နှုတ်ခမ်းကိုက်ပြီး ဆက်ငြိမ်နေလိုက်သည်။
လူကြီးတွေမှာ အမြဲတမ်း ထူးဆန်းတဲ့ ဆင်ခြေဆင်လက်တွေ စကားလုံးတွေ ရှိကြတယ်...ကလေးတွေလို မရိုးသားကြဘူး.... ဟမ့်...
အကုန်လုံး နှစ်ပေါက်တစ်ပေါက်ရိုက်နေတာတွေချည်းပဲ...
ကျန်းရှင်းထွက်သွားသောအခါ ကင်မရာကိုလည်းဖလင်ဆေး ဖို့ သူနှင့်အတူယူသွားခဲ့၏။
ရွာမှာ ဓာတ်ပုံစတူဒီယိုမရှိသောကြောင့် သူ့အနေဖြင့် မြို့ကိုယူသွား၍ ဓာတ်ပုံများကူးရမှာဖြစ်လေသည်။
ကျန်းရှောင်မန်သည် ထွက်လာသည့် ပုံများကို သိပ်မကြာခင် မြင်ရဖို့မျှော်လင့်နေပြီး သူအားပျော်ပျော်ကြီး အပြင်လိုက်ပို့ကာ မြန်မြန်အိမ်ပြန်လာဖို့ မှာလိုက်၏။
Chapter 72
ကျန်းရှင်း မြို့ကိုသွား၍ အလုပ်အကိုင်ရှာဖွေရေးရုံးတစ်ခုကို ရှာဖွေခဲ့သည်။
သူ့တွင် ရွာ၌ညီအကိုများစွာရှိသဖြင့် သူ့စကားတစ်ခွန်းတည်းဖြင့် လူအများအပြားကို ဆင့်ခေါ်နိုင်သည်ဟု ပြောခြင်းကား ချဲ့ကားရာကျမည်မဟုတ်ပေ။ သူ့အနေဖြင့် များများစားစား အားစိုက်ထုတ်စရာမလိုဘဲ ထောက်ပို့အသင်းတစ်ခုကို စုစည်းနိုင်ခဲ့၏။ သို့သော်ငြား မြို့ပေါ်တွင်မူ သူသည် နေရာစိမ်းလူစိမ်းဖြစ်သဖြင့် မဆင်မပြေပါချေ။
မစ္စတာယွီက အလုပ်အတွက် လူမှန်ကို သုံးရမည်ဟုပြောသည်။ အချို့အရာများသည် ကိစ္စများကို ပိုပြီးလွယ်ကူစေဖို့ ငွေကုန်ကြေးကျခံရခြင်းက ထိုက်တန်၏။အချိန်ကုန်၊လူကုန်သက်သာစေပါက ထိုကဲ့သို့သော အသုံးစရိတ်များကို ချုပ်တည်းထားရန်မလိုအပ်ပေ။ အရာအရာတိုင်းကို ကိုယ်တိုင်ကိုယ်ကျ လုပ်နေခြင်းသည် အထွတ်အထိပ်သော မိုက်မဲမှုဖြစ်လေသည်။
ကျန်းရှင်း သူပြောသည်က အဓိပ္ပါယ်ရှိသည်ဟုထင်မိသည့်အတွက် သူအနေဖြင့် အလုပ်ပွဲစား အပေါ်အလွန်ရက်ရောပါ၏။
သူက စီမံခန့်ခွဲရေး ဝန်ထမ်း၊ ယာဥ်မောင်းအသစ်များ၊ကုန်လှောင်ရုံတစ်ခုနှင့် ဝန်ထမ်းနေရာချထားမှု စီမံခန့်ခွဲရေး ဝန်ထမ်းတို့ကိုရှာနေခြင်းဖြစ်လေ သည်။ သူက ၎င်းတို့အားလုံးကို အလုပ်ပွဲစားများဆီအပ်ထားခဲ့ပြီး ပိုက်ဆံအများအပြားသုံးစွဲ ခဲ့၏။
တရားဝင် လုပ်ငန်းဆောင်တာများပြီးသွားသည့်အခါတွင် ကျန်းရှင်းက ပေါ့ပေါ့ပါးပါးနှင့် မေးလိုက်သည်။
"ကျွန်တော့်မိသားစုက ကလေးက မကြာခင် မူကြိုကျောင်း တက်ရတော့မှာ...ပြီးတော့ ကျွန်တော်တို့ ဒီမှာ အိမ်တစ်လုံးဝယ်ဖို့ စီစဥ်ထားတယ်... သင်ကြားရေးအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုရှိရမယ်... ကျောင်းအဆောက်အဦးတွေနဲ့လည်းနီးပြီးတော့ ကျောင်းသွားဖို့ အဆင်ပြေရမယ်...သင့်တော်မဲ့နေရာလေးတစ်ခုလောက် ညွှန်းပေးလို့ရမလား...."
ဤသည်က အလုပ်ပွဲစားတစ်ယောက်၏ အလုပ်မဟုတ်သော်လည်း ကျန်းရှင်းက အတော်လေး ရက်ရောခဲ့သည်ဖြစ်ရာ အလုပ်ပွဲစားအနေဖြင့် သူ့အား မျက်နှာသာပြန်ပေးချင်သည့်အတွက် သူသိသမျှအရာအားလုံးကို ပြောပြလိုက်၏။
"ကျောင်းစီရင်စုအိမ်မို့လား...လွယ်ပါတယ်... ကျွန်တော့် သူငယ်ချင်းတစ်ယောက်က တလောက အိမ်ရောင်းချင်နေတာ...ခင်ဗျားနဲ့ကိုက်ပါ့မလားတော့မသိဘူး...ဘော့စ်ကျန်းရဲ့မိသားစုက ကလေးက ဘယ်အရွယ်လဲ...ဘယ်ကျောင်းကို တက်ချင်တာလဲ...."
ပထအဆုံးအကြိမ် ကြိုးစားမှုတွင် တစ်ကိုက်ရဖို့ကျန်းရှင်း မမျှော်လင့်ထားခဲ့ပေ။ သူမေးစေ့ကို ပွတ်ပြီးပြောလိုက်သည်။
" လေးနှစ်ရှိပြီ ...သူက ကမ္ဘာ့အကောင်းဆုံးမူကြိုကျောင်းကို တက်မှာလေ...."
(T/N– ကြက်ကန်းဆန်အိုးတိုးသလိုပါပဲ၊ မမျှော်လင့်ဘဲအောင်မြင်ဖို့လို့ ဆိုလိုချင်တာတာပါ)
အလုပ်ပွဲစားက သူနားလည်းကြောင်းပြသည့်အနေဖြင့် ခေါင်းညိတ်ပြပြီး အလုပ်ဆင်းပြီးနောက် သူ့ကို ကူစုံစမ်းပေးမည်ဟုဆိုသည်။
ဤသို့ဖြင့် ကိစ္စများကို ဆုံးဖြတ်ပြီးလေ၏။
ကျန်းရှင်း ရုံးခန်းထဲမှထွက်လာပြီး ဓာတ်ပုံစတူဒီယိုသို့သွား၍ ဖလင်ဆေးဖို့ အချိန်ယူလိုက်သည်။
ပုံများထွက်အလာကို စောင့်နေစဥ်တွင် ကျန်းရှင်း ၎င်းတို့ကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်၏။ ထိုအကြည့်တစ်ချက်တွင်ပင် သူချက်ချင်း စိတ်ဆိုးမာန်ဆိုးဖြစ်သွားလေသည်။
အကြောင်းမှာ နှင်းလူသားများနှင့် ရိုက်ထားသောပုံများထဲတွင် သူလုံးဝပါမနေသောကြောင့်ပင်။
သူ ဘယ်ရောက်သွားတာလဲ...
ရှောင်မန်က သူ့ကိုဟွားဟွားကို ကိုင်ခိုင်းပြီးတော့ ဓာတ်ပုံတွေ အများကြီးရိုက်ခဲ့တာမဟုတ်ဘူးလား...နောက်ပြီး သူလုပ်ရမဲ့ ကိုယ်ဟန်အနေအထားကိုတောင် သတ်မှတ်ပေးခဲ့ပြီးတော့ အရိုးကြေကြေ အရည်ခမ်းခမ်းလုပ်ခဲ့ရတာလေ...
အဲ့ဒါဆို ဘာလို့ ဘယ်မှာမှ သူ့ကိုယ်သူ မတွေ့ရတာလဲ...
အိုး...သူကဒီမှာပဲ...
ဘာလို့ သူ့လက်ပဲရှိနေရတာလဲ...
လူက ဘယ်ရောက်နေတာလဲ...
ဝေါင်း...သူကတော့ နှင်းလူသားတွေလုပ် ပို့စ့်တွေအမျိုးမျိုးပေးပြီး အရိုးကြေကြေ အရည်ခမ်းခမ်းလုပ်ခဲ့ရတာလေ ...ဒါပေမဲ့ အဆုံးကျတော့ သူ့ရဲ့လုပ်ဆောင်ချက်က ဖုံးကွယ်ခံလိုက်ရတယ်ပေါ့...
ကျန်းရှောင်မန်...မင်းအရိုက်ကတော့ တောင်းနေတယ်ပေါ့လေ....
ကျန်းရှင်း အိမ်ကို အပြေးပြန်ကာ အခန်းထဲဝင်ပြီးသည်နှင့် တရားခံကို ကောက်မပြီး သူ့ပေါင်ပေါ်တင်၍ တင်ပါးကိုရိုက်ဖို့ပြင်လေသည်။
"ကျေးဇူးမသိတတ်တဲ့ ကောင်မလေး...အရမ်းရက်စက်တာပဲ...မင်းက ငါ့မျက်နှာကို တစ်ဝက်တောင် မပြခဲ့ဘူး...."
ကျန်းရှောင်မန်က ပုံကိုတစ်ချက်ကြည့်ပြီးနောက် အသံတိုးတိုးလေးဖြင့် ရှင်းပြလာ၏။
"ဒါက ယွီချင်းရှီအတွက် ရိုက်တဲ့ နှင်းလူသားပုံလေ..ယွီချင်ရှစ်အတွက်ရိုက်တဲ့ ဦးလေးပုံမှမဟုတ်တာ...ဦးလေးပုံကို ရိုက်ပေးစေချင်ရင်...သမီးကို စောစောပြောထားရမှာလေ..."
"မင်းမှာ ဆင်ခြေရှိသေးတယ်ပေါ့.. "
ကျန်းရှင်း ထပ်ပြီး ဒေါသတွေသဲသဲမဲမဲ ထွက်လာပြီး "ပါ့...ပါ့...ပါ့"နှင့် စရိုက်ပါလေတော့သည်။
ကျန်းရှောင်မန်သည် အကြိမ်ရေအနည်းငယ်လောက် ငယ်သံပါအောင် အော်နေပြီး သူမ၏နူးညံ့ပျော့ပြောင်းလှသည့် အသံလေးဖြင့် တအီအီငိုကြွေးနေ၏။ သိပ်မကြာခင်မှာပဲ ကျန်းရှင်း သူမကို အရိုက်ရပ်လိုက်သည်။
ဟီးဟီး... နည်းနည်းမှကို မနာဘူး....
ဘွားဘွားက သူမအအေးမိမှာစိုးသဖြင့် သူမကို ဂွမ်းဘောင်းဘီထူများဝတ်ပေးထား၏။ ဦးလေး သူမကို မည်မျှပင် နာအောင်ရိုက်သည်ဖြစ်စေ သူမခန္ဓာကိုယ်ထိ တကယ် မရောက်ပေ။
သူမ ဤနည်းလမ်းအား ကျန်းရှင်းဆီကနေ သင်ထားခြင်းဖြစ်လေသည်။
သူပြောသည်မှာ တစ်ယောက်ယောက်က မင်းကိုရိုက်ရင် နာနာမနာနာ ပိုပြီးပြင်းပြင်းထန်ထန် ငယ်သံပါအောင် အော်ရမည်၊ သို့မှသာ မင်းရဲ့ပြိုင်ဘက်ကမင်းကို အလွယ်တကူလွတ်ပေးမှာဟူ၍ပင်။
သူမက အလွန်ဉာဏ်ကောင်းလေသည်။ သင်ယူခဲ့သည်ဟာကို ချက်ချင်းအသုံးချနိုင်၏။ တကယ်ကို အရမ်းတော်သည့် သူမပင်။
မှန်သည်ပင်၊ ဤနည်းလမ်းကလည်း အရမ်းအသုံးဝင်ကြောင်း တွေ့ကြုံလာရသည်။
ဤကဲ့သို့အကြံမျိုးရလောက်အောင်အထိ သူ့ဦးလေးက သူ့ကို ဘယ်လောက်များရိုက်ခဲ့သလဲဆိုသည်ကို သူမမသိပါချေ။ ဦးလေးက အရမ်းသနားစရာကောင်း၏။ သူ့မှာ အရမ်းစိတ်မချမ်းမြေ့စရာကောင်းသည့် ငယ်ဘဝတစ်ခုရှိခဲ့တာပဲ ဖြစ်ရမည်ပင်။
Chapter 73
အလုပ်ပွဲစား အလုပ်လုပ်သည်ကား အလွန်မြန်လေသည်။ တရားဝင်အလုပ်ငန်းက မပြီးသေးသော်လည်း အိမ်ရာကိစ္စကတော့ တိုးတက်နေပြီဟုဆို၏။ ကျန်းရှင်းကိုဖုန်းဆက်ပြောပြီးနောက် သူတို့ အိမ်သွားကြည့်ဖို့ ချိန်းဆိုလိုက်၏။
သူအနေဖြင့် ကိစ္စပေါင်းစုံဖြင့် အလုပ်ရှုပ်နေသဖြင့် မထင်မှတ်ထားပါဘဲ နောက်ထပ် လေးငါးရက်လောက်ကုန်သွားသည်။
အိမ်ရာစျေးများက အလွန်အကျွံမတက်သေးသော်လည်း ကျောင်းစီရင်စုထဲရှိ အိမ်ရာသည်ကား မပါပါချေ။ ကျန်းရှင်း၏ ကိုယ်ပိုင်ငွေစာရင်းထဲတွင် ယွမ်တစ်သိန်းကျော်ကျန်ရှိ၏။ အစတုန်းက သူသည် ထိုဟာက သူတို့မိသားစုသုံးယောက်နေရန်အတွက် အိပ်ခန်းသုံးခန်းနှင့်ဧည့်ခန်းတစ်ခန်းပါသည့် အိမ်တစ်လုံးဝယ်ဖို့ လုံလောက်မည်ဟု ထင်ခဲ့သည်။ကျန်သည့်ငွေများကို အနာဂတ်မှာလိုရင်သုံးဖို့ သိမ်းထားမှာဖြစ်၏။
အချိန်ကျလာသည့်အခါတွင် အိမ်က ယွမ်လေးသိန်းကျမည်ဟု သူတစ်ခါမှ မထင်ခဲ့မပါချေ။
ကျန်းရှင်း ကြက်သေသေ သွားခဲ့သည်။
စျေးနှုန်းညှိနှိုင်းသည့် အချိန်မှာ ကျန်းရှင်း အာရုံတွေလွင့်ပါးနေ၏။ သူ့မှာ ယွမ်လေးသိန်းမရှိတာတော့ မဟုတ်ချေ။ ယွီဝမ်ချန်း သူ့ကိုပေးသောကတ်တွင် ယွမ်ငါးသိန်းပါလေသည်။
အစပိုင်း ယွီဝမ်ချန်း သူ့ကို ပေးခဲ့သည့်အချိန်တုန်းကပမာဏနှင့် အတူတူဖြစ်သည်။ သူ၏ထောက်ပို့ယာဥ်စုက အမြတ်အစွန်းရလာသည့်နှင့် ချက်ချင်းပင် သူ့ကတ်ထဲပိုက်ဆံထည့်ပြီး ယွီဝမ်ချန်းကို ပြန်ပေးနိုင်မည့်အခွင့်အရေးကို စောင့်နေခဲ့ခြင်းဖြစ်ပါ၏။ ယခုတွင် သူ၎င်းကိုဆက်ပြီးဖက်တွယ်မထားနိုင်တော့ ပုံရလေသည်။
ကျန်းရှင်း အကြာကြီး တုန့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးတွင် ကျန်းရှောင်မန်အား ကမ္ဘာ့အကောင်းဆုံးကျောင်းပညာကို ပေးနိုင်ရေးအတွက် သူ အံကြိတ်၍ ဝယ်လိုက်၏။
သူ၏ အားစိုက်မှုတွေ အလုပ်ကြိုးစားမှုတွေ အပြီးမှာတော့ ယခုတွင် ဒုံရင်းကဒုံရင်း ပြန်ဖြစ်သွားလေပြီ။
ကျန်းရှင်း၏ ဘဏ္ဍာရေးက လိုငွေပြလုနီးပါးဖြစ်နေသည်။
အိမ်အပြန်လမ်းတွင် ကလေးတစ်ယောက် ပျိုးထောင်ရတာက တကယ်ကို ပိုက်ဆံတွေအများကြီးကုန်ကျကြောင်း တွေးမိပြီး ရင်တွေနာလာ၏။
အိမ်အပြန်လမ်းတစ်လျှောက်လုံး သူ့ရင်ဘက်သူဖိ၍ ပြန်လာနေချိန်တွင် ရှောင်မန်က ကလေးနှစ်ယောက်နှင့်ကစားနေသည်ကို သူမြင်လိုက်ရသည်။ သူမက သူတို့အား ချောကလတ်တစ်ပိုင်းစီပေးနေ၏။
၎င်းတို့သည် အရင်က ကျန်းရှင်း သူမကို ဝယ်ပေးမည်ဟု ကတိပေးထားသော အရာများဖြစ်လေသည်။ နှစ်သစ်ကူးအတွင်းတွင် သူက သူမအတွက် သုံးဘူးမှာပေးခဲ့ပြီး အကုန်လုံးသည် ပြည်ပသွင်းကုန်(နိုင်ငံခြားထုတ်) တွေဖြစ်၏။
ကလေးမလေးအနေဖြင့် ထိုဟာများကို အမြဲလိုလို အလွန်နှစ်သက်ပြီး စားသည့်အခါတွင် အပိုင်းပိုင်းခွဲပြီးမှ စားတတ်လေသည်။
သို့သော် ယနေ့တွင်မူ သူမက စေတနာကောင်းပြီး တခြားကလေးများကို ခွဲပေးနေ၏။
ကျန်ရှောင်မန် ခါးလေးထောက်ပြီး ဂုဏ်ယူစွာပြုံးကာဖြင့် ပြောလိုက်သည်။
"ရှက်နေစရာမလိုဘူး...ငါနင်တို့ကို ချောကလက်နည်းနည်းပေးမယ်...ငါက လုံးလုံး ကတ်စေးမနည်းဘူးနော်...ဦးလေးကပြောတယ်...ငါစားလို့ကုန်သွားရင် သူကထပ်ဝယ်ပေးမှာတဲ့..."
အနည်းငယ်ငြိမ်သက်သွားပြီဖြစ်သော ကျန်းရှင်း၏ စိတ်အခြေအနေသည် ရုတ်တရက် ပိုဆိုးသွား၏။
ဘာကိုဝယ်ရမှာလဲ...ဦးလေးက ပိုက်ဆံမရှိဘူးကွ...
ကျန်းရှင်း သူ့အသားကို အလှီးခံနေရသလိုမျိုး ခံစားရသည်။ သူနည်းနည်းမှ မထိန်းနိုင်တော့ဘဲ ကျန်းရှောင်မန်ကို ကောက်ပွေ့ပြီး "ပါ့...ပါ့...ပါ့"အသံမြည်အောင် တင်ပါးကို လက်ဝါးနှင့်လိုက်ရ်ုကပါတော့၏။
ကျန်းရှောင်မန် အနည်းငယ်ရုန်းကန်နေပြီးနောက် စပြီး သနားစရာကောင်းအောင် တအီအီအော်နေလေသည်။
"အရမ်း နာတယ်... ဦးလေး သမီးကို မရိုက်ပါနဲ့တော့ ဝူး...ဝူးးး"
အသံလေးက တကယ်ကို သနားစရာကောင်းနေလေ၏။
ခဏအကြာမှာ ကျန်းဟွေ့မိန် ကြက်မွှေးတစ်ချောင်းနှင့် ပြေးထွက်လာပြီး သူ့ကိုလည်း "ပါ့...ပါ့...ပါ့"မြည်အောင် စရိုက်ပါတော့သည်။
"အလိုတော်...နင်ဘာလုပ်နေတာလဲ...ဘာလို့ နင့်ရဲ့ဒေါသတွေကို ကလေးပေါ် ပုံချနေတာလဲ...နင်ကအခု အတော်တတ်နေပြီပေါ့...နင့်မှာ မျက်နှာရောရှိသေးရဲ့လား..."
ကျန်းရှင်းက မရှောင်ပါချေ။ တစ်စုံတစ်ခုကို ဆုံးရှုံးထားသလိုမျိုး ဂနာမငြိမ်ဖြစ်နေပြီး တိုင်ကို ငူငူကြီးဖက်ထား၏။ သူမျက်လုံးတွေ အနည်းငယ် စိုစွတ်လာသလို ခံစားရသည်။
သူက တိုးတိုးလေး ရေရွတ်လိုက်၏။
"ဘာမှမဟုတ်ပါဘူး...ကျွန်တော့် နှလုံးသားက တစ်ခုခုကလော်အထုတ်ခံရသလိုမျိုး နည်းနည်းဗလာဖြစ်နေလို့...အသားနည်းနည်းနာရုံပါ..."
"ဒီဟာက....နင်ဘာဖြစ်နေတာလဲ"
သူရူးသွားတာလား... ဘယ်ကတည်းက ကျန်းရှင်းက ဒီလိုမျိုး အငိုသန်လေးဖြစ်သွားတာလဲ...
ကျန်းဟွေ့မိန် အတော်လေး လန့်သွားသဖြင့် သူ့ကို အရိုက်ရပ်လိုက်ပြီး မေးခွန်းတွေ အများကြီးကို ထပ်ခါတလဲလဲ မေးနေတော့သည်။
"ဘာမှမဟုတ်ပါဘူး...ကျွန်တော်အိမ်တစ်လုံးဝယ်ပြီး ပိုက်ဆံချေပြီးသွားပြီ...ဒါပြီးရင် ရှောင်မန် မြို့မှာ အကောင်းဆုံးမူကြိုကျောင်းကို တက်လို့ရပြီလေ...ဒါက အကောင်းဆုံးဟာလို့ ထင်တာပဲ..."
ဒီတော့ အိမ်ဝယ်ပြီးသွားပြီပေါ့...ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား...သူကဘာလို့ သေတော့မဲ့ပုံစံဖြစ်နေတာလဲ...
ကျန်းဟွေ့မိန် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"နင် ဝယ်ပြီးသွားပြီပေါ့...ဘယ်လိုနေလဲ... ဘယ်လောက်ကျလဲ...ကြီးလား...ကျယ်ကျယ်ဝန်းဝန်းရှိလား...."
မြို့ပေါ်က အိမ်တွေက အကုန်လုံးသေးသည်ဟု ကျန်းဟွေ့မိန် ကြားမိလေသည်။ အခန်းတွေအများကြီး ခွဲထားပေမဲ့ တကယ်ကို ခရုခွံလိုမျိုး(ကျဥ်း) ဖြစ်၏။ အကုန်လုံးက သေးငယ်ပြီး လင်းလင်းထင်းထင်း ကျယ်ကျယ်ဝန်းဝန်းလည်း လုံးဝမရှိပေ။
အိမ်က သေးလွန်းနေပါက ထိုမှာနေရသည်က အရမ်းမွန်းကြပ်သလို ခံစားနေရမည်ဖြစ်သည်။
ကျန်းရှင်းက ပြန်ဖြေလာခဲ့၏။
"ကြီးလည်းကြီးပြီး ကျယ်လည်းကျယ်တယ်...
နှစ်ထပ်တိုက်... မြို့ထဲက လုံးချင်းဗီလာတစ်ခုပါ...လှပြီးကျယ်တဲ့ခြံဝန်းလည်းရှိတယ်...ကျောင်းနဲ့လည်းနီးတယ်...ကျွန်တော်တို့ အဲ့မှာနေတဲ့အခါကျရင် ရှောင်မန်အတွက် ကျောင်းသွားဖို့ လွယ်တယ်...."
Chapter 74
ထိုမှသာ ကျန်းဟွေ့မိန် ပြုံးနိုင်တော့သည်။
သူမ၏သားက တကယ်ကို အားကိုးရ၏။ အိမ်ကတအားသေးနေပါက သူ့အမေနေတတ်မှာမဟုတ်မှန်း သူသိလေသည်။ သူက ရည်ရွယ်ချက်ရှိရှိနှင့် ဗီလာတစ်လုံးကိုတောင်ဝယ်လိုက်သေး၏။ ဝတ္တရားကျေသည့် သားလေးပင်။
ကျန်းဟွေ့မိန် ကျေနပ်မှုအပြည့်ဖြင့်ပြောလိုက်သည်။
"ကောင်းတယ်...အဲ့လိုဆို ငါကျင့်သားမရမှာ မပူရတော့ဘူးပေါ့...."
ကျန်းရှင်း၏မျက်လုံးများက ထပ်ပြီး ငူငိုငိုင်ဖြစ်သွားသလိုထင်ရပြန်ကာ ရေရွတ်လိုက်၏။
"အမေလုံးဝကို ကျင့်သားရဖို့ခက်မှာမဟုတ်ဘူး...ကျွန်တော် ကတိပေးတယ်... ပြောင်းပြီးတာနဲ့ အိမ်လိုပဲဆိုတာ အမေတွေ့လိမ့်မယ် ...အတူတူပဲ...ဘာမှ အဆင်မပြေစရာ မရှိဘူး..."
"ကောင်းတာပေါ့...ကောင်းတယ်...."
ကျန်းဟွေ့မိန်အနေဖြင့် ဒီစကားကလွဲ၍ တခြားပြောစရာမရှိပါချေ။ သူမသည် သူ့ကို အကြိမ်ကြိမ်ချီးကျူးနေပြီးနောက် အဆုံးတွင် တခြားဟာတစ်ခုကို အမှတ်ရသွားသည်။
"ဒီအိမ်က အရမ်းကောင်းတယ်...ဘယ်လောက်ပေးရလဲ... ငါတို့မှာပိုက်ဆံအလုံအလောက်ရော ရှိရဲ့လား..."
ကျန်းရှင်း မျက်ရည်တွေစီးကျလာပြီးပြောလိိုက်၏။
"လေးသိန်း ...."
"ဟမ်..."
ကျန်းဟွေ့မိန်လည်း ကြောင်အသွားသည်။
များလိုက်တဲ့ ပိုက်ဆံ...သူမတစ်သက်နဲ့တစ်ကိုယ် ယွမ်လေးသိန်းကို တစ်ခါမှ မထိဖူးဘူး...
မြို့က အိမ်တွေက ဘာလို့အရမ်းစျေးကြီးရတာလဲ...သူတို့ကရွှေနဲ့လုပ်ထားလို့လား...
ထိုအခိုက်အတန့်တွင် ကျန်းဟွေ့မိန် မမြင်နိုင်သည့် ဓားတစ်ချောင်းက သူမခန္ဓာကိုယ်ကို လှီးဖြတ်နေသလို ခံစားရ၏။ ကျန်းဟွေ့မိန်လည်း အသားနာတယ်ဆိုတာ ဘာကိုဆိုမှန်း ကိုယ်တွေ့ကြုံသွားလေသည်။
သားအမိနှစ်ယောက် ထိုင်ချလိုက်ကြပြီး တစ်ယောက်နှင့်တစ်ယောက် မျက်ရည်အဝဲသားဖြင့် ကြည့်နေကြ၏။
ခဏအကြာတွင် ကျန်းဟွေ့မိန် ရုတ်ချည်း သူမကိုယ်သူမ အယုံသွင်းပြီး အံကြိတ်လိုက်သည်။
"အဆင်ပြေပါတယ်... နင့်မှာ ပိုက်ဆံမရှိရင် ဘယ်ချိန်ထရှာရှာ ထပ်ရှာရတယ်...ဒါပေမဲ့ အမေတို့ရှောင်မန့်ကို ကျောင်းမထားလို့မရဘူးလေ...မင်းပြောပုံအရ အိမ်ကတော်တော်ကောင်းတယ်ဆိုတော့...ပိုက်ဆံကို ကောင်းကောင်းသုံးလိုက်တာပဲလို့ပဲ ငါတွေးတယ်...အရှုံးမရှိပါဘူး...."
"အရှုံးမရှိဘူး...အရှုံးမရှိဘူး... "
ဟု ကျန်းရှင်း တတွတ်တွတ်ရွတ်နေလေ၏။
အိမ်ဝယ်ပြီးသွားပြီ ဆိုကတည်းက သူတို့အနေဖြင့် မြန်မြန် ပြောင်းရမည်ဖြစ်သည်။ ကျောင်းဖွင့်ကာလက စတော့မည်ဖြစ်ပြီး ကျန်းရှောင်မန်၏ ကျောင်းအပ်နှံရေးလုပ်ထုံးလုပ်နည်းများအတွက် လုပ်စရာအများကြီး ကျန်သေးသည်ဖြစ်ရာ သူ့အနေဖြင့် ကိစ္စအဝဝအားလုံးကို အလျင်စလိုလုပ်ရမည်ဖြစ်၏။
ထို့ကြောင့် ကျန်းမိသားစုဝင် သုံးယောက် အိမ်ပြောင်းဖို့ပြင်ဆင်နေကြသည်။
ကျန်းဟွေ့မိန် ရွာတွင် ဆယ်စုနှစ်များစွာနေခဲ့သည်ဖြစ်ရာ သူမထွက်သွားဖို့အတွက် အလွန်ဝန်လေးနေခဲ့၏။ သူမ ကျောင်းကနေ အလုပ်ထွက်ပြီး သူမသားနောက်မှ မြို့ကိုလိုက်သွားခဲ့သည်။
ဒယ်အိုးတွေ၊ပန်းကန်တွေ၊ဇွန်းတွေ၊ကရားတွေ၊တံဇဥ်တွေနှင့် မီးဖိုးချောင်သုံးဓားတွေ။ သူတို့တွေအကုန်လုံးသည် ကျန်းဟွေ့မိန်နှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သောပစ္စည်းများဖြစ်လေရာ သူမအနေဖြင့် သူတို့ကျိုးပဲ့သွားလျှင်ပင် ချက်ချင်း မလွှင့်ပစ်ခဲ့ပါချေ။ သူမသည် ၎င်းတို့အား ပြုပြင်ဖာထေးရန် အမြဲကြိုးစားခဲ့ပြီး ၎င်းတို့တစ်ခုချင်းစီအပေါ် သံယောဇဉ်များ ကြီးထွားလာခဲ့သည်။
သူမ သူတို့ကို လွင့်မပစ်ရက်ပါလေ။ ဒိတစ်ခုယူ ၊ဟိုတစ်ခုယူနှင့် နောက်ဆုံးတွင် သူမအနေဖြင့် တိုလီမိုလီများနှင့် ပြည့်နေသည့် ခရီးဆောင်အိတ် အများအပြားဖြင့် အဆုံးသတ်သွားခဲ့ရ၏။
သူတို့ ဟွားဟွားအား ခေါ်သွား၍လည်းမရသလို ဘာလုပ်ရမှန်းလဲ စဥ်းစားမရသေးသဖြင့် သူမ ဘေးအိမ်ရှိအဘွားအား ဒေါ်ပန်းကို ရက်အနည်းငယ်စောင့်ရှောက်ပေးဖို့ အကူအညီတောင်းလိုက်ရသည်။ သူတို့ မြို့မှာနေသားတကျဖြစ်ပြီးသည်နှင့် သူမကို ပြန်လာပြီးကြည့်မှာဖြစ်၏။
ရောင်းပစ်မလား စားပစ်မလား ဆိုတာကတော့
အချိန်ကျမှ ဆွေးနွေးကြတာပေါ့...
ကျန်းရှောင်မန်လေးတွင် ခရီးဆောင်အိတ်အများကြီးမရှိပေ။ ကျန်းဟွေ့မိန်ကလည်း သူမ၏ပစ္စည်းများကို ကူထည့်ပေးသည်။ သူမစိတ်ပူသည့် အရာများမှာ သူမဝှက်ထားသည့် သံဘူးများသာဖြစ်၏။
သံဘူးတစ်ခုတွင် ကျောက်စရစ်ခဲ လှလှလေးများဖြင့် ပြည့်နေပြီး အခြားတစ်ခုတွင် ချိုချဥ်များအကြွေစေ့များဖြင့်ပြည့်နေသည်။ ထိုဘူးနှစ်ခုတွင် သူမအမြတ်နိုးဆုံးအရာများ ပါလေ၏။
"ပိုင်ရှင်...မင်း ဗီရိုထဲမှာ ဝှက်ထားတဲ့ လခြမ်းပုံကျောက်စိမ်း ဆွဲသီးကို မမေ့နဲ့နော်...အဲ့ဒါက အရေးကြီးပစ္စည်း...မင်းပျောက်လို့မရဘူး...."ဟု စနစ်က အလျင်စလို သတိပေးလာသည်။
ကျန်းရှောင်မန် ၎င်းကို အခုမှအမှတ်ရခြင်းဖြစ်ပြီး ဗီရိုဆီသို့ အမြန်ပြေး၍ ခက်ခက်ခဲခဲရှာဖွေပြီးနောက် ကျောက်စိမ်း ဆွဲသီးလေးကို ထုတ်ယူလာလိုက်၏။
သူမ ၎င်းကို လည်ပင်းမှာ ဆွဲလိုက်သည်။
"ဒါဆို ရပြီလား...."
စနစ် စိတ်အေးသွား၏။
သူတို့ ပစ္စည်းများကို ထုတ်ပိုးပြီးနောက် ပြောင်းရမည့်ရက်ကို ဆုံးဖြတ်ဖို့သာလိုတော့လေသည်။
ကျန်းရှင်း၏ ထောက်ပို့ယာဥ်စုတွင် ကားများရှိသော်လည်း ၎င်းတို့သည် ပြောင်းဖို့မသင့်တော်သည့် ထရပ်ကားအကြီးကြီး များဖြစ်ကြ၏။
ထို့အပြင် ၎င်းတို့အား မိုင်းတွင်းမှ သတ္ထုသယ်ရာတွင် သုံးသဖြင့် ရွှံ့တွေနှင့် ညစ်ပတ်နေကြသည်။ ကျန်းဟွေ့မိန်အနေဖြင့် သူမ၏ပစ္စည်းများချထားဖို့ နေရာတစ်ခုတောင် မတွေ့သဖြင့် ၎င်းတို့ကို မသုံးချင်ပေ။
ကျန်းရှင်း ကိုယ်ပိုင်ကား မဝယ်ရသေးသောကြောင့် ပစ္စည်းတွေအကုန်လုံး မြို့ကိုသယ်ပို့ဖို့ သူ*ဗင့်ကားတစ်စီးရှာရတော့၏။
(T/N–အလုံပိတ်မော်တော်ယာဥ်)
ဗင့်ကားပိုင်ရှင်သည် အစက ထိုအလုပ်ကို လက်မခံချင်ပေ။ တကယ်တမ်းတွင် ခရီးကလည်းဝေးသလို လမ်းလည်းအရမ်းကြမ်းသည်။ သို့ပေမဲ့ ကြေးများသဖြင့် နောက်ဆုံးမှာ သဘောတူလိုက်၏။
Chapter 75
ကျန်းမိသားစုအိမ်ကို ရောက်၍ ကျန်းဟွေ့မိန်ထုတ်ပိုးထားသည့် မီးဖိုချောင်သုံးဓားများနှင့် တံစဥ်များကို မြင်သောအခါတွင် ကားပိုင်ရှင်က ချက်ချင်းပြောလာ၏။
"ဒီဟာရယ်...ဒီဟာရယ်ကမရဘူး...ကျုပ်တို့ ဒါတွေ ကျုပ်ကားပေါ်တင်လို့မရဘူး...."
ကျန်းဟွေ့မိန်က ချက်ချင်ပင် မျက်နှာအောက်ချပြီးပြောလိုက်သည်။
"ဘာလို့ ငါတို့သယ်လို့မရတာလဲ...အိမ်ပြောင်းဖို့ ပိုက်ဆံပေးငှားထားတဲ့လူက ငါပါ...နင်က ဘာလို့ ငါဘာသယ်လဲ ဂရုစိုက်လုပ်နေရတာလဲ...."
ဝက်စာစင်းဓားတစ်ချောင်း၊ အသီးအရွက်လှီးဓားတစ်ချောင်း၊ပျိုးပင်ခုတ်ဓားတစ်ချောင်း၊ ထင်းခုတ်ဓားတစ်ချောင်း၊ ပေါက်ပြားတွေ၊တူရွင်းတွေနှင့် အခြားကိရိယာမျိုးစုံ....ဒါတွေကကြောက်စရာကောင်းလွန်းနေရုံပါပဲ....
ကားပိုင်ရှင်က ပြောလာ၏။
"အစ်မကြီး...ကျုပ်အစ်မကြီးကို မသယ်ခိုင်းတာမဟုတ်ပါဘူး...အဲ့ဒါတွေက သယ်လို့မရတာ...ကျုပ်တို့ အမြန်လမ်းကို ရောက်တဲ့အခါကျ သူတို့က စစ်ဆေးကြမှာ...ကျုပ်က ခွင့်ပြုလို့ရတယ်...ဒါပေမဲ့ နိုင်ငံတော်က ခွင့်မပြုဘူးလေ...အစ်မကြီးရဲ့ ဓားတွေကြောင့် ကျုပ်တို့ အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ...မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး..."
သူက သူ့များကိစ္စထဲကို ဝင်စွက်ဖက်ကာ ဆင်ခြေဆင်လက်တွေပေးနေခြင်းသက်သက်ဟု ကျန်းဟွေ့မိန်က ထင်ပြီး အတော်လေး ဒေါသထွက်သွား၏။ ကျန်းရှင်းကလည်း သူမကိုဖြောင့်ဖြလာသဖြင့် ကျန်းဟွေ့မိန် ထိုစကားကို ယုံလိုက်ရပြီး သူမ၏ထူးရှယ်ကိရိယာလေးများကို ပြန်သွားထားလိုက်ရသည်။
"အိမ်မှာပဲ ထားခဲ့ရအောင်ပါ...နှစ်သစ်ကူးတွေပိတ်ရက်တွေကျ အမေပြန်လာရင် သုံးလို့ရသေးတာပဲလေ...အဲ့တာတွေ ဖုန်တက်သွားမှာမှမဟုတ်တာ...ကျွန်တော်တို့ မြို့ရောက်တဲ့အခါကျ အသစ်တွေဝယ်လို့ရတာပဲကို...."
ထိုစကားကို ပြောလိုက်ချိန်တွင် ကျန်းရှင်း၏ နှလုံးသားကား သွေးစိမ်းရှင်ရှင်ထွက်နေ၏။
သူ့မှာ ပိုက်ဆံတွေလည်း မရှိတော့ပေ။ သူ ထိုဟာတွေဝယ်ဖို့ ပိုက်ဆံမသုံးချင်ဘဲ သူ့အမေ၏ ရိုးရာ အကျင့်များအတိုင်းသာ လိုက်နာချင်ပါသည်။
သို့ပေမဲ့ ကားပိုင်ရှင်ပြောသည်ကလည်း မှန်၏။
သူတို့အစစ်အဆေးခံရရင်ဘယ်လိုလုပ်မလဲ...နိုင်ငံတော်က တကယ်ကို ခွင့်မပြုထားဘူးလေ...
အကုန်လုံးကို နေရာချဖို့ အချိန်အတော် ယူရလေသည်။ ထို့နောက် သုံးယောက်သား ကားထဲဝင်ပြီး မြို့ကို အတူတူသွားကြ၏။
ညနေပိုင်းသို့ရောက်သောအခါ သူတို့ ကျန်းရှင်းပြောသည့်နေရာသို့ ရောက်လာလေသည်။
ကျန်းဟွေ့မိန်နှင့်ကျန်းရှောင်မန်တို့ အရင်က ဒီကိုတစ်ခါမှမရောက်ဖူးပေ။ လုပ်ထုံးလုပ်နည်းတွေအကုန်လုံးကို ကျန်းရှင်းကိုင်တွယ်ခဲ့ခြင်း ဖြစ်ပြီး ဤသည်ကား ပထမဆုံးအကြိမ် သူမတို့ ဒီနေရာ ကို ရောက်ခြင်းဖြစ်လေသည်။
နှစ်ယောက်သား အိတ်ကြီးနှင့် အိတ်လေးကို ကိုင်ထားရင် တစ်လမ်းလုံး စပ်စပ်စုစုကြည့်နေကြ၏။
လမ်းမှာ မူလတန်းကျောင်းတစ်ခုကို ဖြတ်သွားရသောအခါ ကျန်းရှောင် ပျော်ရွှင်စွာဖြင့် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လာခဲ့သည်။ သူမ အကြိမ်ရေများစွာ "ဝိုး"ဟု ဆက်တိုက်အော်နေပြီး သူမမျက်လုံးများသည်ကား အံဩမှုများပြည့်နေလေ၏။
ဒီကကျောင်းတွေက ရွာမှာရှိတဲ့ကျောင်းနဲ့ အရမ်းကွဲပြားတာပဲ...
အလွန်ကြီးပြီး သားနားကာ ကလေးတွေလည်း အများကြီရှိသည်။
ကျောင်းအဆောက်အဦးတွေကလည်း အတော်မြင့်၏။ တက်ရအတော်မောမှာပဲ...
ကျန်းရှောင်မန် ရှေးမနှောင်းပင် မှင်သက်သွားသည်။ အကယ်၍ ကျောင်းဂိတ်မှာ လုံခြံရေးအစောင့်သာ ရှိမနေဘူးဆိုပါက သူမ ကွေ့ပတ်ပြီးပြေးဝင်သွားမိမှာဖြစ်၏။
ကျန်းရှင်းက သူမ၏ကော်လာကို ကိုင်ပြီး ပြန်ဆွဲကာ တိုးတိုးတိတ်တိတ် ပြောလိုက်သည်။
"မင်းကို စိုက်ကြည့်နေတဲ့လူတွေကို မကြောက်ဘူးလား...ပြီးမှ ငါမင်းကို လိုက်ပြမယ်...."
ကျန်းရှောင်မန် မော့ကြည့်ရာတွင် လုံခြုံရေးကင်းတဲအတွင်းမှ ဦးလေးက သူမတို့ကို သတိအပြည့်နှင့် မာမာထန်ထန်စိုက်ကြည့်နေသည်ကိုဘတွေ့လိုက်ရ၏။
သူမ လန့်သွားပြီး ၎င်းနောက် သူ့အား လေးလေးနက်နက် မျက်နှာထားလေးဖြင့် အလေးပြုလိုက်သည်။
လုံခြုံရေးအစောင့် ကြောင်အသွား၏။ သူ့အမူအရာက နူးညံသွားပြီး သူမကိုပြန် အလေးပြုလာခဲ့သည်။
ကျန်းရှောင်မန် အင်မတန်ပျော်သွား၏။ သူမကျေနပ်လွန်း၍ လေထဲမှာလွင့်ပျံနေသလို ခံစားနေရပြီး ကျယ်ကျယ်အော်ပြောလိုက်သည်။
"ဦးလေး...သမီးဒီမှာ ကျောင်းတက်မယ်...ဒီနေရာက အရမ်းကောင်းတယ်..."
မှန်သည်ပင်၊ အရမ်းကောင်းပါ၏။ ဤသည်ကား မြို့၏အကောင်းဆုံးကျောင်းဖြစ်သည်။
မဟုတ်ရင် အဲ့ဒီအိမ်က သူ့ကိုလေးသိန်းကုန်အောင် လုပ်ပါ့မလား...
ကျန်းရှင်းက ပြောလိုက်၏။
"မင်းက အဲ့ဒီဘေးက မူကြိုကျောင်းမှာတက်ရမှာ...ဒါက သူငယ်တန်းကျောင်း...မင်းကအသက်မပြည့်သေးဘူး...."
"အိုး...အိုခေ..."
ကျန်းရှောင်မန်လေး မြန်မြန်ကြီးလာချင်ပါသည်။
သုံးယောက်သား ဘယ်လှည့်ညာကွေ့ကာဖြင့် သူတို့လမ်းသူတို့ဆက်သွားကြပြီး ခဏအကြာ၌ နောက်ဆုံးတွင် သူတို့ ကျန်းရှင်း ဝယ်ထားသည့်အိမ်သို့ ရောက်သွားကြသည်။
သူတို့ရပ်လိုက်ချိန်တွင် ကျန်းဟွေ့မိန် ပါးစပ်အဟောင်းသားဖြစ်သွားသလို ကျန်းရှောင်မန်လည်း အူကြောင်ကြောင်လေးဖြစ်သွား၏။
"ဒီ...ဒီနေရာလား..."
ကျန်းဟွေ့မိန် သူမရှေ့ရှိ သိသိသာသာယိုယွင်း ပျက်စီးနေသော အဆောက်အဦး ကိုလက်ညိုးထိုးကာမေးလိုက်သည်။ လင်းလင်းထင်းထင်းလည်းမရှိသလို လုံးဝပင် ကျယ်လည်းမကျယ်ပါချေ။ နံရံများတွင် အက်ကြောင်းအပြည့်ရှိနေသည်က ထိုနေရာတွင် နှစ်ပေါင်းများစွာ လူမနေထားပုံရနေပြီး ကြည့်ရသည်မှာ အနုပညာဆန်လှ၏။ ယိုယွင်းနေသော ခြံစည်းရိုးသည်ကား မြို့က အိမ်တစ်အိမ်နှင့် မတူပါချေ။ လူတိုင်း ကြောင်အ သွားကြသည်။
ကျန်းရှင်းက ပြောလာ၏။
"အဲ့ဒါကကျောင်းနဲ့ မနီးဘူးလား...မူကြိုကျောင်းက သိပ်မဝေးဘူးလေ...ကျွန်တော် ရှောင်မန်ကို ပြီးရင် လိုက်ပြမလို့...."
"..."
ကျန်းဟွေ့မိန် အသက်ပြင်းပြင်းရူပြီး စိတ်ထိန်းနိုင်အောင်ကြိုးစား၏။ နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ဘဲ အော်လိုက်သည်။
"ကျန်းရှင်း... နင်အဲဒီပိုက်ဆံလေးသိန်းနဲ့ ဘာတွေလုပ်ပစ်တာလဲ...ဘာလို့ ဒီလိုအိမ်စုတ်အိမ်ပျက်ဝယ်လိုက်တာလဲ...ဒီနေရာမှာ လူဘယ်လိုလုပ်နေလို့ရမှာလဲဟဲ့...."
သူမ၏အသံက ကျယ်လွန်းသောကြောင့် အုတ်ကြွပ်ပြားများရှိ ဖုန်များလှုပ်ခါသွားသဖြင့် သုံးယောက်သား တညီတညွတ်တည်း ချောင်းဆိုးသွားကြ၏။